သရဲမယ်တော်နှင့် ပြန်လည်ဆုံဆည်းခြင်း
Vol. 11 Ch. 1041
သရဲကြီးဘုရင် ဘေးမသီရန်မခကြောင်း အတည်ပြုပြီးနောက် ပိုင်ရှောင်ချန်းက ထရပ်ပြီး နှုတ်ဆက်ရန် ပြင်လိုက်သည်။ သို့သော် သူ့ပါးစပ်မှ မည်သည့်နှုတ်ဆက်စကားမှ မထွက်ခင် သူသည် မထင်မှတ်ထားဘဲ ပျောက်ကွယ်သွား၏။
သရဲကြီးဘုရင်မှာမူ အရာအားလုံး အဆင်ပြေချောမွေ့ခဲ့သည်နှင့်ပတ်သက်၍ အလွန်မာန်တက်နေပြီး အထူးသဖြင့် ကျုံးရှန် ဆရာသခင်အား ဘယ်သူမှသတိမထားမိဘဲ သတ်နိုင်ခဲ့သည့်အပေါ် ကျေနပ်နေတော့သည်။
" ရှောင်ချန်းရေ ဒါက ... "
သူစကားပြောမပြီးခင် ပိုင်ရှောင်ချန်းက သူ့ဘေးကပ်ရက်တွင် ပေါ်လာပြီး လက်ဝါးဇောင်း ခုတ်ချလိုက်သည်။ သရဲကြီးဘုရင်က ချက်ချင်းပင် ရှေ့သို့ တဟုန်ထိုး ပြေးထွက်သွားကာ လက်နှစ်ဖက်ဖြင့် မန္တန်လက်ကွက်ဖော်၍ အနက်ရောင်မီးခိုးပါးစပ်ကြီးအား ဆင့်ခေါ်လိုက်ပြီး သူ့ကျောနောက်သို့ ပစ်လွှတ်လိုက်သည်။
ထစ်ခြုန်းမြည်ဟည်းသံများ ပဲ့တင်ထပ်သွားသည့်တိုင် သရဲကြီးဘုရင်က ချာခနဲလှည့်လိုက်ရာ သူ၏နောက်ဘက်တွင် နှစ်ခြမ်းခွဲခံလိုက်ရသည့် ကလေးအရွယ်သရဲလေးကို တွေ့လိုက်ရသည်။
အစိမ်းရောင်အရေပြားနှင့် သရဲက နာနာကျင်ကျင် အော်ဟစ်လိုက်ပြီးနောက် ၄င်းခန္ဓာကိုယ်၏ အပိုင်းနှစ်ခြမ်းမှာ ဘာမှမရှိတော့သည်အထိ တစတစ ပျောက်ကွယ်သွားတော့သည်။
ထိုအချိန်တွင် သရဲကြီးဘုရင်၏ မျက်နှာပေါ်၌ အရုပ်ဆိုးသောအမူအရာတစ်ခု ပေါ်လာ၏။
" မင်းမေဘ… အဲဒီ ကျုံးရှန် နတ်ဘုရားတစ်ပိုင်းကျင့်ကြံသူက ငါ့ကို သရဲမှော်နည်းနည်းနဲ့ တိတ်တိတ်လေး ပစ်လိုက်တာကိုး "
"မဟုတ်ဘူး "
ပိုင်ရှောင်ချန်းက တင်းမာသောအမူအရာဖြင့် ပြောသည်။
“ ကျုံးရှန် စီရင်စုနတ်ဘုရားတစ်ပိုင်းကျင့်ကြံသူမဟုတ်ဘူး "
သရဲကြီးဘုရင်က ခပ်လှမ်းလှမ်း တစ်နေရာကို ကြည့်လိုက်ရာ သူ၏အမူအရာ ရိပ်ခနဲ ပြောင်းသွား၏။ သူတို့ဆီသို့ ဖျက်စီးခြင်းစွမ်းအားများဖြင့် သွေးရူးသွေးတန်း ဒေါသထွက်နေသော မကောင်းဆိုးဝါးသရဲမြောက်များစွာ ပြည့်နေသည့် လေမုန်တိုင်းကြီးတစ်ခု လျင်မြန်စွာ ချည်းကပ်လာနေသည်။
သရဲမုန်တိုင်းကြီး၏ အပေါ်တွင် ကောင်းကင်တစ်ဝက်ပြည့်သွားသည့်အလား ဧရာမအရိုးဖွတ်ကြီးတစ်ကောင် ရှိနေသည်။ ၄င်းက သွေးအေးရက်စက်ပြီး ၄င်း၏ခေါင်းထိပ်တွင် သင်္ဘောကြီးတစ်စင်းနှင့်တူသော အမောက်ကြီးရှိ၏။
အရိုးသင်္ဘောကြီးအပေါ်တွင် တလွင့်လွင့်ဖြစ်နေသော အလံနှစ်ခုရှိပြီး ၄င်းတို့အပေါ်တွင် ရက်စက်ကြမ်းကြုတ်သော သရဲမျက်နှာကြီးများကို မြင်နိုင်သည်။ သင်္ဘောကြီးနှင့် ဖွတ်ကြီး၏ အရှိန်အဝါနှစ်ခု ပေါင်းစည်းအားသည် မိုးကောင်းကင်နှင့်ပထဝီမြေကြီးအားလုံး ပြည့်နှက်သွားသည့် သရဲချီတစ်ခုအား ဖန်တီးလိုက်တော့သည်။
အရိုးသင်္ဘောကြီး၏ ကုန်းပတ်ပေါ်တွင် နတ်ဘုရားတစ်ပိုင်းအဆင့်ကျင့်ကြံသူ ခုနစ်ဦးရပ်နေပြီး သူတို့အားလုံးက ပိုင်ရှောင်ချန်းနှင့် သရဲကြီးဘုရင်အား အေးစက်ကာ အတန်ငယ် စိတ်လှုပ်ရှားနေသော မျက်လုံးများဖြင့် ကြည့်နေကြသည်။
သို့သော် ပိုင်ရှောင်ချန်း၏ အာရုံကို ဖမ်းစားလိုက်သည်က နတ်ဘုရားတစ်ပိုင်းအဆင့် ကျင့်ကြံသူများမဟုတ်ဘဲ ကုန်းပတ်ပေါ်တွင် ရပ်နေသည့် အခြားလူတစ်ယောက်ဖြစ်သည်။ အနှီလူသားကား ကောင်းကင်နှင့်မြေကြီးအတွင်း စံတင်လောက်သောသီးခြားဖြစ်တည်မှုတစ်ခုသဖွယ် လှပနူးညံ့သော မိန်းမပျိုလေးတစ်ဦး ဖြစ်၏။
သူမတွင် ဆွဲဆောင်မှုရှိသောကိုယ်၊ ဖြူဖွေးနူးညံ့သောအသားရေနှင့် သိမ်မွေ့သော အသွင်အပြင်များရှိသည်။ သူမ၏ ဖီးနစ်မျက်ဝန်းကလေးများမှာ သာမန်ထက်ထူးကဲစွာ ရွှန်းလဲတောက်ပနေရာ မည်သူမှ မလွန်ဆန်ဝံ့သည့် အံ့ဖွယ်ထူးခြားသော မိန်းမပျိုတစ်ဦးသဖွယ် ဖြစ်နေစေတော့သည်။
သူမက သူမ၏လှပနူးညံ့သောခန္ဓာကိုယ်လေးအား မျက်စိကျိန်းလောက်အောင် ဝင်းလက်တောက်ပနေစေသော ပိုပိုကဲကဲတန်ဆာဆင်ထားသည့် လိမ္မော်ရောင်တော်ဝင်ဝတ်ရုံဖြင့် ဆင်မြန်းထားလေသည်။ သူမ၏ရှည်လျားသွယ်လျသော လက်ချောင်းလေးများနှင့် နို့နှစ်ရောင် လက်မောင်းအိအိလေးနှစ်ဖက်က သူမကိုမြင်လိုက်သည့် မည်သူ့ကိုမဆို မယုံနိုင်စရာကောင်းလောက်အောင် ညို့အားပြင်းနေစေတော့သည်။ အရိုးဖွတ်ကြီးက လေကိုခွင်း၍ တဟုန်ထိုးသွားနေစဥ် သူမ၏လိမ္မော်ရောင်ဝတ်ရုံလေးသည် လေထဲတွင် တဖျပ်ဖျပ် လှုပ်ခတ်နေ၏။ အထူးသဖြင့် ကျယ်ဝန်းသော ခရမ်းရောင်ပန်းထိုးထားသည့် အင်္ကျီလက်စများ ဖြစ်ပေသည်။
သူမ၏ဝတ်ရုံကို မာန်ဖီနေသော အဆုံးမဲ့ မကောင်းဆိုးဝါးဝိညာဥ်များ စီးဆင်းနေသည့် ဧရာမဂိတ်ပေါက်ကြီး အထင်းသားပါဝင်နေသော အနက်ရောင်မြေအောက် မြို့ကြီးတစ်မြို့ြဖင့် ပန်းထိုးတန်ဆာဆင်ထားလေသည်။
" သရဲမယ်တော် "
သရဲကြီးဘုရင်က ပင့်သက်ရှိုက်ကာ ပြော၏။ သူသည် သရဲမယ်တော်ကို တစ်ခါမှ မမြင်ခဲ့ဖူးသော်လည်း ကုန်းစွန်းဝမ်အာကို မြင်ခဲ့ဖူး၍ အနှီမိန်းမပျိုလေးက မည်မျှသရဲဆန်ပြီး ရက်စက်သည်နှင့် ရင်းနှီးသောအရှိန်အဝါကို ဆက်စပ်တွေးတာကာ သူမ မည်သူဖြစ်သည်ကို ခန့်မှန်းရန် သူ့အတွက် တခဏသာ ကြာလိုက်သည်။
သူမသည်ကား သရဲမယ်တော်က လွဲ၍ တခြားမဟုတ်ပေ။
" မဖြစ်နိုင်ဘူး။ သူ ငါတို့လှုပ်ရှားမှုတွေကို ဘယ်လိုလုပ် ဒီလောက်မြန်မြန် သတိထားမိနိုင်တာတုန်း။ ဒီနေရာကို ဒီအတိုင်း တိုက်တိုင်ဆိုင်ဆိုင်ရောက်လာတာလား "
သရဲကြီးဘုရင်မှာ ရုတ်တရက် ထိန်းမနိုင်သိမ်းမရအောင် ကြောက်စိတ်များကြောင့် ထူပူနေပြီဖြစ်သည်။ မြေရိုင်းဒေသတွင် ကုန်းစွန်းဝမ်အာနှင့် ထိပ်တိုက်တွေ့ခဲခြင်းကြောင့် သူ၏ရင်ထဲတွင် နက်ရှိုင်းသော လေးစားစိတ်များ ဖြစ်တည်နေခဲ့သည်။
" တိုက်ဆိုင်တာ မဟုတ်ဘူး ... "
ပိုင်ရှောင်ချန်းက စူးရှတောက်ပသောမျက်ဝန်းများဖြင့် လာနေသော အရိုးဖွတ်ကြီးကို စိုက်ကြည့်ကာ ပြောသည်။
" ကျုပ်တို့ ဒီမှာပုန်းနေတာကို သူ သိနေတာ "
သူနှင့် သရဲကြီးဘုရင်တို့နှစ်ယောက်လုံးမှာ ထာဝရနယ်မြေများအတွက် သူစိမ်းများဖြစ်၍ သူတို့သည် အလွန်သတိထားခဲ့ပါသော်လည်း တစ်ယောက်ယောက်က သူတို့ကို ခြေရာနိုင်ခဲ့သည်မှာ အံ့သြစရာမရှိပေ။
" သူသိရင် ဘာလို့ ဒေသခံစီရင်စုက နတ်ဘုရားတစ်ပိုင်းအဆင့်ကျင့်ကြံသူတွေ ငါတို့ကို စောင့် ... "
သရဲကြီးဘုရင်သည် အလွန်ဉာဏ်ကောင်းပြီး အကြံသမားတစ်ယောက်ဖြစ်သည်။ ထို့ကြောင့် သူ၏မေးခွန်းပြော၍မဆုံးခင်မှာပင် အဖြေရသွားပြီး သူ့မျက်နှာပေါ်တွင် အရုပ်ဆိုးသော အမူအရာတစ်ခုပေါ်လာတော့သည်။
" သူက ကောင်းကင်တံတားဒေသအကြောင်းကို မိစ္ဆာဧကရာဇ်နိုင်ငံတော်က ဘယ်သူမဆိုထက် ပိုသိတယ် "
ပိုင်ရှောင်ချန်းက ပြော၏။
" အဲဒါကြောင့် ငမ်းငမ်းတက်ဖြစ်နေတာ ပုံမှန်ပါပဲ "
သရဲမယ်တော်၏ အစီအစဉ်ကို ခန့်မှန်းရန်မခက်ပေ။ သူမက ပိုင်ရှောင်ချန်းနှင့် သရဲကြီးဘုရင်ကို ကိုင်တွယ်ရာတွင် ယုံကြည်ချက်ရှိပြီး သူတို့ကို ဖမ်းစားရန် မျှော်လင့်နေလေသည်။
၄င်းက ပိုင်ရှောင်ချန်း၏ နှလုံးသားကို လေးလံသွားစေပြီး သူ၏စိတ်ထဲတွင် စိတ်လှုပ်ရှားမှုများ ပြည့်နှက်နေတော့သည်။ သို့သော် ၄င်းမှာ ရှောင်လွှဲ၍မရသော တိုက်ပွဲတစ်ပွဲဖြစ်ပြီး သူ့မှာ အခွင့်အရေးတစ်ခုရှိ၏။ စစ်မြေပြင်အား သူ ရွေးချယ်နိုင်ပေသည်။
သူက မျက်ဝန်းများတဖျပ်ဖျက်လက်နေလျက် သရဲကြီးဘုရင်နှင့်အတူ လျင်မြန်စွာ နောက်ဆုတ်လိုက်သည်။ သူတို့နှစ်ယောက်လုံးသည် သူတို့၏ စစ်ဝိညာဥ်များ နိုးထလာသည်ကို ခံစားလိုက်ရပြီး တူညီသောအရာတစ်ခုအား တွေးနေကြတော့သည်။ တိုက်ပွဲအား ... တတိယအင်မော်တယ်နယ်မြေတွင် မဟုတ်ဘဲ ထာဝရပင်လယ်ပေါ်တွင် အကောင်းဆုံး တိုက်ခိုက်ကြရမည်။
ထို့ပြင် သူတို့သည် တိုက်ခိုက်ပြီး တစ်ဆက်တည်း ထွက်ပြေးကြမည်ဖြစ်သည်။ ထိုသည်က စစ်ကူများရောက်လာခြင်းမှ ကာကွယ်ရန် အကောင်းဆုံးနည်းလမ်းဖြစ်ပြီး ရှံးနိမ့်ခြင်းမှ ရှောင်ရှားနိုင်ခြေများမည် ဖြစ်သည်။
ပိုင်ရှောင်ချန်းနှင့်သရဲကြီးဘုရင်က ထွက်ပြေးလိုက်သည့်အချိန်မှာပင် သရဲမယ်တော်၏ မျက်လုံးများသည် စူးရှတောက်ပသောအလင်းဖြင့် ရွှန်းလက်သွားပြီး သူမ၏လက်ချောင်းကို ဝှေ့ယမ်းလိုက်သည်။
ထို့ကြောင့် နတ်ဘုရားတစ်ပိုင်းပညာရှင်ခုနစ်ယောက်သည် အရိုးသင်္ဘောကြီး၏ကုန်းပတ်ပေါ်မှ ပျံတက်လိုက်ပြီး တောက်ပသောအလင်းတန်းများဖြစ်လာကာ မယုံကြည်နိုင်ဖွယ် အမြန်နှုန်းဖြင့် တဟုန်ထိုး ရှေ့ထွက်သွားကြ၏။ သူတို့သည် မည်သည့်ဆူးငြောင့်ခလုတ်ကိုမဆို ခုတ်ပိုင်းနိုင်သည့် စူးရှချွန်ထက်သော ဓားများအလား ပိုင်ရှောင်ချန်းနှင့် သရဲကြီးဘုရင်ထံ တရှိုက်မတ်မတ် ဦးတည်သွားကြသည်။
" ပိုင်ရှောင်ချန်း ... "
သရဲမယ်တော်က ပြတ်သားသည့်မျက်ဝန်းများဖြင့် ပြောသည်။ ဟိုရှောင်မေ့အား တပည့်တစ်ဦးအဖြစ် လက်ခံခဲ့ပြီး ပိုင်ရှောင်ချန်းနှင့် ရင်ဆိုင်ခဲ့ပြီးနောက် သူမသည် ယခင်လက တတိယအင်မော်တယ်နယ်မြေကို ကြီးကြပ်ရန် တာဝန်ပေးခံရသည်နှင့်တစ်ပြိုင်နက် ဆုံးဖြတ်ချက်ချခဲ့သည်။
သူမသည် ကောင်းကင်တံတားဒေသကို ဝင်ရောက်ဖူးပြီး အသက်ရှင်လျက် ပြန်လာခဲ့သည့် မိစ္ဆာဧကရာဇ်နိုင်ငံတော်မှ တစ်ဦးတည်းသောလူဖြစ်၏။ ထိုအကြောင်းနှင့် သူမက အစောပိုင်းကောင်းကင်ဧကရာဇ်အဆင့်တွင်ဖြစ်သည့်အချက်ကြောင့် မိစ္ဆာဧကရာဇ်က သူမကို လေးလေးစားစား တန်ဖိုးထားလေသည်။ သို့ဖြစ်၍ သူသည် သူမကို ကောင်းကင်တံတားကျင့်ကြံသူများအားရှာဖွေမှုအတွက် ကြီးကြပ်ကွပ်ကဲခြင်းတာဝန်ခန့်အပ်ခဲ့ြခင်း ဖြစ်သည်။
သို့သော် သူမသည် တစ်နှစ်တာ၏ အချိန်အများစုတွင် ပထမနှင့်ဒုတိယအင်မော်တယ်နယ်မြေများမှာ ရှိခဲ့၍ မကြာသေးမီကမှ တတိယအင်မော်တယ်နယ်မြေကို ရောက်ရှိခဲ့လေသည်။ သူမ၏ ကောာင်းကင်တံတားကျင့်ကြံသူများ၏ အရှိန်အဝါကို ရင်းနှီးကျွမ်းဝင်မှုများကြောင့် သူမက သူမသာ အသုံးပြုနိုင်သည့် သူတို့ကို အမဲလိုက်ရန်ကျင့်စဥ်တစ်ခုကို ပြန်လည်ဖန်တီးခဲ့၏။
ထို့ပြင် တချိန်လုံး သူမသည် ပိုင်ရှောင်ချန်းအား ရှာရန် ကြိုးစားနေခဲ့လေသည်။
ကောင်းကင်တံတားဒေသရှိ သူမ၏အတွေ့အကြုံများနှင့်တကွ သင်္ချိုင်းစောင့်ကြီးနှင့် ပူးပေါင်းခြင်းက သူမကို ပိုင်ရှောင်ချန်းအကြောင်းအကုန် သိစေခဲ့တော့သည်။
ထိုအကြောင်းအားလုံးက ပိုင်ရှောင်ချန်းသည် ရှားမှရှားသောလူတစ်ဦး ဖြစ်သည်ဆိုသော သုံးသပ်ချက်ထံ သူမကို ခေါ်ဆောင်ခေါ်သွားသည်။
မိစ္ဆာဧကရာဇ်ပင် သရဲမယ်တော်ကဲ့သို့ ပိုင်ရှောင်ချန်းအကြောင်း များများစားစား သိနိုင်လောက်မည်မဟုတ်ပေ။
ထို့ကြောင့် ကောင်းကင်တံတားကျင့်ကြံသူများ၏သွေးများထံမှ သူမ နှုတ်ယူခဲ့သည့် စိတ်စွမ်းအင်မြှင့်တင်ခြင်း လျှို့ဝှက်ချက်များဖြစ်စေ၊ မိစ္ဆာဧကရာဇ်က သူမကို ပေးအပ်ထားသည့် လုပ်ပိုင်ခွင့်ဖြစ်စေ၊ သူမသည် သူမ၏ရှာဖွေအားထုတ်မှုများကို ပိုင်ရှောင်ချန်းအားရှာဖွေခြင်းအပေါ်တွင် အာရုံစိုက်ရန် ဆုံးဖြတ်ခဲ့သည်။
နောက်ဆုံးတွင် သူမက သူ၏ယေဘုယျနေရာများကို လွန်ခဲ့သော ရက်ပေါင်းများစွာက အတည်ပြုပြီးသည့်အခါ သူမသည် ကောင်းကင်ဧကရာဇ်ဝိရူပက္ခထံမှ ရုတ်တရက်လွှဲပြောင်းခဲ့သည့် စီရင်စုဆိုင်ရာတပ်ဖွဲ့များအား ဖြန့်ထားခြင်းမှ ရှောင်ရှားခဲ့သည်။ ထိုအစား သူမက သူ့ကိုတိတ်တဆိတ်ဖမ်းဆီးရန် မျှော်လင့်၍ သူမ၏ကိုယ်ရံတော်ငယ်သားများနှင့် သူရှိရာထံ ဦးတည်လိုက်သည်။
သူမက သူ့ထံရောက်ရန် ကြာမည့် ရက်အနည်းငယ်လေးအတွင်း ပိုင်ရှောင်ချန်းက အလွန်လက်ရဲဇက်ရဲ လုပ်လိမ့်မည်ဟု သူမ မည်သို့ခန့်မှန်းနိုင်မည်နည်း။
နတ်ဘုရားတစ်ပိုင်းအဆင့်ကျင့်ကြံသူတစ်ယောက်၏ သေဆုံးခြင်းက အသေးအဖွဲကိစ္စမဟုတ်ပေ။ ကောင်းကင်ဧကရာဇ်တစ်ပါးဖြစ်သော သရဲမယ်တော်အနေဖြင့် ဖုံးဖိနိုင်သော်လည်း လွယ်ကူမည်တော့ မဟုတ်ပေ။ သို့သော် ထို့နောက်တွင်ကား တိမ်ပင်လယ်စီရင်စု၏မြို့တော်ရှိ ဆေးပင်စိုက်ခင်းများကိစ္စ။ ထိုရင်းမြစ်များ၏ ခမ်းနားကြီးကျယ်သော ခိုးမှုကြီးမှာ စီရင်စုတစ်စုလုံးကို သက်ရောက်သည့်အရာ ဖြစ်သည်။ ထို့ကြောင့် ထိုကိစ္စသည် ရုတ်ချည်း ခေါင်းခဲစရာကြီးတစ်ခုအဖြစ် ပြောင်းသွားခဲ့တော့သည်။
အားလုံးအထဲအရေးကြီးဆုံးက ... မိစ္ဆာဧကရာဇ်အတွက် လက်ဆောင်ပဏ္ဍာများ အခိုးခံခဲ့ရခြင်းပင်။ ယခင်က ဤကဲ့သို့ကိစ္စမျိုး တစ်ခါမှ မဖြစ်ခဲ့ဖူးသည်ဖြစ်၍ မည်သည့်နည်းနှင့်မှ သရဲမယ်တော် ဖုံးကွယ်နိုင်မည်မဟုတ်ပေ။ လက်ရှိအချိန်တွင် ပိုင်ရှောင်ချန်းအား စားသုံးခြင်းက ရွေးချယ်စရာမဟုတ်ကြောင်း သူမ သိသည်။ အစောပိုင်းက သူမ လက်ဦးမှုရခဲ့သော်လည်း ယခုတွင် ဆုံးရှုံးခဲ့ပြီဖြစ်သောကြောင့် သူမ၏နှလုံးသားမှာ ပြင်းထန်သော ဒေါသအဟုန်များဖြင့် ပြည့်နှက်နေတော့သည်။