နိုးထပါတော့
Vol. 11 Ch. 1047
ပိုင်ရှောင်ချန်းက အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်စဥ် သူ၏မျက်လုံးများသည် တိုက်ခိုက်လိုသည့် အာသီသများဖြင့် ဝင်းလက်တောက်ပသွား၏။ အသက်ရှူချိန်နှင့်အမျှ တဖြည်းဖြည်း ကုန်လွန်သွားသည့်အချိန်တိုင်း သရဲမယ်တော်ကိုပြန်ပေးဆွဲနိုင်မည့် သူ၏ခံယူချက်က အားကောင်းလာတော့သည်။
" ပထမအဆင့်တော့ ပြီးပြီ။ အခု ... ဒုတိယအဆင့် စတင်ရမယ့် အချိန်ပဲ "
သူက ညာဘက်လက်ကို ဆုပ်လိုက်ရာ သူ၏အပြင်အားများ ဟုန်းခနဲတောက်လာ၏။ တချိန်တည်းမှာပင် အသက်ရှည်အတွဲနှင့် ထာဝရအတွဲတို့က သာမန်ကောင်းကင်ဧကရာဇ်တစ်ပိုင်းအဆင့်၏ အထွတ်အထိပ်ထက် သာလွန်သော အစွမ်းများဖြင့် အတူတကွပေါင်းစည်းကာ မြင့်တက်လာသည်။ ယခု သူသည် ကောင်းကင်ဧကရာဇ်အစစ်တစ်ပါး၏ အဆင့်နှင့် အလွန်နီးကပ်နေသော စွမ်းအားများဖြင့် တဟုန်းဟုန်း တောက်လောင်လာတော့သည်။
မိုးကောင်းကင်ကြီး မှေးမှိန်သွားပြီး ပတ်ဝန်းကျင်တစ်ခုလုံး သရဲတိမ်တိုက်ကြီးကြောင့် ပို၍ မည်းမှောင်သွားတော့သည်။ သို့သော် ယခုအခိုက်အတန့်တွင် ဒေါသအမျက်ချောင်းချောင်း ထွက်နေသော ဓားအိမ်ထဲမှ ဓားတစ်ချောင်းသဖွယ် အန္တရာယ်များလှသော ပိုင်ရှောင်ချန်းအား မည်သည့်အရာကမှ ဖုံးကွယ်ထားခြင်းငှာ မတတ်သာပေ။ သူက ရှေ့တစ်လှမ်း လှမ်းလိုက်ပြီးနောက် အလင်းတန်းတစ်တန်းအသွင် ဝေဝါးသွားကာ သရဲမယ်တော်ထံ တမုဟုတ်ချင်း ပြေးဝင်သွား၏။
" သရဲဂိတ် ပွင့်စေ "
သရဲမယ်တော်၏ သွယ်လျသော လက်ချောင်းလေးများက မန္တန်လက်ကွက်တစ်ကွက်အသွင် ဝေဝါးသွားပြီးနောက် ပိုင်ရှောင်ချန်းကို လက်ညှိုးထိုးလိုက်ရာ အဆုံးအစမဲ့ သရဲတိမ်တိုက်ကြီးသည် ရုတ်ချည်း ဧရာမလေပွေကြီးတစ်ခုအသွင် အတူတကွ ဖြစ်ပေါ်လာတော့သည်။ လေပွေကြီး ပွင့်လာသည်နှင့်တစ်ပြိုင်နက် ၎င်းထံမှ မရေမတွက်နိုင်သော မကောင်းဆိုးဝါးသရဲများ ပိုင်ရှောင်ချန်းထံ ထွက်ကျလာလေသည်။
အနှီမကောင်းဆိုးဝါးသရဲများအား ကြည့်နေရသည်မှာ အဆုံးအစရှိဟန် မတူပေ။
" သရဲတာအို ဖြစ်တည်စေ "
သို့ပေမည့် ဤမျှနှင့်မပြီးသေး။ သရဲများထွက်ကျလာချိန်မှာပင် သရဲမယ်တော်က နောက်ထပ်မန္တန်လက်ကွက်ဖော်လိုက်သည်။ ထို့နောက် သရဲများက တစ်ကောင်နှင့်တစ်ကောင် ဝါးမျိုပြီး အချင်းများကာ တစ်ကောင်ပေါ်တစ်ကောင် ခုန်အုပ်လိုက်ကြရာ မျက်စိတစ်မှိတ်အတွင်းမှာပင် မီတာ ၃၀၀၀ အမြင့်ရှိ ဧရာမသရဲဘုရင်ကြီး ဖြစ်လာတော့သည်။
အနှီသရဲဘုရင်ကြီးကို ခေါင်းအစ ခြေအဆုံး သရဲမျက်လုံးများဖြင့် ဖုံးလွှမ်းနေသည်ဖြစ်၍ လွန်စွာ ထူးဆန်းနေတော့သည်။ သူက ကောင်းကင်ဧကရာဇ်တစ်ပိုင်းအဆင့်၏ အထွတ်အထိပ် စွမ်းအင်းများကို ထုတ်လွှတ်ကာ ပိုင်ရှောင်ချန်းထံ ပြေးဝင်လာ၏။
" သရဲပုံရိပ် ဖြစ်တည်စေ "
သရဲမယ်တော်က နောက်ထပ်မန္တန်လက်ကွက် ဖော်လိုက်ရာ အရိပ်တစ်ခု ပေါ်လာပြီး ဒုတိယမြောက်သရဲဘုရင်ကြီးတစ်ကောင် ဗြုန်းခနဲ ပေါ်လာ၏။ ထို့နောက် သုံးကောင်မြောက်၊ လေးကောင်မြောက်။ အချိန်တိုလေးအတွင်း သရဲဘုရင်ကြီးလေးကောင်က ပိုင်ရှောင်ချန်းထံ စီတန်း၍ ပြေးဝင်လာကြတော့သည်။
ဤတာအိုမှော်အတတ်များသည် ကောင်းကင်တံတားတာအိုအသုံးပြုခဲ့သည့် မည်သည့်မှော်အတတ်ထက်မဆို များစွာသာလွန်၏။ သို့ပေမည့် ပိုင်ရှောင်ချန်းက ခပ်အေးအေးသာ ရယ်မောလိုက်ပြီး ရှေ့သို့ အရှိန်တင်ကာ သူ့အတွက် ပြိုင်ဘက်ဖြစ်ရန် ခြေဖျားပင်မမှီသည့် သရဲဘုရင်ကြီးလေးကောင်လုံးအား ရိုက်ချပစ်လိုက်သည်။
သို့သော် သရဲမယ်တော်၏မျက်လုံးများထဲရှိ အထင်သေးမှုကား နည်းနည်းလေးမျှ လျော့မသွားပေ။ သူမ၏ ညာလက်သည် မန္တန်လက်ကွက်တစ်ကွက်ဖြင့် လင်းလက်သွားပြီး သူမက လက်ညှိုးထိုးလိုက်သည်။
" သရဲဂိတ် အကျဥ်းချစေ "
သရဲဘုရင်ကြီးလေးကောင်သည် နောက်လိမ့်ထွက်သွားနေရာမှ အပိုင်းပိုင်း ပေါက်ကွဲသွားပြီးနောက် ဧရာမဂိတ်ကြီးတစ်ခုအသွင် ပြန်လည်ဖြစ်ပေါ်လာတော့သည်။
ထို့နောက် ဤသရဲဂိတ်ကြီးက ပြင်းထန်သောဖိအားများထုတ်လွှတ်ကာ ပိုင်ရှောင်ချန်းထံ လည်ထွက်လာသည့်အတွက် သူ ပင့်သက်ရှိုက်သွားတော့သည်။ သူ့အတွက် တုံ့ပြန်ရန် အချိန်မရှိလိုက်ဘဲ ဂိတ်ကြီးက သူ့ကို ထာဝရပင်လယ်၏ မျက်နှာပြင်ပေါ်တည့်တည့်တွင် ပိတ်လှောင်ကာ သူ၏အပေါ်မှ ဂျိမ်းခနဲ ပိတ်ချလိုက်သည်။
သူမက နောက်ထပ်တိုက်ကွက်များ မထုတ်ဖော်တော့ပေ။ ယခုအချိန်၌ သူမအနေဖြင့် သူ၏ကြောက်မက်ဖွယ် ပြန်လည်ကုသခြင်းစွမ်းအားလောက် သူ၏ကမ္ဘာရတနာအား မကြောက်ပေ။ သူမက ကြမ်းကြမ်းတမ်းတမ်း အထက်စီးဆန်ပြီး မောက်မာသည့်ပုံဖမ်းခဲ့သော်လည်း အမှန်တွင် သူ၏ပြန်လည်ကုစားနိုင်စွမ်းကြောင့် အလွန် မချင့်မရဲဖြစ်နေခဲ့ရသည်။
သူမက သူ့ကို မည်မျှအထိ ပြင်းပြင်းထန်ထန် တိုက်ခိုက်ထိုးနှက်စေကာမူ သူက သေမည်မဟုတ်ပေ။ ပို၍ဆိုးသည်က သူမမှာ သူ၏ထိုအစွမ်းအား အနိုင်ယူရန် မည်သည့်နည်းလမ်းကိုမှ မစဥ်းစားနိုင်ချေ။ ယခုတွင် သူက သူမ၏သရဲဂိတ်ကြီးဖြင့် ယာယီ အကျဥ်းချခံထားရသည်ဖြစ်၍ သူမက ချက်ချင်းပင် ဖွတ်အရိုးသင်္ဘောကြီးအား ထာဝရသက်ရှည်မီးအိမ်ထံမှ လွတ်မြောက်အောင် ကြိုးစားရန် ၄င်းထံ ဦးတည်လိုက်သည်။
အနားရောက်သွားသည်နှင့် သူမသည် မည်သည့်အတားအဆီးကိုမဆို စုတ်ဖြဲပစ်နိုင်ပုံရသည့် သရဲလက်ကြီးတစ်အုပ်ကို ဆင့်ခေါ်ကာ သူမ၏ ကောင်းကင်ဧကရာဇ်ကျင့်ကြံခြင်းအခြေခံကို အပြည့်အဝထုတ်ဖော်လိုက်သည်။ လက်များက ရှေ့သို့ပျံထွက်လာပြီး ထာဝရသက်ရှည်မီးအိမ်အပေါ် တွယ်ကပ်၍ ၄င်းအား စတင်စုတ်ဖြဲတော့သည်။
ထာဝရသက်ရှည်မီးအိမ်ကြီးမှာ အပိုင်းပိုင်းစုတ်ဖြဲခံလိုက်ရသည့်အတွက် ပြင်းထန်သော ထစ်ခြုန်းမြည်သံများ ပဲ့တင်ထပ်သွားတော့သည်။ သို့သော် သရဲမယ်တော်၏မျက်နှာ ပျော်ရွှင်မှုဖြင့် ဝင်းပသွားချိန်မှာပင် ပို၍သေးငယ်သော ထာဝရသက်ရှည်မီးအိမ်အမြောက်အမြားကို မြင်လိုက်ရပြီး တစ်လုံးစီတွင် ဖွတ်အရိုးသင်္ဘောကြီး၏ ပုံရိပ်တစ်ခုစီပါရှိနေတော့သည်။
" သောက်ကျိုးနည်း "
သူမက ဒေါသတကြီးဟိန်းဟောက်လိုက်သည်။ ထာဝရသက်ရှည်မီးအိမ်တွင် ဒုတိယပုံစံရှိလိမ့်မည်ဟု သူမ ဘယ်တုန်းကမှ မထင်ထားခဲ့ပေ။ သူမက နောက်တိုက်ကွက်တစ်ကွက်ထုတ်ရန် ပြင်လိုက်သည့်အချိန်မှာပင် သူမ၏ သရဲဂိတ်ကြီး ရုတ်တရက် ပေါက်ကွဲသွားပြီး ပိုင်ရှောင်ချန်းက ထာဝရပင်လယ်မျက်နှာပြင်ပေါ်မှ တဟုန်ထိုး တက်လာ၏။
သူက အတန်ငယ် ဖရိုဖရဲဖြစ်နေသည့်ပုံပေါ်သော်လည်း ထိခိုက်ဒဏ်ရာရထားခြင်း မရှိပေ။
သရဲမယ်တော်က ဒေါသတကြီး အံတင်းတင်းကြိတ်ကာ သူမ၏အိတ်ကို ပုတ်၍ ခေါင်းလောင်းသေးသေးလေးတစ်ခု ဆင့်ခေါ်လိုက်သည်။
ခေါင်းလောင်း၏ ခပ်ဆတ်ဆတ်အသံ ပဲ့တင်ထပ်သွားစဥ် ပင်လယ်ကြမ်းပြင်အောက်တွင် နှစ်ပဋိစ္ဆေဒကြာမြင့်စွာ မြှုပ်နှံခံခဲ့ရသည့် မရေမတွက်နိုင်သော ပင်လယ်သားရဲအလောင်းကောင်များက ခေါ်သံကြောင့် အပေါ်သို့ တဟုန်ထိုး တက်လာကြသည်။
အဝေးမှ မရေမတွက်နိုင်သောအရိုးများ ရုတ်တရက် ပင်လယ်ရေမျက်နှာပြင်မှ ထွက်လာသည်ကို မြင်နိုင်လေသည်။
" အရိုးအဆိပ်ထု "
သရဲမယ်တော်က နားမခံသာသော အသံနက်ကြီးဖြင့် ပြောလိုက်သည်။ တုံ့ပြန်သည့်အနေဖြင့် အရိုးများသည် အဆိပ်အမှုန့်များအဖြစ်ပြောင်းလဲ၍ ပေါက်ကွဲသွားကာ ပတ်ဝန်းကျင်တစ်ခုလုံး ပြည့်နှက်သွားတော့သည်။
" သန်မာတဲ့ အပြင်အားလား။ အေး ဒီအတိုင်း တိုက်စားပစ်မယ် "
သူမက အေးစက်စက်နှာမှုတ်ကာ ညာလက်ဖြင့် မန္တန်လက်ကွက်ဖော်လိုက်ပြီးနောက် သူမ၏လက်ကို ဝှေ့ယမ်းလိုက်သည်။ ရလဒ်အနေဖြင့် ခေါင်းလောင်းသည် ပို၍ မြန်မြန် မြည်ဟည်းလာရာ ထာဝရပင်လယ်မှ ပိုမိုများပြားသော အရိုးများ ထိုးထွက်လာတော့သည်။
တတိယအင်မော်တယ်နယ်မြေနှင့် ထာဝရပင်လယ် ဆုံသည့် အဝေးတစ်နေရာတွင် မြေကြီးထဲမှ အက်ကြောင်းများ ထလာပြီး အရိုးများလေထဲပျံတက်လာကာ ကြေမွပြီး အရိုးအဆိပ်ငွေ့အဖြစ် ပြောင်းသွားကြသည်။
" အဆိပ်ထုမြှုပ်နှံစေ "
သရဲမယ်တော်က သတ်ဖြတ်လိုစိတ်များဖြင့် မျက်လုံးများ တဖျပ်ဖျပ်လက်နေလျက် အချုပ်အနှောင် လက်ကွက်တစ်ကွက် ဖော်လိုက်ရာ အရိုးအဆိပ်ထုကြီးသည် မြေကြီးများကဲ့သို့ ဖြစ်တည်လာကာ အကောင်အထည်ရှိလာပြီး ပိုင်ရှောင်ချန်းကို မြှပ်နှံရန် ရှေ့သို့ ဝုန်းခနဲ ပြေးဝင်သွားကြသည်။
တဂျိန်းဂျိန်း ထစ်ခြုန်းမြည်ဟည်းသွားပြီး ပိုင်ရှောင်ချန်းသည် အရိုးအဆိပ်ထုကြီး၏ မြုပ်နှံခြင်းကို ခံလိုက်ရတော့သည်။ တချိန်တည်းမှာပင် သရဲမယ်တော်မှာ သူမ၏ဝှက်ဖဲများကို ထုတ်ဖော်လိုက်ရသဖြင့် အတန်ငယ် မောဟိုက်နေကာ လှမ်းကြည့်လိုက်သည်။ ပိုင်ရှောင်ချန်းအား ထပ်မံပိတ်လှောင်ပြီးနောက် သူမက လှည့်ပြီး ကောင်းကင်ယံ ပျံတက်ကာ သူမ၏လက်နှစ်ဖက်ကို ဘေးသို့ဖြန့်ကား၍ နားကွဲလုမတတ်အော်သံလိုက်သည်တွင် အသံလှိုင်းကြီးတစ်လှိုင်းအဖြစ် ကောင်းကင်တစ်ခွင် အဆက်မပြတ် ရိုက်ခတ်သွားရာ ထာဝရသက်ရှည်မီးအိမ်တစ်လုံးပြီးတစ်လုံး ကြေမွသွားတော့သည်။
သို့သော် သူမ၏မျက်နှာတွင် အပြုံးတစ်စပင် ပေါ်မလာသေးခင် သူမ၏ အမူအရာမှာ အံ့သြခြင်းအရိပ်ယောင်များ ထင်ဟပ်သွား၏။ ထာဝရသက်ရှည်မီးအိမ်များက ပေါက်ကွယ်သွားပြီးနောက် ၎င်းတို့၏အရှိန်အဝါသည် ဖွတ်အရိုးသင်္ဘောကို ဝန်းရံကာ ထပ်မံပေါ်လာပြန်သည်။
ဤတစ်ကြိမ်တွင် တစ်ကမ္ဘာလုံးကား မီးအုပ်ဆောင်းကြီးဖြစ်သည်။။ အောက်ဖက်ရှိ မြေပြင်များအားလုံးက မီးအိမ်ဒေါက်တိုင်အဖြစ် ဆောက်ရွက်ပေးထားသည်။ ဤထာဝရသက်ရှည်မီးအိမ်ကား ... ဖျက်စီး၍မရနိုင်ချေ။
" ဒါက ဘယ်လိုလုပ် ဖြစ်နိုင်တာလဲ "
သရဲမယ်တော်က ပင့်သက်ရှိုက်လိုက်သည်။ သူမ သိထားသရွေ့ ပိုင်ရှောင်ချန်းကဲ့သို့ ကောင်းကင်ဧကရာဇ်တစ်ပိုင်းအဆင့်၏ အထွတ်အထိပ်ကို အသာထား၊ ကောင်းကင်ဧကရာဇ်အစစ်များပင် ဤမျှစွမ်းအားကြီးသော တာအိုမှော်ပညာတစ်ရပ်ကို အသုံးပြုနိုင်မည် မဟုတ်ပေ။
သူမသည် အံ့ဩလွန်း၍ ခေါင်းတစ်ခုလုံး ချာချာလည်နေချိန်မှာပင် အရိုးအဆိပ်မြေထုကြီး ပေါက်ကွဲသွားပြီး ပိုင်ရှောင်ချန်းက အပြင်ဘက်တွင် ထပ်မံပေါ်လာပြန်သည်။
သူ့ကိုကြည့်ရသည်မှာ အတန်ငယ်စုတ်ပြတ်နေဟန်ရှိသော်လည်း .... ထိိခိုက်ဒဏ်ရာမရပေ။
" စိတ်ပျက်စရာကောင်းလိုက်တဲ့ သရဲမယ်တော်ပါလား "
သူက လေသံအေးအေးဖြင့် ဆိုလိုက်သည်။
သရဲမယ်တော်၏ရင်အစုံမှာ နိမ့်ချည်မြင့်ချည်ဖြစ်နေပြီး သူ့ကို စိန်းစိန်းဝါးဝါးကြည့်လိုက်သည်။ ယခုတွင် သူမသည် ထာဝရသက်ရှည်မီးအိမ်အား ဖျက်စီးမည့်အကြံကို လက်လျှော့လိုက်လေပြီ။ သူမသာ စစ်သင်္ဘောကြီးကို ထိန်းချုပ်နေလျှင် တစ်မျိုးဖြစ်ကောင်းဖြစ်နိုင်သော်လည်း ထိန်းချုပ်မထားသဖြင့် တခဏလေးအတွင်း ၄င်းအား လွှတ်ပေးရန် ဖြစ်နိုင်မည့်ပုံ မပေါ်ပေ။
သူမသည် ဒေါသူပုန်ထကာ သူမ၏ သတ်ဖြတ်လိုစိတ်များ ပို၍ အားကောင်းလာတော့သည်။
" ငါ နင်ကို မကိုင်တွယ်နိုင်ဘူးများ မှတ်နေလား ပိုင်ရှောင်ချန်း။ ငါက ကိစ္စကြီးဖြစ်သွားပြီး တခြား ကောင်းကင်ဧကရာဇ်တွေကို သတိမထားမိစေချင်လို့ဟဲ့ "
သူမက ပြတ်သားခြင်းများဖြင့် မျက်လုံးများ ဝင်းပနေလျက် ရုတ်တရက် ညာလက်ကို ဆန့်ထုတ်လိုက်သည်။ ထိုစဥ် သူမ၏မျက်လုံးများသည် အနီးကပ်ကြည့်ပါက သရဲပုံရိပ်များနှင့်တူသော ထူးဆန်းသည့်အလင်းဖြင့် တောက်ပလာ၏။
" ကောင်းကင်ဧကရာဇ်အဆင့်မှာ ကမ္ဘာရဲ့ စိတ်ဆန္ဒပါဝင်တဲ့ တာအိုသစ်စေ့ကို ဖန်တီးနိုင်တယ်။ တကယ့် ကောင်းကင်ဧကရာဇ်အဆင့် တာအိုမှော်အတတ်က ဘာနဲ့တူလဲ လွတ်လွတ်လပ်လပ်သာ ကြည့်ထားလိုက် "
သူမက စကားပြောပြီးသည်နှင့် သူမ၏ဘယ်လက်က ဆန့်ထွက်လာပြီး ပိုင်ရှောင်ချန်းကို ဖမ်းဆုပ်လိုက်သည်။
မိစ္ဆာဧကရာဇ်နိုင်ငံတော် ထိန်းချုပ်သည့် အင်မော်တယ်နယ်မြေသုံးခုလုံးအပါအဝင် အရာအားလုံး တုန်ခါလာ၏။ စီရင်စုများအားလုံး၊ ပြည်နယ်များအားလုံး၊ မြို့တော်များအားလုံး၊ ကျင့်ကြံသူများအားလုံး၊ သာမန်လူများအားလုံးပင်။ လူတိုင်းလူတိုင်း အံ့သြတကြီး လှည့်ပတ်ကြည့်လိုက်ကြရာ ... သူတို့၏ ဘယ်လက်များက ထာဝရပင်လယ်ရှိရာသို့ လှမ်းနေကြောင်း ရုတ်တရက် သဘောပေါက်လိုက်ကြလေသည်။
ထိုအခိုက်အတန့်တွင် မိစ္ဆာဧကရာဇ်နိုင်ငံတော်၏ တစ်ဦးတည်းသော လောကနတ်ဘုရားဖြစ်သော လက်ရှိ မိစ္ဆာဧကရာဇ်မင်းက တရားထိုင်နေရာမှ ရုတ်တရက် သူ၏မျက်လုံးများကို ဖွင့်လိုက်သည်။ သူသည်သာ ထိုသို့ တုံ့ပြန်သူမဟုတ်။ မိစ္ဆာဧကရာဇ်မြို့တော်ရှိ အခြားကောင်းကင်ဧကရာဇ်များအားလုံး ၊ လောလောဆယ် သူတို့ မည်သည့်အရာလုပ်နေစေကာမူ ရုတ်တရက် ထာဝရပင်လယ်ရှိရာထံ လှည့်ကြည့််လိုက်ကြသည်။
" ကောင်းကင်ဧကရာဇ်မှော်ပညာကို လူတစ်ယောက် သုံးနေပြီ "
" ဒီအရှိန်အဝါအရ ... သရဲမယ်တော်ဟာပဲ "
ထိုအချိန်တွင် ပိုင်ရှောင်ချန်း၏ မျက်နှာမှာ စိုးရိမ်သောကများ ထင်ဟပ်လာ၏။ အစောပိုင်းက ကောင်းကင်ဧကရာဇ်အဆင့်သည် နတ်ဘုရားတစ်ပိုင်းအဆင့်နှင့် သိပ်ကွာခြားသည့်ပုံမပေါ်ကြောင်း သူ ကောက်ချက်ချခဲ့သည်။ ၄င်းက အနည်းငယ် စွမ်းအားကြီးသည်သာဟူ၍ သူ ယူဆထားခဲ့သည်။
သို့သော် ယခုတွင် သူ အတွက်မှားခဲ့ကြောင်း သဘောပေါက်လိုက်လေပြီ။ ရုတ်တရက် သူက ... မရေမတွက်နိုင်သောလက်များဖြင့် အဝိုင်းခံလိုက်ရသည့်အလား ခံစားလိုက်ရသည်။
၎င်းတို့က အလွန်များပြားလွန်းလေသည်။ မိစ္ဆာဧကရာဇ်နိုင်ငံတော်ရှိ အင်မော်တယ်နယ်မြေများအားလုံး၏ သက်ရှိများအားလုံးက သူ့ကို လှမ်းဆွဲနေသည့်အလားပင်။ ယင်းမှာ သူ ပြန်မတိုက်ခိုက်နိုင်သောအရာတစ်ခု ဖြစ်ပေသည်။
သူက သူ့ကိုယ်သူပင် မထိန်းချုပ်နိုင်တော့ဘဲ သရဲမယ်တော်ထံ တဖြေးဖြေးရွေ့သွားလေသည်။ မည်သည့်အတွက်ကြောင့် မဆိုနိုင်သော်လည်း ၄င်းမှာ ရင်းနှီးသော အထိအတွေ့တစ်ခုဖြစ်နေသည် ...
" ငါ ဒီမှာ ဖြစ်နေတဲ့အကြောင်းတွေကို လူတွေကို မသိစေချင်ပေမယ့် ဒီအဆင့်ထိရောက်လာပြီဆိုမှတော့ နင့်ဝိညာဥ်ကနေ အကျိုးအမြတ်နည်းနည်းလောင် နုတ်ယူရမယ်ထင်တယ်။ နင့်အပြင်ခန္ဓာကိုယ်က မသေနိုင်တဲ့အပြင် ကောင်းကင်ဘုံကို အာခံနိုင်တဲ့ ပြန်လည်ကုစားနိုင်စွမ်းတွေရှိတယ်။ ဒါပေမဲ့ နင့်ဝိညာဥ်လဲ အတူတူဖြစ်မလား ကြည့်ကြသေးတာပေါ့ "
" သရဲတာအိုဝိညာဥ်မှော်သိုင်း "
သူမ စကားပြောလိုက်ချိန် သူမ၏ဘယ်လက်သည် ကမ္ဘာပေါ်တွင် မတည်ရှိသည့်အလား ရုတ်တရက် ကြည်လင်သွား၏။ တချိန်တည်းမှာပင် သူမက ၄င်းကို ပိုင်ရှောင်ချန်းနှင့် ပိုနီးအောင် တွန်းပို့လိုက်သည်။
ကြည့်ရသရွေ့ သူမသည် သူ၏အပြင်အားကိုကျော်ဖြတ်၍ သူ့နတ်ဘုရားဝိညာဥ်ကို ဆွဲယူတော့မည့်ဟန်တူသည်။
သို့သော် သူမက သူ၏နဖူးကို မထိနိုင်ခင် သူ၏ မျက်လုံးများ ဝင်းလက်သွားကာ သူ၏ ဘယ်လက် မြောက်လာပြီး သူမ၏ ဘယ်လက်ကို ဖမ်းဆွဲလိုက်သည်။
သရဲမယ်တော်၏ မျက်လုံးများအတွင်း အံ့သြတုန်လှုပ်ခြင်း အရိပ်အယောင်များ ပေါ်ပေါက်လာပြီး သူ၏ညာလက်က ရုတ်တရက် ဝေဝါးသွားကာ ၄င်းထဲတွင် မြောက်ပိုင်း၏ မဟာဓားပေါ်လာပြီး သူက သူမ၏ဘယ်လက်ကို ခုတ်ပိုင်းချလိုက်လေသည်။
" ကျုပ် တချိန်လုံး ခင်ဗျားဘယ်လက်နားရောက်ဖို့ စောင့်နေခဲ့ရတာ။ နိုးထဖို့ အချိန်ရောက်ပြီ ကုန်းစွန်းဝမ်အာ "