တာအိုနှလုံးသား တည်ဆောက်ခြင်း
Vol. 11 Ch. 1049
၄င်းသည် အလွန်ကြီးမားသော ကိစ္စကြီးတစ်ရပ်ဖြစ်သောကြောင့် ပိုင်ရှောင်ချန်းမှာ လူသိရှင်ကြားကြေညာရန် ဒုက္ခခံ၍ သွားစရာပင် မလိုချေ။ သရဲမယ်တော်သုံးခဲ့သည့် ကောင်းကင်ဧကရာဇ်အဆင့် တာအိုမှော်ပညာကြောင့် မိစ္ဆာဧကရာဇ်နိုင်ငံတော်ရှိ ကောင်းကင်ဧကရာဇ်များအားလုံးနှင့်အတူ မိစ္ဆာဧကရာဇ်ကိုယ်တိုင် အာရုံစိုက်နေခဲ့ကြသည်။ အရိုးဖွတ်ကြီးထွက်သွားပြီး မကြာခင် နတ်ဘုရားအာရုံစီးကြောင်းများ ထာဝရပင်လယ်ပေါ်က တိုက်ပွဲဖြစ်ပွားခဲ့သည့် နေရာအပေါ် စုဆုံလာကြသည်။
စုစုပေါင်းအားဖြင့် ငါးကြောင်းရှိပြီး မိစ္ဆာဧကရာဇ်နိုင်ငံတော်၏ ကောင်းကင်ဧကရာဇ်ငါးပါးထံမှ ဖြစ်ပေသည်။ သူတို့က နေရာအား စစ်ဆေးပြီး အရှိန်အဝါအကြွင်းအကျန်များကို သတိထားမိသည်တွင် မှင်သက်သွားကြတော့သည်။
အထူးသဖြင့် ကောင်းကင်ဧကရာဇ်ဝိရူပက္ခမှာ ပိုဆိုးသည်။ သူ၏ပညာရပ်များထဲတွင် တိုက်ပွဲ၏ နောက်ဆုံးအခိုက်အတန့်များ၏ ပုံရိပ်များကိုယူပြီး အချိန်ကိုဖြတ်၍ ဆွဲခေါ်ကာ နောက်တစ်ဖန်ကြည့်ရှုနိုင်သော အထူးတာအိုမှော်ပညာတစ်ရပ်ရှိ၏။ သူနှင့်အခြားကောင်းကင်ဧကရာဇ်များက ဖြစ်ပျက်ခဲ့သည်များကို မြင်သောအခါ တအံ့တဩဖြစ်သွားကြသလို ဒေါသလည်း ထွက်သွားကြသည်။
" ကျုပ်တို့ ကောင်းကင်ဧကရာဇ်တစ်ပါး ပြန်ပေးဆွဲခံရတယ်လား "
“ ကောင်းကင်ဧကရာဇ် သရဲမယ်တော်ကို သူတော်စင်ဧကရာဇ်ဆီ သွေးပဏ္ဍာတစ်ခုအနေနဲ့ သူက ပေးမှာတဲ့လား "
" ဘယ်လောက် ရမ်းကားလိုက်လဲ။ ဒါက ကျုပ်တို့ တစ်နိုင်ငံလုံး အရှက်ရစေတဲ့ကိစ္စကြီးတစ်ခုပဲ "
ကောင်းကင်ဧကရာဇ်ငါးပါး၏ အမျက်ဒေါသက မိုးကောင်းကင်ကို ပုံပျက်ရှံ့တွစေပြီး လေပြင်းကြီးတစ်ချက် ဝုန်းဒိုင်းကြဲ တိုက်ခတ်သွားစေ၏။ ရလဒ်အနေဖြင့် ထာဝရပင်လယ်ပြင်ကိုဖြတ်၍ ဧရာမလှိုင်းလုံးကြီးများ တလိပ်လိပ်ထလာတော့သည်။
" သူ့ကိုဖမ်း " နတ်ဘုရားအာရုံစီးကြောင်းငါးကြောင်းလုံး လိုက်ဖမ်းတော့သည်။ သူတိုသည် ခန္ဓာကိုယ်အစစ်အဖြစ် မတည်ရှိကြသော်လည်း ပိုင်ရှောင်ချန်းက ကောင်းကင်ဧကရာဇ်တစ်ပိုင်းအဆင့်၏ အထွတ်အထိပ်သာ ရှိနေသည်ဖြစ်၍ ကောင်းကင်ဧကရာဇ်ငါးပါး၏ နတ်ဘုရားအာရုံကို ခုခံနိုင်လောက်မည်မဟုတ်ပေ။
တဝေါဝါမြည်ဟည်းနေသော ထာဝရပင်လယ်၏ အပေါ်တွင် တဂျိန်းဂျိန်းထစ်ခြုန်းသံများ ပဲ့တင်ထပ်နေတော့သည်။
ကောင်းကင်ဧကရာဇ်တစ်ပါး ပြန်ပေးဆွဲခံရသည့်ကိစ္စမှာ အလွန်ခမ်းနားကြီးကျယ်လွန်းသည်။ ကောင်းကင်ဧကရာဇ်ငါးပါးက ဖြစ်ခဲ့သည်များကို နားလည်သဘောပေါက်လာသည့် အချိန်မှာပင် တတိယအင်မော်တယ်နယ်မြေရှိ နတ်ဘုရားတစ်ပိုင်းအဆင့်ကျင့်ကြံသူများက အမျိုးမျိုးသော နည်းလမ်းများကိုသုံး၍ သတင်းဖြန့်လိုက်ရာ ပို၍ အံ့သြတုန်လှုပ်ခြင်းဆီသို့ ဦးတည်သွားတော့သည်။
သတင်းသည် တတိယအင်မော်တယ်နယ်မြေမှ မိစ္ဆာဧကရာဇ်နိုင်ငံတော်၏ ကျန်ရှိသော နေရာများသို့ တောမီးသဖွယ် ကူးစက်ပြန့်နှံ့သွားပြီး မကြာမီ သူတော်စင်ဧကရာဇ်နိုင်ငံတော်ထံ ရောက်ရှိသွားလေသည်။
အမှန်တွင် မိစ္ဆာဧကရာဇ်ကိုယ်တိုင် ပိုင်ရှောင်ချန်းက သရဲမယ်တော်အား အမှန်တကယ် ပြန်ပေးဆွဲသွားသည့် အခိုက်အတန့်မှစ၍ အခြေအနေကို သိရှိခဲ့သည်။ သူ၏မျက်လုံးများထဲတွင် ဒေါသမီးများတောက်လောင်နေပြီး သူက ချက်ချင်းပင် လှုပ်ရှားရန် ထရပ်လိုက်သည်။ သို့သော် ထိုသို့ရပ်လိုက်စဥ်မှာပင် သူက ရပ်သွားပြီး သူတော်စင်ဧကရာဇ်မြို့တော်ရှိရာဘက်သို့ ကြည့်လိုက်သည်။
ထိုနေရာတွင် သူ့ထက် မနိမ့်ကျသော အရှိန်အဝါတစ်ခု ရက်စက်ကြမ်းကြုတ်မှုအပြည့်ဖြင့် ရုတ်ချည်း ပေါ်ထွက်လာသည်ကို အာရုံရလိုက်သည်။
အကယ်၍ သူသာ မိစ္ဆာဧကရာဇ်မြို့တော်မှ ထွက်ခွာပြီး ထာဝရပင်လယ်ထဲ ဝင်ရောက်ပါက သူတော်စင်ဧကရာဇ်က ဝင်ရောက်စွက်ဖက်လိမ့်မည်ဖြစ်ကြောင်း သူ ပြောနိုင်၏။ ထိုအခြင်းအရာ၏အကျိုးဆက်များသည် ... အင်ပါယာနိုင်ငံနှစ်နိုင်ငံဆီသို့ အလွန်ကြီးမားသော ပြောင်းလဲမှုများကို သယ်ဆောင်လာနိုင်သည်။ လောလောဆယ်တွင် နှစ်ယောက်ကြားရှိ အသေးအဖွဲပဋိပက္ခလေးက မီးကုန်ယမ်းကုန်တိုက်ပွဲအဖြစ် ပြင်းထန်သွားစေနိုင်သည်။
ယခုအချိန်၌ မိစ္ဆာဧကရာဇ်ဖြစ်စေ၊ သူတော်စင်ဧကရာဇ်ဖြစ်စေ ထိုသို့ဖြစ်လာမည်ကို အလိုမရှိပေ။ သူတော်စင်ဧကရာဇ်နိုင်ငံတော်သည် မိစ္ဆာဧကရာဇ်နိုင်ငံတော်ထက် အင်အားနည်းသော်လည်း ထိုကဲ့သို့တိုက်ပွဲတစ်ပွဲတွင် အသာစီးရရန် ပေးဆပ်ရမည့် တန်ရာတန်ကြေးက အလွန်ကြီးမားမည်ဖြစ်သည်။ ယခုလောလောဆာ်တွင် မိစ္ဆာဧကရာဇ်သည် ထိုကဲ့သို့ အရာတစ်ခုလုပ်ရန် အားမထုတ်နိုင်ပေ။
တင်းမာသော ထိပ်တိုက်ရင်ဆိုင်မှုပြီးနောက် မိစ္ဆာဧကရာဇ်က ခါတိုင်းထက် ပိုသော အေးစက်မှုများဖြင့် မျက်ဝန်းများလက်သွားကာ ဖြည်းညင်းစွာ ပြန်ထချလိုက်သည်။
မိစ္ဆာဧကရာဇ်က ပြန်ထိုင်ရန် ရွေးချယ်သွားသောအခါ အခြားအင်မော်တယ်နယ်မြေရှိ သူတော်စင်ဧကရာဇ်မြို့တော်တွင် ရယ်သံကျယ်ကြီး ရုတ်တရက် ပဲ့တင်ထပ်လာ၏။ ထို့နောက် အင်ပါယာမြို့တော်မှ နွေးထွေးသောအသံတစ်သံက မြို့ရှိလူတိုင်းနားထဲ ပဲ့တင်ရိုက်သွားစေမည့် အမိန့်များ ထုတ်ပြန်လိုက်သည်။
" တာဆိုရောင်ရင်း ဂူထျန်ကျွင်း၊ ကျေးဇူးပြုပြီး ကောင်းကင်တံတားဒေသက တာအိုရောင်ရင်းတစ်ယောက်ဆီကနေ လက်ဖျားခါလောက်တဲ့ ပဏ္ဍာတစ်ခုကိုလက်ခံဖို့ ... နယ်စပ်ကို ခရီးတစ်ထောက်သွားပေးပါ "
ထိုအသံ ဆက်လက်ပဲ့တင်ထပ်သွားချိန်မှာပင် ဓားချီစီးကြောင်းတစ်ကြောင်း သူတော်စင်ဧကရာဇ်မြို့တော်အတွင်းမှ ထွက်ပေါ်လာ၏။ ၄င်းအတွင်းမြင်ရသည်က ကျောတွင် မဟာဓားတစ်ချောင်းအား လွယ်ထားလျက် အဖြူရောင် ဝတ်ရုံတစ်စုံဝတ်ဆင်ထားသော အဖြူရောင်ဆံပင်နှင့် ချောမောခန့်ညားသော သက်လတ်ပိုင်းအရွယ်အမျိုးသားတစ်ဦး ဖြစ်သည်။
သူတော်စင်ဧကရာဇ်မြို့တော်ရှိရာဘက်သို့ လက်နှစ်ဖက်ယှက်ပြီးနောက် သူက လှည့်၍ နတ်ဘုရားတစ်ပိုင်းအဆင့်ကျင့်ကြံသူများစွာ ခြံရံလျက် အဝေးသို့ တဟုန်ထိုးထွက်သွားတော့သည်။
ဤရုတ်တရုက်အလှည့်အပြောင်း ဖြစ်ရပ်ကြီးကြောင့် လူများစွာ အံ့သြသွားကြပြီး မကြာခင် စုံစမ်းစစ်ဆေးမှုများ ဖြစ်လာကြသည်။ မကြာမီ သတင်းက ကျယ်ပြန့်သော အံ့သြတုန်လှုပ်မှုကြီးဆီသို့ ဦးတည်သွားကာ မြို့တော်တစ်ဝှမ်း ပျံနှံ့သွားတော့သည်။
" ကောင်းကင်တံတားဒေသက ကျင့်ကြံသူတစ်ယောက်က တကယ်ကြီး မိစ္ဆာဧကရာဇ်နိုင်ငံတော်က ကောင်းကင်ဧကရာဇ် သရဲမယ်တော်ကို ပြန်ပေးဆွဲခဲ့တာလား "
" သူက သူ့ကို သွေးပဏ္ဍာအဖြစ်နဲ့ သူတော်စင်ဧကရာဇ််နိုင်ငံတော်ဆီ ယူလာတာလား "
" ဘုရား ဘုရား … ဒီကောင်းကင်တံတားဒေသလူတွေက ဘယ်လောက်တောင် ရဲတင်းလိုက်တုန်း "
" သူက ကောင်းကင်ဧကရာဇ်တစ်ပါးကို ပြန်ပေးဆွဲခဲ့တယ် ဟုတ်စ "
ဆူညံပွက်လောရိုက်မှုကြီးက အင်ပါယာနိုင်ငံတော်နှစ်နိုင်ငံအား ရက်အနည်းငယ်ကြာသည်အထိ ဆက်လက်ရိုက်ခတ်နေ၏။ အမြင့်ဆုံးအရှိန်နှင့်ပင် အရိုးဖွတ်ကြီးအတွက် ထာဝရပင်လယ်ကိုဖြတ်ရန် အချိန်လိုသေးသည်။ ၄င်းက သရဲမယ်တော်၏ကိုယ်အစစ်ထက် မြန်မြန်ရွေ့လျားနိုင်သည်ကို ထည့်တွက်ပါက ကောင်းကင်ဧကရာဇ်ငါးပါးထံမှ နတ်ဘုရားအာရုံစီးကြောင်းငါးကြောင်း အလွယ်တကူလိုက်မှီမည်မဟုတ်ဟု ဆိုနိုင်ပေသည်။
မကြာမီ သူတို့သည် မိစ္ဆာဧကရာဇ်နိုင်ငံမှဝေး၍ သူတော်စင်ဧကရာဇ်နိုင်ငံတော်နှင့် နီးလာချိန် သူတို့၏စိုးရိမ်သောကများ မြင့်တက်လာတော့သည်။
သူတို့၏ တွက်ချက်မှုအပေါ်အခြေခံ၍ သူတို့သည် သင်္ဘောကြီးကို မှီကောင်းမှီလောက်သော်လည်း သူတော်စင်ဧကရာဇ်နိုင်ငံတော်နှင့် အလွန်နီးနေမည်ဖြစ်၍ များများစားစားလုပ်နိုင်မည် မဟုတ်ပေ။
မကြာမီ မိစ္ဆာဧကရာဇ်ကိုယ်တိုင် သူတို့ကိုဆက်မလိုက်ရန် အမိန့်ပေးလိုက်သည်။ နတ်ဘုရားအာရုံမှဖြစ်လာသော ပုံရိပ်ငါးခုက အေးစက်သောအကြည့်များဖြင့် အဝေးကို စိုက်ကြည့်ကာ ထာဝရပင်လယ်ပေါ်တွင် ရပ်လိုက်ကြသည်။
" ပိုင်ရှောင်ချန်း ဟုတ်လား "
မိစ္ဆာဧကရာဇ်သည် သူ့အကြောင်း သတင်းအချက်အလက်များ ထပ်လိုချင်ပြီး သူ့အတွက် ထိုအချက်အလက်များကိုရရန် သိပ်မကြာလိုက်ပေ။
" ကောင်းကင်တံတားဒေသရဲ့ ဗဟိုဘိုးဘေးကြီး "
နတ်ဘုရားအာရုံအသွင် ကောင်းကင်ဧကရာဇ်ငါးပါးက တစတစပျောက်ကွယ်သွားစဥ် ကုန်းစွန်းဝမ်အာက အရိုးသင်္ဘောကြီးကို အမြန်ဆုံးအရှိန်ဖြင့် ရှေ့သို့ တွန်းပို့နေ၏။ သူမသည် သင်္ဘောကြီးကို သူမ၏ခန္ဓာကိုယ်အစစ်ပမာ ထိန်းချုပ်နိုင်လေသည်။ သူမက သူမ၏ဘယ်ဘက်မောင်းမှ အကောင်အထည်မရှိသောဝိညာဥ်တစ်ကောင်ဖြစ်ပြီး ဘယ်လက်က သင်္ဘောကို ထိန်းချုပ်ခြင်းအတွက် သော့ချက်ဖြစ်သည်မဟုတ်ပါလော။ သို့ဖြစ်၍ သူမ၏ ထိန်းချုပ်မှုအောက်တွင် သေင်္ဘာကြီးသည် ကြောက်မခန်းလိလိ အမြန်နှုန်းကို စွမ်းဆောင်နိုင်ပေသည်။
သင်္ဘောကြီး တဟုန်ထိုးသွားနေစဥ် လှိုင်းလုံးများက ၄င်းအောက်ရှိ ပင်လယ်ပြင်ကို ဖြတ်၍ ပုတ်ခတ်နေ၏။ ပိုင်ရှောင်ချန်းက စိတ်လှုပ်ရှားမှုများဖြင့် ရင်တဒိန်းဒိန်းခုန်လျက် မလှုပ်မယှက်ရပ်ကာ အဝေးကို ငေးကြည့်နေလေသည်။
" အသုံးမကျချက်ပဲ။ ထာဝရနယ်မြေတွေက ... ဒီလောက်လဲ ကြောက်စရာမကောင်းပါဘူးကွာ "
သူက အင်္ကျီလက်စကို ခါယမ်းကာ အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်သည်။ ယခုတွင် သူသည် ယခင်စိတ်ဓာတ်ကျနေသောအခြေအနေမှ လုံးဝလွတ်ထွက်ခဲ့ပြီ ဖြစ်သည်။
" ဘယ်သူက ကောင်းကင်ဧကရာဇ်နည်းနည်းပါးပါးလောက်ကို ဂရုစိုက်မှာတုန်း။ ငါ တစ်ယောက်ကို ပြန်ပေးဆွဲပြီးပြီပဲ။ ဟမ့် လောကနတ်ဘုရားလဲ ဘာဖြစ်လဲ...။ ငါ အမြုတေအဆင့်တုန်းက နတ်ဘုရားတစ်ပိုင်းအဆင့် ကျင့်ကြံသူတစ်ယောက်ကို ပြန်ပေးဆွဲခဲ့သလို နတ်အဆင့်ကျင့်ကြံသူဖြစ်တုန်းက မဟာယနအဆင့် ပညာရှင်တစ်ယောက်ကို ပါးရိုက်ခဲ့တာကွ … အခု ငါ နတ်ဘုရားတစ်ပိုင်းအဆင့်ရောက်တော့ ကောင်းကင်ဧကရာဇ်တစ်ပါးကို အနိုင်ယူလိုက်ပြီ "
မိစ္ဆာဧကရာဇ်နိုင်ငံတော်ကြီး သူတို့အနောက်တွင် ပျောက်ကွယ်သွားစဥ် သူက သူ၏ညာလက်ခုံပေါ်ရှိ မီးပွားသဏ္ဍာန်အမာရွတ်လေးကို ငုံ့ကြည့်လိုက်ပြီး သူ၏မျက်လုံးများ တောက်ပလာတော့သည်။
" ဟောက်အာ မသေသေးဘူး။ သူ့ကို ဘယ်လိုနှိုးရမလဲ ငါ အနှေးနဲ့အမြန် ရှာဖွေရမယ်။ ငါ အခုလုပ်ရမှာက ဒီထာဝရနယ်မြေတွေမှာ ကြံ့ခိုင်တဲ့ အုတ်မြစ်တစ်ခု တည်ဆောက်ဖို့ပဲ "
" ငါ့တာအိုက မပြောင်းလဲသေးဘူး။ ငါ ထာဝရအသက်ရှည်ချင်တယ်။ ငါအမြဲလိုချင်ခဲ့တဲ့ ... ငါ့မိတ်ဆွေတွေနဲ့ မိသားစုဝင်တွေ အားလုံးကို ငါနဲ့အတူ ထာဝရအသက်ရှည်စေချင်တယ် "
" ပြီးတော့ ငါလုပ်ရမှာ တစ်ခုရှိသေးတယ် ... ကောင်းကင်တံတားဒေသရဲ့ လူတွေအတွက် အခြေတကျဖြစ်မယ့်အိမ်တစ်အိမ် ရှာရမယ် "
ပိုင်ရှောင်ချန်းသည် အမြဲတစေ သူ့ကိုယ်သူ သေချာပေါက် သူရဲကောင်းတစ်ယောက် မဟုတ်ဘဲ ဘာမှမဟုတ်သောလူတစ်ယောက်အဖြစ် တွေးခဲ့လေသည်။ သို့သော် သူသည် ဘဝလမ်းခရီးတွင် လျှောက်လှမ်းနေစဥ် တဖြေးဖြေး တာဝန်နှင့် တာဝန်ယူမှု အသိစိတ်ကို ရရှိလာခဲ့၏။
ကောင်းကင်တံတားတာအိုကို ကလဲ့စားချေခဲ့သည်ဖြစ်စေ၊ မချေခဲ့သည်ဖြစ်စေ သူ၏ကမ္ဘာမှာ ကြမ္မာဆိုးဖြင့် ပျက်ကိန်းဆိုက်ခဲ့ရသည်။ ထာဝရနယ်မြေများတွင် နိုးထလာပြီးနောက် သူသည် အလောင်းတစ်လောင်းပြီးတစ်လောင်း တွေ့ခဲ့ရ၍ တဖြေးဖြေး နာကျည်းစိတ်ဝင်ကာ စိတ်ဓာတ်ကျခဲ့ရသည်။
ကောင်းကင်ဧကရာဇ်မှလွဲ၍ ယခု သူသည် ကောင်းကင်တံတားဒေသပျက်စီးခြင်းတွင် လွတ်မြောက်ရှင်သန်ခဲ့သည့် မည်သူမဆိုနှင့် လေးနက်သောဆက်သွယ်မှုတစ်ခုကို ခံစားနေရလေပြီ။ ယခင်က ရန်ကြွေးများအားလုံးမှာ အတိတ်ကအရိပ်သာ ဖြစ်သည်။
" ငါ စောစောကပြောခဲ့တာကို သူတို့ကြားတဲ့အချိန် သူတို့မျက်နှာပေါ်က အကြည့်တွေကို မမြင်နိုင်တာ တော်တော်ဆိုးတာပဲ။ ကဲပါလေ နောက်ဆုံးကျ ငါအကုန်လုံးကို မြင်မှာပါ "
လေအဝှေ့က သူ့မျက်နှာကို ကျီစယ်သွားစဥ် သူ၏မျက်လုံးများသည် ပြတ်သားခြင်းများဖြင့် တဖျပ်ဖျပ်တောက်ပနေတော့သည်။ သူ၏ရင်ထဲတွင် အမှတ်တရများရှိသည်။ သူ့မှာ အနာဂတ်မျှော်လင့်ချက်ရှိသည်။ သူ ရွေးချယ်မှု ပြုလုပ်ပြီးသွားလေပြီ။
ထိုအချိန်တစ်ဝိုက်တွင် သရဲကြီးဘုရင်က အခန်းထဲမှ လမ်းလျှောက်ထွက်လာပြီး သင်္ဘော၏ဦးပိုင်းတွင် ရပ်နေသည့် ပိုင်ရှောင်ချန်းကို မြင်လိုက်လေသည်။ မကြာခင် သရဲကြီးဘုရင်က စိတ်သက်သာရာကာ သက်ပြင်းချလိုက်သည်။
" နောက်ဆုံးတော့ ငါသိတဲ့ ပိုင်ရှောင်ချန်း ပြန်လာခဲ့ပြီပဲ ... "