← Chapters

တာအိုရောင်းရင်းပိုင်၊ ကျေးဇူးပြုပြီး ...

Vol. 11 Ch. 1053

တာအိုရောင်းရင်းပိုင်၊ ကျေးဇူးပြုပြီး ...

Vol. 11 Ch. 1053

ဂူထျန်ကျွင်းသည် ကောင်းကင်တံတားဒေသမှ လူများကို အမြဲအထင်သေးခဲ့သည်။ ဗဟိုမိုးမြေဧကရာဇ်၏ ကိုယ်ထည်ကြီး မပေါက်ကွဲခဲ့စဥ်ကတည်းက ဗဟိုဧကရာဇ်နိုင်ငံတော်မှ လူများရောက်ရှိလာမည်ကို သူ မျှော်လင့်စောင့်စားနေခဲ့၏။ သို့သော် ပြိုကျပျက်စီးသွားပြီးနောက် ကောင်းကင်တံတားဒေသမှ လူအများက သူတော်စင်ဧကရာဇ်နိုင်ငံတော်၏ အစိတ်အပိုင်းဖြစ်လာသောအခါ အကြောင်းကိစ္စများ ပြောင်းလဲသွားလေပြီ။

အချိန်များ တရွေ့ရွေ့ကုန်ဆုံးလာသည်နှင့်အမျှ သူသည် ကောင်းကင်တံတားဒေသတွင် ဖြစ်ပွားခဲ့သောကိစ္စများအကြောင်း ပိုမိုသိရှိလာခဲ့၏။

" အတောမသတ်နိုင်တဲ့ ဆူပူအုံကြွမှုတွေ။ ပြီးတော့ လူတစ်ယောက်လောက်ကိုတောင် မဟာယနအဆင့်ကို မမြှင့်တင်ပေးနိုင်ခဲ့ဘူး။ သူတို့က ဒီလောက်တောင် နောက်ကျနေမှတော့ အစေခံဖြစ်ကိန်းပါတာပဲ။ သောက်သုံးမကျလိုက်တာ "

ဂူထျန်ကျွင်းသည် သူ့ထက်ပို၍ အစွမ်းထက်သူများကို မော်ကြည့်သော်လည်း တချိန်တည်းမှာပင် သူတို့ကို အနိုင်ယူ၍ သူတို့နေရာယူချင်သော လူစားမျိုး ဖြစ်သည်။ ထိုသည်က သူတော်စင်ဧကရာဇ်ဧကရာဇ်ပင် အမှားမထောက်နိုင်သော သူနှင့်ပတ်သက်သည့်စရိုက်တမျိုး ဖြစ်၏။

သွေးမျိုးဆက်အရ ဆိုပါက ... ဂူထျန်ကျွင်းသည် မူလသူတော်စင်ဧကရာဇ်၏ တိုက်ရိုက်သွေးသားတစ်ဦးလည်း ဖြစ်သည်။

သူက သူ့ထက် အစွမ်းနိမ့်ကျများကို ပိုးကောင်လေးများသဖွယ်သာ ရှုမြင်တတ်၏။ သို့ြဖစ်၍ သူတော်စင်ဧကရာဇ်နိုင်ငံတော်တွင် ပိုးကောင်အမြောက်အမြားရှိပြီး ကောင်းကင်တံတားဒေသကလူများမှာမူ ...

ပိုးကောင်များ၏အောက်အဆင့်သာ ရှိပေသည်။

လူအများစုက သူတို့၏ စိတ်စွမ်းအင်အဆင့်မြှင့်တင်ခြင်းစွမ်းရည်များအကြောင်း ပြောကြပြီး ထိုသည်က ဂူထျန်ကျွင်းအတွက် မဆိုစလောက် စိတ်ဝင်စားဖွယ်ကောင်းသော်လည်း သူသည် ၄င်းအား ဆေးဖော်စပ်ခြင်း သို့မဟုတ် ပန်းပဲထုခြင်းကဲ့သို့ ကျွမ်းကျင်မှုလေးတစ်ခု ဟူ၍သာ မြင်ထားသည်။ ထိုကဲ့သို့ ကျွမ်းကျင်မှုများသာရှိသော ကောင်းကင်တံတားဒေသ၏လူများသည် ထာဝရနယ်မြေများရှိ အခြားမဟာမျိုးဆက်နှစ်ခုကို အလုပ်အကျွေးပြုရန်သာ အရည်အချင်းပြည့်မှီသည်။

သူက ကျွန်ဖြစ်ရန် သတ်မှတ်ပြီးသားပင်။

ယခု သူ ဆုံတွေ့နေရသည့် လူများမှာ သူ့အတွက် ပိုးကောင်များအဖြစ်ပင် မသတ်မှတ်နိုင်သည့် ကောင်းကင်တံတားလူနှစ်ဦးသာ ဖြစ်သည်။ ကံကြမ္မာေဖးမသောကြောင့်သာ သူတို့က ကောင်းကင်ဧကရာဇ်တစ်ပါးကို ပြန်ပေးဆွဲနိုင်ခဲ့သည်ဖြစ်ပြီး သူ့ရင်ထဲတွင် သူတို့အပေါ်ခံစားရသည့် အထင်အမြင်သေးမှုကို မလျော့ပါးစေနိုင်ပေ။

" သူတို့က သူတော်စင်ဧကရာဇ်နိုင်ငံတော်ရဲ့ အကူအညီကိုပဲ လိုချင်နေတာ "

အသက်ရှူချိန်အနည်းငယ်ကြာပြီးနောက် ဂူထျန်ကျွင်းသည် သူ၏စကားလုံးများက မထိရောက်သည့်အပေါ် စိတ်မရှည်ဖြစ်လာတော့သည်။

သူက ရှေ့တစ်လှမ်းတိုး၍ ပိုင်ရှောင်ချန်းနှင့် သရဲကြီးဘုရင်ကို လျစ်လျူရှုကာ သူ၏ကြောက်ခမန်းလိလိ ဓားချီကို သုံး၍ အရိုးဖွတ်စစ်သင်္ဘောကြီးကို ကာကွယ်ထားသည့် ဒိုင်းအကာကို စုတ်ဖြဲလိုက်ပြီးနောက် ကုန်းစွန်းဝမ်အာရှေ့တည့်တည့် ကုန်းပတ်ပေါ်သို့ ဆင်းသက်လိုက်သည်။

အကာအကွယ်များအား သူအလွယ်တကူ ဖြတ်သွားနိုသည့် အကြောင်းရင်းမှာ ကုန်းစွမ်းဝမ်အာက ချုပ်နှောင်ခံရပြီး ဖြစ်သောကြောင့်ပင်။

" နှုတ်ဆက်ပါတယ် သရဲမယ်တော် "

သူက ပြုံး၍ ပြော၏။ ကောင်းကင်တံတားကျင့်ကြံသူနှစ်ယောက်ကိုမဟုတ်ဘဲ သူက သရဲမယ်တော်ကို အလွန်စိတ်ဝင်စား၏။ လွန်ခဲ့သော နှစ်ပေါင်းများစွာက သူမ၏လက်မောင်းကို သူ ခုတ်ဖြတ်ခဲ့ပြီး ဤသည်မှာ ထိုအချိန်ကတည်းက သူမကို ပထမဆုံးအကြိမ် ပြန်တွေ့ခြင်းဖြစ်သည်။ ယခုလောလောဆယ်တွင် သူမက အလွန်အားနည်းသောအခြေအနေတစ်ရပ်သို့ ရောက်ရှိေနပါသော်လည်း သူမက ကောင်းကင်ဧကရာဇ်တစ်ပါးဖြစ်သောကြောင့် သူသည် သူမကို ကမ္ဘာပေါ်ရှိအခြားပိုးကောင်များထက် အနည်းငယ်မြင့်မားသူအဖြစ် မြင်ထား၏။

ပိုင်ရှောင်ချန်းက ဂူထျန်ကျွင်းကို အေးတိအေးစက်နှင့် တိတ်ဆိတ်စွာ ရပ်ကြည့်နေသည်။ သရဲကြီးဘုရင်မှာမူ အသက်ရှင်နေထိုင်လာခဲ့သည်မှာ ကြာမြင့်နေပြီဖြစ်၍ အနှီပုဂ္ဂိုလ် ထုတ်ဖော်ပြသခဲ့သော အေးစက်မှုအရ သူတို့ကို မည်မျှအထင်သေးနေကြောင်း အလွယ်တကူ ရိပ်စားမိ၏။ ထို့ပြင် ထိုလူက သူတို့ကို သူတော်စင်ဧကရာဇ်မြို့တော်သို့ သွားစေကာ သရဲမယ်တော်အား လက်လွှဲခွင့်ပေးစေမည့် ရည်ရွယ်ချက် မရှိကြောင်း သိသာ၏။

အခြေအနေကို ကြည့်ခြင်းအားဖြင့် သွေးပဏ္ဍာဟုသတ်မှတ်ထားသောအရာမှာ ဟာသတစ်ခုထက် မပိုတော့ပေ။

သူက သူ့ကိုယ်သူ အပြင်းအထန်ထိန်းချုပ်၍ ရှေ့တက်ပြီး လက်ယှက်က ဦးညွှတ်အရိုအသေပေးလိုက်သည်။

" ဂါဝရပြုပါတယ် ကြီးမြတ်သော ကောင်းကင်ဧကရာဇ်ခင်ဗျား။ ကျုပ်တို့က သရဲမယ်တော်ကို ကိုယ်တိုင် ... "

" ပိတ်ထားစမ်း "

ဂူထျန်ကျွင်းက အရေးမပါသည့်ဟန်ဖြင့် လက်ကို ခါယမ်းကာ ပြော၏။

" မင်း ဆုလာဘ်လိုချင်တာမလား။ အေး မင်းလာခဲ့တဲ့နေရာကိုသွားပြီး စောင့်နေလိုက်။ နောက်ရက်ကျ မင်းအတွက် ဆုကြေးရောက်လာလိမ့်မယ် "

ထို့နောက် သူက သရဲမယ်တော်ကို ဖမ်းဆွဲရန် လက်လှမ်းလိုက်သည်။ သို့သော် သူ မဆွဲမိလိုက်ခင် ပိုင်ရှောင်ချန်းက ရုတ်တရက် အေးတိအေးစက် ရယ်မောလိုက်၏။

သူက ရင်ထဲတွင် အလွန်စိတ်လှုပ်ရှားနေသည်။ ဂူထျန်ကျွင်းက သရဲမယ်တော်နှင့် မတူညီသောအဆင့်မှာ ရှိနေသည်ကို သူ အာရုံရလိုက်သည် မဟုတ်ပါလော။ သို့သော် ဂူထျန်ကျွင်းက ပို၍အစွမ်းထက်နေလျှင်တောင်မှ ယခုကဲ့သို့ ကျူးကျူးကျောက်ကျော် မတူမတန်သလို ပြုမူနေသည်ကို သူ သည်းမခံနိုင်ပေ။ ထို့ပြင် သူသည် ကုန်းစွမ်းဝမ်အာအား မည်သည့်နည်းနှင့်မှ အလွယ်တကူ ယူသွားခွင့်ပေးမည် မဟုတ်။

သူက စကားပြောခြင်းအားဖြင့် အချိန်ဖြန်းမနေတော့။ အပြာရောင်အလင်းတစ်ခု လက်ခနဲ ဖြစ်သွားပြီး ကောင်းကင်တုန်ခါ၍ မြေပြင်တို့အက်ကွဲစေသော ဖိအားကို ထုတ်လွှတ်လာသည့် မြောက်ပိုင်း၏မဟာဓား ပေါ်လာတော့သည်။ ထို့နောက် သူက ရိပ်ခဲနဲ လှုပ်ရှားကာ ဂူထျန်ကျွင်းကို ဓားဖြင့် ခုတ်ပိုင်းချလိုက်သည်။

ဂူထျန်ကျွင်း၏ အမူအရာ ရိပ်ခနဲဖြစ်သွားပြီး ဖြစ်ပျက်နေသည်ကို ကြည့်ရန် ခေါင်းကို လှည့်လိုက်သည်။ မြောက်ပိုင်း၏ မဟာဓားကို မြင်သောအခါ သူ၏မျက်လုံးအိမ်များ မှေးသွားပြီး သူ့လက်ကို ကုန်းစွန်းဝမ်အာထံမှ ဓားထံ ဖမ်းဆုပ်မည့်အလား လွှဲယမ်းလိုက်သည်။

ဓားနှင့် ဂူထျန်ကျွင်း၏လက် ထိမိသွားသောအခါ ပြင်းထန်သော တုန်ခါလှိုင်းတစ်လှိုင်းနှင့်အတူ ဝုန်းခနဲ ပေါက်ကွဲသံအကျယ်ကြီး ပဲ့တင်ထပ်သွားတော့သည်။ ဂူထျန်ကျွင်းသည် ဖြစ်ပျက်နေသည်များအား နားမလည်လိုက်ဘဲ နောက်သို့ယိမ်းယိုင်ကာ စစ်သင်္ဘောအပြင်သို့ ရောက်သွားလေသည်။

ပိုင်ရှောင်ချန်းက ဓား၏စွမ်းအားမှတဆင့် သူ၏ခန္ဓာကိုယ်တွင်းရှိ ချီနှင့် သွေးများအားလုံး တုန်ခါသွားကြောင်း ခံစားလိုက်ရသည်။ အခြား မည်သည့်နတ်ဘုရားတစ်ပိုင်းမဆိုထားဘိ သာမန် ကောင်းကင်ဧကရာဇ်တစ်ပိုင်းအဆင့်၏ အထွတ်အထိပ်ပင် ထိုတန်ပြန်အားလှိုင်းကြောင့် ဒဏ်ရာအပြင်းအထန်ရသွားမည်ဖြစ်သည်။

သို့သော် ပိုင်ရှောင်ချန်းက ထာဝရအသက်ရှည်နည်းကျမ်းကို တတ်မြောက်ထားသည်ဖြစ်၍ မျက်စိတစ်မှိတ်အတွင်းမှာပင် မည်သည့်ဒဏ်ရာကိုမဆို ပြန်လည်သက်သာလာနိုင်သည်။ ထို့ကြောင့် သူက အေးစက်ခက်ထန်သော အမူအရာဖြင့် စစ်သင်္ဘောပေါ်မှနေ၍ ဂူထျန်ကျွင်းကို ရပ်ကြည့်နေသည်။

" ဘယ်လောက်တောင် အတင့်ရဲလိုက်လဲ "

ဂူထျန်ကျွင်း၏ မျက်လုံးများ မှေးသွားကာ ပြော၏။ သူက ပိုင်ရှောင်ချန်း၏ ပြန်လည်ကုစားခြင်းအစွမ်းကြောင့် အံ့သြတုန်လှုပ်သွားသော်လည်း သူကိုင်ဆောင်ထားသော ဓားကြီးအား လောဘတကြီး မကြည့်မိဘဲ မနေနိုင်တော့ပေ။

ဤအခိုက်အတန့်တွင် သရဲကြီးဘုရင်၏ နှလုံးသား ထွက်ကျမတတ်ပင်။ ဘေးက ကုန်းစွန်းဝမ်အာ၏ မျက်နှာပေါ်တွင် ရောထွေးသော ခံစားချက်များကို မြင်နိုင်လေသည်။ ပိုင်ရှောင်ချန်းသည် ရဲဝင့်စွာ ရပ်နေသည့်ပုံပေါ်သော်လည်း ရင်ထဲတွင် စိတ်လှုပ်ရှားနေသည်ကို သူမ သိသည်။

တချိန်တည်းမှာပင် သူမသည် သူပြောင်းလဲသွားသည်ကိုလည်း သဘောပေါက်လိုက်သည်။ သူမက သူ့ကို သရဲကြီးဘုရင်ထက် ပို၍ ကောင်းစွာသိသည် မဟုတ်ပါလော။ အတိတ်တုန်းက သူသည် သူ့ထက် ပို၍စွမ်းအားကြီးသော ရန်သူတစ်ယောက်နှင့် ရင်ဆိုင်ရတိုင်း မည်သည့်ဆက်ဆံရေးတင်းမာမှုကိုမဆို အလျော့ပေးဆက်ဆံတတ်သည်။ သို့သော် ယခုတွင် သူက ဓားကိုသာ ဆွဲထုတ်၍ တိုက်ခိုက်လိုက်လေသည်။

" သူ တကယ်ပဲ ရင်ဆိုင်မလို့လား ... "

သူမက တွေးလိုက်သည်။ ဤအခိုက်အတန့်တွင် ပိုင်ရှောင်ချန်းသည် သူမ၏ရှေ့တွင် တောင်ကြီးတစ်လုံးအလား မားမားမတ်မတ် ရပ်နေသည်။

ပိုင်ရှောင်ချန်းက တခဏကြာသည်အထိ နှုတ်ဆိတ်နေ၏။ ဤသည်မှာ အလွန်အရေးကြီးသော အခိုက်အတန့်ဖြစ်ပြီး အောင်မြင်ရန် အခွင့်အရေးတစ်ခုသာရှိကြောင်း သူ သိသည်။ ထို့ကြောင့် သူက သူ၏စိတ်လှုပ်ရှားမှုများအား နှိမ်နင်းရန် မြေရိုင်းဒေသတွင် သင်ယူခဲ့သမျှအားလုံးကို ပြန်တွေးလိုက်သည်။

" အတင့်ရဲတယ်ပေါ့ " သူက ကျယ်လောင်စွာပြော၏။

" ခင်ဗျား နာမည်က ဂူထျန်ကျွင်းမလား။ ကဲ ကျုပ် ခင်ဗျားကို တစ်ခုပြောဦးမယ်။ ခင်ဗျားမှန်တယ် … ကျုပ်က တကယ် အတင့်ရဲတယ် “

" ကျုပ်သာ အတင့်မရဲရင် ကျုပ်နောက်မှာ သွေးတွေ လူသေ တစ်ခွင်တစ်ပြင် ထားခဲ့ပြီး မိစ္ဆာဧကရာဇ်နိုင်ငံတော်က ဘယ်လိုလုပ် ထွက်လာနိုင်မလဲ။ ကျုပ်သာ အတင့်မရဲရင် ကောင်းကင်ဧကရာဇ်တစ်ပါးနဲ့ နတ်ဘုရားတစ်ပိုင်းတွေအများကြီးကို ဘယ်လိုလုပ် ပြန်ပေးဆွဲနိုင်မလဲ။ ကျုပ်သာ အတင့်မရဲရင် ကျုပ်ပိုင်ဆိုင်တာကို ခင်ဗျားကို လုယူခွင့်ပေးလိုက်မှာပေါ့ “

" အဲဒီတော့ ဟုတ်တယ် ကျုပ် အတင့်ရဲတယ်။ ဒါပေမဲ့ ခင်ဗျားလဲ တော်တော်လေး အတင့်ရဲတာပဲ "

သူ စကားပြောနေစဥ် သူ၏အသံသည် ကောင်းကင်ဘုံမှလာသော မိုးခြိမ်းသံအလား ပဲ့တင်ထပ်လာသည့်တိုင်အောင် ကျယ်သထက် ကျယ်လာတော့သည်။

ဂူထျန်ကျွင်း၏ အမူအရာမှာ ပိုင်ရှောင်ချန်း၏ ပြတ်သားသော စကားလုံးများကြောင့် ရိပ်ခနဲ ဖြစ်သွား၏။ အမှန်တွင် အစောပိုင်းက ပိုင်ရှောင်ချန်း၏စကားကို ချေပရန် သူ့မှာ ပြောစရာ မရှိပေ။ သူက အေးစက်မှုများဖြင့် မျက်ဝန်းများတဖျပ်ဖျပ်တောက်ပလာကာ တစ်ခုခုပြောရန် ပြင်လိုက်သော်လည်း သူ မပြောနိုင်ခင် ပိုင်ရှောင်ချန်းက ယခင်ကထက်ပင် ပို၍ ကျယ်လာသော အသံကြီးဖြင့် ပြောဆိုလိုက်၏။

" ဒီမိစ္ဆာဧကရာဇ်နိုင်ငံတော်က ကောင်းကင်ဧကရာဇ်ကို ကျုပ် ဒီခေါ်လာတာကို ခင်ဗျားက ကျုပ်လမ်းကို ပိတ်တယ်။ ဘာလို့လဲ … ဘာလို့လဲဆိုတော့ ခင်ဗျားမှာ ရိုးသားဖြောင့်မတ်မှု မရှိတာကြောင့်ပဲ ဂူထျန်ကျွင်း။ ကျုပ် မေးခွန်းလေးတစ်ခုလောက် မေးပါရစေဦး … ခင်ဗျားက သူတော်စင်ဧကရာဇ်ကို ခစားတာလား။ ဒါမှမဟုတ် မိစ္ဆာဧကရာဇ်ကိုလား "

ဂူထျန်ကျွင်း၏ မျက်လုံးများ ပို၍အေးစက်သွားသည့်တိုင် သူ ဘာမှမပြောနိုင်ခင် ပိုင်ရှောင်ချန်းက အလွန်ကျယ်လောင်သော အသံကြီးဖြင့် ဆက်ပြောသည်။

" ကျုပ်က သူတော်စင်ဧကရာဇ်နိုင်ငံတော်ကို ထောက်ခံပြီးတော့ ဂါဝရလာပြုတာ။ လက်ဗလာနဲ့မဟုတ်ဘူးနော် … လက်ဆောင်နဲ့။ ဒါပေမဲ့ ခင်ဗျားက ကျုပ်လမ်းကို ပိတ်တယ် ဂူထျန်ကျွင်း။ အဲဒီအတွက် စကားတစ်ခွန်းပဲရှိတယ် … ရိုင်းစိုင်းတဲ့ကောင်။ ကျုပ် ခင်ဗျားကို မေးခွန်းလေး တစ်ခုလောက် မေးဦးမယ်။ ခင်ဗျားအပြုအမူတွေအတွက် ဘာဆင်ခြေပေးချင်လဲ "

ထို့နောက် ပိုင်ရှောင်ချန်းက ရှေ့တစ်လှမ်းတိုးလိုက်သည်။

" ကျုပ်က မိစ္ဆာဧကရာဇ်နိုင်ငံကနေ ဒီနေရာအထိ လမ်းတစ်လျှောက် တိုက်ခိုက်သတ်ဖြတ်ခဲ့ရတာကို အခု ခင်ဗျားက ကျုပ် စစ်ပွဲရဲ့ အောင်မြင်မှုအသီးအပွင့်တွေကို လုချင်တာလား။ အဲဒီအတွက် စကားတစ်ခွန်းပဲရှိတယ် … ယုတ်မာတဲ့ကောင်။ အဲဒီတော့ အခု ကျုပ် ခင်ဗျားကို မေးခွန်းလေးတစ်ခုလောက် ထပ်မေးဦးမယ် ဂူထျန်ကျွင်း … ကျုပ်လက်ဆောင်ကို လုရအောင် ခင်ဗျားက ဘာကောင်တုန်း "

ပိုင်ရှောင်ချန်းက စစ်သင်္ဘောထဲမှ ထွက်၍ လေထဲ လှမ်းကာ မြောက်ပိုင်း၏ မဟာဓားကြီးဖြင့် သူ့ကို ချိန်ရွယ်ထားလိုက်သည်။

" ကျုပ်က ကောင်းကင်တံတားဒေသရဲ့ ဗဟိုဘိုးဘေးကြီးပဲ။ ဒါကြောင့် ထာဝရနယ်မြေတွေမှာ ကျုပ်လို အဆင့်မြင့်တဲ့ လူနှစ်ယောက်ပဲ ရှိတယ်။ မိစ္ဆာဧကရာဇ်နဲ့ သူတော်စင်ဧကရာဇ်ပဲ။ ခင်ဗျားက ကျုပ်ကို ဆရာလုပ်ဖို့ ဘယ်လိုတောင် ကြိုးစားဝံ့တာလဲ ဂူထျန်ကျွင်း။ အဲဒီအတွက် စကားတစ်ခွန်းပဲရှိတယ် … ရိုသေလေးစားမှုမရှိတဲ့ကောင်။ အဲဒီတော့ ကျုပ် အခု ခင်ဗျားကို လေးခုမြောက် မေးခွန်းမေးမယ်။ ရိုင်းစိုင်း ယုတ်မာတဲ့အပြင် ရိုသေလေးစားမှုမရှိသလို ဖြောင့်မတ်တည်ကြည်မှုလဲမရှိတဲ့ ခင်ဗျားက အဲဒီလို အတင့်ရဲရိုင်းစိုင်းတဲ့အပြုအမူတေွကို ဘယ်ချောင်ကျိုေချာင်ကြားကနေ ရလာတာလဲ "

သူ၏စကားလုံးများ ပဲ့တင်ထပ်သွားချိန် မြောက်ပိုင်း၏မဟာဓားမှ အပြာရောင်အလင်းက ပတ်ဝန်းကျင်တခွင် လင်းလက်တောက်ပသွားသည်။

အင်မော်တယ်နယ်မြေမှ ဂူထျန်ကျွင်းနှင့်အတူ လိုက်ပါလာခဲ့ကြသည့် နတ်ဘုရားတစ်ပိုင်းအားလုံး တုန်လှုပ်သွားကြပြီး ဂူထျန်ကျွင်းကိုယ်တိုင်ပင် ရှေးမဆွက ပြောလိုက်သည့်စကားလုံးများက သူ၏နှလုံးသားတည့်တည့်ကို ထိုးစိုက်သွားသည့်အလား ခံစားလိုက်ရတော့သည်။

" မင်း … "

ဂူထျန်ကျွင်းမှာ အနှီကောင်းကင်တံတားကျင့်ကြံသူက ယခုလိုလျှာစောင်းထက်လိမ့်မည်ဟု တစ်ခါမှ မထင်ထားခဲ့ပေ။ သူ မည်သည့်နည်းနှင့်မှ ပြန်လည်မချေပနိုင်ချေ။ ဤအချိန်တွင် သူပြောသမျှအားလုံးက မခိုင်လုံသော ဆင်ခြေတစ်ခုသာ ဖြစ်သွားလိမ့်မည်။

အကယ်၍ သူသာ မည်သူတစ်ဦးတစ်ယောက်မှ ရှိမနေသည့် ချောင်ကျသောနေရာတစ်နေရာသို့ ရောက်နေသည်ဆိုပါက အစောပိုင်းက ပြောခဲ့သည်များကို အရေးမစိုက်ဘဲ နေ၍ရသည်။ သို့သော် ယခု ဤနေရာတွင် အာရုံစိုက်နေကြသော ကောင်းကင်ဧကရာဇ်များစွာ ရှိနေသည်။ ထိုမျှသာမက သူတော်စင်ဧကရာဇ်နိုင်ငံတော်တစ်ခုလုံး၏ ဂုဏ်သိက္ခါကို ထည့်သွင်းစဥ်းစားရမည်ဖြစ်သည်။ သို့ဖြစ်၍ ပိုင်ရှောင်ချန်း၏ ပြင်းထန်စွာ ပြစ်တင်ပုတ်ခတ်သည့်စကားများက သူ့ကို ပြုသမျှ နုရမည့်နေရာသို့ တွန်းပို့လိုက်သဖြင့် သူ၏မျက်နှာမှာ ရှက်ဒေါသများဖြင့် နီမြန်းလာတော့သည်။ ထို့ပြင် သူ့မျက်လုံးများထဲရှိ သတ်ဖြတ်လိုစိတ်များမှာ ပို၍ အားကောင်းလာလေသည်။

သရကြီးဘုရင်နှင့် ကုန်းစွန်းဝမ်အာမှာမူ ပိုင်ရှောင်ချန်းက အထက်စီးဆန်နေသည်ကို ကြည့်၍ တအံ့တဩဖြစ်နေကြတော့သည်။

သူက ဂူထျန်ကျွင်းကို လျစ်လျူရှုကာ အင်္ကျီလက်စကို ခါယမ်းပြီး သူတော်စင်ဧကရာဇ်မြို့တော်ရှိရာသို့ ကြည့််လိုက်သည်။ သူက ကြီးကျယ်ခမ်းနားသော အသွင်ဖြင့် သူ့ဓားကို လွှဲရမ်းကာ အကျယ်လောင်ဆုံးမိုးခြိမ်းသံပမာ မြည်ဟည်းသွားသော အသံကြီးဖြင့် အော်ခေါ်လိုက်သည်။

" သူတော်စင်ဧကရာဇ် … ဒါက စေတနာကောင်းနဲ့ ခင်ဗျားကိုတွေ့ဖို့ လာတဲ့သူတွေကို ဆက်ဆံတဲ့ပုံလား "

အမှန်တွင် သူသည် စကားလုံးများဖြင့် ဖော်ပြနိုင်သည်ထက်ပင် ပို၍စိတ်လှုပ်ရှားနေသည်။ အမှန်တကယ်တော့ သူက လိုအပ်ပါက ကုန်းစွန်းဝမ်အာကို အချုပ်အနှောင်ဖြေပေးပြီး စစ်သင်္ဘောကြီးပေါ်သို့တက်ကာ ထွက်ပြေးရန်ကိုပင် ဆုံးဖြတ်ထားပြီး ဖြစ်သည်။

သို့သော် ယခုလိုကိစ္စမျိုးအား နှစ်ပေါင်းများစွာ ကြုံတွေ့ဖူးသည်ဖြစ်၍ သူ၏မျက်နှာပေါ်တွင် ထိုကဲ့သို့ခံစားချက်မျိုးမြူမှုန်မျှပင် မပေါ်အောင် ထိန်းချုပ်ထားနိုင်သည်။သူ့ကိုကြည့်ရသည်မှာ ယုံကြည်မှုပြည့်ဝကာ မာနကြီးသည့်ပုံပေါ်နေတော့သည်။

တခဏကြာပြီးသော် သူ၏စိုးရိမ်သောကများ မြင့်တက်လာ၏။ သူ၏နှလုံးသားမှာ တဒိန်းဒိန်းခုန်နေပြီး သူ၏ဦးရေပြားမှာ စပ်ဖျဥ်းနေတော့သည်။ သူက လှည့်ပြီးထွက်ပြေးရန် ပြင်လိုက်ချိန်မှာပင် နွေးထွေးပြီး တည်ကြည်သောအသံတစ်သံက ကောင်းကင်နှင့်မြေပြင်တွင် ပဲ့တင်ထပ်သွား၏။

" ကျုပ်ရဲ့ ပေါ့ဆမှုကို ခွင့်လွှတ်ပေးပါ တာအိုရောင်ရင်းပိုင်။ ကျေးဇူးပြုပြီး ဝင်လာခဲ့ပါ "

All Chapters