← Chapters

ကျိုင်းကောင်များ ဖြတ်သွားသည့်အလား

Vol. 11 Ch. 1040

ကျိုင်းကောင်များ ဖြတ်သွားသည့်အလား

Vol. 11 Ch. 1040

ပိုင်ရှောင်ချန်း၏ ကျင့်ကြံခြင်းအခြေခံသည် သာမန် ကောင်းကင်ဧကရာဇ်တစ်ပိုင်းအဆင့်၏ အထွတ်အထိပ်ထက် သာလွန်၏။ ထာဝရအသက်ရှည်နည်းကျမ်းတွင်ပါဝင်သော အစွမ်းထက် တာအိုမှော်အတတ်များနှင့် ပေါင်းစပ်လိုက်သောအခါ သူ၏နတ်ဘုရားအာရုံကို စစ်မှန်သောမဟာယနအဆင့် ကောင်းကင်ဧကရာဇ်တစ်ပါး၏ အဆင့်နှင့် အလွန်နီးကပ်သွားစေသည်။

မဆိုစလောက် ကွာဟသော်လည်း စစ်မှန်သော ကောင်းကင်ဧကရာဇ်တစ်ပါးသာ ပြောနိုင်မည်ဖြစ်သည်။ ကောင်းကင်ဧကရာဇ်အဆင့်အောက် မည်သူမဆိုအတွက်မူ ပိုင်ရှောင်ချန်းသည် ကောင်းကင်ဧကရာဇ်အစစ်တစ်ပါး ဖြစ်ဟန်တူပေမည်။

တတိယအင်မော်တယ်နယ်မြေတွင် တိမ်ပင်လယ်စီရင်စု၏ မြို့တော်ကို ဆေးသိုလှောင်ရုံအဖြစ် တင်စားတတ်ကြသည်။ ယခုအချိန်တွင် ထိုမြို့တော်ရှိ ကျင့်ကြံသူများ၏ စိတ်နှင့် ဝိညာဥ်များ ဗလာကျင်းသွားရာ သူတို့၏ပတ်ဝန်းကျင်ကို လုံးလုံး သတိမမူမိကြတော့ပေ။

ပိုင်ရှောင်ချန်း၏ နတ်ဘုရားအာရုံ ပျံ့နှံ့သွားသည် အခိုက်အတန့်မှအစပြု၍ သူတို့အသိစိတ်ပြန်ဝင်လာသည့် အချိန်အထိ သူတို့အမြင်အရ အချိန်များစွာ ကုန်ဆုံးသွားမည်မဟုတ်ပေ။

ဤသည်မှာ မဟာယနအဆင့်ရှိ အစွမ်းထက်ကျင့်ကြံသူများသာ လုပ်နိုင်စွမ်းရှိသော ခမ်းနားကြီးကျယ်၍ သြဇာတိက္ကမကြီးမားကာ ထိတ်လန့်တုန်လှုပ်ဖွယ်ကောင်းသော အစွမ်းတစ်မျိုး ဖြစ်သည်။

မြို့တော်ရှိ မရေမတွက်နိုင်သော ကျင့်ကြံသူများအားလုံး မလှုပ်မယှက် ရပ်တန့်နေကြသည်။ ပုံမှန်အတိုင်း ပြုမူနိုင်သည့် တစ်ယောက်တည်းသော လူကား ပိုင်ရှောင်ချန်းပင်။

သူက အင်မော်တယ်ဂူ၏ ထွက်ပေါက်ဖြစ်သည့် ဧရာမကျောက်တံခါးကြီးထဲမှ ထွက်လာြပီး နတ်အဆင့်ကျင့်ကြံသူများကို လျစ်လျူရှုကာ မြို့ထဲရှိ ကောင်းကင်တံတားဒေသကျင့်ကြံသူ တစ်ရာကျော်၏ အရှိန်အဝါများကို ရှာဖွေရန် သူ၏နတ်ဘုရားအာရုံကို အသုံးပြုလိုက်သည်။

ဝမ်းနည်းဖွယ်ကောင်းစွာ သူတို့အားလုံးက သူ့အတွက် သူစိမ်းများ ဖြစ်နေချေသည်။ သို့သော် သူက ပျောက်ကွယ်သွားပြီး အကျဥ်းထောင်တစ်ခုတည်ရှိရာ မြို့မြောက်ပိုင်းတွင် ပြန်ပေါ်လာသည်။

အကျဥ်းထောင်ထဲရှိ ကောင်းကင်တံတားကျင့်ကြံသူများသည်လည်း ပိုင်ရှောင်ချန်း၏ နတ်ဘုရားအာရုံများကြောင့် မလှုပ်မယှက် မသိစိတ်ကင်းမဲ့နေကြသည်။ သို့သော် သူတို့သည် ထိခိုက်ခြင်းမရှိပေ။ သူက သူတို့ကို မြောက်ပိုင်း၏ဓားကမ္ဘာထဲသို့ စေလွှတ်ရန် စဥ်းစားလိုက်သော်လည်း အနည်းငယ်တွေးတောပြီးနောက် အင်္ကျီလက်စကို ဝှေ့ယမ်းကာ သူတို့ကို သူ၏ထည့်စရာအိတ်ထဲ ထည့်လိုက်သည်။

ထို့နောက် မြောက်ပိုင်း၏ဓားကြီးက သူ့လက်ထဲတွင် ပေါ်လာသဖြင့် အပြာရောင်အလင်းများ တလက်လက်တောက်ပလာတော့သည်။ ၄င်းအား အနီးကပ်ကြည့်ရှုပြီးနောက် သူ၏မျက်လုံးများ ဝင်းလက်သွား၏။

သူ အာရုံခံမိလိုက်သည်မှာ ငိုလိုက်ရယ်လိုက် သရဲမျက်နှာကြီးက ဓားကမ္ဘာကြီးထဲတွင် ချုပ်နှောင်ခံထားရဆဲဖြစ်ပြီး ထိုသရဲမျက်နှာကြီး ရှိနေခဲ့ခြင်းကြောင့်လည်း ကောင်းကင်တံတားတာအိုကို တိုက်ခိုက်ခဲ့သည့် သူ၏ဓားချက်က အစွမ်းထက်နေခဲ့ရခြင်းလည်း ဖြစ်ပေသည်။

ယခု သူက ထာဝရနယ်မြေများသို့ ရောက်ရှိနေပြီဖြစ်၍ ဓားအပေါ်ထားခဲ့သော သုံးခါ အသုံးပြုခွင့် ကန့်သတ်ချက် မရှိတော့ကြောင်း သိလိုက်သည်။ ကံဆိုးစွာပင် ၄င်းက သူ့ကို သခင်အဖြစ်လည်း လက်မခံသေးပေ။ သို့ဖြစ်၍ သူက ၄င်းကို လက်နက်တစ်ခုအဖြစ်သာ အသုံးပြုနိုင်ပြီး လူများအား အတွင်းထဲပို့လွှတ်ရန်အလို့ငှာ ၄င်း၏နတ်ဘုရားစွမ်းရည်များကို အသုံးမပြုနိုင်သေးပေ။

ထို့အပြင် လက်နက်စောင့်ဝိညာဥ်ဖြစ်သော ဟန်ဇောင်ခေါင်းဆောင်မကြီးကလည်း သူ၏စိတ်ဆန္ဒကို မတုန့်ပြန်သေးပေ။

" ငါ အခုထက်ထိ လိုအပ်ချက်တွေနဲ့ မကိုက်ညီသေးဘူးလား ... "

သူက တွေး၏။ ဓားကမ္ဘာကြီးထဲတွင် နေထိုင်နေသော စစ်ပွဲတွင် မစည်းရုံးခံရသည့် မြောက်ပိုင်းသားကျင့်ကြံသူများရှိကြောင်း သူ သိသည်။ သူတို့က ဓားကမ္ဘာကြီး၏အတွင်းထဲ ရှိနေသည်ဖြစ်၍ အပြင်ဘက်တွင် ဖြစ်ပွားခဲ့သည့် အဖြစ်အပျက်များကို ဖြစ်စေ၊ ကောင်းကင်တံတားဒေသကြီး ဖျက်စီးခံလိုက်ရပြီဆိုသည်ကိုဖြစ်စေ သိကြဦးမည်မဟုတ်ပေ။

ထိုကိစ္စကို သူ တွေးတောနေဆဲ ပျောက်ကွယ်သွားသည်။ သူပြန်ပေါ်လာသောအခါ သူသည် အခြား ကောင်းကင်တံတားကျင့်ကြံသူဘေးတွင် ရောက်ရှိနေပြီး သူ့အိတ်ထဲသို့ မြန်မြန်ဆန်ဆန် ထည့်လိုက်၏။ ထို့နောက် သူက တစ်ယောက်ပြီးတစ်ယောက် ဆက်လက်ထည့်လိုက်တော့သည်။ အကုန်လုံးရပြီးနောက်တွင် သူ၏မျက်လုံးများ ဖျပ်ခနဲလက်သွား၏။

" ဒီက ဆေးပင်တွေ အလကားဖြစ်ခွင့် မပေးနိုင်ဘူး" ထို့နောက် သူက ညာလက်ဖြင့် မန္တန်လက်ကွက်တစ်ကွက်ဖော်ပြီး ထာဝရအသက်ရှည်နည်းအပိုင်းနှင့်အတူ ဟန်ဇောင်ကျောင်းတော်စွမ်းအင်ကို အသုံးပြု၍ အေးစိမ့်ကိုးပွားကိုးခုအား ဆင့်ခေါ်လိုက်သည်။ သူက နည်းနည်းလေးပင် တုံ့ဆိုင်းမနေဘဲ သူတို့အား မြို့တော်တွင်းရှိ မတူညီသော အရပ်ကိုးမျက်နှာသို့ စေလွှတ်လိုက်သည်။

သူတို့သွားသည့်နေရာတိုင်း သူတို့သည် သိသည်ဖြစ်စေ၊ မသိသည်ဖြစ်စေ မြင်မြင်သမျှ ဆေးပင်များကို ယူဆောင်တော့သည်။

သူတို့က အလွန် ဆာလောင်မွတ်သိပ်နေသော ကျိုင်းကောင်ကြီးများအလား အချိန်တိုအတွင်း မြို့တော်တစ်ခုလုံးရှိ ဆေးပင်စိုက်ခင်းများအားလုံးကို ရှင်းလင်းပစ်လိုက်သည့်။ သို့ထိတိုင် ထို့သို့ပြုလုပ်ပြီးနောက်မှာပင် ပိုင်ရှောင်ချန်းက မပြီးသေးပေ။

" ဟို လီလောင်ဟိုင်က ပဏ္ဍာနဲ့ပတ်သက်ပြီး တစ်ခုခု ပြောသွားခဲ့သေးတယ် ... "

အတန်ကြာ ထပ်ရှာပြီးသည့်နောက် သူ၏ အေးစိမ့်ကိုယ်ပွားကိုးခုသည် သူရှာနေသော အရာကို တသွေမတိမ်း ရှာတွေ့လိုက်ကြသည်။ မြို့တော်၏မျက်နှာပြင်အောက်တွင်ကား ရတနာတိုက်တစ်လုံး။

ပိုင်ရှောင်ချန်းအပြင် လူအနည်းစုသာ ၄င်းအား ဖွင့်နိုင်မည်ဖြစ်သည်။ သို့သော် သူ၏ ထာဝရပြုစားသိုင်းအတွက် စိန်ခေါ်မှုသေးသေးလေးသာဖြစ်၏။ အထဲရောက်သည်နှင့် သူက သိုလှောင်ထားသည့် ဆေးပင်များနှင့် စိတ်စွမ်းအင်ကျောက်တုံးများ အားလုံးကို ယူလိုက်သည်။

သလင်းကျောက်အဖိုးတန်သေတ္တာဆယ်လုံးလည်းရှိပြီး ၄င်းတို့က ကောင်းကင်နှင့်မြေကြီး၏ စွမ်းအားကြီးသော စွမ်းအင်တစ်ခုကို ထုတ်လွှတ်နေသည့်အတွက် ကြောက်ခမန်းလိလိ အဆင့်မြင့်ဆေးပစ္စည်းများ ပါဝင်နေကြောင်း သိသာပေသည်။

၎င်းတို့အနက်တစ်ခုက ပိုင်ရှောင်ချန်းသတိထားမိသည့် ပစ္စည်းတစ်ခု ဖြစ်၏။

" ငရဲတစ္ဆေကိုးကောင်အရွက် "

သူ၏မျက်လုံးများမှာ ချက်ချင်းပင် တပ်မက်မှုများဖြင့် ဝင်းလက်တောက်ပလာတော့သည်။ သူသည် ကောင်းကင်တံတားဒေသတွင် ငရဲတစ္ဆကိုးကောင်အရွက်များအကြောင်း ဖတ်ခဲ့ဖူး၏။ ထိုအပင်က မျိုးတုန်းသွားခဲ့သည်မှာ ကြာပြီဖြစ်သော ဒဏ္ဍာရီလာဆေးပင်တစ်ပင်ဖြစ်သည်။ ရှေးအဆိုအရ နှစ်ပေါင်းငါးရာတိုင်း အပင်ပေါ်တွင် အရွက်တစ်ရွက်သာ ထွက်လာသည်။ ထိုအရွက်များသည် ကျင့်ကြံသူများအတွက် အလွန်အကျိုးထူးသောကြောင့် သူတို့ကို ကောင်းကင်ဘုံအားစိန်ခေါ်သည့်အရွက်ဟူ၍ သတ်မှတ်နိုင်ပေသည်။

သေတ္တာထဲတွင် ထိုသို့အရွက်သုံးဆယ်ကျော်ကို မြင်လိုက်ရာ ပိုင်ရှောင်ချန်းမှာ ကျယ်လောင်စွာ ပင့်သက်ရှိုက်လိုက်ရတော့သည်။

" အဲဒါ နှစ်တစ်သောင်းခွဲတန် အရွက်တွေပဲ"

အင်မော်တယ်နယ်မြေများထဲ ရောက်စဥ်ကတည်းက ပထမဆုံးအကြိမ် ပိုင်ရှောင်ချန်း၏ မျက်လုံးများမှာ ပျော်ရွှင်မှုများဖြင့် တောက်ပလာတော့သည်။ တခြားသေတ္တာကိုးလုံးတွင် ဆေးပင်များပါဝင်ပြီး မည်သည့်အပင်ကိုမှ သူ မသိသော်လည်း ငရဲတစ္ဆေကိုးကောင်အရွက်က မည်မျှတန်ဖိုးကြီးကြောင်း စဥ်းစားကာ အခြားအပင်များက မည်သို့ဖြစ်မည်ကို သူ စိတ်ကူးသာကြည့်နိုင်တော့သည်။

သလင်းကျောက်သေတ္တာများမှာ မရေမတွက်နိုင်သော စိတ်စွမ်းအင်ကျောက်တုံးများအား သန့်စင်ခြင်းဖြင့် ထုလုပ်ထားကြောင်း သူအာရုံလိုက်သည်။ ထို့အပြင် သေတ္တာများအား သူတို့အပေါ်တွင် ဧကရာဇ်ဟူသော စာလုံးရှိသည့် စာရွက်ပိုင်းများဖြင့် ပိတ်လှောင်ထားလေသည်။ သိသာထင်ရှားစွာပင် ထိုဆေးပင်များသည် လီလောင်ဟိုင် ပြောသွားခဲ့သည့် ပဏ္ဍာပင်ဖြစ်၏။

သေတ္တာများအား သိမ်းဆည်းပြီးနောက် ပိုင်ရှောင်ချန်းသည် သူ၏အေးစိမ်းကိုယ်ပွားများအား ပြန်ခေါ်၍ သက်ပြင်းချကာ မြို့တော်ကို နောက်ဆုံးတစ်ခေါက် ဝေ့ဝိုက်ကြည့်လိုက်သည်။

" အချိန်မရတာ တော်တော်ဆိုးတာပဲ။ မဟုတ်ရင် ငါ ဒီနေရာကို ရှင်းဖို့ အချိန်ပိုရမှာ "

သူက ခေါင်းခါ၍ မြေရိုင်းဒေသတွင် လေ့ကျင့်ထားခဲ့သည့် ကျွမ်းကျင်မှုများအား မတတ်သာ၍ မျိုသိပ်လိုက်သည်။ သူက ရိပ်ခနဲ လှည့်ထွက်ကာ မြို့တော်မှ ထွက်သွားတော့သည်။

သူက ကျင့်ကြံသူများအပေါ် သက်ရောက်နေခဲ့သော ဖိအားကို ဖယ်ရှားကာ သူနှင့်အတူ နတ်ဘုရားအာရုံကို ယူဆောင်သွားလေသည်။ သူတို့မှာ ချက်ချင်း မနိုးကြသေးဘဲ တစ်နာရီခန့် ကြာလိုက်၏။ ထို့နောက် လူတိုင်း တစ်ပြိုင်နက်ထဲ တုန်ရီသွားကြပြီးနောက် အသိစိတ်မလွတ်ခင် လုပ်နေခဲ့ကြသည့်အရာများအတိုင်း ဆက်လုပ်လိုက်ကြလေသည်။

မြို့တွင်းရှိ ကျင့်ကြံသူများက ကောင်းကောင်းမွန်မွန်ပင်။ သူတို့အတွက် မည်သည့်အရာမှ ကွဲပြားပုံမရချေ။ သို့သော် မြို့တော်ကိုဝန်းရံထားသည့် စိုက်ခင်းများထဲရှိ ကျင့်ကြံသူအပေါင်းမှာ အပင်တစ်ပင်သာမက အမြစ်ပင်လျှင် မမြင်ရတော့သည်ကို တွေ့လိုက်ရသဖြင့် ကြက်သေသေသွားကြသည်။ သူတို့ပတ်လည်ရှိ အရာရာတိုင်းမှာ ပြောင်ရှင်းနေသော မြေကြီးထက် မပိုတော့ပေ။

" ငါ ... ငါ ဘယ်ရောက်နေတာလဲ "

" ဒီနေရာကို ရင်းနှီးသလိုလိုပဲ ... "

အံ့ဩမှင်သက်နေကြသော ကျင့်ကြံသူများမှာ ပွစိပွစိနှင့် ဘေးပတ်လည်ကို ကြည့်လိုက်ရာ နောက်ဆုံးတွင် အဝေးရှိ မြို့တော်ကြီးကို သတိထားမိလိုက်ကြသည်။

သူတို့ မြို့တော်ကို မြင်လိုက်ကြပြီး ပြောင်ရှင်းနေသောမြေကြီးကို ပြန်ကြည့်လိုက်သည်တွင် အထိတ်တလန့် အော်သံများဖြင့် ပွက်လောရိုက်လာတော့သည်။

" ဘုရားရေ ဘာတွေ ဖြစ်နေတာလဲ။ ဒါ...ဒါက ရုးနေပြီ။ ကျိုင်းကောင်တွေ ဖြတ်သွားတာလား ဘာလား "

" မဖြစ်နိုင်တာ။ ကျိုင်းကောင်တွေ လာရင်တောင်မှ ဒီလောက် ရှင်းနေအောင် ဖျက်စီးနိုင်မှာ မဟုတ်ဘူး။ ငါ မျက်တောင်လေးပဲခတ်လိုက်တာ ... အကုန်လုံးပျောက်သွားရော "

ဆူညံပွက်လောက်ရိုက်မှုများ မြင့်တက်လာစဥ် ယာသမားများထဲရှိ ဉာဏ်ပိုထက်သောလူတချို့က ကျိုးကြောင်းဆီလျော်သော ရှင်းလင်းချက်များ တွေးမိလိုက်ကြသည်။

" အကုန်လုံး စိတ်အေးအေးထားပါ ။ ဆရာသခင် ရောက်လာပြီး အပင်တွေရိတ်သွားတာ ဖြစ်လောက်မှာပေါ့ ... "

သို့သော် ထိုအကြောင်းပြချက်ပေးသံများမှာ မကြာခင် ဒေါသတကြီး အော်ဟစ်သံများကြား နစ်မြုပ်သွားတော့သည်။

" မင်းမေဘ… ဆရာကြီး အပင်တွေ ရိတ်မယ်ဆိုရင် အရွက်ပဲ ယူသွားမှာလေ။ ကြည့် … အမြစ်တွေတောင် မရှိတော့ဘူး။ ကျုပ် ဘဝတစ်လျှောက်လုံး ဆေးပင်စိုက်လာတာပါ။ ဒီလို ပြောင်တလင်းခါနေတဲ့ စိုက်ကွင်းမျိုး တစ်သက်နဲ့တစ်ကိုယ် တစ်ခါမှ မမြင်ဖူးဘူး။ ခွေးလာလျက်တာတောင် ဒီလောက် မပြောင်နိုင်ဘူး။ ပြီးတော့ ဟိုကိုကြည့်ဦး။ မင်းမေဘတဲ့… ဒီနေရာ မြေအမြင့်က ပိုနိမ့်သွားပြီ "

" အဲဒါ ဘာမှ မဟုတ်သေးဘူး။ ဒါကို ကြည့်… ကိုယ့်လူတို့။ ကျုပ် အခုလေးတင် မျက်တောင်ခတ်ခိုက်တာ ကျုပ်လက်ထဲကိုင်ထားတဲ့ ဆေးပင် … ပျောက်သွားကော "

မကြာခင် မြို့တော်ထဲ ပွက်လောရိုက်မှုများ ရိုက်ခတ်လာသည်။

ထိုအချိန်တွင် ပိုင်ရှောင်ချန်းသည် တိမ်ပင်လယ်စီရင်စုမှ ထွက်ခွာခဲ့ပြီးဖြစ်ကာ ဆုံဆည်းရန်နေရာကို နီးကပ်နေလေပြီ။

" အချိန်ထပ်ရရင် ကောင်းမှာကွာ။ အဲဒီအုတ်ခဲတွေအားလုံး ထားခဲ့ရတာ ဘယ်လောက်နှမြောစရာကောင်းလိုက်လဲ။ အဲဒါတွေက စိတ်စွမ်းအင်ကျောက်တုံးတွေနဲ့ တထေရာတည်း မတူပေမယ့် စိတ်စွမ်းအင်တွေ အများကြီးရှိနေတယ်။ ပြီးတော့ ကြမ်းခင်းကြွေပြားတွေကော။ အဆောင်အဦအုတ်မြစ်တွေရောပဲ ... "

သူက ခေါင်းကို ခါယမ်းကာ ကောင်းကင်တံတားပင်လယ်ထက် များစွာပို၍ ခမ်းနားကြီးကျယ်သော ပင်လယ်ကြီးတစ်စင်းကို မြင်သည့်တိုင်အောင် တရိပ်ရိပ်ပျံသန်းလာလိုက်သည်။

ပင်လယ်ကြီး၏မျက်နှာပြင်တွင် လှိုင်းလုံးကြီးများသည် အမြင့်ဆုံးကောင်းကင်ဘုံမှ မိုးခြိမ်းသံကြီးများမလား တလိပ်လိပ်တက်၍ တဝုန်းဝုန်း ရိုက်ခတ်နေ၏။

ဤပင်လယ်ကြီးနှင့်ယှဥ်လျှင် ကောင်းကင်တံတားပင်လယ်မှာ ရေကန်တစ်ကန်သဖွယ် ဖြစ်သွားသည်။

အလွန်ဝေးသောနေရာနေရာရှိ ကမ်းခြေအစပ်တွင် ပတ်လည်ရေများအပေါ် သြဇာအာဏာသက်ရောက်နေဟန်တူသည့် ဧရာမတောင်ကြီးတစ်လုံးရှိ၏။ ထိုတောင်ကြီး၏ မျက်နှာပြင်တွင် မြင်ရသည်က စာလုံးများပင်။

“ ထာဝရပင်လယ် “

ထိုနေရာမှာ သရဲကြီးဘုရင်နှင့် ချိန်းဆိုထားသော ဆုံရပ်ဖြစ်သည်။ နတ်ဘုရားအာရုံများ စေလွှတ်ပြီး အန္တရာယ်တစ်စုံတရာမရှိကြောင်း အတည်ပြုပြီးနောက် ပိုင်ရှောင်ချန်းက တောင်ထိပ်ပေါ်သို့ ပျံတက်လိုက်၏။

" သရဲကြီးဘုရင် အခု ထွက်လာသင့်နေပြီ “

သူက တင်ပျဥ်ခွေထိုင်လျက် လှိုင်းရိုက်ခတ်သံများကို နားထောင်ကာ ကျုံးရှန် စီရင်စုရှိရာကို လှမ်းကြည့်နေလေသည်။ အမွှေးတိုင်တစ်တိုင်လောင်ကျွမ်းချိန်ကြာပြီးနောက် သူ့ထံလာနေသော သရဲကြီးဘုရင်ကို မြင်လိုက်ရ၍ သူ စိတ်သက်သာရာရကာ သက်ပြင်းချလိုက်သည်။

All Chapters