← Chapters

အနာဂတ်က ဆိုးဝါးတယ်

Vol. 11 Ch. 1052

အနာဂတ်က ဆိုးဝါးတယ်

Vol. 11 Ch. 1052

" အသက်ပြန်သွင်းတယ် "

ကုန်းစွန်းဝမ်အာက ထပ်ပြော၏။

" အဲဒါကြောင့် လောကနတ်ဘုရားတွေက ဧကရာဇ်တွေ ဖြစ်နေတာပဲ။ ဟိုးအရင်နှစ်တွေတုန်းက သူတော်စင်ဧကရာဇ်နိုင်ငံတော်က ချေမှုန်းခံရလုနီးပါးပဲ။ ဒါပေမဲ့ သူတော်စင်ဧကရာဇ် အဆင့်တက်တာနဲ့ မိစ္ဆာဧကရာဇ်မှာ နောက်ဆုတ်ဖို့ကလွဲပြီး အခွင့်အရေးမရှိတော့ဘူး “

" ဘယ်သူကမှ လောကနတ်ဘုရားတွေ အမှန်တကယ် ဘယ်လောက် စွမ်းအားကြီးလဲ မသိဘူး။ ဧကရာဇ်နှစ်ပါးက ဘယ်တော့မှ တစ်ယောက်နဲ့တစ်ယောက် မျက်နှာချင်းဆိုင် မတိုက်ကြဘူးလေ။ ငါတို့သေချာသိတာတော့ သူတို့က ကောင်းကင်ဧကရာဇ်တွေကို အသက်ပြန်သွင်းနိုင်တဲ့အထိ အစွမ်းထက်တယ်ဆိုတာပဲ "

ကုန်းစွန်းဝမ်အာသည် ယခင်က ဤသတင်းကို တစ်ခါမှ မကြားဖူးသော လူများအတွက် သူမ၏စကားများက မည်မျှအံ့သြဖွယ်ကောင်းမည်ကို သိသဖြင့် ပိုင်ရှောင်ချန်းနှင့် သရဲကြီးဘုရင်ကို ကြည့်လိုက်သည်။

သူမ၏ယူဆချက် မှန်ပေသည်။ ပိုင်ရှောင်ချန်းက အသက်မနည်းရှူနေပြီး သရဲကြီးဘုရင်မှာ အံ့သြခြင်းလှိုင်းလုံးများဖြင့် ရိုက်ပုတ်ခံလိုက်ရသည့်အလား ခံစားလိုက်ရသည်။ ယခုမှသာ သူတို့သည် အင်ပါယာနိုင်ငံနိုင်ငံက အမှန်စင်စစ် မည်မျှ စွမ်းအားကြီးကြောင်း နားလည်သဘောပေါက်လာတော့သည်။ သူတို့မြင်ခဲ့သမျှက ရေခဲတောင်ကြီး၏ ထိပ်ပိုင်းသာ ဖြစ်သည်။

" အဆင့်တက်ပြီး ကောင်းကင်ဧကရာဇ်တစ်ပါးဖြစ်လာတဲ့ ဘယ်နတ်ဘုရားတစ်ပိုင်းကျင့်ကြံသူမဆို တာအိုသစ်စေ့တစ်စေ့ကို ဖန်တီးနိုင်ပြီးတော့ အဲဒါရဲ့အစိတ်အပိုင်းကို သူတို့ခစားတဲ့ အင်ပါယာနိုင်ငံရဲ့ တာအိုနန်းတော်ဆီ ပို့ရတယ်။ ပြီးတော့ အဲဒီ ကောင်းကင်ဧကရာဇ်သေရင် လောကနတ်ဘုရားဧကရာဇ်က အဲဒီတာအိုသစ်စေ့ကို သုံးပြီး အသက်ပြန်သွင်းနိုင်တယ်"

ကုန်းစွန်းဝမ်အာသည် ပိုင်ရှောင်ချန်းနှင့် သရဲကြီးဘုရင်တို့က သူမ ပြောခဲ့သမျှအား ကြေညက်စေရန် တခဏရပ်ကာ အချိန်ပေးလိုက်သည်။

ထို့နောက် သူမက ဆက်ပြောသည်။

" ပုံမှန်ဆိုရင် သိပ်မလှုပ်ရှားတတ်တဲ့ ဧကရာဇ်တွေကို ထည့်မတွက်ရင် ကောင်းကင်ဧကရာဇ်တွေက ထာဝရနယ်မြေတွေမှာ အကြီးကျယ်ဆုံးအတိုက်အခိုက်စွမ်းရည်ကို ပိုင်ဆိုင်ထားတယ် “

" တကယ်တော့ ကောင်းကင်ဧကရာဇ်တစ်ပါးကို အသက်ပြန်သွင်းတာက ပေးဆပ်ရဘဲ မနေဘူးလေ။ အဲဒါက လောကနတ်ဘုရားတစ်ပါးအတွက် အားယုတ်ရရုံတင်မကဘူး၊ အသက်ပြန်သွင်းခံရတဲ့ ကောင်းကင်ဧကရာဇ်လဲ အရင်ကထက် တစ်သက်လုံး အားနည်းသွားေတာ့မှာ “

" အဲဒါကြောင့် ကောင်းကင်ဧကရာဇ်တွေက သေလမ်းကို ရှောင်ရှားဖို့ သူတို့အစွမ်းရှိသမျှ ဘယ်အရာမဆို လုပ်ကြတာပဲ "

ဤအချိန်တွင် ကုန်းစွန်းဝမ်အာက စဥ်းစားရန်အတွက် စကားပြောခဏရပ်လိုက်သည်။ သူမ ထိမ်ချန်နိုင်သည့် ပြောစရာအကြောင်းအရာများစွာ ရှိသော်လည်း လျှို့ဝှက်ချက်များေတာ့ မဟုတ်ပေ။ ပိုင်ရှောင်ချန်းနှင့် သရဲကြီးဘုရင်တို့ သူတော်စင်ဧကရာဇ်နိုင်ငံတော်ကို ရောက်သည်နှင့် ထိုအကြောင်းစုံကို နောက်ဆုံး သိရမည်ဖြစ်သည်။

ထို့ကြောင့် သူမအတွက် မပြောပြစရာအကြောင်းမရှိပေ။

" ငါ့ခန္ဓာကိုယ်အစစ်ကတော့ နင် ဒါမှမဟုတ် သူတော်စင်ဧကရာဇ်က သတ်ရင်တောင်မှ အသက်ပြန်ရှင်လာဦးမှာပဲ။ ဒါပေမဲ့ ပိုနေမြဲကျားနေမြဲ အခြေအနေကို ထိန်းသိမ်းထားဖို့နဲ့ နိုင်ငံတော်ထဲက အခြားကောင်းကင်ဧကရာဇ်တွေရဲ့ စိတ်သဘောထားကို ရရှိစေဖို့ မိစ္ဆာဧကရာဇ်က ပြန်ရဖို့ သေချာပေါက် အပေးအယူလုပ်ရမှာပဲ "

ဤအချိန်တွင် ပိုင်ရှောင်ချန်း၏မျက်လုံးများက တဖျပ်ဖျပ် တောက်ပလာတော့သည်။ သူသည် ကောင်းကင်ဧကရာဇ်တစ်ပါး မည်သို့ဖြစ်လာသည်ကို မှတ်သားခဲ့ရသည်သာမက ဧကရာဇ်နှစ်ပါး၏ အံ့သြတုန်လှုပ်ဖွယ်သဘောဘဘာဝကိုလည်း ပို၍ သိလာခဲ့သည်။ သို့သော် အသက်ပြန်သွင်းခြင်းအကြောင်းပြောပြီးနောက် သူ၏ရင်ထဲတွင် ယခင်ကထက်ပို၍ အားကောင်းသွားသော သံသယတစ်ခုရှိလာတော့သည်။

" ကောင်းကင်တံတားတာအို သေလားရှင်လား "

ကောင်းကင်တံတားဒေသဖျက်စီးခံခဲ့ရစဥ်က ကောင်းကင်တံတားတာအို၏ ခန္ဓာကိုယ် ပေါက်ကွဲခဲ့ပြီး အစေ့နှင့်တူသော အရာတစ်ခုပျံထွက်လာခဲ့သည်။

" သူက ကောင်းကင်ဧကရာဇ်တစ်ပိုင်းအဆင့်ရဲ့အထွတ်အထိပ်ပဲ ရှိသေးတာ။ တာအိုသစ်စေ့ ဖန်တီးခဲ့နိုင်မလား ... "

သူသည် ထာဝရအင်မော်တယ်နယ်မြေများသို့ ရောက်ရှိပြီးနောက် သခင်အစစ်မဟုတ်သည်အတိုင် မည်သည့်ကန့်သတ်ချက်မှမပါဘဲ မြောက်ပိုင်း၏မဟာဓားအား အသုံးပြုလာနိုင်သည်ကိုလည်း တွေးမိလေသည်။

နောက်ဆုံးတွင် သူက ထိုအတွေးများကို ဘေးဖယ်ထားလိုက်ပြီး ကုန်းစွန်းဝမ်အာကို ပြန်ကြည့်လိုက်သည်။ သူသည် မိစ္ဆာဧကရာဇ်ထံ သူမ ပြန်ပေးခံရသည်ဖြစ်စေ၊ မခံရသည်ဖြစ်စေ သိပ်ဂရုမစိုက်ပေ။ သူမကို သူ၏သွေးပဏ္ဍာအဖြစ်အသုံးပြန်ရန်သာ လိုအပ်သည်။ သူမအနေဖြင့် သူ့သဘောအတိုင်းနေပေးရန် လှုံ့ဆော်နေသည့် သူမ သိထားသော အကြောင်းပြချက်များရှိကြောင်းကို သူ အချိန်အတော်အကြာကတည်းက ခန့်မှန်းမိခဲ့သည်။

" လောကနတ်ဘုရားအဆင့်ပြီးတော့ ဘာလဲ "

သူက မေးသည်။

" လောကနတ်ဘုရားအဆင့်ပြီးတော့လား "

ကုန်းစွန်းဝမ်အာက မျှော်လင့်ချက်များ ဖြစ်ဟန်တူသည့် အရိပ်အယောင်များဖြင့် မျက်ဝန်းလေးများ ရွှန်းလဲ့နေလျက် ပြုံးလိုက်သည်။

" လောကနတ်ဘုရားအဆင့်ပြီးရင် ... မိုးမြေဧကရာဇ်အဆင့်ပဲ “

" အခုထက်ထိတော့ ငါတို့နယ်မြေတွေမှာ မိုးမြေဧကရာဇ်သုံးပါးပဲ ရှိခဲ့ဖူးတယ်။ သူတို့အားလုံးက တချိန်တည်း အတူရှိခဲ့ပြီးတော့ လူသားမျိုးနွယ်အားလုံးရဲ့ ဘိုးဘေးကြီးတွေပဲ “

" နင် သူတို့အကြောင်း သိပြီးတာလဲ ဖြစ်နိုင်တယ်။ ဘာပဲပြောပြော ငါတို့အားလုံး ထာဝရနယ်မြေတွေမှာ ပြောနေကြတဲ့ ယုံတမ်းဒဏ္ဍာရီတွေက အမှန်ပဲ"

သူမက သက်ပြင်းချ၍ မိုးကောင်းကင်ကို မော့ကြည့်လိုက်သည်။

သရဲကြီးဘုရင်သည်လည်း ထိုနည်းတူ ဧရာမမျက်နှာကြီးနှင့် ဧရာမလက်ကြီးနှစ်ဖက်အား တိတ်တဆိတ်ကြည့်လိုက်သည်။

သရဲကြီးဘုရင်နှင့် ပိုင်ရှောင်ချန်းတို့မှာ ထူးဆန်းသောကောင်းကင်ကြီးကို မော့ကြည့်သည့် အချိန်တိုင်း သူတို့၏စိတ်နှလုံးများ တုန်ခါသွားကြသည်။

" ငါတောင်မှ လောကနတ်ဘုရားအဆင့်ကနေ မိုးမြေဧကရာဇ်အဆင့်ကို ဘယ်လိုတက်ရမလဲ သေချာမသိဘူး။ အဲဒီအကြောင်းကို ဧကရာဇ်နှစ်ပါးပဲ အရိပ်အမြွက်သိကြမှာ "

ထို့နောက် သူမက ထာဝရပင်လယ်ထံ အကြည့်လွှဲလိုက်သည်။

အောက်ရှိ ပင်လယ်ရေမျက်နှာပြင်ပေါ်တွင် မြူတိမ်တစ်ခုကို တွေ့နိုင်ပြီး ၄င်းအောက်တွင်ကား ဧရာမပုံသဏ္ဍာန်ကြီးရှိ၏။

ထိုပုံသဏ္ဍာန်ကြီးက .... ထာဝရပင်လယ်၏ အလယ်တည့်တည့်တွင် တည်ရှိသော ကုန်းမြေထုကြီးဖြစ်သည်။

' ကျွန်း ' ဟုဆိုပါက ၄င်းအား အကောင်းဆုံးရည်ညွှန်းရာရောက်လောက်သည်။ ၄င်းသည် လူသားအားလုံး အစပြုခဲ့သည့် ထာဝရပင်လယ်ထဲက သန့်စင်မွန်မြတ်သော နေရာတစ်နေရာဖြစ်ပေသည်။

အတိတ်တုန်းက ထိုနေရာတွင် ဧရာမရုပ်တုကြီးသုံးခု တည်ရှိခဲ့ဖူးသည်။

မိုးမြေဧကရာဇ်များသည် သေဆုံးပြီးနောက် ဧရာမရုပ်တုကြီးများ ဖြစ်လာကြလေသည်။

ပိုင်ရှောင်ချန်းက မကြာသေးခင်က ထိုရုပ်တုကြီးများအနက် ရုပ်ထုတစ်ခု ရပ်တည်ခဲ့သောနေရာကို လှမ်းကြည့်လိုက်သည်။ ထိုနေရာတွင် ဧရာမခြေရာကြီးကိုသာ မြင်ရလေသည်။

ဗဟို မိုးမြေဧကရာဇ် ရပ်နေခဲ့စဥ်က ပိုင်ရှောင်ချန်းသည် ကောင်းကင်တံတားဒေသဖြစ်သည့် သူ၏ခန္ဓာကိုယ်ထဲတွင် နေထိုင်ခဲ့သည်။

အရိုးဖွတ်စစ်သင်္ဘောကြီးက မြူတိမ်တိုက်များကို ဖြတ်၍ တရိပ်ရိပ်သွားနေစဥ် သူတို့သုံးဦးသား နှုတ်ဆိတ်နေကြတော့သည်။

နောက်ဆုံးတွင် သူတို့သည် ကျွန်းကို ကျော်သွားပြီး ထာဝရပင်လယ်၏ ရေလှိုင်းလုံးများတစ်လျှောက် တဟုန်ထိုးသွားနေကြ၏။ ထိုအချိန်တွင် ပိုင်ရှောင်ချန်းက စကားတစ်ခွန်း ရေရွတ်လိုက်သည်။

" မိုးမြေဧကရာဇ် ... "

ကျန်ခရီးစဥ်တစ်လျှောက် တိတ်ဆိတ်နေကြ၏။ သရဲကြီးဘုရင်က မြေရိုင်းဒေသများအကြောင်း တွေးနေပြီး ပိုင်ရှောင်ချန်းက အဏ္ဏဝါခေါ်သံဂိုဏ်းအကြောင်း သတိရနေကာ ကုန်းစွန်းဝမ်အာမှာတော့ အတောမသတ်နိူင်သောသက်ပြင်းများဖြင့် ပြည့်နှက်နေတော့သည်။

သူမသည် လက်ရှိအခြေအနေ၏ အခရာဖြစ်သည့်အတွက် သူတော်စင်ဧကရာဇ်နိုင်ငံတော်နှင့် နီးလာသည်နှင့်အမျှ ပို၍စိုးရိမ်သောကရောက်လာသော်လည်း သူမက မပြသပေ။

နောက်ဆုံးတွင် သူတို့သည် သူတော်စင်ဧကရာဇ်နိုင်ငံတော်နှင့် သက်ဆိုင်သော အင်မော်တယ်နယ်မြေနှင့် နီးကပ်လာ၏။ ထိုအချိန်တွင် ပိုင်ရှောင်ချန်းက ထရပ်လိုက်သည်။

" ငါတို့ ရောက်တော့မယ် ကုန်းစွန်းဝမ်အာ။ ကျေးဇူးပြုပြီး ကလန်ကဆန်မလုပ်နဲ့ ... "

ကုန်းစွန်းဝမ်အာက မဆိုစလောက် မျက်မှောင်ကြုတ်သွားပြီး ခေါင်းညိတ်လိုက်သည်။ သူမသည် နောက်ဆုံးတွင် ထိခိုက်စေရန် မဟုတ်ဘဲ မှန်ကန်သောသတင်းပေးပို့ရန်နှင့် မိစ္ဆာဧကရာဇ်ထံ ပြန်လဲလှယ်ရန်အတွက် သူမကို ချိတ်ပိတ်မည်ဖြစ်ကြောင်း လမ်းတစ်လျှောက်လုံး သိထားခဲ့သည်။

သူမက ပိုင်ရှောင်ချန်းကို ညှို့ငင်ဖမ်းစားနိုင်သည့်အပြုံးကလေးဖြင့် ပြုံးပြကာ ပြော၏။

" ညင်ညင်သာသာ လုပ်နော် အချစ်လေး ... နာအောင်မလုပ်နဲ့ "

ထိုစကားကြောင့် ပိုင်ရှောင်ချန်းမှာ ရင်ခုန်သွားပြီး သရဲကြီးဘုရင်မှာ အသက်မနည်းရှူလိုက်ရတော့သည်။

ပိုင်ရှောင်ချန်းက သူမကိုကြည့်၍ အသက်မနည်းရှူကာ စကားအနည်းငယ် ရေရွတ်ပြီးနောက် မန္တန်လက်ကွက်တစ်ကွက် အလျင်အမြန်ဖော်၍ ကုန်းစွန်းဝမ်အာ၏ခန္ဓာကိုယ်ထဲသို့ မမြင်ရသောပိတ်လှောင်ခြင်းတံဆိပ်တစ်ခု ပေးပို့လိုက်သည်။ ကန့်သတ်ပိတ်ပင်ခံရပြီးနောက် သူမ၏စွမ်းအင်မှာ အနည်းငယ်လွင့်ပါးသွားပြီး သူမက ဖြူဖပ်ဖြူရော်မျက်နှာနှင့် အသက်မနည်းရှူ၍ ထိုင်ချလိုက်သည်။

သို့စေကာမူ သူမ၏သနားစရာကောင်းသော အခြေအနေက သူမအား ပို၍ဆွဲဆောင်မှု ရှိသွားစေသည်။

သူမကို မကြည့်ရဲသဖြင့် ပိုင်ရှောင်ချန်းက အဝေးက အင်မော်တယ်နယ်မြေကိုသာ စူးစိုက်ကြည့်နေတော့သည်။

ကုန်းမြေထုကြီး ကြီးသထက်ကြီးလာသည်နှင့် သူက စိတ်ထဲတွင် တုန်ရီသွားပြီးနောက် သူ၏မျက်လုံးများ မှေးသွား၏။ သူတို့၏အရှေ့တွင် ဓားအိမ်ထဲမှ မထုတ်ရသေးသော ဓားတစ်ချောင်းအလား ပြင်းထန်ပြီး အန္တရာယ်များသည့် စွမ်းအားကြီးသော အရှိန်အဝါတစ်ခုကို သူ ယခုလေးတင် အာရုံရလိုက်သည်။

၄င်းကြောင့် မိုးကောင်းကင်ကြီး တုန်ခါသွားပြီး လေပြင်များ တဝေါဝေါတိုက်ခတ်လာရာ ထာဝရပင်လယ်ပေါ်ရှိ လှိုင်းလုံးများက မယုံကြည်နိုင်ဖွယ် အမြင့်အထိ မြင့်တက်သွားတော့သည်။ တချိန်တည်းမှာပင် ဓားချီစီးကြောင်းတစ်ကြောင်း အင်မော်တယ်နယ်မြေမှ တဟုန်ထိုးထွက်လာ၏။

၄င်းက ထောင့်ဖြတ် မီတာ ၃၀၀၀၀ တိတိရှိပြီး လမ်းတစ်လျှောက်ရှိ မည်သည့်အရာကိုမဆို ချေမှုန်းနိုင်သည်အထိ စွမ်းအားကြီးမားသည်။ ၄င်းနီးကပ်လာသည်နှင့် အရိုးဖွတ်ကြီးမှာ တဆတ်ဆတ် တုန်ယင်သွားပြီး မျက်လုံးများက တောက်ပစွာ လင်းလက်လာတော့သည်။

စစ်သင်္ဘောပတ်ပတ်လည်ရှိ လေထုကြီးမှာ ချက်ချင်းပင် ပိတ်လှောင်ခံလိုက်ရသဖြင့် ၄င်း၏အောက်ရှိ မည်သည့်အရာမဆို သွေးခဲတစ်ခဲအဖြစ် ဆိုက်ရောက်သွားစေနိုင်ပုံရသည့် ပြင်းထန်သောဖိအားကြီး သက်ရောက်လာတော့သည်။

သရဲကြီးဘုရင်၏မျက်နှာပေါ်တွင် လေးနက်သောအမူအရာတစ်ခု ပေါ်လာပြီး သူ့ပါးစပ်မှ သွေးများစီးကျလာ၏။ ကုန်းစွန်းဝမ်အာ၏အမူအရာ ရိပ်ခနဲဖြစ်သွားပြီး ပိုင်ရှောင်ချန်းက ရင်တဒိန်းဒိန်းခုန်လျက် လှမ်းကြည့်လိုက်သည်။ တခဏကြာသော် ဓားချီက အဖြူရောင်ဝတ်ရုံကို ဝတ်ဆင်ထားသော ရှည်လျားသော အဖြူရောင်ဆံပင်နှင့် ချောမောခန့်ညားသော သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးအသွင် ဖြစ်တည်လာ၏။

သူက ရေခဲတမျှအေးစက်သော မျက်လုံးများဖြင့် သူ၏ရှေ့က စစ်သင်္ဘောကြီးကို ကြည့်ရှူစစ်ဆေးလိုက်သည်။

ထိုအကြည့်က ကောင်းကင်ဘုံမှလာသော လျှပ်စီးသဖွယ် စူးရှလေသည်။

သူ၏တည်ရှိမှုကြောင့် မိုးကောင်းကင်ကြီး တသိမ့်သိမ့်တုန်သွားပြီး ထာဝရပင်လယ်မှာ လှုပ်ရှားခြင်းမရှိ ငြိမ်သက်သွားသည်။ အရိုးဖွတ်ကြီးမှာမူ ဆက်၍မပျံသန်းရဲတော့ဘဲ ချက်ချင်းပင် တုံ့ခနဲရပ်လိုက်၏။

" ဂူထျန်ကျွင်း "

ကုန်းစွန်းဝမ်အာ ပြော၏။ သူမသည် ချစ်စရာကောင်းပြီး ဆွဲဆောင်မှုရှိသည့်ပုံ မပေါ်တော့ပေ။ ထိုအစား သူမ၏မျက်လုံးများသည် ထူးဆန်းသော အလင်းများဖြင့် တောက်ပသွားသည့်နည်းတူ အကြောက်တရာများလည်း ရောယှက်ပါဝင်နေ၏။

အဖြူရောင်ဝတ်ရုံနှင့် ဆံဖြူရှင်ဂူထျန်ကျွင်းက ကုန်းစွန်းဝမ်အာကို ကြည့်ပြီးနောက် ပိုင်ရှောင်ချန်းကို ကြည့်သည်။ သူက လွန်စွာ တည်ငြိမ်သောအသံဖြင့် ပြော၏။

" လွှဲပြောင်းမှု လက်ခံရရှိပါတယ်။ ကျေးဇူးပြုပြီး အခုချက်ချင်း ထွက်သွားပါ "

သရဲကြီးဘုရင်မှာ ထောင်းခနဲ ဒေါသထွက်သွားပြီး ပိုင်ရှောင်ချန်း၏မျက်လုံးများက အေးစက်သောအလင်းများဖြင့် ရိပ်ခနဲ လက်သွား၏။ သူတို့အပေါ်သက်ရောက်နေသော ဖိအားနှင့် ယခုလေးတင်ပြောလိုက်သည့် စကားလုံးများက သူတို့နှစ်ယောက်လုံးအတွက် နောက်ဆုံးစည်းကို ကျော်လွန်သွားသည်။ ဂူထျန်ကျွင်းကား ... မကောင်းသောရည်ရွယ်ချက်ဖြင့် လာခဲ့လေပြီ။

All Chapters