← Chapters

ဟေး … အချစ်လေး

Vol. 11 Ch. 1048

ဟေး … အချစ်လေး

Vol. 11 Ch. 1048

ဓားကြီးကား မိုးကောင်းကင်ကြီးကို ဟက်တက်ခွဲ၍ ကမ္ဘာမြေကြီးကို ဖျက်စီးကာ နိမ့်ဆင်းလာ၏။

သရဲမယ်တော်ထံမှ မချိတင်ပဲအော်ဟစ်သံတစ်သံနှင့်အတူ ရေပူစမ်းအလား သွေးများပန်းထွက်သွားတော့သည်။ သူမ၏မျက်လုံးများထဲတွင် အကြောက်တရားများ ပြည့်နှက်နေသော်လည်း ထို့ထက်ပိုသည်မှာ ပိုင်ရှောင်ချန်း၏ မြောက်ပိုင်းမဟာဓား၏ ထက်မြက်မှုကို အံအားသင့်နေခြင်း ဖြစ်သည်။

" အတင့်ရဲလိုက်တာ ပိုင်ရှောင်ချန်း "

မျက်စိကျိန်းမတတ် အပြာရောင်အလင်းတန်းများ အရပ်မျက်နှာတစ်ခွင် တောက်ပသွားစဥ် သူမက ဒေါသကြောင့် လိမ်ဖယ်ရှုံ့တွနေသော အမူအရာဖြင့် စူးစူးဝါးဝါးအော်ဟစ်ကာ ဆံပင်များဖွာလန်ကြဲပြီး ဘယ်လက်ပြတ်ထွက်၍ နောက်သို့ လွင့်ထွက်သွားတော့သည်။

" ငါ နင့်ကို သတ်မယ် ပိုင်ရှောင်ချန်း "

ပြင်းထန်သော နာကျင်မှုကြောင့် သူမ ဒေါသူပုန်ထသွားသည်မဟုတ်ဘဲ ... ပိုင်ရှောင်ချန်းပြောခဲ့သည့် စကားများကြောင့် ဖြစ်သည်။

သူ၏အစီအစဥ်က အထစ်အငေါ့မရှိ ပြီးပြည့်စုံစွာ ဆက်ဖြစ်နေလေသည်။ ပထမအဆင့်က အရိုးသင်္ဘောထံမှ သရဲမယ်တော် ထွက်လာစေရန် ဖြစ်ခဲ့သည်။ ဒုတိယအဆင့်က ... သူမ၏ဘယ်လက်ကို ဖြတ်ရန် နည်းလမ်းတစ်ခုရှာရန်ပင်။

အရာအားလုံးက စီစဥ်ထားသည့်အတိုင်း တသွေမတိမ်း မဖြစ်ခဲ့သော်လည်း အတော်အသင့် နီးစပ်သည်။ သရဲမယ်တော်၏ ကောင်းကင်ဧကရာဇ်တာအိုမှော်ပညာမှာ ခန့်မှန်းထားခဲ့သည့်အတိုင်း စွမ်းအားကြီးမားသည်။ မထင်မှတ်ထားဖွယ် သူမက မိစ္ဆာဧကရာဇ်နိုင်ငံတော်ရှိ သက်ရှိအားလုံး၏ စိတ်များကို ပိုင်ရှောင်ချန်း ဘယ်တော့မှ ပြင်ဆင်နိုင်မည်မဟုတ်သည့် ပုံစံဖြင့် ထိန်းချုပ်၍ ဆင့်ခေါ်ခဲ့သည်။ နောက်ဆုံးတွင် သူသည် ကောင်းကင်တံတားအဆင့်က အမှန်တကယ် မည်မျှအစွမ်းထက်ကြောင်း သဘောပေါက်ခဲ့လေပြီ။

သို့သော် ထိုအခိုက်အတန့်တွင် သူသည် တစ်ခါက တူညီသော အခြေအနေတစ်ရပ်သို့ ရောက်ရှိခဲ့ဖူးသည်ကိုလည်း သတိရလိုက်သည် ... လွန်ခဲ့သော နှစ်များစွာက အရိုးသင်္ဘောကြီးပေါ်ရှိ အိပ်ခန်းထဲတွင် သရဲမယ်တော်သည် ပိုင်ရှောင်ချန်း၏ ခန္ဓာကိုယ်ကို မဟုတ်ဘဲ သူ၏စိတ်ကို ထိန်းချုပ်ရန် ဆင်တူသောတာအိုမှော်ပညာတစ်ရပ်ကို အသုံးပြုခဲ့ဖူးသည်။ သူမက သူ၏မှတ်ဉာဏ်များကို ကစားရန် ကြိုးစားခဲ့ပေသည်။

ထိုအချိန်က သရဲမယ်တော်သည် မိစ္ဆာဧကရာဇ်နိုင်ငံမှ အလွန်အလှမ်းဝေးသည့်အပြင် ကိုယ်အင်္ဂါမပြည့်စုံခဲ့သောကြောင့် အခြေခံထိန်းချုပ်မှုကိုသာ လေ့ကျင့်နိုင်ခဲ့သည်။ သို့သော် ဤနေရာတွင် သူမသည် သူ၏ခန္ဓာကိုယ်ကို အမှန်တကယ်ထိန်းချုပ်ရန် ကောင်းကင်ဧကရာဇ်မှော်ပညာ၏ ထိပ်ဆုံးအဆင့်ကို စိတ်တိုင်းကျ အသုံးပြုခဲ့လေသည်။

နှစ်ကြိမ်လုံး ... တူညီသောအရာ ဖြစ်ပွားခဲ့သည်။ ပိုင်ရှောင်ချန်း၏ခန္ဓာကိုယ်တွင်းရှိ စိတ်စွမ်းအားတစ်ပိုင်းတစက အသက်ဝင်လာခဲ့သည်ဖြစ်၍ သူ့ကို လှုပ်ရှားစေနိုင်ခဲ့သည်။

၄င်းက သရဲမယ်တော် မတွေးမိခဲ့သောအရာမဟုတ်ပေ။ သို့သော် ဤထာဝရနယ်မြေများတွင် သူမ၏ ကောင်းကင်ဧကရာဇ်မှော်ပညာစွမ်းအားအပြည့်သာ သုံးထားပါက သူမ၏လက်တွင်းမှ ပိုင်ရှောင်ချန်းက လွတ်မြောက်အောင် လုပ်နိုင်လိမ့်မည်ဟု အချိန်ပေး မစဥ်းစားခဲ့ပေ။

သူက သူမ၏ဘယ်လက်အား ဖြတ်ပစ်မည်ကို ခန့်မှန်းရန်ကား ဆိုဖွယ်ရာ မရှိတော့ပြီ။

ပိုင်ရှောင်ချန်းက စူးစူးဝါးဝါးအော်ဟစ်ကာ နောက်ဆုတ်သွားသော သရဲမယ်တော်ကို အေးတိအေးစက် ကြည့်ပြီးနောက် သူမ၏ဘယ်လက်ကို လှမ်းဆွဲလိုက်သည်။ သူက တစ်ချက်လေးပင် တုံ့ဆိုင်းမနေဘဲ လက်အတွင်း တည်ရှိသည့် အကောင်အထည်မရှိသောဝိညာဥ်အား လှုံ့ဆော်ရန် မျှော်လင့်၍ အထဲသို့ နတ်ဘုရားအာရုံအနည်းငယ် ပေးပို့လိုက်သည်။

တခဏကြာသော် လက်မောင်းကြီးက သွေးမြူတိမ်အသွင် ပြိုကွဲသွားပြီးနောက် လူတစ်ယောက်သဏ္ဍာန် ပေါ်လွင်လာလေသည်။

ဤသည်မှာ ... မြေရိုင်းဒေသမှာတုန်းက သရဲမယ်တော်ဝါးမျိုခဲ့သည့် ကလေးမလေးပင်။

သူမက မျက်လုံးလေးများ ဖွင့်ပြီး တွေဝေနေဟန်ဖြင့် ဘေးဘီဝဲယာကို ကြောင်တောင်တောင် လှည့်ပတ်ကြည့်လိုက်သည်။ သို့သော် ပိုင်ရှောင်ချန်းက သူမအား စကားပြောသည်ကို ကြားသောအခါ ကျင့်ကြံခြင်းအခြေဖြင့် အားဖြည့်ပေးထားသော သူ၏အသံက ရေလှိုင်းလုံးများလား သူမကို ဝင်ဆောင့်လိုက်လေသည်။

" ကုန်း စွန်း ဝမ် အာ "

ဘယ်သူက ကုန်းစွန်းဝမ်အာလဲ။ ရင်းနှီးသလိုပဲ။ ငါအရင်က အဲဒီနာမည်ကို သုံးခဲ့တယ် ထင်တယ်....

သူမက ပိုင်ရှောင်ချန်းကို ကြောင်တောင်တောင်ကြည့်ပြီးနောက် ဘေးဘီဝဲယာကို ထပ်ကြည့်လိုက်ပြန်သည်။

" မင်း ရှံးခဲ့တယ် " ပိုင်ရှောင်ချန်းက ပြောသည်။

" ပြီးတော့ မင်းခန္ဓာကိုယ်အစစ်ရဲ့ စားတာခံခဲ့ရတယ်။ အခု ငါ မင်းကို ပြန်ခေါ်ပြီးပြီ။ မင်း အဓိကဝိညာဥ်ဖြစ်ဖို့ ... ငါမင်းကို အခွင့်အရေးပေးနေတာ။ မင်း လုပ်ရမှာက ငါ့ကို အဲဒီစစ်သင်္ဘောကြီးခိုးဖို့ ကူညီပြီး သူတော်စင်ဧကရာဇ်နိုင်ငံတော်ကို သွားတဲ့လမ်းမှာ ငါပြောတဲ့အတိုင်းလုပ်ဖို့ပဲ "

ကလေးမလေးမှာ သူမ၏ခေါင်းထဲတွင် မှတ်ဉာဏ်များ စတင်ပေါ်ပေါက်လာသဖြင့် တုန်ရီသွား၏။ သို့သော် သူမမှာ ထိုမှတ်ဥာဏ်အားလုံးကို အစီအစဥ်တကျ နေရာမချနိုင်သေးပေ။

ပိုင်ရှောင်ချန်းမှာ သူမနာကျင်ခံစားနေရပြီး တွေဝေနေသည့်အလား မဝေခွဲနိုင်ဖြစ်နေကာ ဒုက္ခရောက်နေသည်ကို မြင်လိုက်လေသည်။ သူ မျက်မှောင်ကြုတ်သွားကာ သူမ၏ခေါင်းပေါ်သို့ သူ့လက်ကို လှမ်းတင်လိုက်သည်။ ထို့နောက် သူက သူ၏နတ်ဘုရားအာရုံများကို အကောင်အထည်မရှိသောဝိညာဥ်၏ မှတ်ဉာဏ်များအား မိုးကြိုးကဲ့သို့ ရိုက်ခတ်စေကာ သူမ၏ခန္ဓာကိုယ်ထဲသို့ ထပ်မံစီးဆင်းစေလိုက်သည်။

ဝုန်း

ကလေးမလေး၏ စိတ်ထဲရှိ ထစ်ခြုန်းသံများက သူမ၏မှတ်ဉာဏ်အပိုင်းအစများကို လျင်မြန်စွာ ပေါင်းစည်းစေလိုက်သည်။ သူမသည် တဆတ်ဆတ် တုန်ရီသွားပြီးနောက် သူမ၏မျက်လုံးထဲရှိ ကြောင်အမ်းအမ်းအကြည့်မှာ တစတစလွင့်ပျယ်လာကာ ရင်ခုန်သံမြန်လာတော့သည်။ တချိန်တည်းမှာပင် သူမထံမှ ဆံပင်မွှေးထောင်လောက်အောင် ကြောက်စရာကောင်းပြီး အေးစက်သောအရှိန်အဝါတစ်ခု ထွက်ပေါ်လာလေသည်။

" ဟေး အချစ်လေး ... "

သူမက ပြုံး၍ ပြောသည်။ ကုန်းစွန်းဝမ်အာ ပြန်ရောက်လာလေပြီ။

ထိုအရာအားလုံးက အချိန်တိုလေးအတွင်း ဖြစ်ပျက်သွား၏။ ကောင်းကင်ဧကရာဇ်တစ်ပိုင်းအဆင့်၏ အထွတ်အထိပ်ထက် အစွမ်းထက်နေပါသော်လည်း ကုန်းစွန်းဝမ်အာ၏အပြုံးကို မြင်ရခြင်းက ပိုင်ရှောင်ချန်း၏ ဆံပင်မွှေးများအား အဆုံးထိ ထောင်မတ်သွားစေတော့သည်။ ၄င်းမှာ အတိတ်က ကောင်းကင်တံတားဒေသရှိ အချိန်များစွာတုန်းက မြင်ခဲ့ရသည့် အပြုံးနှင့် တထေရာတည်းပင်။

ကလေးမလေးက ပိုင်ရှောင်ချန်း၏ ရှေ့တည့်တည့်တွင် ရပ်နေရာမှ ဘယ်ဘက်ကင်းမဲ့လျက် အသက်မနည်းရှူကာ ပုံပျက်ဆင်းပျက်ဖြစ်နေသော သရဲမယ်တော်ထံ လှည့်ကြည့်လိုက်သည်။

" ေဩာ် နှုတ်ဆက်ပါတယ် ... သရဲမယ်တော် "

ကုန်းစွန်းဝမ်အာက တခစ်ခစ်ရယ်လိုက်၏။ အဆုံးစွန်ထိ ကိုးရို့ကားရားဖြစ်နေသော အေးတိအေးစက် ရယ်သံစူးစူးကြီးပင် ဖြစ်တော့သည်။ သူမ၏အရှိန်အဝါက အားနည်းနေသေးသော်လည်း သူမ၏ရယ်သံအနေအထားအရ ... သူမတကယ်ပြန်ရောက်လာခဲ့ပြီဖြစ်ကြောင်း အလွန်ထင်ရှားသွားသည်။

သူမ၏မျက်လုံးများထဲတွင် တွေဝေခြင်း၊ ငေးကြောင်ခြင်း စသည့် မည်သည့်အရိပ်အယောင်တစ်ခုမှပင် မရှိတော့ပေ။ ပိုင်ရှောင်ချန်းအစီအစဥ်၏ အရင်းခံကို သေချာနားလည်ပြီး အခြေအနေကို သဘောပေါက်ရန် သူမအတွက် တခဏသာ ကြာလိုက်၏။ သရဲမယ်တော်၏ခန္ဓာကိုယ်ထဲ ပြန်လည်ပေါင်းစည်းရန် သဘောတူခဲ့တုန်းက သူမမှာ ကြီးစွာသောနောင်တများဖြင့် ပြည့်နှက်နေခဲ့ပါသော်လည်း ရွေးချယ်စရာမရှိခဲ့ပေ။ သို့ဖြစ်၍ ယခု သူမသည် ပိုင်ရှောင်ချန်းနှင့် မဟာမိတ်ဖွဲ့ရန် သဘောတူလိုက်လေသည်။

ထို့အပြင် သရဲမယ်တော် ပြန်ပေးဆွဲခံရလျှင်တောင်မှ သူမသည် ကောင်းကင်ဧကရာဇ်တစ်ပါးဖြစ်၍ သူတော်စင်ဧကရာဇ်က သူမကို သတ်မည်မဟုတ်ပေ။ သူ သတ်ခဲ့ပါက မိစ္ဆာဧကရာဇ်က ထိုကိစ္စအား ဘယ်တော့မှ အသာတကြည်ထားမည် မဟုတ်ပေ။

အင်ပါယာနိုင်ငံတော်နှစ်နိုင်ငံကြား၌ ကတောက်ကဆများရှိပြီး နယ်နိမိတ်များနှင့်ပတ်သက်၍ ရံဖန်ရံခါ ပဋိပက္ခများဖြစ်သော်လည်း တစ်နိုင်ငံနှင့်တစ်နိုင်ငံ ဖျက်ဆီးရာတွင် စိတ်မဝင်စားပေ။ အရေးအကြီးဆုံးက မည်သည့်အင်ပါယာနိုင်ငံတော်တွင်ဖြစ်စေ တာအိုသစ်စေ့တစ်စေ့ဖြင့် ကောင်းကင်ဧကရာဇ်တစ်ပါးအား သူတို့ခစားသည့် လောကနတ်ဘုရားအဆင့်ပညာရှင်က အသက်ပြန်သွင်းနိုင်သည်။

ထိုကဲ့သို့ အသက်ပြန်သွင်းခြင်းက အဖိုးအခများပြီး ကန့်သတ်ချက်များပါဝင်သည်။ သို့သော် လက်တွေ့အားဖြင့် လောကနတ်ဘုရားတစ်ပါး မသေဘဲ ကောင်းကင်းဧကရာဇ်များအား သတ်၍မရပေ။

ထို့ကြောင့် မိစ္ဆာဧကရာဇ်သည် သူတော်စင်ဧကရာဇ်ထံမှ ပြန်ပေးဆွဲခံရသော ကောင်းကင်ဧကရာဇ်ကို ပြန်ရရန် ပြန်ရွေးငွေအမြောက်အမြား သေချာပေါက်ပေးမည် ဖြစ်သည်။ ထို့ကြောင့် ... ကလေးမလေးသည် သူမသာ ဓားစာခံအဖြစ် ခေါ်သွားခံရပါက သရဲမယ်တော်၏ အစိတ်အပိုင်းတစ်ခုအနေဖြင့် မိစ္ဆာဧကရာဇ်၏ တန်ဖိုးထားခံရမည်ဖြစ်ကြောင်း သိသည်။ ထိုမျှသာမက မိစ္ဆာဧကရာဇ်သည် ဝိညာဥ်ကိုယ်ပွားတစ်ခုနှင့် ခန္ဓာကိုယ်အစစ်ကြားရှိ ကိစ္စရေးရာများကို အရေးတယူလုပ်၍ ဝင်ရောက်စွက်ဖက်မည် မဟုတ်ပေ။

ထိုအတွေးများက ကုန်းစွန်းဝမ်အာ၏ စိတ်ထဲတွင် လက်ခနဲ ဖြတ်ပြေးသွားသည်။ သူမက တောက်ပစွာပြုံး၍ ရိပ်ခနဲလှုပ်ရှားကာ စစ်သင်္ဘောကြီးထံ တန်းတန်းမတ်မတ် ဦးတည်လိုက်သည်။ သရဲကြီးဘုရင်သည်လည်း မျက်လုံးများတောက်ပနေလျက် ငွေစန္ဒာပန်း တန်းလန်းနှင့် လိုက်သွား၏။ ပိုင်ရှောင်ချန်း၏ ထိန်းချုပ်မှုအောက်တွင်ရှိနေဆဲ သရဲမျက်နှာကြီးလည်း လိုက်ပါသွားသည်။

ဤသည်မှာ ပိုင်ရှောင်ချန်း ဖော်ပြခဲ့သည့် အစီအစဥ်၏ အစိတ်အပိုင်းအားလုံးပင်။ သူတို့သည် ကြိုတင်မမြင်နိုင်သော အခြေအနေများကို ဟန့်တားရန် ကုန်းစွန်းဝမ်အာနှင့်အတူ စစ်သင်္ဘောကြီးအပေါ် တက်လိုက်ကြသည်။

ထိုအရာအားလုံးကြောင့် သရဲမယ်တော်မှာ ရူးသွပ်မတတ် ဒေါသူပုန်ထသွားလေသည်။ သို့သော် သူမသည် အတိတ်ကဖြစ်ခဲ့သကဲ့သို့ အားနည်းနေသည်ကို ခံစားလိုက်ရသည်။ နှလုံးသားထဲတွင် အမုန်းတရားများ တောက်လောင်နေလျက် ဤတိုက်ပွဲကို သူမ ဆက်လက်မတိုက်နိုင်တော့ကြောင်း သဘောပေါက်လိုက်ပြီး အခြားကောင်းကင်ဧကရာဇ်များကို စစ်ကူခေါ်ရန် ထွက်ပြေးတော့သည်။

သူမအတွက် ကံဆိုးစွာပင် ထာဝရမြေများမှာ ကြီးမား၍ ကောင်းကင်ဧကရာဇ်များပင် အချိန်တိုအတွင်း အလွယ်တကူရောက်မလာနိုင်ပေ။

ထို့ပြင် ပိုင်ရှောင်ချန်းက သူမကို ဘယ်နည်းနှင့်မှ ထွက်ပြေးရန် အခွင့်အရေးပေးမည် မဟုတ်ပေ။ သူ တစ်ချက်လေးပင် တုံ့ဆိုင်းမနေဘဲ သူမနောက်သို့ လိုက်ဖမ်းတော့သည်။

သူက ယခု လိုက်ဖမ်းရသည့်ကိစ္စရပ်နှင့် အတိတ်က ြဖစ်ရပ်များကို တွေးမိသည်နှင့် အလွန် စိတ်တိုသွားတော့သည်။

" သရဲအဖွားအိုစုတ်ကြီး ၊ ခင်ဗျား ကျုပ်ကို သေမင်းနွံတောထဲမှာတုန်းက သေမတတ်ကြောက်အောင် ခြောက်ခဲ့ပြီးတော့ ခန ခန အနိုင်ကျင့်ခဲ့တယ်။ အခုတော့ ခင်ဗျားက မောက်မောက်မာမာနဲ့ ထွက်ပြေးဦးမယ်ပေါ့လေ။ ကဲ ကျုပ်ပြောထားမယ် … ကျုပ်က ကျုပ်တို့ နောက်ဆုံးတစ်ခေါက်ဆုံခဲ့ကတည်းက အများကြီး ပြောင်းလဲသွားပြီဗျ။ စောင့်ကြည့်နေလိုက် "

သူက အေးစက်စက်နှာမှုတ်ကာ သရဲမယ်တော်မှာ သွေးများအန်ပြီး ရုပ်ပျက်ဆင်းပျက် ဖြစ်သွားသည့်တိုင်အောင် တိုက်ကွက်များ တရစပ် ထုတ်လွှတ်တော့သည်။

သူမ၏ တာအိုမှော်ပညာများ၊ နတ်ဘုရားစွမ်းရည်များက သူ့အတွက် ဘာမှမထူးပေ။ လက်ရှိအချိန်တွင် သူမက သူ့ကို လိုက်ဖမ်းခဲ့သည့်အတိုင်း သူက သူမကို လိုက်ဖမ်းနေလေပြီ။

သရဲမယ်တော်အနေဖြင့် ဝေးနိုင်သမျှ ဝေးဝေးရောက်ရန် အထူးဝိညာဥ်များသုံးရုံသာ တတ်နိုင်တော့သည်။ သို့သော် … ခပ်ပြုံးပြုံးနှင့် ပဲ့ကိုင်နေသော ကုန်းစွန်းဝမ်အာက အရိုးစစ်သင်္ဘောကြီးဖြင့် သူတို့ရှိရာဘက်သို့ ရုတ်တရက် ရောက်ရှိမလာခင် အချိန်ထိသာ ဖြစ်ပေသည်။ ထို့နောက် သရဲမယ်တော်မှာ ခါးသက်သက် အော်ဟစ်ရယ်မောလိုက်သည်။ သူမ၏မျှော်လင့်ချက်များအားလုံး တစစီ နင်းခြေခံလိုက်ရလေပြီ။

ကုန်းစွန်းဝမ်အာက အားအင်စိုက်ထုတ်ခြင်းမရှိဘဲ မီးတောက်ပင်လယ်တစ်စင်း၊ အနက်ရောက်အလင်းတန်းတစ်တန်းနှင့် ရက်စက်ကြမ်းကြုတ်သောသရဲမျက်နှာကြီးသုံးခုကို သရဲမယ်တော်ထံ ပို့လွှတ်လိုက်သည်။ တခဏလေးအတွင်း သရဲမယ်တော်မှာ ရှုံးနိမ့်ကာ အဖမ်းခံလိုက်ရသည်။

ကုန်းစွန်းဝမ်အာက ဝမ်းသာရွှင်မြူးစွာဖြင့် အနက်ရောင်မြူခိုးအသွင် ပြောင်းလဲ၍ သရဲမယ်တော်၏ မျက်လုံးများ၊ နားများ၊ နှာခေါင်းနှင့် ပါးစပ်များထဲ စီးဝင်သွားတော့သည်။ သူမက ပိုင်ရှောင်ချန်း၏အကူအညီဖြင့် လျင်မြန်စွာ ထိန်းချုပ်နိုင်လိုက်၏။ ထို့နောက် အရိုးဖွတ်သင်္ဘောကြီးသည် ထာဝရပင်လယ်ကို ဖြတ်၍ သူတော်စင်ဧကရာဇ်နိုင်ငံတော်သို့ အမြင့်ဆုံးအရှိန်ဖြင့် ရွေ့လျားသွားတော့သည်။

" ဒါက ငါ့ရဲ့ သွေးပဏ္ဍာပဲ။ အင်္ကျီလက်စလေးတစ်ချက်ခါလိုက်တာနဲ့ ငါ ပိုင်ရှောင်ချန်းက မလောက်လေးမလောက်စား ကောင်းကင်ဧကရာဇ်တစ်ပါးကို ပြာချပစ်နိုင်တယ်ကွ "

ပိုင်ရှောင်ချန်းသည် နည်းနည်းလေးပင် စိတ်ဓာတ်ကျမနေတော့ပေ။ ယခုလေးတင် သူ အောင်မြင်ခဲ့သည်ကို တွေးလိုက်ရုံနှင့် သူ၏စိတ်ဓာတ်အားမာန်များ တရှိန်ထိုး မြင့်တက်လာတော့သည်။

သူက ကောင်းကင်ဧကရာဇ်တစ်ပါးနှင့် နတ်ဘုရားတစ်ပိုင်းအဆင့်ကျင့်ကြံသူတစ်ဖွဲ့လုံးကို ပြန်ပေးဆွဲခဲ့သည် မဟုတ်ပါလော။

သူတော်စင်ဧကရာဇ််နိုင်ငံတော် တည်ထောင်ခဲ့သည့်အချိန်မှအစပြု၍ ယခုအချိန်အထိ မည်သူမှ ဤကဲ့သို့ သွေးပဏ္ဍာမျိုး မဆက်သခဲ့ဖူးပေ။

၄င်းသည်ကား တစ်ခါမှ မကြုံဖူးသော ကိစ္စတစ်ခု ဖြစ်ပေသည်။

All Chapters