တစ်ခုခု ကြီးကျယ်တာ လုပ်ရမယ်
Vol. 11 Ch. 1044
ပိုင်ရှောင်ချန်းသည် ရင်တဒိန်းဒိန်းခုန်နေကာ ကီလိုမီတာ ၅၀၀၀ အဝေးသို့ ရောက်နေလေပြီ။ သူ ဖန်တီးခဲ့သည့် လေပွေကြီးပျောက်ကွယ်သွားသည်ကို သူ အာရုံရလိုက်ရာ စစ်သင်္ဘောကြီး အမြင့်ဆုံးအရှိန်ဖြင့် ချဥ်းကပ်လာနေပြီဟူ၍ ဖော်ပြနေသည်။
" အနိုင်ကျင့်လိုက်တာ "
သရဲကြီးဘုရင်က ငြီးတွားလိုက်သည်။ သူ၏မျက်နှာမှာ ဖြူရော်နေပြီး သူ အတော်လေး ညစ်ပတ်စုတ်ပြတ်နေသည်။ ငွေစန္ဒာပန်း၏အကူအညီသာ မပါလျှင် အခြားနတ်ဘုရားတစ်ပိုင်းအဆင့်ကျင့်ကြံသူများ လက်ထဲတွင် သူ ရက်ရက်စက်စက်ရှုံးနိမ့်သွားလိမ့်မည်။
" မဟာကောင်းကင်သခင်နဲ့ အခြားကောင်းကင်ဘုရင်တွေသာ ငါ့နောက်မှာရှိရင် သူတို့ကို သေချာပေါက် ခုခံတိုက်ခိုက်နိုင်မှာပဲ "
သရဲကြီးဘုရင်မှာ ဖြစ်ပွားခဲ့သည့် တိုက်ပွဲနှင့်ပတ်သက်၍ အတော်လေး ရှက်နေသည်။
" ကျုပ်တို့ အကြံကို အကောင်အထည်ဖော်ပြီး ဟိုမြို့က ထွက်လာတာ တော်သေးတယ်"
ပိုင်ရှောင်ချန်းက ပြောသည်။
" ဟိုမှာသာ သရဲမယ်တော် အဖမ်းခံခဲ့ရလို့ကတော့ ကျုပ်တို့ သူ့လက်ခုပ်ထဲကရေ ဖြစ်သွားမှာ"
ယခုအခိုက်အတန့်တွင် သူ အလွန်စိတ်တိုနေ၏။ သရဲမယ်တော်၏ မျက်လုံးများထဲ သူမြင်ခဲ့ရသည့် ပြင်းထန်သောရည်မှန်းချက်အရိပ်အယောင်များကို စဥ်းစားကာ သူမသည် သူ့ကို မိုးမြေအဆုံးထိ လိုက်မည်ဖြစ်ကြောင်း သေချာလှသည်။
အကယ်၍ သူသာ ကောင်းကင်တံတားဒေသမှာဆိုပါက အန္တရာယ်ကင်းကင်း သွားရောက်နေရန် နေရာများစွာနှင့် ရွေးချယ်စရာများစွာရှိ၍ အတန်ငယ် လွယ်ကူပေဦးမည်။ သို့သော် ထာဝရနယ်မြေများနှင့် မိစ္ဆာဧကရာဇ်နိုင်ငံတော်၏ နယ်စပ်တွင် နှောင့်နှေးကြန့်ကြာမှုများ ဖြစ်ပွားခွင့်ပေးရန် အန္တရာယ်များလွန်းသည်။
" ငါသာ သရဲမယ်တော် အဲဒီစစ်သင်္ဘောပေါ်က ထွက်လာအောင် လုပ်နိုင်ခဲ့ရင် … "
သူက သက်ပြင်းတစ်ချက်ချကာ တွေးလိုက်သည်။ ကံဆိုးစွာပင် သရဲမယ်တော်သည် အလွန်သတိထားလွန်းပြီး တစ်ခုမှ နမော်နမဲ့ မလုပ်ခဲ့ပေ။ ယခု သူ့မှာ ရွေးချယ်စရာမရှိတော့ချေ။ သူ၏ နတ်ဘုရားအာရုံများကို ပို့လွှတ်ကာ ထာဝရပင်လယ်ကို စစ်ဆေးလိုက်သည့်တိုင် အဆုံးမရှိသောရေထုကြီးမှလွဲ၍ ပုန်းအောင်းရန် တစ်နေရာပင်မရှိပေ။
ပိုင်ရှောင်ချန်းနှင့် သရဲကြီးဘုရင် စိုးရိမ်တကြီး ဖြစ်ညစ်စဥ်းစားနေစဥ် သူတို့နောက်မှ လာနေသော အရိုးဖွတ်ကြီးထံမှ တဂျိန်းဂျိန်းထစ်ခြုန်းသံများကို ကြားလိုက်ရ၏။
အနက်ရောင်တိမ်တိုက်ကြီးသဖွယ် ဖြစ်နေသည့် မကောင်းဆိုးဝါးသရဲများ၏ ဟိန်းဟောက်သံများ ပိုင်ရှောင်ချန်းနှင့် သရဲကြီးဘုရင်ထံ ရောက်လာသည့်အခါ သူတို့၏မျက်လုံးအိမ်များ ကျဥ်းမြောင်းသွားသည်။
လွန်ခဲ့သောအခိုက်အတန့်က အရိုးဖွတ်ကြီးသည် အမြန်နှုန်းထပ်တိုးစေရန် သွေးမြူတိမ်ကို အသုံးပြုခဲ့၍ ယခင်ထက်ပင် ပိုမို လျင်မြန်စွာ ရှေ့သို့ တဟုန်ထိုး လာနေလေသည်။
ပိုင်ရှောင်ချန်းက အင်္ကျီလက်စကိုခါယမ်း၍ သရဲကြီးဘုရင်ကို ခွဲလိုက်ပြီးနောက် အရိုးဖွတ်ကြီးကို ရင်ဆိုင်လိုက်သည်။
နေရာတိုင်း၌ အက်ကြောင်းများပွင့်ထွက်လာသဖြင့် အက်ကွဲသံများအား ကြားနိုင်လေသည်။ သို့သော် ဤသည်မှာ ထာဝနယ်ရမြေများဖြစ်၍ အက်ကြောင်းများက ချက်ချင်းပင် ပြန်ဆက်သွားကြသည်။
ထိုအချိန်တွင် မီးပင်လယ်တစ်ခုက ပတ်ဝန်းကျင်တစ်ခွင် ပြင်းထန်သော အပူများ ထုတ်လွှတ်ကာ အရိုးဖွတ်ကြီး၏ ပါးစပ်မှ ထွက်လာသည်။
သရဲမျက်နှာကြီးနှစ်ခုသည်လည်း ပိုင်ရှောင်ချန်းနှင့် သရဲကြီးဘုရင်၏လမ်းကို ပိတ်ဆို့ရန်အလား ဖြန့်လိုက်ကြသည်။
သေရေးရှင်ရေး အခြေအနေဖြစ်၍ အခြေအနေကို စဥ်းစားတွေးတောရန် အချိန်မရှိပေ။ ပိုင်ရှောင်ချန်းက လက်ကို ချက်ချင်း ဆန့်ထုတ်လိုက်သည်။
" ရွှယ်ကျဲ "
ရေခိုးရေငွေ့များ တလိပ်လိပ်ထလာကာ ကမ္ဘာကြီးအား မှုန်ဝါးသွားစေတော့သည်။ စစ်သင်္ဘောပေါ်က သရဲမယ်တော်၏ မျက်လုံးများ ကျဥ်းမြောင်းသွားချိန်မှာပင် ပိုင်ရှောင်ချန်းက သူ့လက်ကို အောက်ချလိုက်သည်။
" ကော်တု "
ဝေါင်း
ရှေးနှစ်သန်းပေါင်းများစွာမှလာဟန်တူသည့် သားရဲဟိန်းဟောက်သံကြီးတစ်သံ လေထဲ ပြည့်နှက်သွားသဖြင့် ကောင်းကင်နှင့်မြေကြီး တသိမ့်သိမ့်တုန်သွားလေသည်။
ငါးညှီနံ့များ လှိုင်လှိုင်လွင့်ပျံလာကာ သွေးအကြေးခွံများနှင့် သွေးချင်းချင်းနီရဲနေသော မျက်လုံးကြီးများပါဝင်သော ဧရာမ မိချောင်းခေါင်းကြီးတစ်လုံး ပေါ်ထွက်လာသည်။
အောက်မေးရိုးကြီးပေါ်လာသည့်အခါတွင် ရှိသမျှ နတ်ဘုရားတစ်ပိုင်းကျင့်ကြံသူများမှာ အံ့ဩမှင်သက်လွန်း၍ ပါးစပ်များအဟောင်းသား ဖြစ်သွားတော့သည်။
အရိုးဖွတ်ကြီးမှာ ကြီးမားသော်လည်း ဤမိကျောင်းသတ္တဝါကြီးနှင့်ယှဥ်လျှင် မဖြစ်စလောက်သာ ရှိတော့သည်။
" အဲဒါ ဘာကြီးတုန်း "
ဤသည်မှာ နတ်ဘုရားတစ်ပိုင်းကျင့်ကြံသူများအားလုံး အပြေးအလွှားနောက်ဆုတ်ကာ တွေးနေကြသောအရာ ဖြစ်သည်။ ထိုအချိန်တွင် ဧရာမမိကျောင်းပါးစပ်ကြီး ပွင့်လာပြီး ... အရိုးဖွတ်ကြီးကို ဟပ်လိုက်သည်။
သရဲကြီးဘုရင်သည် ပိုင်ရှောင်ချန်းကို ကောင်းကောင်းသိသော်လည်း ၎င်းကို သူ မြင်သောအခါ အလွန်အံ့သြတုန်လှုပ်သွားသဖြင့် သူ့မျက်လုံးများ ဦးခေါင်းခွံထဲမှ ထွက်ကျမတတ် ပြူးကျယ်သွား၏။
" အဲဒါ တကယ်ပဲ နတ်ဘုရားစွမ်းရည်တစ်ခုလား "
သူသည် ကြောက်လန့်ခြင်းများဖြင့် ရင်တဒိန်းဒိန်းခုန်းနေလျက် တွေးလိုက်သည်။ သူသည် တတ်နိုင်သမျှ ဝေးဝေးရောက်ရန် အစွမ်းရှိသမျှ ထုတ်ဖော်ကာ နောက်သို့ ဆုတ်လိုက်သည်။ ပိုင်ရှောင်ချန်းသည်လည်း အလားတူ သူ့နောက်တွင် မည်သို့ဖြစ်ပျက်လိမ့်မည်ကို ကြည့်ရန်ပင် မစောင့်ဘဲ သရဲကြီးဘုရင်နှင့်အတူ တစ်ချိုးတည်း ထွက်ပြေးတော့သည်။
အရိုးဖွတ်ကြီးမှာ လိုက်ဖမ်းချင်သော်လည်း ဧရာမမိကျောင်းပါးစပ်ကြီးက ၄င်းအပေါ် လှမ်းဟပ်လိုက်သဖြင့် နောက်ကျလွန်းသွားလေပြီ။ အဝေးမှကြည့်လျှင် မိကျောင်းသတ္တဝါကြီးတစ်ကောင်က ထာဝရပင်လယ်ထဲက ထိုးထွက်၍ ဖွတ်ကြီးကို မျိုချလိုက်သည့်အလားပင်။
စစ်သင်္ဘောကြီးမှာ တန်ပြန်တိုက်ခိုက်ရန် စွမ်းအားမရှိဟန်တူသည်။ သွေးမြူဒိုင်းကာပင် ပိတ်လာသော မိကျောင်းပါးစပ်ကြီးအတွင်းမှ လွတ်မြောက်အောင် မကူညီနိုင်တော့ပေ။
ရန်သူနတ်ဘုရားတစ်ပိုင်းကျင့်ကြံသူအပေါင်းမှာ သက်ရောက်ခံလိုက်ရသော နေရာမှ မထွက်နိုင်ကြောင်း သိလိုက်ရသဖြင့် ထိတ်လန့်သွားတော့သည်။ ပါးစပ်ကြီး ပိတ်သွားသည်တွင် ပြင်းထန်သောထစ်ခြုန်းသံများ လေထဲ ပြည့်နှက်သွား၏။ ထို့နောက် မိကျောင်းသတ္တဝါကြီး ပြန်ဝင်သွားလေရာ ထာဝရပင်လယ်ရေများအထဲ ငုပ်လျှိုးသွားဟန်တူတော့သည်။
မိကျောင်းခေါင်းကြီး ပျောက်သွားသောအခါ ရေအိုင်ကြီး တစတစပျောက်ကွယ်သွား၏။ အသက်ရှူချိန် ဆယ်ကြိမ်ခန့်ကြာပြီးနောက် ထစ်ခြုန်းမြည်ဟည်းသံများ မရှိတော့ပေ။
ထို့နောက် အက်ကြောင်းကြီးတစ်ခု ကွဲထွက်သွားပြီး အရိုးဖွတ်ကြီးက လမ်းတစ်လျှောက်လုံးဟိန်းဟောက်ကာ တဟုန်ထိုး ထွက်လာ၏။
၄င်းမှာ သိသိသာသာ ပျက်စီးထိခိုက်ထားသည်။ ရွှယ်ကျဲကော်တုက ၄င်းကို မဖျက်စီးခဲ့သော်လည်း ပြင်းထန်သောဒဏ်ရာများ ရရှိစေခဲ့၏။ ကြည့်ရသရွေ့ ရွှယ်ကျဲကော်တုသည် ထာဝရနယ်မြေများအတွင်း ထုတ်လွှတ်သည့်အခါ ပို၍ပင် အစွမ်းထက်ဟန်တူသည်။
သရဲမယ်တော်မှာ မဆိုစလောက် စိုးရိမ်နေပုံပေါ်သော်လည်း သူမ၏မျက်လုံးများက စိတ်လှုပ်ရှားမှုများဖြင့် တောက်ပနေလေသည်။
" နောက်ဆုံးတော့ တကယ့်ဝှက်ဖဲတစ်ချပ်ကို နင် ထုတ်သုံးအောင် ငါလုပ်နိုင်ခဲ့ပြီ။ အေး အဲဒါကို ဒုတိယတစ်ခေါက်သုံးရင် တူညီတဲ့ရလဒ်ရမယ်လို့တော့ နင် မထင်နဲ့ "
သူမက လောဘအရိပ်အငွေ့များနှင့်အတူ မျှော်လင့်ချက်များ ပြည့်နှက်နေသော လေသံဖြင့် ရယ်လိုက်သည်။
ပိုင်ရှောင်ချန်းသည် သူမ မျှော်လင့်ထားသည်ထက် ပို၍အစွမ်းထက်ပြီး ယခုတွင်သူက သူ၏ဝှက်ဖဲအစစ်ကို ဖော်ထုတ်ခဲ့ပြီဖြစ်၍ သူမသည် သူ့ကို တိုက်ရိုက်တိုက်ခိုက်ရန် အပြည့်အဝါယုံကြည်လာသည်။
သူမက တောက်ပစွာ ပြုံး၍ စစ်သင်္ဘောကို သူ့ဘက်လှည့်ပြီး လိုက်ဖမ်းတော့သည်။
သူမတွင် နတ်ဘုရားတစ်ပိုင်းအဆင့်ကျင့်ကြံသူသုံးဦးသာ ကျန်သော်လည်း ပိုင်ရှောင်ချန်းသာ ရခဲ့ပါက ၄င်းတို့အားလုံး တန်လိမ့်မည်ဟု သူမ ယုံကြည်ထားသည်။
" နင်က ငါ့အပိုင်ပဲ ပိုင်ရှောင်ချန်း။ ငါ့အပိုင်ပဲ … "
သရဲမယ်တော်က သူမ၏နှုတ်ခမ်းကို ဖြည်းညင်းစွာ လျက်လိုက်သည့်အတွက် လက်ရှိအခြေအနေကို မသိဘဲ ၄င်းကိုမြင်လိုက်သော မည်သူမဆို ဖြစ်ပျက်နေသည်များနှင့်ပတ်သက်၍ တခြားစီ ရမ်းသမ်းကောက်ချက်ချမိကြမည်သာ ဖြစ်ပေသည် ...
ကီလိုမီတာ ထောင်ပေါင်းများစွာအဝေးတွင် ပိုင်ရှောင်ချန်းနှင့် သရဲကြီးဘုရင်သည် ထာဝရပင်လယ်ကို ဖြတ်၍ တရိပ်ရိပ်ပြေးနေကြသည်။ တင်းမာခက်ထန်သော အမူအရာများက သူတို့၏ မျက်နှာများကို ဖုံးလွှမ်းနေကြပြီး တစ်ယောက်မှ စကားမပြောကြပေ။ သရဲကြီးဘုရင်၏ရင်ထဲတွင် ခါးသီးနာကျည်းမှုနှင့် စိုးရိမ်သောကများက မင်းမူထား၏။ သရဲမယ်တော်၏ ကြောက်စရာကောင်းသော စွမ်းအားကြီးက သူ၏ သူတော်စင်ဧကရာဇ်နိုင်ငံတော်ကို ရောက်ရန်မျှော်လင့်ချက်များကို လျော့ပါးစေခဲ့ပြီ ဖြစ်သည်။
" ငါတို့ ဘာလုပ်ရတော့မလဲ "
သူက စိတ်ထဲတွင် ရေရွတ်လိုက်သည်။
" တစ်ခုခု တွေးရမယ် "
အမှန်တွင် သူသည် ပိုင်ရှောင်ချန်း၏ မျက်လုံးများထဲ တောက်ပလာခဲ့သည့် ထူးဆန်းသောအလင်းတစ်ခုကို သတိမထားမိခဲ့ပေ။
ပိုင်ရှောင်ချန်းမှာ အလွယ်တကူ အရှုံးမပေးချင်ပေ။ အရိုးသင်္ဘောကြီးကြောင့်သာမဟုတ်ပါက သရဲမယ်တော် သူ့ကို သတ်နိုင်မည်မဟုတ်ကြောင်း ယခု သူ ယုံကြည်နေသည်။ သရဲမယ်တော်၏ တစ်ခုတည်းသော စွမ်းအားမှာ ထိုစစ်သင်္ဘောကြီးတွင်သာ တည်ရှိလေသည်။
" ဟိုရှောင်မေ့ ဘယ်လိုနေလဲ မသိဘူး ... "
သူက တွေးလိုက်သည်။ သရဲမယ်တော်က ဟိုရှောင်မေ့နှင့် ဖက်တီးကျန်းကြီးကို သူမနှင့်အတူ ထာဝရနယ်မြေများထဲ ခေါ်ဆောင်သွားခဲ့သည့်တိုင် ယခုလောလောဆယ် သူတို့က သူမနှင့်အတူရှိသည့် အရိပ်အယောင်တစ်ခုကိုမှ မမြင်ခဲ့ရသည် မဟုတ်ပါလော။ သူမထံမှ သတင်းတစ်စုံတရာရအောင် သူ ကြိုးစားလျှင် သရဲမယ်တော်က ရေငုံနှုတ်ပိတ်နေလောက်မည်ဖြစ်သည်။
" ခင်ဗျားသိလား ... နတ်ဘုရားတစ်ပိုင်းနှစ်ယောက်လေးက သိပ်ကောင်းတဲ့သွေးပဏ္ဍာမဟုတ်သေးဘူး။ ကျုပ်တို့ ပိုအံသြစရာကောင်းတာ တစ်ခုခုလုပ်ဖို့တယ် "
သူ၏မျက်နှာအမူအရာဝင်းလက်သွားကာ သူ့မျက်လုံးများ ပို၍ပင် သွေးချင်းချင်းနီလာလျက် သူသည် အစောပိုင်းကတင် ပေါ်လာခဲ့သောအကြံတစ်ခုကို စတင်တည်ဆောက်တော့သည်။
အနည်းငယ်ထပ်တွေးပြီးနောက် သူကလှည့်၍ သရဲကြီးဘုရင်၏ပခုံးကို လှမ်းဆွဲလိုက်သည်။
" ဟေး အဖိုးကြီး … သရဲမယ်တော်ကို ပြန်ပေးဆွဲမယ်ဆိုရင် ... ဘယ်လိုသဘောရလဲ။ သူတော်စင်ဧကရာဇ်က ကျုပ်တို့ကို သူ့အတွက် ဘယ်လိုဆုလာဘ်တွေ ချီးမြှောက်နိုင်လဲ "
ပိုင်ရှောင်ချန်းက လှမ်းဆွဲလိုက်သည့်အချိန်တွင် သရဲကြီးဘုရင်မှာ ထွက်ပြေးရန် နည်းလမ်းများ စဥ်းစားနေခဲ့လေသည်။ သူက လှမ်းကြည့်ပြီး ပိုင်ရှောင်ချန်း၏ မျက်လုံးများထဲက ပြင်းပြသောအကြည့်ကို မြင်၍ သူ၏အကြံပြုချက်ကို ကြားသောအခါ လုံးလုံးလျားလျား တုန်လှုပ်သွားတော့သည်။
" သရဲမယ်တော်ကို ပြန်ပေးဆွဲမယ်"
အခြေအနေတစ်ရပ်လုံးနှင့်ပတ်သက်၍ အလွန်ရင်းနှီးသော အကြောင်းအရင်းတစ်ခု ရှိနေပါသော်လည်း ယခုတွင် ထိုအကြောင်းအား တွေးတောရန် အချိန်မရှိပေ။ ထိုအကြံအစည်ကပင် သရဲကြီးဘုရင်အား မှင်သက်သွားစေ၏။ မိစ္ဆာဧကရာဇ်နိုင်ငံတော်တွင် စုစုပေါင်း ကောင်းကင်ဧကရာဇ်ခြောက်ဦးရှိပြီး သတို့အားလုံး အံ့သြတုန်လှုပ်ဖွယ် ပုဂ္ဂိုလ်များဖြစ်ကြသည်။ တစ်ယောက် ပြန်ပေးဆွဲခံရလျှင် ထာဝရနယ်မြေအားလုံးအား တဖိန့်ဖိန့်တုန်သွားစေမည်ဖြစ်သည်။ ထိုသည်က လူတိုင်း၏ စိတ်ကူးနယ်ပယ်ကို ဖီဆန်သော သွေးပဏ္ဍာတစ်ခု ဖြစ်ပေမည်။
" ငါတို့ စိတ်လိုက်မာန်ပါ တစ်ခုမှ မလုပ်သင့်ဘူး ရှောင်ချန်း ... "
သူက စကားစသည်။ သူတို့နှစ်ယောက်လုံးမှာ ယခုလောလောဆယ်တွင် အသက်လုပြေးနေရသည် မဟုတ်ပါလော။ သရဲကြီးဘုရင်အတွက် ပိုင်ရှောင်ချန်း၏ အကြံပြုချက်မှာ ယုတ္တိမရှိသည့်ပုံပေါ်နေတော့သည်။
" လာစမ်းပါဗျာ လုပ်မလား၊ မလုပ်ဘူးလား"
ပိုင်ရှောင်ချန်းက စိန်းစိန်းဝါးဝါးကြည့်၍ ပြော၏။ သရဲကြီးဘုရင်သာ ချက်ချင်းသဘောတူခဲ့လျှင် သူ တွေဝေကောင်း တွေဝေနိုင်သည်။ ဤအကြံမှာ အတော်လေးရူးကြောင်ကြောင်နိုင်သည် မဟုတ်ပါလော။
သို့သော် သရဲကြီးဘုရင်က မည်မျှပူပန်သောကရောက်နေကြောင်း သူမြင်သောအခါ ပိုမိုစိတ်ပျက်သွားတော့သည်။
သူ၏နဖူးသွေးကြောကြီးများ ထောင်ထလာကာ သူက အံတင်းတင်းကြိတ်၍ ပြော၏။
" သရဲကြီး၊ အဘိုးကြီး … ခင်ဗျား လေးနက်တာတစ်ခုခုလုပ်ချင်တယ်လို့ မပြောခဲ့ဘူးလား။ ကောင်းကင်ဧကရာဇ်တစ်ပါးကို ပြန်ပေးဆွဲတာထက် ကောင်းတာ ဘာရှိဦးမလဲ။ ခင်ဗျား အကြီးကြီးလိုချင်တယ်မလား။ ကျုပ်တို့ သာ ဆက်သလိုက်ရင် ထာဝရနယ်မြေအားလုံး ဖိန့်ဖိန့်တုန်သွားမှာနော် "
သရဲကြီးဘုရင်၏ နှလုံးသားတစ်ခုလုံး တဒိန်းဒိန်းခုန်လာပြီး သူက တွေးလိုက်၏။
" ဒါဆိုလဲ လောကနတ်ဘုရားကို ဘာလို့ ပြန်ပေးမဆွဲတာတုန်း ... "
သို့သော် ပိုင်ရှောင်ချန်း၏ မျက်လုံးများထဲရှိ အကြည့်က လွန်စွာရင်းနှီးနေဟန်ရှိနေ၍ သရဲကြီးဘုရင် ရုတ်တရက် သဘောပေါက်လိုက်လေသည်။
" မင်းမေဘ … အဲဒါ ... ဒီကောင် ငါ့ကိုပြန်ပေးဆွဲတုန်းက ပုံစံအတိုင်းပဲ။ ဒီကောင်ကတော့ တကယ့် ပြန်ပေးဆွဲသမားတစ်ယောက်ပါကွာ "
သရဲကြီးဘုရင်၏မျက်နှာပေါ်တွင် ခပ်ယဲ့ယဲ့အပြုံးတစ်စ ပေါ်လာ၏။ ထို့နောက် သူက အံတင်းတင်းကြိတ်ပြီး ပြောသည်။
“ ကောင်းပြီ လုပ်ကြတာပေါ့ကွာ။ ဘယ်လို လုပ်ကြမလဲ"