မင်းရဲ့ချီးထုပ်အဖေကတော့ ...
Vol. 11 Ch. 1050
သတင်းကား ဆက်လက်ပျံ့နှံ့နေဆဲပင်။ ယင်းမှာ အံ့သြတုန်လှုပ်စရာကောင်းသော ဖြစ်ရပ်ကြီးတစ်ခုဖြစ်သည့်အတွက် မိစ္ဆာဧကရာဇ်နိုင်ငံတော်နှင့် သူတော်စင်ဧကရာဇ်နိုင်ငံတော်နှစ်နိုင်ငံလုံးတွင် ၄င်းအကြောင်း မကြားဖူးသူ မရှိသည်အထိ ရောက်ရှိသွားတော့သည်။ တစ်ကမ္ဘာလုံးကူးစက်သွားရန်မှာ ရက်အနည်းငယ်သာ ကြာလိုက်လေသည်။
ထိုအကြောင်းကြားလိုက်ရသည့် လူများကြားထဲ ဟိုတစ်စု သည်တစ်စုကွဲနေသော ကောင်းကင်တံတားဒေသမှ ခိုလှုံသူများရှိ၏။ သူတို့မှာ မျက်လုံးများဝိုင်းစက်ပြူးကျယ်ကာ ပင့်သက်ရှိုက်သွားကြသည်။ ထို့နောက် ပထမဆုံးအကြိမ် သူတို့၏နှလုံးသားများထဲတွင် မျှော်လင့်ချက်များ ဟုန်းခနဲ ထတောက်လာတော့သည်။
" ပိုင်ရှောင်ချန်း "
သူတော်စင်ဧကရာဇ်နိုင်ငံတော်ရှိ စီရင်စုတစ်စုထဲက အလွန့်အလွန်ကြီးမားသော မြို့ကြီးတစ်မြို့တွင် ရိုးရှင်းသော ဝတ်စုံကို ဝတ်ဆင်ထားသည့် အဘိုးကြီးတစ်ယောက်ရှိ၏။ သူက စားသောက်ဆိုင်တစ်ဆိုင်တွင် စားသောက်နေစဥ် မိစ္ဆာဧကရာဇ်နိုင်ငံတော်မှ ကောင်းကင်ဧကရာဇ်တစ်ပါး ပြန်ပေးဆွဲခံရသည့်အကြောင်း လူအများ ပြောနေကြသည်ကို နားစွင့်နေလေသည်။ သူက အပြင်ပန်းတွင် အမူအရာမပျက်ရှိနေပါသော်လည်း ရင်ထဲတွင် စိတ်လှုပ်ရှားမှုများဖြင့် ပေါက်ကွဲထွက်မတတ် ပြည့်လျှံနေတော့သည်။
" လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာတစ်လျှောက်လုံး သူ့ကို အာရုံစိုက်နေခဲ့တာ မှန်ကန်တဲ့လုပ်ရပ်ပဲ။ ငါ မင်းကို သူတော်စင်ဧကရာဇ်နိုင်ငံကနေ စောင့်နေတယ် ပိုင်ရှောင်ချန်း "
ထိုအဘိုးကြီးသည်ကား ... ဗဟိုဧကရာဇ်မြို့တော်မှ မဟာကောင်းကင်းသခင်မှလွဲ၍ တခြားလူမဟုတ်ပေ။
သူ၏နတ်ဘုရားတစ်ပိုင်းအဆင့် ကျင့်ကြံခြင်းအခြေခံနှင့် ဗျူဟာမြောက်အစီအစဥ်များစွာ စီမံတတ်သည့် နက်နဲသိမ်မွေ့သော အရည်အချင်းကြောင့် သူသည် သူ၏သရုပ်မှန်ကို လျှို့ဝှက်ထားနိုင်ခဲ့ပြီး အန္တရာယ်ကင်းစွာ နေထိုင်နိုင်ခဲ့သည်။ သူက သူတော်စင်ဧကရာဇ်နိုင်ငံတော်မှာ နေထိုင်ကာ ကမ္ဘာကို အုပ်စိုးသည့် အင်ပါယာနိုင်ငံနှစ်နိုင်ငံလုံးကို မျက်စိဒေါက်ထောက်ကြည့်နေခဲ့သည်။
သူတော်စင်ဧကရာဇ်နိုင်ငံတစ်ဝှမ်း မဟာကောင်းကင်သခင်နည်းတူ ဖြစ်ပျက်ခဲ့သည့်အကြောင်းအရာများအား ကြားလိုက်ကြသော အခြားလူများလည်း ရှိ၏။ ဥပမာဆိုရလျှင် အခြားအင်မော်တယ်နယ်မြေထဲက ပြည်နယ်လေးတစ်ခုရှိ ကျိုးရီရှင်းပင်။
ယနေ့ခေတ်ကြီးတွင် သူသည် မျက်နှာလိုမျက်နှာရလုပ်ရင်းအားဖြင့် သူ၏အချိန်အများစုကို ကုန်ဆုံးနေ၏။ စိတ်စွမ်းအင်အဆင့်မြှင့်တင်တတ်သည့် သူ၏ကျွမ်းကျင်မှုကို အမှီသဟဲပြုကာ သူ့အိတ်ထဲတွင် စိတ်စွမ်းအင်ကျောက်တုံးအနည်းငယ် သူ စုဆောင်းနိုင်ခဲ့သည်။
သူက မဟာကောင်းကင်သခင်မဟုတ်သဖြင့် သူ၏သရုပ်မှန်ကို လျှို့ဝှက်ချက်တစ်ခုအဖြစ် မထားနိုင်ပေ။ ထို့ကြောင့် သူက သူတော်စင်ဧကရာဇ်နိုင်ငံတော်မှ လူများက စေတနာဟူ၍ခေါ်သော အရာပေါ်တွင် အခွင့်ကောင်းယူပြီး တစ်နည်းနည်းဖြင့် ဝင်ငွေရှာရသည်။
သို့သော် ယခု သူကြားနေရသည့်သတင်းက သူ့ကို သူ စုဆောင်းခဲ့သည့် စိတ်စွမ်းအင်ကျောက်တုံးများထက် များစွာပို၍ စိတ်လှုပ်ရှားသွားစေတော့သည်။
" သခင်လေးက ဘယ်လိုအသက်ရှင်ရမလဲ တကယ်သိတာပဲ။ သူပုန်းနေရင် ပုန်းနေလိမ့်မယ်။ ဒါပေမဲ့ သူတစ်ခုခုလုပ်ပြီဆိုတာနဲ့ … စံတင်လောက်တာပဲလုပ်တယ် "
ရုတ်တရက် ကျိုးရီရှင်းသည် သူ့အတွက် ခိုင်ခံ့သောအခြေခံအုတ်မြစ်တစ်ခုကို တည်ဆောင်နိုင်ကာ ထာဝရနယ်မြေများတွင် သူ၏ကိုယ်ပိုင်ဂုဏ်ကျက်သရေအား ရရှိလာမည့်နေရက်ကို မစောင့်စည်းနိုင်တော့ပေ။
" ဒီမှာရှိတဲ့ ဘယ်သူမှ စိတ်စွမ်းအင်မမြှင့်တင်နိုင်ဘူး။ ငါက ဒီနေရာမှာ မွန်မြတ်ပြီး သြဇာကြီးမားတဲ့ လူတစ်ယောက် ဖြစ်လာတော့မှာ။ ငါက ဘယ်သူမှ အာမခံရဲတဲ့ မဟာအကြီးအကဲတစ်ယောက် ဖြစ်လာတော့မှာကွ "
သူက အသက်ပြင်းပြင်းတစ်ချက်ရှူသွင်းကာ သူ၏အိပ်မက်အသစ်က သူ့ကို အတန်ငယ် မားမားမတ်မတ်ရပ်တည်ရန် သတ္တိပေးလိုက်သည့်အလား ယုံကြည်ချက်အပြည့်ဖြင့် ရှေ့သို့ ခြေလှမ်းကြဲကြဲ လျှောက်သွားတော့သည်။
ကျိုးရီရှင်းထံမှ အတော်လေးဝေးကွာသော အခြားစီရင်စုတစ်စုတွင် ကြီးကျယ်ခမ်းနားသော စံအိမ်ကြီးတစ်အိမ် ရှိသည်။ ထိုအိမ်ထဲတွင် နတ်ဆရာက လက်နှစ်ဖက်ကို နောက်ပစ်ကာ ရပ်နေပြီး စိတ်ဓာတ်ကျကာ ညှိုးငယ်သောမျက်နှာအမူအရာဖြင့် ကောင်းကင်ကြီးကို မော့ကြည့်နေ၏။
" ငါက ဘာလို့အမြဲကံဆိုးနေရတာလဲကွာ ... "
သူက တွေးသည်။
" မြေရိုင်းဒေသမှာလဲ ဒီလိုမျိုး ... အခုဒီမှာလဲ ဒီလိုမျိုး ဖြစ်နေမယ်လို့ ယုံတောင်မယုံနိုင်ဘူးကွာ။ ငါ မင်းလို ဖြစ်နိုင်ပါစေလို့ ဆုတောင်းပါတယ် ပိုင်ရှောင်ချန်းရေ…။ ပြီးရင် ကောင်းကင်ဧကရာဇ်တွေကို လိုက်ပြန်ပေးဆွဲမယ်။ ငါ ဒီစည်းစိမ်တွေနဲ့ ဒီလိုဘဝကြီးကို မလိုချင်ဘူးကွ … "
သူ နောင်တကြီးစွာ သက်ပြင်းချနေချိန်မှာပင် ညုတုတုအသံတစ်သံက သူ့နောက်ရှိ အခန်းထဲမှ လွင့်မျောလာ၏။
" အဲဒီမှာ ဘာလုပ်နေတာလဲ အချစ်လေး "
နတ်ဆရာက ဟင်းခနဲ သက်ပြင်းချလိုက်သည်။ သူ့ကိုကြည့်ရသည်မှာ စိတ်ပျက်နေဟန်တူသော်လည်း အမှန်တကယ်တော့ သူ့ကိုယ်သူ အလွန် ကျေနပ်စွာဖြင့် အခန်းထဲ လှည့်ဝင်သွားလေသည်။
သူတော်စင်ဧကရာဇ်နိုင်ငံတော်ထဲ တည်နေရာရွှေ့ပြောင်းခံခဲ့ရသော ကောင်းကင်တံတားကျင့်ကြံသူများသည် မိစ္ဆာဧကရာဇ်နိုင်ငံတော်တွင် အဆုံးသတ်သွားသူများထက် ပိုအဆင်ပြေကြ၏။ မိစ္ဆာဧကရာဇ်နိုင်ငံတော် ထိန်းချုပ်သည့် အင်မော်တယ်နယ်မြေတစ်ခုရှိ တောင်ထူထပ်သော တောင်ကြားတစ်ခုတွင် စိတ်စွမ်းအင်ခေါင်းဆောင်ကြီးနှင့် လီချင်းဟောက်သည် လောလောလတ်လတ် တိုက်ပွဲတစ်ပွဲမှ ဒဏ်ရာများကို ပြန်လည်ကုစားနေကြသည်။ သူတို့နှစ်ယောက်လုံး အားနည်းနေသည့်အပြင် ထိခိုက်ဒဏ်ရာများလည်း ရထားသည့်တိုင် သူတို့၏ မျက်လုံးများက စိတ်လှုပ်ရှားမှုများဖြင့် စူးရှတောက်ပနေ၏။
" အဲဒါ သူဆိုတာ သေချာတယ် "
လီချင်းဟောက်က အတော်လေး တက်ကြွလာဟန်ဖြင့် ပြောသည်။
" ဒါမှ ငါ့ ပိုင်ရှောင်ချန်းကွ။ မိစ္ဆာဧကရာဇ်နိုင်ငံတော်က ကောင်းကင်ဧကရာဇ် သရဲမယ်တော်ကို ပြန်ပေးဆွဲတဲ့ကောင် "
စိတ်စွမ်းအင်ခေါင်းဆောင်ကြီးက တဟာဟား အော်ဟစ်ရယ်မောပြီး နောက်ဆုံးတွင် သူ၏မျက်လုံးများသည် မျှော်လင့်ချက်များဖြင့် တဖျပ်ဖျပ်လက်လာတော့သည်။
" သူတော်စင်ဧကရာဇ်နိုင်ငံကို သွားလိုက် ချင်းဟောက် "
စိတ်စွမ်းအင်ခေါင်းဆောင်ကြီးက ပြော၏။
" ငါ ဒီမှာ ကြည့်လုပ်ထားမယ် "
သို့သော် စကားပင်မဆုံးခင် သူ သွေးများအန်လာကာ သူ၏နှုတ်ခမ်းထောင့်စွန်းမှ သွေးများ စီးကျလာတော့သည်။
လီချင်းဟောက်က ခေါင်းခါလိုက်သည်။ စိတ်စွမ်းအင်ခေါင်းဆောင်ကြီးအား စိုးရိမ်ကြီးစွာ ကြည့်၍ သူ ပြော၏။
" ရှောင်ချန်းက သူ့ကိုယ်သူ ဂရုစိုက်နိုင်တယ်။ သူက လူတွေကို မျှော်လင့်ချက်ပေးဖို့ ဒါကို လုပ်နေတာ။ ကျုပ်တို့ တတ်နိုင်သမျှ လူများများ မြန်မြန်ရှာရမယ် "
" ဖက်တီးကျန်းကြီးရဲ့ အကူအညီနဲ့ ငါအဆင်ပြေမှာပါ "
စိတ်စွမ်းအင်ခေါင်းဆောင်ကြီးက ပြတ်သားခြင်းများဖြင့် မျက်ဝန်းများစူးရှတောက်ပလျက် ပြောသည်။
" မိစ္ဆာဧကရာဇ်နိုင်ငံသားတွေ ရှောင်ချန်းကြောင့် သေချာပေါက် သွေးရူးသွေးတန်းဖြစ်သွားလိမ့်မယ်။ အခုက တိုက်ခိုက်ဖို့ အချိန်ကောင်းပဲ။ ငါက အဏ္ဏဝါခေါ်သံဂိုဏ်းရဲ့ ခေါင်းဆောင်ကြီး။ ထာဝရနယ်မြေမှာဖြစ်နေရင်တောင်မှ အဲဒါက ပြောင်းလဲမသွားဘူး။ ငါတို့ရဲ့ အိမ်မရှိတော့ပေမယ့် ငါတို့ဂိုဏ်းက အသက်ရှိနေသေးတယ်။ ငါတို့ရဲ့ လူစုကွဲနေတဲ့ ဂိုဏ်းသားတွေအားလုံးကို ရှာပြီး အတူခေါ်သွားဖို့က ငါ့အလုပ်ပဲ "
မိစ္ဆာဧကရာဇ်နိုင်ငံတော်ရှိ အခြားနေရာ၊ လွင်တီးခေါင်တစ်နေရာတွင် ညစ်ပတ်ပေတေနေသော စုန့်ချွဲသည် ဒေသခံကျင့်ကြံသူတစ်ယောက်နှင့် အသည်းအသန်တိုက်ခိုက်နေ၏။ လက်ဦးမှုရယူပြီးနောက် သူက ထိုလူ၏လည်တိုင်ကို ဂျွတ်ခနဲ ချိုးလိုက်ပြီး အသက်မနည်းရှူ၍ ပျော့ခွေသွားလေသည်။
သူက သူ့မေးစေ့မှ သွေးအချို့ကို သုတ်ကာ သတ်ဖြတ်လိုသောအရှိန်အဝါတဟုန်းဟုန်းတောက်လောင်လျက် သူ့ပတ်လည်တွင် တောင်လိုပုံနေသော အလောင်းများကို ဝေ့ဝိုက်ကြည့်လိုက်သည်။ ယခု သူ၏ခြေဖဝါးအောက်တွင် လဲကျနေပြီဖြစ်သည့် အဖွဲ့ထံမှ ယခုလေးတင်သိခဲ့ရသော သတင်းကို တွေးမိသောအခါ သူက ပြုံးလိုက်၏။ အမှန်ပင် ထိုအပြုံး၏နက်ရှိုင်းသောတစ်နေရာတွင် ခေါင်းမာသောအလျှော့မပေးမှုအရိပ်ယောင်အနည်းငယ် ရှိနေသည်။
" ပိုင်ရှောင်ချန်း ဘယ်နေရာသွားသွား အမြဲနာမည်ကြီးနေတာပဲ ... သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်း၊ အဏ္ဏဝါခေါ်သံဂိုဏ်း၊ ရှင်းကုံကျစ်တာအိုဂိုဏ်း၊ မြေရိုင်းဒေသနဲ့ ... အခု ထာဝရနယ်မြေမှာရှိတဲ့ မိစ္ဆာဧကရာဇ်နိုင်ငံမှာတောင်မှပဲ။ အေး ငါ့မှာ အမှီလိုက်ဖို့ အခွင့်အရေးတစ်ခုရှိသေးတယ်။ ဒီကမ္ဘာကြီးမှာ ငါ့ကိုယ်ပိုင်နေရာ ဖန်တီးနိုင်တယ်ကွ "
စုန့်ချွဲသည် အမှန်တကယ်တော့ မိစ္ဆာဧကရာဇ်နိုင်ငံတော်ရှိ ပြည်သူလူထုအား စီမံကွပ်ကဲသည့်နည်းလမ်းနှင့်ပတ်သက်၍ သဘောကျနေသည်။ သူက တိုက်ပွဲများနှင့် ထိုးကြိတ်သတ်ပုတ်ရခြင်းကို ပျော်မွေ့ပြီး များသောအားဖြင့် သူသေကိုယ်သေတိုက်ပွဲတစ်ပွဲအဖြစ် ဆိုက်ရောက်သွားသည်ကို နှစ်သက်နေသည်။
" ကောင်းကင်တံတားဒေသကလူတွေက လွဲလို့ ... ငါမြင်မြင်သမျှ ဘယ်သူ့ကိုမဆို သတ်နိုင်တယ် "
သူက အသက်ပြင်းပြင်းတစ်ချက်ရှူသွင်းကာ ဆက်သွားရန်ပြင်လိုက်သော်လည်း မသွားခင် မတူညီသောအရပ်မျက်နှာအား လှည့်ကြည့်လိုက်သည်။
ခပ်လှမ်းလှမ်းတစ်နေရာတွင် သူသိသည့် လူတစ်ယောက်ဖြစ်သော သရဲကြီးဘုရင်၏ သမီးတော်၊ ပိုင်ရှောင်ချန်း၏ တာအိုလက်တွဲဖော် သခင်မလေးဟုန်ချိန် ရှိနေသည်။ သူနည်းတူ သူမသည်လည်း သတ်ဖြတ်ခြင်းနှင့်ရုန်းကန်ခြင်းလမ်းစဥ်ကို ရွေးချယ်ခဲ့သည်။
သူမသည် နတ်အဆင့်ကျင့်ကြံသူတစ်ယောက်ဖြစ်၍ သူ့ထက်ပင် ပို၍ ပွက်လောရိုက်စေကာ ပိုမို များပြားသော ရန်သူများကို သတ်ဖြတ်ခဲ့သည်။
" အနှေးနဲ့အမြန် ငါလဲ နတ်အဆင့်ကျင့်ကြံသူ ဖြစ်တော့မယ် "
သူက သူ၏အနက်ရောင်ဝတ်ရုံကို သပ်သပ်ရပ်ရပ် ဖြစ်အောင်လုပ်ကာ လှည့်၍ ညအမှောင်ထုထဲ တဟုန်ထိုးထွက်သွားတော့သည်။
ယခုလေးတင် သူ ကြည့်ခဲ့သည့်အရပ်ဖြစ်သော ခပ်ဝေးဝေးရှိ မြင့်မားသော တောင်တန်းကြီးများပေါ်တွင် ထာဝရမယ်တော်နှင့် သက်ဆိုင်သော ဘုရားကျောင်းတစ်ကျောင်းရှိသည်။ သခင်မလေးဟုန်ချိန်က ထိုနေရာတွင် တင်ပျဥ်ခွေထိုင်နေကာ သွေးနှင့်အလားသဏ္ဍာန်တူသော ဆေးရည်တစ်ခွက်ကို သောက်နေသည်။ မိစ္ဆာဧကရာဇ်နိုင်ငံတော် ကျင့်ကြံသူတစ်ဖွဲ့မှာ ကြောက်လန့်တုန်ရီလျက် သူမ၏ပတ်လည်တွင် ဝပ်တွားနေကြသည်။
" အနီးနားမြို့က ကျင့်ကြံသူတွေလာရင် ငါ ဒီအတိုင်း ထွက်ပြေးပြီး မင်းတို့အားလုံးကို သေအောင် ပစ်ထားခဲ့လို့ရတယ်။ အဲဒီလိုမလုပ်ပဲ ငါ မင်းတို့ကို ကာကွယ်နိုင်တယ်။ ဘယ်ဟာကို ရွေးချယ်ရမလဲ မင်းတို့သိမှာပါ “
" ငါ သက်စောင့်ဆေး နည်းနေပြီ။ အခုချက်ချင်း ထပ်သွားရှာပေးကြစမ်း။ တစ်ခုမှမရှာနိုင်ရင် မင်းတို့ရဲ့ တပည့်တွေဆီက သက်စောင့်အားတွေ ယူလာခဲ့ "
သူမက အအေးစက်ဆုံး ဆောင်းလေတမျှ အေးစက်စက်လေသံဖြင့် ပြောလိုက်ရာ သူမ၏ရှေ့မှောက်ရှိ ကျင့်ကြံသူများမှာ တဆတ်ဆတ် တုန်ရီသွားကြတော့သည်။ သူမ၏လိုအပ်ချက်များအား နာခံကြောင်း ပြောပြီးနောက် သူတို့သည် မျက်လုံးများရဲရဲနီလျက် အလောတကြီး ထွက်သွားကြ၏။ အသက်ဆက်ရှင်နိုင်ရန် သူတို့၏ တစ်ခုတည်းသောမျှော်လင့်ချက်မှာ မကောင်းဆိုးဝါး၊ သူမအား စိတ်ကျေနပ်စေနိုင်မည့်အပေါ် မူတည်လေသည်။
မိစ္ဆာဧကရာဇ်နိုင်ငံတော်သည် ကြီးမားပြီး သူတို့ကဲ့သို့ မိစ္တာဂိုဏ်းများ နေရာအနှံ့တည်ရှိသည်။ လူတစ်ယောက်ကို သုတ်သင်လိုက်ခြင်းက များများစားစား ဂယက်ရိုက်သွားစေမည် မဟုတ်ချေ။
" သူက ငါတို့ထက်တောင် ယုတ်မာသေးတယ် "
သူမ၏နည်းလမ်းများက သူတို့ကဲ့သို့ ကျင့်ကြံသူများကိုပင် မျက်ရည်တစမ်းစမ်းဖြစ်သွားစေတော့သည်။
သူတို့ထွက်သွားပြီးနောက် သခင်မလေးဟုန်ချိန်က အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းပြီးနောက် သူမ၏ဗိုက်ကို ငုံ့ကြည့်လိုက်သည်။ သူမက ကြည့်လိုက်စဥ် သူမ၏မျက်နှာထက်ရှိ အေးစက်မှုများ ပျောက်ကွယ်သွားပြီး နွေးထွေးခြင်းနှင့် မျှော်လင့်ချက်တို့ အစားထိုးဝင်ရောက်လာလေသည်။
" မင်းရဲ့ချီးထုပ်အဖေက အခု ဘယ်ချောင်ရောက်နေမှန်း အမေ မသိပေမယ့် မစိုးရိမ်နဲ့နော်။ အမေ မင်းကို ကောင်းကောင်း စောင့်ရှောက်ပေးမှာပါ "
ထာဝရပင်လယ်ပြင်ပေါ်တွင် ပိုင်ရှောင်ချန်းသည် အရိုးဖွတ်စစ်သင်္ဘောကြီးပေါ်၌ ထိုင်နေ၏။ ရုတ်တရက် သူက နှာချေလိုက်သည်။
" အခု တစ်ယောက်ယောက်ကများ ငါ့ကို ကျိန်ဆဲနေတာလား "
သူက သက်ပြင်းချကာ ကုန်းစွန်းဝမ်အာကို လှမ်းကြည့်လိုက်သည်။
" နေပါဦး မင်းပြောနေတာက ဖက်တီးကျန်းကြီးက မိစ္ဆာဧကရာဇ်မြို့ထဲမှာ။ ပြီးတော့ လူတွေက သူ့ကို မဟာအကြီးအကဲကျန်းလို့ ခေါ်ကြတယ်လား "
" ဟုတ်တယ် "
ကုန်းစွန်းဝမ်အာက ပြုံး၍ ပြောသည်။
" ဖက်တီးကျန်းကြီးနဲ့ပတ်သက်တဲ့ သရဲမယ်တော်ရဲ့ မှတ်ဉာဏ်တွေထဲမှာ အသေးစိတ်အချက်အလက်တွေ အများကြီးရှိသေးတယ်။ မိစ္ဆာဧကရာဇ်မြို့တော်ကို ရောက်ပြီး သူ့ရဲ့ စိတ်စွမ်းအင်အဆင့်မြှင့်တင်ခြင်း စွမ်းရည်တွေကို ပြပြီးတဲ့နောက် သူ့ကြောင့် ရုတ်ရုတ်သဲသဲ ဖြစ်သွားကြတယ်။ မိစ္ဆာဧကရာဇ်တောင် တုန်လှုပ်သွားခဲ့တယ်။ အဲဒီတုန်းက ဗဟိုဧကရာဇ်ရုပ်ထုက မပြိုကွဲသေးတော့ ဖက်တီးကျန်းကြီးက ခဏလေးအတွင်း တော်တော်လေး အရေးပါလာခဲ့တယ်။ ကြည့်ရတာ သူက တကယ်ဆို မိစ္ဆာဧကရာဇ်မြို့တော်ကို စိတ်စွမ်းအင်အဆင့်မြှင့်တင်ပေးခဲ့တဲ့ပုံပဲ “
“ ဗဟိုဧကရာဇ်ရုပ်ထုကြီး ပြိုကွဲပြီးတဲ့နောက် ကောင်းကင်တံတားဒေသကလူတွေ ဆိုးဆိုးဝါးဝါး ကြုံခဲ့ကြရတယ်။ ဒါပေမဲ့ အဲဒီအချိန်မှာ ဖက်တီးကျန်းကြီးက သူ့ခြေထောက်ပေါ်သူ ရပ်တည်နေနိုင်ပြီဖြစ်သလို ထင်ရှားကျော်ကြားနေခဲ့ပြီ ”
“ ေဩာ်… ဟိုရှောင်မေ့ကိုလည်း နင် စိတ်ပူမနေနဲ့။ သရဲမယ်တော်က သူ့ကို တပည့်တစ်ယောက်အနေနဲ့ သိပ်ဂရုစိုက်တာ။ ဟိုရှောင်မေ့က သရဲတာအိုမှာ ပါရမီပါလာတယ်လေ။ သရဲမယ်တော်က သူ့မှော်အတတ်တွေကို အမွေပေးဖို့ သူ့ကို ပျိုးထောင်ပေးခဲ့တယ်။ သရဲမယ်တော်က သူ့ကို သိပ်သဘောကျတော့ သူ့ကိုအသုံးချပြီး နင့်ကို ခြိမ်းခြောက်လာမှာ မဟုတ်တာ သေချာတယ် ”
“ ဒါပေမဲ့ နင် သူ့ကို အခုချိန် သွားတွေ့လို့ရမှာ မဟုတ်ဘူး။ သူက နတ်အဆင့်ကို ဖောက်ထွက်ဖို့ သရဲမယ်တော်ရဲ့ အင်မော်တယ်ဂူထဲမှာ တံခါးပိတ်ကျင့်ကြံနေတယ် ”