ချုပ်နှောင်ခြင်း
Vol. 11 Ch. 1046
ဤအရာအားလုံးကို ဖော်ပြရန် အချိန်အနည်းငယ်ကြာလိုက်သော်လည်း အမှန်တကယ်တွင် စက္ကန့်ဝက်မျှအခိုက်အတန့်လေးအတွင်း ဖြစ်ပျက်သွားလေသည်။ ပိုင်ရှောင်ချန်းက အရိုးသင်္ဘောကြီးကို မြောက်ပိုင်း၏ ဧရာမ မဟာဓားကြီးဖြင့် ခုတ်ပိုင်းချလိုက်၏။
ကမ္ဘာရတနာတစ်ပါး၏အရှိန်အဝါက အရာခပ်သိမ်းကို လှုပ်ရမ်းပစ်လိုက်သည့်အတွက် အလင်းများ ပြိုးပြိုးပြက်ပြက် ဖြာထွက်သွားလေသည်။ မိုးကောင်းကင်ကြီး မှေးမှိန်သွားပြီး ပြင်းထန်သောဖိအားများ သက်ရောက်လာ၏။ အပြာရောင်အလင်းတန်း၏ ဧရာမပေါက်ကွဲမှုကြီးအတွင်း မြောက်ပိုင်းကောင်းကင်တံတားဒေသဖြစ်သည့် ကုန်းမြေထုကြီး၏ ပုံရိပ်တစ်ခုကို မြင်နိုင်သည်။
ဓားကြီးနှင့် သွေးမြူတိမ်ကြီး ထိပ်တိုက်တွေ့ဆုံသွားသဖြင့် ပြင်းထန်သော ထစ်ခြုန်းမြည်ဟည်းသံများ ကြားလိုက်ရပြီး သွေးမြူတိမ်ကြီးက အားနည်းသောအခြေအနေကြောင့် မြဲမြဲမြံမြံရပ်တည်နိုင်စွမ်း မရှိတော့ပေ။
သွေးမြူတိမ်ဒိုင်းကြီး ဝုန်းခနဲ ပေါက်ကွဲသွားသည့်အတွက် မြောက်ပိုင်း၏ မဟာဓားကြီးက စစ်သင်္ဘောကြီးအား ခုတ်ပိုင်းရန် အဟန့်အတားမရှိ ဆက်လက်ကျဆင်းသွား၏။
ထိုစဥ် သရဲမယ်တော်၏လက်နှစ်ဖက်က သင်္ဘောကြီး၏မျက်နှာပြင်ကို ရိုက်ချလိုက်သည်။ သင်္ဘောကြီး တသိမ့်သိမ့်တုန်သွားပြီး ၄င်းကို ဖွဲ့စည်းထားသည့် အရိုးများအားလုံး ကြက်သွေးရောင်ပြောင်းသွားလေသည်။ ထို့နောက် ၎င်းထံမှ သွေးနီရောင်မြူများ စီးထွက်လာပြီးနောက် အရိုးဖွတ်ကြီးအပေါ်၌ ... အသားများအသွင် နေသားတကျ ဖြစ်သွားသည်။
အရိုးဖွတ်ကြီးက ၄င်း၏အပေါ်တွင် အသားများစတင်ဖြစ်တည်လာဖြင့် ဟိန်းဟောက်လိုက်၏။ မျက်စိတစ်မှိတ်အတွင်းမှာပင် ၄င်းသည် အရိုးများမှ ပြုလုပ်ထားခြင်းမဟုတ်တော့ဘဲ အသွေးအသားနှင့်ကိုယ် ဖြစ်သွားလေပြီ။
စစ်သင်္ဘောကြီးအား အသားများဖြင့်သာမက ၄င်းကို ရုပ်ဝတ္ထုဒိုင်းကာတစ်ခုသဖွယ် ကာကွယ်ပေးနိုင်သည့် သွေးအမြှေးပါးတစ်လွှာဖြင့်ပင် ဖုံးအုပ်သွားလေသည်။ ဖွတ်ကြီးနှင့် စစ်သင်္ဘောကြီးနှစ်မျိုးလုံးက အံ့မခန်းလိလိပြိုင်ဘက်ကင်းသောစွမ်းအင်များ ထုတ်လွှတ်ကာ တဂျိန်းဂျိန်းမြည်ဟည်းလာပြီး ... မြောက်ပိုင်း၏မဟာဓားကို ဟန့်တားလိုက်၏။
တန်ပြန်အားကြောင့် နားကွဲလုမတတ် ဝုန်းခနဲ ပေါက်ကွဲသွားပြီးနောက် ပိုင်ရှောင်ချန်း၏ ပါးစပ်မှ သွေးများပန်းထွက်သွားသည်။ သူသည် မြောက်ပိုင်း၏ မဟာဓားနှင့်အတူ လွင့်ထွက်သွားကာ ပြင်းပြင်းထန်ထန် ထိခိုက်သွားပြီး သွေးများအန်နေခြင်းအား သူ မရပ်နိုင်တော့ပေ။
သရဲကြီးဘုရင်မှာလည်း တန်ပြန်အားလှိုင်းဒဏ်ခံလိုက်ရကာ သွေးများပန်းထွက်လာပြီး နောက်သို့ လွင့်ထွက်သွားကာ ပြင်းပြင်းထန်ထန်ထိခိုက်ဒဏ်ရာရသွား၏။
ငွေစန္ဒာပန်းနှင့် ငိုလိုက်ရယ်လိုက် သရဲမျက်နှာကြီးမှာလည်း သိသိသာသာ ရုပ်ပျက်ဆင်းပျက်ဖြစ်လျက် ဆုတ်ခွာလိုက်သည်။
" သောက်ကျိုးနည်း… သောက်ကျိုးနည်းကွာ "
ပုံစံတစ်ဝက်ကျော် ပျောက်ကွယ်သွားခဲ့ရသည့် သရဲကြီးဘုရင်မှာ အဆက်မပြတ်မြည်တမ်းလိုက်သည်။
" မိစ္ဆာဧကရာဇ်ကိုယ်တိုင် သရဲမယ်တော်အတွက် ဒီစစ်သင်္ဘောကြီးကို အဆင့်မြှင့်ပေးခဲ့တာ။ ငါတို့က ဘယ်လိုလုပ် တစ်ခုခုလုပ်နိုင်မှာတုန်း"
သို့သော် ပိုင်ရှောင်ချန်းနှင့် သူ့မဟာမိတ်များ၏ ပူးပေါင်းတိုက်ကွက်က ဖွတ်ကြီးကို မထိခိုက်ဘဲ လွတ်သွားစေနိုင်သည့်တိုက်ကွက် မဟုတ်ပေ။ ဖွတ်ကြီးက ဟိန်းဟောက်ကာ နောက်သို့ မီတာ ၃၀၀ဝ ခန့် ဆတ်ခနဲ ဆုတ်လိုက်စဥ် ၄င်း၏ခေါင်းပေါ်၌ ဟောင်းလောင်းပေါက် ဒဏ်ရာကြီးတစ်ခု ပွင့်ထွက်သွား၏။ ဒဏ်ရာကြီးမှ သွေးများစီးကျလာသည့်တိုင် သွေးအမြှေးပါးကား ထိုးဖောက်မခံလိုက်ရပေ။
အမြှေးပါး၏ အခြားတစ်ဖက်တွင် သရဲမယ်တော်က စူးရှတောက်ပသောမျက်လုံးများဖြင့် လှမ်းကြည့်နေ၏။ ပိုင်ရှောင်ချန်းနှင့် သူ၏အဖွဲ့သည် အရာအားလုံးပုံအောခဲ့သည့်တိုင် ယခု ဆိုးဆိုးရွားရွား ဒဏ်ရာရသွားကြသည်။ ပိုင်ရှောင်ချန်းက သူ၏မြောက်ပိုင်းမဟာဓားကိုပင် ထုတ်ဖော်ခဲ့သော်လည်း ဘာမှမထူးခဲ့ပေ။
" အချိန်ကုန်နေပြီ "
သရဲမယ်တော်က တစ်ကိုယ်တည်း ရေရွတ်လိုက်သည်။
" ထပ်ကြန့်ကြာနေရင် မထင်မှတ်ထားတာတွေ ဖြစ်လာနိုင်တယ်... “
" ပိုင်ရှောင်ချန်းက သူ့ဝှက်ဖဲတွေအားလုံးနီးပါးနဲ့ တိုက်ပြီးလောက်ပြီ။ သူ့မှာ နည်းနည်းလောက် ထပ်ရှိသေးရင်တောင်မှ တိုက်ပွဲရဲ့ နောက်ဆုံးရလဒ်ကို ပြောင်းလဲပေးမှာ မဟုတ်ဘူး "
သရဲမယ်တော်သည် သတ်ဖြတ်လိုစိတ်များ တောက်ပနေသော မျက်ဝန်းများနှင့် ညာလက်ဖြင့် မန္တန်လက်ကွက်ဖော်ကာ ဖွတ်ကြီးအား ဒဏ်ရာရနေသော ပိုင်ရှောင်ချန်းထံ တန်းတန်းမတ်မတ် ပျံသန်းသွားစေလိုက်သည်။
ဖွတ်ကြီးက ရွေ့လျားလာချိန်မှာပင် ပိုင်ရှောင်ချန်းက ရုတ်တရက် ခေါင်းမော့ပြီး သူ့လက်ကို ခပ်ကြမ်းကြမ်း ဝှေ့ယမ်းလိုက်သည်။
အရပ်မျက်နှာတစ်ခွင် ရေခိုးရေငွေ့များ တလိပ်လိပ်ထလာပြီး ၄င်းသည်ကား ရွှယ်ကျဲကော်တုမှလွဲ၍ တခြားမဟုတ်ပေ။ ရှေးခေတ်ဦးကတည်းက တည်ရှိလာဟန်တူသည့် ဟိန်းဟောက်သံကြီးတစ်သံနှင့်အတူ မိကျောင်းခေါင်းကြီး ထိုးထွက်လာတော့သည်။ မိချောင်းသတ္တဝါကြီးက ပါးစပ်ကြီးကို အကျယ်ကြီးဟကာ ဖွတ်စစ်သင်္ဘောကြီးကို လှမ်းဟပ်လိုက်သည်။
ရွှယ်ကျဲကော်တုကို အဆောတလျင် ထပ်မံအသုံးပြုခြင်းက ပိုင်ရှောင်ချန်း၏ ဒဏ်ရာများကို ပိုမိုဆိုးရွားသွားစေသည်။ သူ၏ပြန်လည်ကုသခြင်းစွမ်းအားများမှာ လိုက်မမှီနိုင်တော့ပေ။ သူသည် သွေးများပန်းထွက်လာကာ ဘေးသို့ ဆတ်ခနဲ ယိမ်းထိုးသွားပြီးနောက် ထာဝရပင်လယ်ကြီးထဲ ကျသွားတော့သည်။
ထိုအခြေအနေအရ သူသည် အကြံကုန်သွား၍ ရေမျက်နှာပြင်အောက်ထဲ ထွက်ပြေးရန် ကြိုးစားနေဟန်တူသည်။
ပုံမှန်ဆိုလျှင် သတိကြီးသော သရဲမယ်တော်သည် လိုက်မဖမ်းခင် ပထမဦးစွာ ရွှယ်ကျဲကော်တုကို ကိုင်တွယ်မည် ဖြစ်သည်။ သို့သော် ဤအခြေအနေတွင် ... သူမသာ စစ်သင်္ဘောကြီးကို တိုက်ရိုက်ထိန်းချုပ်နေပါက အသက်ရှူချိန်များစွာ ကြာလိမ့်မည်။
ထိုသည်က ပိုင်ရှောင်ချန်းအတွက် ထာဝရပင်လယ်အတွင်းထဲ ဝင်ရောက်ပျောက်ကွယ်သွားပြီးနောက် သူမ မသိနိုင်သော ထွက်ပြေးမှော်သိုင်းအချို့ကို အသုံးပြုကာ သူမ လိုက်မမှီနိုင်လောက်သည့် အကွာအဝေးသို့ ရောက်ရှိသွားစေရန် အချိန်လုံလုံလောက်လောက် ရရှိသွားလိမ့်မည်။
ပို၍ဆိုးသည်မှာ ပိုင်ရှောင်ချန်းက အတန်ငယ် ပြန်သက်သာရန် နားချိန်ရသွားမည် ဖြစ်သည်။ သူ၏ပြန်လည်ကုသခြင်းစွမ်းအားများကို စဥ်းစားတွေးတောကာ သရဲမယ်တော်သည် ထိုကဲ့သို့နှောင့်နှေးကြန့်ကြာမှုအား လက်ခံနိုင်သည်ဟု မခံစားရပေ။
" ငါ သတိနည်းနည်းမှလွတ်လို့ မဖြစ်ဘူး "
သူမက တွေး၏။
" ဒါပေမဲ့ တိကျပြတ်သားရမယ့် အချိန်တွေလဲ ရှိသေးတယ်။ ပြီးတော့ ငါက ကောင်းကင်ဧကရာဇ်တစ်ပါး။ သူက သူ့လျှို့ဝှက်လက်နက်အများစုကို သုံးထားပြီးပြီဆိုတော့ အဲဒါတွေကို ငါ ကိုင်တွယ်နိုင်တာ သေချာတယ် "
သူမ၏မျက်ဝန်းများက ပြတ်သားသော အရိပ်အယောင်များဖြင့် ပြည့်နှက်လာကာ ရိပ်ခနဲလှုပ်ရှားလိုက်သည်။ ရွှယ်ကျဲကောတုဖြစ်သည့် ဟောင်းလောင်းပေါက် မိကျောင်းမေးရိုးကြီးအား လျစ်လျူရှုကာ သူမသည် ကောင်းကင်ဧကရာဇ်အဆင့်ကျင့်ကြံခြင်းအခြေခံ စွမ်းအားကို ထုတ်ဖော်၍ စစ်သင်္ဘောကြီးကို ထားခဲ့ပြီး ပိုင်ရှောင်ချန်း၏ နောက်တည့်တည့် ထာဝရပင်လယ်ပေါ်တွင် ပေါ်လာလေသည်။ ဤသည်မှာ စစ်သင်္ဘောကြီးအပြင်သို့ ပထမဆုံးအကြိမ် သူမ ခြေချခြင်းဖြစ်သည်။
သူမက တစ်ချက်လေးပင် တုံ့ဆိုင်းမနေဘဲ ပိုင်ရှောင်ချန်းထံ လှမ်းလိုက်သည်။
" နင်က ငါ့အပိုင်ပဲ ပိုင်ရှောင်ချန်း "
သူမက မျှော်လင့်ချက်များဖြင့် မျက်ဝန်းများ တဖျပ်ဖျပ်လက်နေလျက် ပြောသည်။
သူမ လှမ်းလိုက်သည့်အခိုက်အတန့်တွင် ညစ်ပတ်ပေရေပြီး သွေးများစိုရွှဲနေသော ပိုင်ရှောင်ချန်း၏ မျက်လုံးများက ထူးဆန်းသောအလင်းဖြင့် တောက်ပနေကာ ရုတ်တရက် မော့ကြည့်လိုက်သည်။
" နောက်ဆုံးတော့ ခင်ဗျား အပြင်ထွက်လာပြီပေါ့ "
သူ စကားပြောလိုက်သည့်အခိုက်အတန့်တွင် သူ၏ဒဏ်ရာဒဏ်ချက်များအားလုံး ပျောက်ကင်းသွားလေပြီ။
ထို့နောက် သူက သူမထံ မဟုတ်ဘဲ ဖွတ်စစ်သင်္ဘောကြီးဆီ လှမ်းလိုက်ပြီး သူ၏လက်ချောင်းဖြင့်ထိုး၍ တိုးညင်းစွာ ပြောသည်။
" ယွီမုကျင်းယွမ် "
ပတ်ဝန်းကျင်တွင် မြင်ရသည့် ထာဝရပင်လယ်ရေများအားလုံး ပိတ်လှောင်ခံလိုက်ရကာ သလင်းကျောက်အဖြစ်ပြောင်းသွားသဖြင့် အက်ကွဲသံများ ထွက်ပေါ်လာတော့သည်။
ထို့နောက် သလင်းကျောက်များ အစိတ်စိတ်အမြွှာမြွာကွဲကြေသွားပြီး သလင်းကျောက်ဓားများဖြစ်လာကာ ပင်လယ်ပြင်မှ ထိုးထွက်၍ ဖွတ်ကြီးအား ခုတ်ပြီးနောက် ၄င်းအောက်သို့ တစစီပြန်ကျကာ စုပုံလာ၏။ ထို့နောက် ... ဧရာမသလင်းကျောက်မီးတိုင်ကြီးတစ်ခု ဖြစ်တည်လာလေသည်။
" နင် … "
ယခု သရဲမယ်တော်သည် လက်ရှိအချိန်အထိ အဖြစ်အပျက်အားလုံးမှာ စစ်သင်္ဘောကြီးအပြင် သူမ ထွက်လာစေရန် ပရိယာယ်တစ်ခုသာ ဖြစ်ခဲ့ကြောင်း သဘောပေါက်လိုက်လေပြီ။ ထို့နောက် ပိုင်ရှောင်ချန်းက ဒုတိယအကြိမ် စကားပြောလိုက်သဖြင့် သူမ၏ခေါင်းတစ်ခုလုံး ချာချာလည်သွားတော့သည်။
" ကောင်းကင် မီးအုပ်ဆောင်း "
တဂျိန်းဂျိန်းထစ်ခြုန်းသံများပဲ့တင်ထပ်လာပြီး မမြင်ရသောဧရာမလက်ကြီးတစ်ဖက်က ထာဝရနယ်မြေများ၏ ကောင်းကင်ပြင်ကြီးကို စုတ်ဖြဲပြီး မီးအုပ်ဆောင်းကြီးတစ်လုံးအသွင် ပြောင်းလိုက်ပုံရလေသည်။ မီးအုပ်ဆောင်းကြီးက စစ်သင်္ဘောကြီးအား ချုပ်နှောင်ကာ ဖုံးအုပ်သွားစဥ် သရဲမယ်တော်မှာ ပို၍ မျက်နှာပျက်သွားတော့သည်။ ယခု သူမက သင်္ဘောကြီးထံ ပြန်သွားချင်ပါသော်လည်း မတတ်နိုင်ပေ။ သူမက ရုတ်တရက် စိုးရိမ်သွားကာ သူမ၏ကျင့်ကြံခြင်းအခြေခံစွမ်းအားများကို ထုတ်ဖော်ကာ မရေမတွက်နိုင်သော မကောင်းဆိုးဝါးသရဲများကို ဆင့်ခေါ်၍ သူမ၏သင်္ဘောထံ ဖောက်ထွက်ရန် ကြိုးစားလိုက်သည်။
" သက်တမ်းရှည်ကြာ ထာဝရဘဝ "
မရေမတွက်နိုင်သော “ အသက်ရှည်ခြင်း “ အက္ခရာစာလုံးများသည် မီးအုပ်ဆောင်းအပေါ်တွင် နေရာယူကာ ကမ္ဘာတခွင် ပြည့်နှက်သွားရာ ၄င်း၏ပိတ်လှောင်ခြင်းစွမ်းအား၏ ပြင်းအားများ တဟုန်ထိုး တက်သွားတော့သည်။ ဤအခိုက်အတန့်တွင် သရဲမယ်တော်မှာ ထိုပိတ်လှောင်ခြင်းအား ဖောက်ထွက်နိုင်စွမ်းမရှိတော့ပေ။
" အသင်က ဖယောင်းတိုင်ဖြစ်စေ " သလင်းကျောက်မီးတိုင်၏ထိပ်တွင် မလှပ်မယှက်ပိတ်လှောင်ခံထားရပြီး မီးအုပ်ဆောင်းကြီးဖြစ်သည့် ကောင်းကင်အမိုးပြင်ကြီးဖြင့် ဖုံးအုပ်ခံထားရသော ဖွတ်စစ်သင်္ဘောကြီးက ရုတ်တရက် ဖယောင်းကဲ့သို့သော ... အဖြူရောင်ပြောင်းသွား၏။
" ထာဝရသက်ရှည်မီးအိမ် ... ပေါင်းစည်းစေ "
ဖွတ်စစ်သင်္ဘောကြီးက ဧရာမထာဝရမီးအိမ်အဖြစ် အသွင်းပြောင်းခံလိုက်ရသည့်အတွက် မိုးကောင်းကင်နှင့် ပထဝီမြေကြီးတွင် တဂျိန်းဂျိန်း ထစ်ခြုန်းသံများ ပြည့်နှက်သွားလေသည်။ တာအိုမှော်အတတ်၏ ပြင်းထန်သောစွမ်းအားကြီး ထွက်ပေါ်လာကာ သရဲမယ်တော်ကဲ့သို့သော ကောင်းကင်ဧကရာဇ်တစ်ပါးပင် အလျင်အမြန် အနိုင်မယူနိုင်တော့ပေ။
ဤသည်မှာ ပိုင်ရှောင်ချန်းက ၄င်းအား သရဲမယ်တော်အစား သင်္ဘောကြီးအပေါ်တွင် အသုံးပြုခဲ့ရသည့် အဓိကအကြောင်းရင်းဖြစ်သည်။ သရဲမယ်တော်မှာ ကောင်းကင်တံတားတာအိုမဟုတ်၍ ပိုင်ရှောင်ချန်းက ၄င်းထံမှ သူမ ဖောက်ထွက်ရန် အချိန်မည်မျှကြာမည့်အပေါ်တွင် လောင်းကြေးမထပ်ချင်ပေ။
သူမက အလွန်လျင်မြန်စွာ လွတ်မြောက်ပြီး သူမ၏စစ်သင်္ဘောကြီးထံ ပြန်သွားလျှင် သူ ရှုံးကိန်းဆိုက်မည်ဖြစ်သည်။
သို့ဖြစ်၍ သူက သူမကို ချုပ်နှောင်မည့်အစား ဖွတ်စစ်သင်္ဘောကြီးကို ချုပ်နှောင်လိုက်လေသည်။ သူသည် သရဲမယ်တော်၏ထိန်းချုပ်မှုမပါဘဲ ... စစ်သင်္ဘောကြီးမှာ ထာဝရသက်ရှည်မီးအိမ်မှ အလွယ်တကူလွတ်မြောက်နိုင်မည် မဟုတ်ကြောင်း အတော်လေးယုံကြည်ချက်ရှိထား၏။
အမှန်ပင် သူသည် သရဲမယ်တော်အား ၄င်းကို သွားရောက်ကူညီရန် အခွင့်အရေးပေးမည် မဟုတ်ပေ။
" ပိုင်ရှောင်ချန်း "
သရဲမယ်တော်မှာ မျက်နှာရှုံ့မဲ့သွားကာ စူးစူးဝါးဝါးအော်ဟစ်လိုက်သည်။ သူမသည် အကွက်ချခံခဲ့ရသည့် အဖြစ်ကို ဒေါသထွက်ကာ ရုတ်တရက် ရယ်မောလိုက်သည်။
" ငါ့မှာ ငါ့စစ်သင်္ဘောကြီး မရှိရင်ရှိမယ်။ ဒါပေမဲ့ ငါက ကောင်းကင်ဧကရာဇ်တစ်ပါးဖြစ်နေသေးတော့ နင့်ကို အလွယ်တကူ နင်းခြေပစ်နိုင်တယ် "
သူမက သူမ၏လက်နှစ်ဖက်ကို ဘေးဘက်သို့ဖြန့်ကား၍ မြူများအား အရပ်မျက်နှာတခွင် တလိပ်လိပ်ထသွားစေကာ ဧရာမသရဲမြို့ကြီးကဲ့သို့ အရာတစ်ခုအား ဖန်တီးလိုက်လေသည်။