စိတ်ဆန္ဒ
Vol. 11 Ch. 1051
ပိုင်ရှောင်ချန်းမှာ ဖက်တီးကျန်းကြီးက မိစ္ဆာဧကရာဇ်နိုင်ငံတော်အတွက် အလွန်ကောင်းမွန်စွာ အလုပ်အကျွေးပြုခဲ့သည်ကို ကြားသော် မှင်သက်အံ့သြသွား၏။ သရဲကြီးဘုရင်မှာမူ ယခင်က ဖက်တီးကျန်းကြီးအကြောင်း တစ်ခါမှ မကြားခဲ့ဖူးသော်လည်း တုန်လှုပ်သွားလေသည်။
" ဒီ ဖက်တီးကျန်းကြီးက ထူးချွန်ပြောင်မြောက်တဲ့လူတစ်မျိုးလို့ အသံထွက်ပါလား။ သူက မိစ္ဆာဧကရာဇ်နိုင်ငံတော်မှာ နေရာတစ်နေရာ ကိုယ်တိုင် ဖန်တီးခဲ့တယ်။ နာမည်ကောင်းတဲ့လူတွေက ဂုဏ်သတင်းကျော်ကြားဖို့ကံ ပါလာတဲ့ပုံပဲ "
သရဲကြီးဘုရင်၏ အမြင်အရ ဖက်တီးကျန်းကြီး၏နာမည်၌ ' ကြီး ' ဆိုသော စကားလုံးပါရှိနေခြင်းက သူ မည်မျှ ယောက်ျားပီသသော လူငယ်တစ်ဦးဖြစ်ကြောင်း သက်သေပြသည်။ ၄င်းက ' သေး ' ဆိုသော စကားလုံးထက် များစွာပိုကောင်း၏။ မြေရိုင်းဒေသမှာတုန်းက သူနှင့်မဆုံခဲ့မိခြင်းအတွက် နောက်တရကာ သက်ပြင်းမချဘဲ မနေနိုင်တော့ပေ။
ဤအချိန်တွင် သရဲကြီးဘုရင်က ရုတ်တရင် တစ်ခုခုကိုတွေးမိလိုက်ပြီး စိတ်လှုပ်ရှားစွာ ပြော၏။
" ဟို ... ဟေး ကောင်းကင်ဧကရာဇ် ကုန်းစွန်း၊ ဖက်တီးကျန်းကြီးမှာ တာအိုလက်တွဲဖော်ရှိလား "
ပိုင်ရှောင်ချန်းမှာ စိတ်မကြည်တော့ဘဲ သရဲကြီးဘုရင်ဘက်ကို မျက်ရိပ်မျက်ခြေဖြင့် ကြည့်လိုက်သည်။ သရဲကြီးဘုရင်က အောင်သွယ်တော်လုပ်ရန် မည်မျှအထိ သဘောကျသည်ကို သူ သိထား၏။ သူက သူ့သမီးကိုပင် သူ့ထံ တွန်းပို့ခဲ့သည် မဟုတ်ပါလော။ ယခု သူက ဖက်တီးကျန်းကြီးနှင့်ပတ်သက်၍ သိသာသောမေးခွန်းတစ်ခုကို ဦးတည်မေးနေသည်။ သူ့မှာ တရားမဝင်သမီးတစ်ယောက် ရှိသေးသည်လော။
သရဲကြီးဘုရင်သည် ပိုင်ရှောင်ချန်းက သူ့အား စိန်းစိန်းဝါးဝါးစိုက်ကြည့်နေသည်ကို သတိထားမိသောအခါ မလုံမလဲဖြင့် ချောင်းဟန့်လိုက်သည်။ အမှန်က သူ့တွင် တရားမဝင်သမီးများ မရှိပေ။ သို့သော် သူသည် အမျိုးသမီးဆွေမျိုးများမှတစ်ဆင့် စွမ်းအားကြီးသောလူများနှင့် မိတ်ဖွဲ့ခြင်းတွင် အတော်လေး အသားကျနေခဲ့သည်။
သူသည် ယခုချက်ချင်း သမီးအသစ်တစ်ယောက် မွေးစားပြီးနောက် ဖက်တီးကျန်းကြီးနှင့် တာအိုလက်တွဲဖော်အဖြစ် တစ်နည်းမဟုတ်တစ်နည်းဖြင့် ပေါင်းဖက်အောင် ကြိုးစားရန် တွေးနေတော့သည်။ ထိုနည်းအားဖြင့် သူက သမက်အသစ်ရပြီး အကယ်၍ ထိုသမက်က ကမ္ဘာကြီးကို ဖိနှိပ်ချုပ်ချုယ်နိုင်ခဲ့ပါက သူ့သမီးသာ သူ့ယောက်ျားကို ခြယ်လှယ်နိုင်လျှင် သူက တစ်မိုးအောက်ပြိုင်ဘက်ကင်းနေရာတစ်နေရာသို့ ဆိုက်ရောက်သွားမည် ဖြစ်သည်။
ပိုင်ရှောင်ချန်းသည် သရဲကြီးဘုရင်၏အတွေးအများစုနှင့် ၄င်းက သိက္ခာကျကာ နာမည်ပျက်ဖွယ် ရွေးချယ်ချက်တစ်ခု ဖြစ်ကြောင်း ခန့်မှန်းမိသည်။ တချိန်တည်းမှာပင် သူက ဖက်တီးကျန်းကြီးအတွက် စိတ်မကောင်းဖြစ်နေမိသည်။ ကုန်းစွန်းဝမ်အာက ဖက်တီးကျန်းကြီး မည်သည့်နေရာမှာ အဆုံးသတ်သွားသည်ကို အသေးစိတ်ရှင်းပြခဲ့သော်လည်း သူ၏လမ်းတလျှောက် ကြုံတွေ့ခဲ့ရသည့် အခက်အခဲ အန္တရာယ်များကို စိတ်ကူးကြည့်ရန် လွယ်ကူလှသည်။
ဖက်တီးကျန်းကြီးက ယင်ယန်ဝိညာဥ်အဆင့်နှင့် သူ၏မိတ်ဆွေများနှင့် အလှမ်းဝေးကွာသော အစိမ်းသက်သက် ကမ္ဘာကြီးထဲတွင် စတင်ခဲ့ရသည် မဟုတ်ပါလော။ တစ်ဆင့်ပြီးတစ်ဆင့် သူသည် မိစ္ဆာဧကရာဇ်နိုင်ငံတော်တွင် အခြေချပြီး နေရာတစ်နေရာရရှိခဲ့၍ အားလုံးက သူ၏ စိတ်စွမ်းအင်မြှင့်တင်ခြင်း စွမ်းရည်များကြောင့်ဖြစ်လေသည်။ ယင်းက စိတ်စွမ်းအင်မြှင့်တင်သူတိုင်းလုပ်နိုင်သည့်အရာ မဟုတ်ပေ။
ဟိုရှောင်မေ့အတွက်မူ ပိုင်ရှောင်ချန်းမှာ နောက်ဆုံးတွင် စိတ်အေးလက်အေး အနားယူနိုင်လေပြီ။ သူသည် ကုန်းစွန်းဝမ်အာနှင့် မိတ်ဆွေဖြစ်သည်ဟု မသတ်မှတ်သော်လည်း သူတို့နှစ်ဦးက အနည်းဆုံးတော့ မဟာမိတ်များ ဖြစ်ကြ၏။ ထို့ပြင် သူမသည် သူ့ထံမှ ထိမ်ချန်ထားသည့် တစ်စုံတရာရှိပုံမရပေ။ ထို့ကြောင့် သူက ဟိုရှောင်မေ့က မည်သို့ကြုံ့ေတွ့ခဲ့ရသည်နှင့်ပတ်သက်၍ အလွန်ပျော်ရွှင်ဝမ်းမြောက်နေတော့သည်။
အန္တရာယ်ပေါင်းများစွာဖြင့် ပြည့်နှက်နေသည့် ထာဝရနယ်မြေများတွင် ဟိုရှောင်မေ့သည် တချိန်လုံး အန္တရာယ်ကင်းကင်းနေနိုင်ခဲ့သည်။ သူမ၏ပါရမီများကို စဥ်းစားကြည့်ပါက သရဲမယ်တော်ဖြစ်စေ၊ ကုန်းစွန်းဝမ်အာဖြစ်စေ နောင်တချိန်တွင် သူတို့နှစ်ဦးသားအနေဖြင့် သူမကို စောင့်ရှောက်ရန် အကြောင်းပြချက်ကောင်းရှိမည် ဖြစ်သည်။
အကြောင်းကိစ္စများနှင့်ပတ်သက်၍ ပိုင်ရှောင်ချန်းက အတန်ငယ် စိတ်ချမ်းသာသွားပြီး တဝီဝီရွေ့လျားနေသော တိမ်တိုက်များကို ကြည့်ကာ ကောင်းကင်တံတားဒေသမှ သူ၏မိတ်ဆွေအပေါင်းအသင်းများနှင့် မိသားစုကို ပြန်တွေးလိုက်သည်။
" ဝမ်အာ ... မင်းက ကောင်းကင်ဧကရာဇ်ဆိုတော့... မင်းလို ဖြစ်လာဖို့ ဘာတွေပါဝင်လဲ ငါ့ကို ပြောပြနိုင်မလား "
ပိုင်ရှောင်ချန်းသည် ကောင်းကင်ဧကရာဇ်တစ်ပိုင်းအဆင့်၏ အထွတ်အထိပ်သို့ ရောက်နေသော်လည်း သူ၏အခြေအနေက အကောင်းဆုံးမဟုတ်ပေ။
သူသည် အသက်ရှည်အပိုင်းမဟုတ်ဘဲ ထာဝရအပိုင်း၏ မဟာစက်ဝန်းကိုသာ ရောက်ရှိခဲ့သည်။ ထို့ပြင် သူ၏ကျင့်ကြံခြင်းအခြေခံက နတ်ဘုရားတစ်ပိုင်းအဆင့်သာ ရှိသေး၏။ သူပင် ကျင့်ကြံခြင်းအဆင့်အရ မည်သည့်နေရာတွင် ရပ်တည်နေကြောင်း အတော်အတန် မသေချာပေ။
သူက ထာဝရအသက်ရှည်နည်းကျမ်း၏ မဟာစက်ဝန်းကို ရောက်သည့်အခါ ကောင်းကင်ဧကရာဇ်တစ်ပါး၏ အဆင့်ကို တတ်လှမ်းနိုင်ကြောင်း သိသည်။ သို့သော် တိကျသော ဖြစ်စဥ်ကို သူ သိပ်မရှင်းလင်းပေ။
အစောပိုင်းကောင်းကင်ဧကရာဇ်အဆင့်မှာ ရှိနေသည့်အတွက် ကုန်းစွန်းဝမ်အာက ပိုင်ရှောင်ချန်းထက် ကျင့်ကြံခြင်းအဆင့်အကြောင်း များစွာသိထားသည်။ သရဲကြီးဘုရင်လည်း နားထောင်လာ၏။ သူက ကြာမြင့်စွာ နတ်ဘုရားတစ်ပိုင်းဖြစ်ခဲ့၍ ထိုအကြောင်းအရာအား ပိုင်ရှောင်ချန်းထက် အတန်ငယ်သိထားသော်လည်း ထပ်မံလေ့လာရာတွင် အလွန်စိတ်ဝင်စားသေးသည်။
ကုန်းစွန်းဝမ်အာက တိုးညင်းစွာရယ်မောလိုက်ပြီး သူမ၏ဆံပင်မှ ကျနေသောဆံနွယ်လေးတစ်မျှင်နှင့် ကစားနေလေသည်။ ထိုရိုးရှင်းသောအပြုအမူလေးက သူမကို ပို၍ လှပသွားစေသည်။ ကလူမြူဆွယ်သည်ပင် ဖြစ်နိုင်လောက်သည်။ သူမ၏ ညှို့ယူဖမ်းစားနိုင်သော မျက်ဝန်းလေးများနှင့် ရှည်လျားသော မဟူရာဆံပင်ရှည်များက သူမကို ကြည့်မိသည့်မည်သူမဆို ပြင်းပြသောစိတ်အဟုန်များဖြင့် နေမထိမထိုင်သာ ဖြစ်သွားမည်ဖြစ်သည်။
နှာဘူးကျသော သရဲကြီးဘုရင်၏ မျက်လုံးများသည် တောက်ပစွာလင်းလက်နေပြီ ဖြစ်သည်။
ပိုင်ရှောင်ချန်း၏နှလုံးသားပင် အတန်ငယ် တလှပ်လှပ်ခုန်လာတော့သည်။ သို့သော် သူက ကုန်းစွန်းဝမ်အာ၏အတိတ်အကြောင်းတွေးပြီး သူ့ကိုယ်သူ သတိရှိရမည်ဟု သတိပေးလိုက်သည်။ သူမက မကောင်းဆိုးဝါးမဖြစ်ပြီး သူက အတိတ်ကနှင့်အလွန်ခြားနားသော နေရာတစ်ခုသို့ ရောက်နေသည်။
ထို့ပြင် သူမက မိန်းမလှလေးတစ်ယောက်ဖြစ်သည့်အတွက်ကြောင့် သူ့ကိုယ်သူ ခြိမ်းခြောက်ခံရအောင် ခွင့်မပြုနိုင်ပေ။
သူက မျက်လုံးပြူးကာ သူမကို တင်းမာစွာ ကြည့်လိုက်သည်။ ထို့နောက် တခဏတာ တွေးပြီးနောက် သူက သူမ၏ကိုယ်လုံးလေးကို လှစ်ခနဲ အကဲခတ်လိုက်သည်။
ကုန်းစွန်းဝမ်အာသည် မျက်လုံးနှစ်စုံက သူမအား စိုက်ကြည့်နေသည်ကို သဘောပေါက်လိုက်သောအခါ ဆွဲဆောင်မှုရှိစွာ ပြုံးလိုက်၏။ ထို့နောက် သူမ၏မျက်နှာလေး အတန်ငယ်သွေးရောင်လွှမ်းသွားကာ သူမက ပြောသည်။
" အဲဒီလိုမကြည့်နဲ့လေ အချစ်လေးကလဲ။ သူ ကြည့်ချင်ရင် အခန်းထဲသွားလို့ရနေတာပဲကို။ နင့်အတွက်ဆို နီးနီးကပ်ကပ် ကြည့်ခွင့်ပေးမှာပေါ့ "
သရဲကြီးဘုရင်မှာ တုန်ရီသွားပြီး တံတွေးမနည်း မျိုချလိုက်ချိန် ပိုင်ရှောင်ချန်း၏မျက်လုံးများ ဝိုင်းစက်ပြူးကျယ်သွားပြီး သတိမထားမိဘဲ နောက်သို့ အတန်ငယ် ဆုတ်မိသွားတော့သည်။
" ငါ စိတ်တော်တော်ထိန်းနိုင်တာ တော်သေးတယ် " သူက တွေးလိုက်သည်။
" ဒီကုန်းစွန်းဝမ်အာက စုန့်ကျင်းဝမ်နဲ့ သခင်မလေးဟုန်ချိန်ထက်တောင် ပိုမာယာများသေးတယ်။ ဒါပေမဲ့ ကံကောင်းတာက ငါက ဒီလိုဟာမျိုးဆို အံတိုနေပြီ။ ပြီးတော့ ငါ့မှာ ဓားကြီးတစ်ချောင်း ရှိသေးတယ် "
သူက သရဲကြီးဘုရင်ကို အထင်သေးသည့်အကြည့်ဖြင့် စူးစိုက်ကြည့်ကာ ချောင်းဟန့်လိုက်ပြီး အိတ်ကိုပုတ်၍ မြောက်ပိုင်း၏မဟာဓားကို ထုတ်လိုက်ရာ အပြာရောင်အလင်းတစ်ခု လက်ခနဲ ပေါ်လာသည်။
ထို့နောက် သူက ခုန်ပြီး နည်းနည်းပါးပါး လွှဲယမ်းလေ့ကျင့်လိုက်ပြီးနောက် ကုန်းစွန်းဝမ်အာကို သူ တွေးထားသော ခြိမ်းခြောက်သော အသွင်တစ်ခုဖြင့် ပြန်ကြည့်လိုက်သည်။
" မင်းဘာပြောတာလဲ။ အနီးကပ် ကြည့်စေချင်တာလား ဘာလား "
သရဲကြီးဘုရင်မှာ ရယ်ရအခက် ငိုရအခက် ဖြစ်သွားသော်လည်း တချိန်တည်းမှာပင် ပိုင်ရှောင်ချန်းအား မလေးစားဘဲ မနေနိုင်တော့ပေ။ ယခုကဲ့သို့ မြူဆွယ်နေသော အခိုက်အတန့်တွင် မြောက်ပိုင်း၏ မဟာဓားကို ဆွဲထုတ်ရန်မှာ လုပ်ရန်လွယ်ကူသောအရာတစ်ခု မဟုတ်ပေ။
ကုန်းစွန်းဝမ်အာက ဓါးကို ကြည့်လိုက်စဥ် သူမ၏ မျက်ဝန်းလေးများထဲ၌ ကြောက်လန့်ခြင်းနှင့် ခါးသီးနာကြည်းခြင်းတို့ ရောယှက်နေသော အရိပ်အယောင်ကို မြင်နိုင်သည်။
" ထာဝရနယ်မြေတွေက ကျင့်ကြံခြင်းစနစ်က ကောင်းကင်တံတားဒေသနဲ့ အတူတူပဲ "
သူမက တည်တည်ငြိမ်ငြိမ် ပြောသည်။
" ယင်ယန်ဝိညာဥ်အဆင့်ပြီးရင် နတ်အဆင့်။ ပြီးရင် နတ်ဘုရားတစ်ပိုင်း နောက်ဆုံး ကောင်းကင်ဧကရာဇ် “
" မတူတာက စွမ်းအားရင်းမြစ်။ ထာဝရမြေတွေမှာ စွမ်းအားအားလုံးရဲ့ အရင်းမြစ်က စိတ်ဆန္ဒပဲ “
" နတ်အဆင့်ကျင့်ကြံသူတွေက ကောင်းကင်ရဲ့စိတ်ဆန္ဒကို လွှမ်းမိုးပြီး ကောင်းကင်နဲ့မြေကြီးရဲ့စွမ်းအားကို အသုံးပြုတယ်။ အဲဒီဖြစ်စဥ်က သူတို့ခန္ဓာကိုယ်ထဲက စိတ်စွမ်းအားကို နိုးထစေတယ်။ သူတို့က အဲဒါကို ငှားတာမဟုတ်ဘူး ယူတာ။ အဲဒါက သူတို့ရဲ့စိတ်စွမ်းအားကို ထပ်မံနိုးထစေပြီး စိတ်ဆန္ဒအမြစ်တစ်ခု ဖြစ်လာစေတယ် “
" ကောင်းကင်ဧကရာဇ်တွေအတွက်ကျတော့ ... နတ်ဘုရားတစ်ပိုင်းအဆင့်ကနေ ဖောက်ထွက်ပြီး မဟာယနအဆင့်ကို ရောက်တဲ့နောက် သူတို့က သူတို့ရဲ့ စိတ်ဆန္ဒအမြစ်ကို ယူပြီး အဲဒါကို တာအိုသစ်စေ့တစ်စေ့ရအောင် အသုံးပြုကြတယ် “
“ ဆက်လက်ကျင့်ကြံကြရင်းနဲ့ တာအိုသစ်စေ့က တဖြည်းဖြည်း အညှောင့်ပေါက်လာပြီး အမြစ်တွေထွက်လာတယ်။ ပြီးတော့ ခန္ဓာကိုယ်တစ်ခုလုံးနဲ့ ပေါင်းစပ်လာတယ်။ နောက်ဆုံး အဆင့်တက်တဲ့အခါ တာအိုသစ်စေ့ကနေ ပွင့်လန်းလာပြီး တာအိုစိတ်ဆန္ဒဖြစ်လာတာပဲ ”
" အဲဒီလိုဖြစ်သွားတဲ့အခါ နင် ကောင်းကင်ဧကရာဇ်အဆင့်ကနေ ဖောက်ထွက်သွားပြီ။ အဲဒါကို အောင်မြင်တဲ့ ဘယ်သူမဆို ကမ္ဘာပေါ်မှာ တတိယမြောက် လောကနတ်ဘုရားအဆင့် ဧကရာဇ်တစ်ပါး ဖြစ်လာလိမ့်မယ် “
" ကံဆိုးတာက အဲဒါက တကယ့်ကို ခက်တယ်။ အခု ငါတို့မှာ ဧကရာဇ်နှစ်ပါးပဲရှိတယ်လေ။ နှစ်ယောက်လုံးမှာ တာအိုစိတ်ဆန္ဒရှိပြီးတော့ လောကနတ်ဘုရားအဆင့်ပညာရှင်တွေပဲ "
ပိုင်ရှောင်ချန်းနှင့် သရဲကြီးဘုရင်မှာ ယခုလေးတင် သူတို့ ကြားခဲ့ရသည့်စကားများကြောင့် လုံးလုံးလျားလျား တုန်လှုပ်သွားကြတော့သည်။
" စိတ်စွမ်းအား၊ စိတ်ဆန္ဒအမြစ်၊ တာအိုသစ်စေ့၊ တာအိုစိတ်ဆန္ဒ "
ပိုင်ရှောင်ချန်းက ရေရွတ်လိုက်သည်။
" ကမ္ဘာပေါ်က အရာအားလုံးမှာ စိတ်စွမ်းအားရှိတယ် " ကုန်းစွန်းဝမ်အာက ဆက်ပြော၏။
" အဲဒါက ပုံစံအမျိုးမျိုးနဲ့ လာနိုင်တဲ့ အုတ်မြစ်တစ်ခုပဲ။ ကောင်းကင်၊ မြေကြီး၊ ကမ္ဘာ၊ တည်ရှိသမျှ သက်ရှိအရာအားလုံး။ အပင်အကုန်လုံးနဲ့ အသီးအရွက်အမျိုးအစားအကုန်။ ကမ္ဘာကြီးက တောင်တစ်လုံးလိုပဲ အပေါ်ကလူတွေက အောက်မှာရှိတဲ့ လူတိုင်းကို အလွယ်တကူ နင်းခြေပစ်နိုင်တယ်။ အောက်ကလူတွေအတွက်ကျတော့ အမြင့်ရောက်သထက်ရောက်အောင် မဆုတ်မနစ် ရုန်းကန်ကြရမယ်။ ပထမဆုံး စိတ်စွမ်းအားကို အမြစ်တစ်ခုအဖြစ်ပြောင်းရမယ်။ ပြီးရင် စိတ်စွမ်းအင်ပင်လယ်ထဲမှာ မြှုပ်နှံရမယ်။ နောက်ဆုံးကျ အဲဒါက တာအိုစိတ်ဆန္ဒကို မွေးဖွားပေးတဲ့ တာအိုသစ်စေ့တစ်စေ့ ဖြစ်လာလိမ့်မယ် “
" ကောင်းကင်ဧကရာဇ်တွေ ကိုင်ဆွဲတဲ့ နတ်ဘုရားစွမ်းရည်တွေ၊ တာအိုမှော်အတတ်တွေမှာ အကန့်အသတ်မရှိဘူး။ ဘာလို့လဲဆိုတော့ ဖန်ဆင်းထားတဲ့ အရာအားလုံးက သူတို့မှော်ပညာအတွက် အခြေခံအဖြစ် အသုံးပြုလို့ရတာေကြာင့်ပဲ။ အဲဒါက တာအိုသစ်စေ့ကြောင့်ပဲ “
" တာအိုသစ်စေ့ပေါ်လာတဲ့အခါမှပဲ လူတစ်ယောက်က ကောင်းကင်နှင့်မြေပြင်အားလုံးထက် သာလွန်တဲ့ အစစ်အမှန်အင်အားကြီးတဲ့ ေကာင်းကင်ဧကရာဇ်တစ်ပါး ဖြစ်တယ် “
" သက်ရှိအရာအားလုံးရဲ့ အခြေခံကျတဲ့ အစိတ်အပိုင်းတစ်ခုအဖြစ် တည်ရှိတဲ့ စိတ်စွမ်းအားနဲ့ ပတ်သက်ရင်တော့ ဟိုးရှေးအချိန်ကနေ အခုထက်ထိ အသိအမြင်တွေ၊ ရှင်းလင်းချက်တွေ အမျိုးမျိုးရှိတယ်။ လူအများစုကတော့ စိတ်စွမ်းအားက ယုံကြည်မှုနဲ့ ဆင်တူတယ်လို့ ယုံကြည်ကြတယ်။ ဥပမာ သရဲမယ်တော် သူ့တာအိုမှော်အတတ်ကို သုံးတုန်းက မိစ္ဆာဧကရာဇ်နိုင်ငံတော်က လူတိုင်းရဲ့ ယုံကြည်မှုစွမ်းအားကို ဆင့်ခေါ်တုန်းကပေါ့ “
" ယုံကြည်မှုက အင်ပါယာနိုင်ငံတော်တွေ ဖြစ်တည်လာခဲ့တဲ့ အခြေခံအကြောင်းရင်းတစ်ရပ်ပဲ။ လောကနတ်ဘုရားအဆင့်တွေ ဘယ်လိုအလုပ်လုပ်လဲ အပြည့်အဝ ငါ နားမလည်ပေမယ့် လောကနတ်ဘုရားတစ်ပါးက နယ်မြေများများ ထိန်းချုပ်ပြီး အဲဒီနယ်မြေတွေမှာ နေထိုင်တဲ့လူတွေ ပိုများလေ လောကနတ်ဘုရားက ပိုအစွမ်းထက်လေဆိုတာတော့ ငါ သေချာသိတယ် “
" ပြီးတော့လဲ ... တာအိုသစ်စေ့ ကောင်းကင်ဧကရာဇ်တွေအတွက် နတ်ဘုရားဝိညာဥ်ထက် ပိုအရေးကြီးတယ်။ အဲဒါက အရာအာလုံးရဲ့ အုတ်မြစ်ပဲ။ တာအိုသစ်စေ့ရှိတဲ့ ဘယ်သူမဆို သေသွားရင် လောကနတ်ဘုရားအဆင့်ပညာရှင်တစ်ယောက်ကနေ အသက်ပြန်သွင်းပေးလို့ရတယ် "
ပိုင်ရှောင်ချန်းနှင့် သရဲကြီးဘုရင်တို့နှစ်ယောက်လုံး သူမ၏စကားလုံးများကြောင့် သိသိသာသာ စိတ်နှလုံးလှုပ်ရှားသွားတော့သည်။
" အသက်ပြန်သွင်းတာလား "
သရဲကြီးဘုရင်က မေး၏။