← Chapters

ကြောက်မက်ဖွယ် စစ်သင်္ဘော

Vol. 11 Ch. 1043

ကြောက်မက်ဖွယ် စစ်သင်္ဘော

Vol. 11 Ch. 1043

အရိုးသင်္ဘောကြီးပေါ်ရှိ သရဲမယ်တော်၏ ဖီးနစ်မျက်ဝန်းလေးများ ကျဥ်းမြောင်းသွား၏။ ကောင်းကင်တံတားဒေသတွင် နှစ်ပေါင်းများစွာ နေခဲ့သည့်တိုင် အချိန်အများစုတွင် သေမင်းနွံတောထဲ၌သာ သူမ ပိတ်မိနေခဲ့သည်။ ထို့အပြင် ပိုင်ရှောင်ချန်းသည် သူမ မထွက်ခွာခင် နောက်ဆုံးတွေ့ခဲ့သည့် အချိန်ကတည်းက သိသိသာသာ တိုးတက်ခဲ့သည်။

ထို့ကြောင့် သူမသည် သူ၏နတ်ဘုရားစွမ်းရည်များ၊ မှော်သိုင်းများအားလုံးကို ထဲထဲဝင်ဝင် နားမလည်သည့်အပြင် သူ၏ဝှက်ဖဲများအားလုံးကိုလည်း မသိချေ။ သို့ဖြစ်၍ သူမသည် သူ့အား လျော့တွက်သည့်အမှားကို ပြုလုပ်မည် မဟုတ်ပေ။ သူမက သူ့ကို သူမကိုယ်တိုင်နှင့် တစ်ဆင့်တည်းအဖြစ် မမြင်သော်လည်း ကောင်းကင်တံတားတာအိုထက် အစွမ်းထက်သူအဖြစ် တွေးထားသည်။

သူ၏လက်တစ်ဝိုက်တွင် လည်ပတ်နေသော လေပွေကြီးကို မြင်သည်နှင့်တစ်ပြိုင်နက် သူမ၏မျက်လုံးများ လက်ခနဲဖြစ်သွား၏။

တချိန်တည်းမှာပင် ပိုင်ရှောင်ချန်း၏ ဘိုးဘေးအသွင်ပြောင်းလဲခြင်းပုံစံ ပါးစပ်မှ ဟိန်းဟောက်သံကြီးတစ်သံ ထွက်ပေါ်လာသည်။ သူက ရှေ့တက်လာကာ အနက်ရောင်လေပွေကြီး၏ စွမ်းအားကို စုလိုက်ပြီး လာနေသော အလင်းတန်းကြီးထံ ထိုးသွင်းလိုက်သည်။

၄င်းကား ထာဝရဧကရာဇ်လက်သီး စွမ်းအားငါးဆပင်။

အရိပ်ဧကရာဇ်ကြီးကလည်း ထိုးသွင်းလိုက်သဖြင့် ပြင်းထန်သော ထစ်ခြုန်းသံများ မိုးကောင်းကင်နှင့် မဟာပထဝီမြေပြင်တဝှမ်း ပြည့်နှက်သွားတော့သည်။

ဝုန်းခနဲ မြည်ဟည်းသွားပြီး အနက်ရောင်အလင်းတန်းကြီးက တန်ပြန်တိုက်ခိုက်ရန် ပြင်လိုက်သော်လည်း ကြေမွသွားလေသည်။ ထို့နောက် ပိုင်ရှောင်ချန်း၏ ထာဝရဧကရာဇ်လက်သီးက မီးပင်လယ်ကြီးကို ထိုးနှက်ရန် ဆက်လက်တိုးဝင်သွား၏။

လက်သီးချက်ကြီးက ဒေါသူပုန်ထနေသော နဂါးကြီးတစ်ကောင်အလား မီးပင်လယ်ကြီးကို နှစ်ပိုင်းခြမ်းကာ သရဲမျက်နှာများထံ ဆက်လက်ဝင်ရောက်သွား၏။

သို့သော် အနှီလက်သီးချက်ကြီးမှာ အားပျော့လာပြီဖြစ်သည်။ ထို့ပြင် သရဲမျက်နှာကြီးများက သာမန်ထက် ထူးကဲသည်ကို ထည့်တွက်ကြည့်ပါက ထိပ်တိုက်တွေ့ဆုံသွားရာတွင် ထာဝရဧကရာဇ်လက်သီး ပျောက်ကွယ်သွားတော့သည်။

သို့ပေမည့် ပိုင်ရှောင်ချန်းက အသက်မနည်းရှူနေရသော်လည်း သူ၏ မျက်နှာအမူအရာ အနည်းငယ်မျှ ပြောင်းလဲသွားခြင်း မရှိပေ။

" ငါးဆက အလုပ်မဖြစ်ရင် အဲဒါကို နှစ်ဆတိုးမယ်ကွာ။ ဆယ်ဆစွမ်းအား "

ကြောက်ခမန်းလိလိ များပြားသော အပြင်အားများ ထွက်ပေါ်လာကာ သွေးရူးသွေးတန်း ဖျက်စီးတတ်သော လေမုန်တိုင်းကြီးတစ်လုံးအလား သရဲမျက်နှာကြီးနှစ်ခုကို ဝင်တိုက်လိုက်သည်။

ထိုအချိန်တွင် သရဲမယ်တော်၏မျက်နှာအမူအရာ ရိပ်ခနဲ ဖြစ်သွားသည်။ ပိုင်ရှောင်ချန်း၏ ထာဝရဧကရာဇ်လက်သီး ဆယ်ဆစွမ်းအားသည် ထာဝရနယ်မြေများ၏ နတ်ဘုရားစွမ်းရည်များအကြားမှာပင် ရှားပါးသည်ဟု သတ်မှတ်နိုင်၏။

သရဲမျက်နှာကြီးနှစ်ခုမှာ လုံးလုံးလျားလျား တုန်ယင်သွားပြီး ထိုးနှက်ချက်ကို ရှောင်တိမ်းရန် ဘေးသို့ ချာခနဲ လှည့်လိုက်ရန်မှတစ်ပါး အခြားရွေးချယ်စရာမရှိတော့ပေ။

သရဲမျက်နှာကြီးနှစ်ခု လမ်းပေါ်မှ ပျောက်ကွယ်သွားသည်နှင့် ပိုင်ရှောင်ချန်းက ဧရာမအရိုးဖွတ်ကြီးအား မျက်နှာချင်းဆိုင်လျက် ဖြစ်သွားသည်။ သူက တစ်ချက်ကလေးပင် တွန့်ဆုတ်မနေဘဲ ထာဝရပြုစားခြင်းသိုင်းကို အသုံးပြုကာ ပုံရိပ်များပမာ ရိပ်ခနဲ ရွေ့လျားသွားပြီးနောက် မကြာခင် အရိုးသင်္ဘောကြီး၏အပေါ်တည့်တည့်တွင် ပြန်ပေါ်လာ၏။ သူက သရဲမယ်တော်ကို မျက်လုံးချင်းဆုံကြည့်ကာ လက်သီးဆုပ်၍ နောက်ထပ် ထာဝရဧကရာဇ်လက်သီးဆယ်ဆစွမ်းအားဖြင့် သူမကို ထိုးချလိုက်သည်။

ပိုင်ရှောင်ချန်း၏လက်သီးကြီး နီးကပ်လာချိန်မှာပင် အရိုးဖွတ်ကြီးပတ်ပတ်လည်၌ စွမ်းအားကြီးသော သွေးချီတစ်ခု ပျံ့နှံ့သွားသည်။

၄င်းက မန္တန်အစီအရင်တစ်ခုမဟုတ်ဘဲ အရိုးသင်္ဘောကြီးဖြင့် ဆက်စပ်နေသော နတ်ဘုရားစွမ်းရည်တစ်ခုဖြစ်ပြီး ပိုင်ရှောင်ချန်း၏ လာနေသောလက်သီးချက်ကြီးကို အချိန်မီ ထိပ်တိုက်တွေ့ဆုံလိုက်တော့သည်။

ထို့ပြင် ပြင်းထန်သောပေါက်ကွဲသံကြီး ပဲ့တင်ထပ်သွားသည့်တိုင် ဒိုင်းကား ပျက်စီးမသွားပေ။ ထို့အပြင် ကြီးမားသော တန်ပြန်အားလှိုင်းက ပိုင်ရှောင်ချန်းကို ရိုက်ခတ်သွားရာ သူ၏မျက်နှာ ပျက်စီးသွားတော့သည်။

ဤဒိုင်းကာကြီးသည် အလင်းတန်း သို့မဟုတ် မီးပင်လယ်တို့နှင့်မတူဘဲ ခုခံနိုင်စွမ်း ကြီးမားသည်။ ၄င်းသည် လုံးဝမတူညီသော အဆင့်တစ်ဆင့်မှာရှိနေဟန်တူ၏။ နောက်သို့တွန်းထုတ်ခံလိုက်သည့်အတွက် ပိုင်ရှောင်ချန်း၏ ခန္ဓာကိုယ်တွင်းမှ တဂျွတ်ဂျွတ် အက်ကွဲသံများ ထွက်လာပြီး သူ၏ယင်အင်္ဂါငါးခုမှာ ပေါက်ကွဲတော့မည့်အလား ပရမ်းပတာဖြစ်သွားတော့သည်။

" ဘယ်လောက်တောင် စိတ်ကြီးဝင်နေလိုက်တဲ့ကောင်လဲ "

သရဲမယ်တော်က အထင်အမြင်သေးစွာ ဆို၏။ သူမက လက်ကိုဝှေ့ယမ်းကာ ဧရာလက်ကြီးနှစ်ဖက်ကို ဆင့်ခေါ်လိုက်ရာ ပိုင်ရှောင်ချန်းကို ဖမ်းဆွဲရန်အလား ပြေးဝင်သွားသည်။

တစ်ဆက်တည်းမှာပင် အရိုးဖွတ်ကြီးက နောက်ထပ်မီးပင်လယ်ကို ထွေးထုတ်ကာ မည်သည့်ထွက်လမ်းကိုမဆို ပိတ်ဆို့ပစ်လိုက်သည်။

ထိုသို့ ဖြစ်ပျက်နေစဥ် ပိုင်ရှောင်ချန်း၏ ပြန်လည်ကုသခြင်းစွမ်းအားများ အသက်ဝင်လာပြီး သူ၏တန်ပြန်အား ဒဏ်ရာများ ပျောက်ကွယ်လာသည်။ ထို့နောက် သူက ရိပ်ခနဲ လှုပ်ရှားကာ မီးပင်လယ်ကို ထိုးဖောက်၍ သရဲလက်ကြီးကို ထိုးချလိုက်သည်။

တခဏလေးအတွင်း သူက အကောင်းပကတိ ပြန်ဖြစ်သွား၍ သရဲမယ်တော်ထဲမှ ပင့်သက်ရှိုက်သံသဲ့သဲ့ ထွက်လာတော့သည်။

" ဒီလိုပြန်လည်ကုသခြင်းစွမ်းအား"

နောက်ဆုံးတွင် ကောင်းကင်တံတားတာအိုက မည်သို့ အနိုင်ယူခံလိုက်ရကြောင်း သူမ နားလည်လိုက်လေပြီ။

" ဒါက သူ့ရဲ့ တကယ့်လျှို့ဝှက်လက်နက်ပဲ။ ဒါပေမဲ့ တခြားဘယ်လို ဝှက်ဖဲတွေ သူ့မှာ ရှိနေဦးမလဲ "

ယခုအခါ သရဲမယ်တော်၏ နှလုံးသားထဲဝယ် လောဘမီးများ အလျှံတညီးညီး တောက်လောင်သွား၏။

သူတို့၏အလွန်တိုတောင်းသော ဖလှယ်မှုအပေါ်အခြေခံ၍ ပိုင်ရှောင်ချန်းသည်လည်း စစ်သင်္ဘောအကြောင်းကို ယခင်ကထက်ပို၍ သိလိုက်ပြီ ဖြစ်သည်။

"အခု ဒါက စစ်သင်္ဘောတစ်စင်းပဲ"

သူကတွေးလိုက်သည်။

" ဒါက သရဲမယ်တော်ကိုယ်တိုင်ထက်တောင် အစွမ်းထက်သေးတယ်။ ပြောရရင် ခုခံနိုင်စွမ်း… လုံးဝကြောက်မခန်းလိလိပဲ။ ပြီးတော့ အရမ်း မြန်တယ် "

ယခုတွင် သူသည် မြောက်ပိုင်း၏မဟာဓားချက်တစ်ချက်ကပင် အနှီသင်္ဘောကို သိပ်များများစားစား ဖြစ်စေမည်မဟုတ်ကြောင်း အတော်လေးသေချာသွားသည်။

သရဲမယ်တော်ကလည်း သူ့ကို ထိုသို့ပြုလုပ်ရန်အတွက် ပြင်ဆင်ချိန်ပေးမည်မဟုတ်...

" သရဲမယ်တော်မှာ စစ်မှန်တဲ့ ကောင်းကင်ဧကရာဇ်အဆင့်တိုက်ခိုက်စွမ်းရည် ရှိပေမယ့် ငါ့အတွက် ပြဿနာကြီးဖြစ်စေလောက်တဲ့အထိတော့ မလုံလောက်ဘူး "

ဤသုံးသပ်ချက်ကို ရောက်သော် သူသည် ယခုလောလောဆယ်တွင် အန္တရာယ်အစစ်က သရဲမယ်တော်မဟုတ်ဘဲ ... စစ်သင်္ဘောသာဖြစ်ကြောင်း ဆုံးဖြတ်ချက်ချလိုက်၏။

ထိုအချိန်တွင် သရဲမယ်တော်က အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်သည်။ သူမ၏မျက်လုံးများထဲရှိ လောဘများကား နည်းနည်းလေးပင် ကွယ်ပျောက်မသွားပေ။ သူမက မန္တန်လက်ကွက်ဖော်၍ လက်ချောင်းကို ဝှေ့ယမ်းလိုက်ရာ အစောပိုင်းက ပိုင်ရှောင်ချန်းကို ရှောင်တိမ်းခဲ့သည့် သရဲမျက်နှာနှစ်ခုထံမှ စူးစူးဝါးဝါးအော်သံများ ထွက်လာ၏။ သူတို့ကိုယ်တွင်းရှိ ထိန်းချုပ်မန္တန်များ၏ ညှင်းပန်းခြင်းဖြင့် စေခိုင်းမှုကြောင့် သူတို့က လှည့်၍ ပိုင်ရှောင်ချန်းထံ ထပ်မံဦးတည်လာကြသည်။

တချိန်တည်းမှာပင် စစ်သင်္ဘောကြီးက စတင်တုန်ခါလာကာ ၄င်း၏ဘေးပတ်လည်ရှိ လေထုအား ပုံပျက်ရှုံတွသွားစေ၏။ ကြည့်ရသရွေ့ ၄င်းသည် ပြင်းထန်သောတိုက်ကွက်ကြီးတစ်ကွက် ထုတ်လွှတ်ရန် စွမ်းအားဖြည့်နေဟန်တူလေသည်။

ဤစစ်သင်္ဘောကြီးအား မတိုက်ခိုက်နိုင်ကြောင်း သဘောပေါက်လိုက်သဖြင့် ပိုင်ရှောင်ချန်း၏ မျက်လုံးများ ဖျတ်ခနဲ လက်သွား၏။ သို့သော် ၄င်းအား ယာယီချုပ်နှောင်ရန်အတွက်မူ မဖြစ်နိုင်သည်တော့ မဟုတ်ပေ။ သရဲမျက်နှာကြီးနှစ်ခုကို လုံးဝလျစ်လျူရှုကာ သူက သူ၏အေးစိမ့်နယ်ပယ်ကို ထုတ်လွှတ်ပြီး အေးစိမ့်ကိုယ်ပွားကိုးရိပ်ကို ဆင့်ခေါ်၍ အနိုင်ယူရန် မဟုတ်ဘဲ အချိန်ဆွဲရန် ရည်ရွယ်ချက်ဖြင့် သရဲမျက်နှာကြီးများထံ ပို့လွှတ်လိုက်သည်။

ထို့နောက် သူက ဟိန်းဟောက်ကာ ဆယ်ဆစွမ်းအားဖြင့် ထာဝရဧကရာဇ်လက်သီးနောက်တစ်လုံးအား အရိုးသင်္ဘောကြီးထံ ပစ်သွင်းလိုက်သည်။

လက်သီးကြီးပြေးဝင်သွားသည်တွင် ဧရာမလေပွေကြီးတစ်ခု ပေါ်ပေါက်လာ၏။

သူက တခဏလေးပင် မရပ်နားပေ။ သူ့ထာဝရသွေး၏ ပြန်လည်ကုသခြင်းစွမ်းအားများအပေါ် အမှီသဟဲပြုကာ ဒုတိယလက်သီးတစ်လုံး ပစ်သွင်းလိုက်သည်။ ထို့နောက် သုံးလုံးမြောက်၊ လေးလုံးမြောက်…

ဝုန်း ဝုန်း ဝုန်း။ မရပ်မနား တိုက်ကွက်များ…

ထို့ပြင် လေပွေများသည် ဆက်လက်၍သာ အားပြင်းလာ၏။

အသက်ရှူချိန်အချိန်အနည်းငယ်လေးအတွင်း ပိုင်ရှောင်ချန်းက ... ထာဝရဧကရာဇ်လက်သီး စွမ်းအားဆယ်ဆကို ထုတ်လွှတ်လိုက်သဖြင့် သရဲမယ်တော် မျက်နှာပျက်သွားတော့သည်။

သူ၏ ပြန်လည်ကုသခြင်းစွမ်းအားများဖြင့်ပင် ပြုန်းတီးမှုအဆင့်က အလွန်ပြင်းထန်လှသဖြင့် ပတ်ဝန်းကျင်ရှိ အရာအားလုံးကို ချက်ချင်း ကုန်ခမ်းစေလုနီးပါး စိတ်စွမ်းအင်တွင်းနက်ကြီးတစ်တွင်းအား ဖန်တီးလိုက်လေသည်။ ရုတ်တရက် စစ်သင်္ဘောကြီးသည် ၄င်း၏လောင်စာရင်းမြစ် ဖြတ်တောက်ခံလိုက်ရပြီး မရွေ့လျားနိုင်တော့ပေ။

ထိုသည်က ယာယီသာဖြစ်ပြီး အသက်ရှူချိန်ဆယ်ကြိမ်ထက် ခံမည်မဟုတ်သော်လည်း ပိုင်ရှောင်ချန်း လှုပ်ရှားရန်အတွက် များပြားသော အချိန် ဖြစ်ပေသည်။ သူက မရပ်မနားဘဲ ငွေစန္ဒာပန်းကူညီပေးနေသည့်တိုင် အခြားနတ်ဘုရားတစ်ပိုင်းကျင်ကြံသူခုနစ်ဦး၏ ပယ်ပယ်နယ်နယ်ထုနှက်ခံနေရသော သရဲကြီးဘုရင်ထံ ပျံသွားလိုက်သည်။ နတ်ဘုရားတစ်ပိုင်းအဆင့်ကျင့်ကြံသူတစ်ယောက်မှ မတုံ့ပြန်နိုင်ခင် ပိုင်ရှောင်ချန်းက လှမ်း၍ သူ့လက်ကို သူနှင့်အနီးဆုံးတစ်ယောက် ခေါင်းပေါ်သို့ ဖိချလိုက်သည်။

သူက အလွန်လျင်မြန်စွာလှုပ်ရှားလိုက်သည့်အတွက် ထိုလူမှာ ရှောင်တိမ်းရန် သို့မဟုတ် ထွက်ပြေးရန် အခွင့်အရေးမရှိလိုက်ပေ။ ထို့နောက် သူ့လက်ထဲမှ ကြောက်မက်ဖွယ်အင်အားကြီး ထွက်လာကာ နတ်ဘုရားတစ်ပိုင်းကျင့်ကြံသူ၏စိတ်ထဲတွင် သေစေနိုင်သောအန္တရာယ်အငွေ့အသက်များ ပြည့်နှက်သွားတော့သည်။ သူက ဟိန်းဟောက်ကာ ပိုင်ရှောင်ချန်းကိုတားရန် သူ့ကိုယ်သူ ချက်ချင်း ဖောက်ခွဲပစ်လိုက်၏။

သူ၏ ယင်ယန်နတ်ဝိညာဥ်က ထွက်ပြေးရန် ကြိုးစားလိုက်စဥ် ငွေစန္ဒာပန်းက လှမ်း၍ မျိုချပစ်လိုက်လေသည်။

တချိန်တည်းမှာပင် ပိုင်ရှောင်ချန်းက သရဲကြီးဘုရင်ကို ဆွဲ၍ အဝေးသို့ တဟုန်ထိုး သုတ်ချေတင်တော့သည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် သူက အဝေးကြီးသို့ ရောက်သွားလေပြီ။ နတ်ဘုရားတစ်ပိုင်းကျင့်ကြံသူခြောက်ဦးသာ အစောပိုင်းက ပိုင်ရှောင်ချန်း တိုက်ခိုက်ခဲ့ခြင်းကြောင့် ကြောက်လန့်၍ ဦးရေခွံများ စပ်ဖျဥ်းကာ စစ်မြေပြင်ပေါ်တွင် ကျန်ရစ်ခဲ့တော့သည်။ ယခုအခိုက်အတန့်တွင် မည်သူမှ သူ့နောက်လိုက်ဖမ်းလိုသည့် ပုံမရပေ။

သူတို့ တွေဝေနေသည့်အခိုက်အတန့်တွင် အရိုးစစ်သင်္ဘောကြီးက သွေးမြူတိမ်ကြီးတစ်ခု ခြံရံလျက် ပေါ်လာ၏။ အစောပိုင်းက ပိုင်ရှောင်ချန်း၏ သက်ရောက်မှု မရှိတော့သဖြင့် သင်္ဘောကြီးက ထပ်မံရွေ့လျားလာသည်။

အရိုးဖွတ်ကြီး လွတ်မြောက်လာသည်နှင့် သရဲမယ်တော်၏မျက်နှာအမူအရာ တင်းမာခက်ထန်သွားပါသော်လည်း တချိန်တည်းမှာပင် လောဘရောင်များဖြင့် ဝင်းလက်လာသည်။ သူမက အဝေးသို့ လက်ညှိုးထိုးကာ ပြောသည်။

" သူ့ကို လိုက်ဖမ်းကြ။ မဟုတ်ရင် သေမယ် "

All Chapters