← Chapters

သူတော်စင်ဧကရာဇ်မြို့တော်

Vol. 11 Ch. 1054

သူတော်စင်ဧကရာဇ်မြို့တော်

Vol. 11 Ch. 1054

အသံကြီးကား မည်သည့်နေရာက လာသည်ကို ဆုံးဖြတ်ရန် မဖြစ်နိုင်သည့် ပုံစံကြီးဖြင့် ပဲ့တင်ထပ်သွား၏။ ၄င်းက အချိန်စီးဆင်းမှုကို ကျော်လွန်လုနီးပါး ဖြစ်ဟန်တူပြီး ကြားလိုက်ရသော လူများမှာ ချက်ချင်းစိတ်တည်ငြိမ်သွားစေသည့် ထူးဆန်းသော စွမ်းအားတစ်ခုပါဝင်သည့်အလား အသံကြီးနှင့် ချိတ်ဆက်မှုတစ်ခုကို ခံစားလိုက်ရ၏။

သရဲကြီးဘုရင်မှာ တဆတ်ဆတ်တုန်သွားပြီး ကုန်းစွန်းဝမ်အာ၏ အသက်ရှူသံသည် ပုံမှန်ဖြစ်လာတော့သည်။ အနီးနားရှိ အင်မော်တယ်နယ်မြေမှလာခဲ့သော နတ်ဘုရားတစ်ပိုင်းများမှာမူ ရိုသေလေးစားခြင်းအရိပ်အယောင်များဖြင့် မျက်လုံးများ တောက်ပသွားကာ သူတော်စင်ဧကရာဇ်နိုင်ငံတော်ဘက် လှည့်ကာ လက်ယှက်၍ ဦးညွှတ်လိုက်သည်။

ဂူထျန်ကျွင်း၏ အမူအရာမှာ ရိပ်ခနဲလက်သွားပြီး သူ၏မျက်လုံးများအား ခဏတဖြုတ် မှိတ်လိုက်သည်။ သူ မျက်လုံးပြန်ဖွင့်လာသောအခါ သတ်ဖြတ်လိုစိတ်ဖြစ်စေ၊ ဒေါသအငွေ့အသက်ဖြစ်စေ မည်သည့်အရိပ်အယောင်မှ မရှိတော့ပေ။ မျက်နှာကြောတင်းတင်း အေးစက်မှုသာ ကျန်ရစ်ခဲ့လေသည်။

" ကျုပ်နဲ့ လိုက်ခဲ့လိုက် တာအိုရောင်ရင်းပိုင် "

သူက တည်ငြိမ်အေးဆေးစွာ ပြော၏။

ပိုင်ရှောင်ချန်းမှာ သူတော်စင်ဧကရာဇ်အသံ၏ ထူးဆန်းသောအရည်အသွေးများကြောင့် စိတ်ထဲတွင် တုန်ရီသွားလေသည်။ တချိန်တည်းမှာပင် သရဲမယ်တော်နှင့် ရင်ဆိုင်ခဲ့စဥ်က နိုးထလာခဲ့သည့် စိတ်စွမ်းအားအစအနလေးက နောက်တစ်ဖန်ထပ်၍ နိုးကြွလာပြန်၏။

" သူတော်စင်ဧကရာဇ်က အရမ်းအစွမ်းထက်တာပါလား "

သူက တွေးလိုက်၏။ သို့သော် သူက မျက်နှာပေါ်တွင် မည်သည့်အမူအရာကိုမှ မပြသပေ။ သူက နှစ်လိုဖွယ်ပြုံး၍ လက်ယှက်ကာ သူတော်စင်ဧကရာဇ်မြို့တော် ရှိရာထံ မဆိုစလောက်ဦးညွှတ်လိုက်သည်။ ထို့နောက် သူက စစ်သင်္ဘောထံ ပြန်၍ ဦးပိုင်းတွင် တိတ်ဆိတ်စွာ ရပ်နေလေသည်။

ဂူထျန်ကျွင်းက ပိုင်ရှောင်ချန်းကို စိန်းစိန်းဝါးဝါးတစ်ချက်ကြည့်လိုက်သော်လည်း ဘာမှမပြောပေ။ တခဏကြာသော် သူသည် ဓားချီအလင်းတန်းတစ်တန်းအသွင် ပြောင်း၍ သူတော်စင်ဧကရာဇ်မြို့တော်ထံ တဟုန်ထိုးပြန်ထွက်သွားတော့သည်။ သူနှင့်အတူ လာခဲ့သည့် နတ်ဘုရားတစ်ပိုင်းများမှာမူ ပိုင်ရှောင်ချန်းကို လှမ်းကြည်လိုက်သော်လည်း ဤတစ်ကြိမ်တွင် ယခင်နှင့်မတူသော အမူအရာများဖြင့် ဖြစ်လေသည်။

" ဒီလူကိုကြည့်ရတာ ... ငါမြင်ဖူးတဲ့ ကောင်းကင်တံတားဒေသက တခြားလူတွေနဲ့ မတူဘူး "

ထိုသည်က နတ်ဘုရားတစ်ပိုင်းများ အမှန်တကယ် တွေးနေသော အရာဖြစ်သည်။ နောက်ဆုံးတွင် သူတို့က အကြည့်လွှဲလိုက်ပြီး အသစ်ရောက်လာသူများကို ကျင့်ဝတ်နှင့်အညီ သူတော်စင်ဧကရာဇ်နိုင်ငံတော်ထဲ လိုက်လံပို့ဆောင်ရန် ဂူထျန်ကျွင်းနောက်သို့ လိုက်သွားကြသည်။

စစ်သင်္ဘောသည်လည်း ထာဝရပင်လယ်မှ ထွက်ခွာကာ ရိုက်ခတ်လာသော လေကြမ်းများကို ဖြတ်၍ သူတော်စင်ဧကရာဇ်မြို့တော်ထံ ဦးတည်လျက် နောက်မှ ထပ်ကြပ်မကွာ လိုက်ပါသွား၏။

လူတိုင်းမှာ ဖိအားများစွာ ခံစားနေရ၍ တစ်ယောက်မှ စကားတစ်ခွန်း မပြောကြပေ။ နှစ်နာရီကြာသော် သူတော်စင်ဧကရာဇ်အသံ၏ သက်ရောက်မှုများက သရဲကြီးဘုရင်ထံမှ တစတစလွင့်ပျယ်လာချိန် သူ၏မျက်လုံးများထဲ၌ အံ့အားသင့်နေသော အရိပ်အယောင်တစ်ခု ပေါ်ပေါက်လာတော့သည်။

" သူတော်စင်ဧကရာဇ်မြို့တော်ရဲ့အဝေးကနေ သူပြောလိုက်တဲ့ စာလေးတစ်ခွန်းက ငါ့ကို ဒီလောက်အကြာကြီး ငေးမောစေနိုင်တယ်လား "

သရဲကြီးဘုရင်မှာ တုန်လှုပ်သွားပြီး သူ၏ လောကနတ်ဘုရားများအပေါ် ကြောက်စိတ်မှာ ရုတ်တရက် နက်ရှိုင်းသွားတော့သည်။

" ဒါက လောကနတ်ဘုရားနဲ့ ရှင် ပထမဆုံး ကြုံဖူးတဲ့ အချိန်မလို့ပဲ "

ကုန်းစွန်းဝမ်အာက ခပ်ယဲ့ယဲ့ပြုံး၍ ပြော၏။

" ပြီးတော့ ရှင်က ကောင်းကင်တံတားကျင့်ကြံသူတစ်ယောက်ဖြစ်လို့ တကယ်ဆို အကျိုးရှိတယ်။ သူတော်စင်ဧကရာဇ်နိုင်ငံတော်က လူတစ်ယောက်သာဆိုရင် သူတို့ရဲ့ စိတ်စွမ်းအားက ရက်နဲ့ချီ သက်ရောက်ခံရမှာ။ အဲဒီအတောအတွင်း သူတို့က တယူသန်စွဲလမ်းမှုကို ခံစားရလိမ့်မယ် "

ကုန်းစွန်းဝမ်အာမှာ လောလောဆယ်တွင် သူမ၏ကျင့်ကြံခြင်းအခြေခံချုပ်နှောင်ခံထားရသော်လည်း သူမ၏ အဆင့်တစ်ခုလုံးကိုတော့ မထိခိုက်ပေ။ သူမတွင် တာအိုသစ်စေ့ရှိပြီး မိစ္ဆာဧကရာဇ်နိုင်ငံတော်မှလည်းဖြစ်သည့်အတွက် ပိုင်ရှောင်ချန်းကဲ့သို့ မမြန်သော်လည်း ပို၍လျင်မြန်စွာ ပြန်လည်သက်သာလာနိုင်လေသည်။

" ရှင် အဲဒီလိုထပ်ဖြစ်လာခဲ့ရင် ပြင်းပြင်းထန်ထန် မထိခိုက်တော့ဘူး။ အနည်းဆုံးတော့ လောကနတ်ဘုရားက တမင် ဆိုးရွားအောင် မလုပ်သရွေ့ပေါ့ "

သူမက ရှင်းပြပြီးနောက် သင်္ဘောဦးတွင် မားမားမတ်မတ် ရပ်နေသည့် ပိုင်ရှောင်ချန်းကို လှမ်းကြည့်လိုက်သည်။ သူမ၏ မျက်လုံးများထဲတွင် သိချင်စိတ်များ ဝင်းလက်သွား၏။ သူမသည် ပိုင်ရှောင်ချန်း၏ ထူးဆန်းနေမှုကို အလွန်စိတ်ဝင်စားသွားသည်။

" သူပြောတာ အမှန်များလား "

သူမက တွေးလိုက်သည်။

" သူ တကယ်ပဲ ဧကရာဇ်နှစ်ပါးလို အဆင့်မြင့်တာလား ... သူတို့လောက်အစွမ်းထက်တဲ့ ကျင့်စဥ်တစ်ခုခု ကျင့်ထားလို့လား "

ကုန်းစွန်းဝမ်အာက ထိုကိစ္စကို စဥ်းစားနေစဥ် သရဲကြီးဘုရင်သည် ပို၍ အသိပြန်ကပ်သွားပြီး ပိုင်ရှောင်ချန်းကိုလည်း လှမ်းကြည့်လိုက်သည်။ ရုတ်တရက် .... ပိုင်ရှောင်ချန်းက ကောင်းကင်တံတားဒေသ၏ မျှော်လင့်ချက် အမှန်တကယ် ဖြစ်လာနိုင်လောက်သည်ဟု သူ သဘောပေါက်လိုက်လေသည်။

ပိုင်ရှောင်ချန်းသည် သူတို့နှစ်ယောက်က သူ့အား ကြည့်နေသည်ကို အာရုံရလိုက်သည်။ သူ၏အမူအရာက အေးဆေးတည်ငြိမ်နေဆဲဖြစ်သော်လည်း စိတ်ထဲတွင် သူ့ကိုယ်သူ လွန်စွာ နှစ်ထောင်းအားရ ဖြစ်နေတော့သည်။ ထိုကဲ့သို့ အေးဆေးတည်ငြိမ်မှုနှင့် အစောပိုင်းက ဖိအားအောက်တွင် ပုံမှန်အတိုင်းနေနိုင်သည့်ပုံစံက သူ့အတွက် အကျင့်တစ်ခုြဖစ်နေခဲ့သည် မဟုတ်ပါလော။

သို့သော် သူက နိုင်ငံနှစ်နိုင်ငံ၏ ဧကရာဇ်နှစ်ပါးလုံးသည် လောကနတ်ဘုရားအဆင့်ပညာရှင်များဖြစ်သည်ကို တွေးမိသည်နှင့် သူ၏စိတ်လှုပ်ရှားမှုများ မြင့်တက်လာတော့သည်။

" ဒီလိုဆို မဖြစ်ဘူး " သူက တွေးလိုက်သည်။

" ငါ သူတို့အကြောင်းတွေးတိုင်း စိတ်လှုပ်ရှားနေလို့ကတော့ ငါ ဘယ်လိုလုပ် စိတ်ကြည်နိုင်မှာတုန်း "

ရုတ်တရက် သူ့မျက်လုံးများ ဝင်းလက်လာတော့သည်။

" နေပါဦး။ တွေးကြည့်ရင် အဲဒီနိုင်ငံက ရယ်စရာ နာမည်ကြီးတွေနဲ့။ မိစ္ဆာဧကရာဇ်နိုင်ငံတာ် … မိစ္ဆာအစား ဝိစ္ဆာဆို ဘယ်လိုတုန်း။ အင်း ... ဝိစ္ဆာဧကရာဇ် “

" သူတော်စင်ဧကရာဇ်နိုင်ငံတော်အစား ... ဖင်ပေါ်ချင်ဆိုရင်ကော … ဟီး ဖင်ပေါ်ချင်ဧကရာဇ် “

ရုတ်တရက် သူက များစွာပို၍ စိတ်အေးလက်အေး ဖြစ်သွားတော့သည်။ သူက ကုန်းစွန်ဝမ်အာဘက် မလှည့်ဘဲ မနေနိုင်လိုက်ပြီး မေးလေသည်။

" ဝမ်အာ … ဝိစ္ဆာဧကရာဇ်နိုင်ငံက လူတိုင်း ဝိစ္ဆာတွေဖြစ်မလား "

"ဘာရယ် "

ကုန်းစွန်းဝမ်အာက ကြောင်တောင်တောင် ပြန်ဖြေ၏။ ထို့နောက် သူမ၏မျက်ဝန်းလေးသည် မျက်စောင်းတစ်ခုအဖြစ် အသွင်ပြောင်းသွားကာ အစောပိုင်းက အံ့သြထိတ်လန့်နေသည့် မည်သည့်ခံစားချက်မဆို ပျောက်ကွယ်သွားတော့သည်။ သူမဘဝတွင် ယခင်က ဝိစ္ဆာဧကရာဇ်ဟု တစ်စုံတယောက်ပြောသည်ကို ဘယ်တုန်းမှ မကြားခဲ့ဖူးသည် မဟုတ်ပါလော။

ကုန်းစွန်းဝမ်အာ၏ မျက်စောင်းကြောင့် ပိုင်ရှောင်ချန်းမှာ အတန်ငယ် အနေရခက်သွားသဖြင့် ကပျာကယာအကြည့်လွှဲပြီး ကြီးကျယ်ခမ်းနားကာ မာနကြီးသည့်ပုံပေါ်အောင် ပြန်ကြိုးစားလိုက်သည်။

အောက်ဖက်တွင် တောင်တန်းများ၊ မြစ်များသည် အရပ်မျက်နှာတစ်ခွင်သို့ သွယ်တန်းစီးဆင်းနေကြ၏။ သူတို့လာခဲ့သည် အင်မော်တယ်နယ်မြေတွင် သူတော်စင်ဧကရာဇ်နိုင်ငံတော်၏ မြို့တော်လည်း ပါရှိလေသည်။ ထို့ကြောင့် ရက်အနည်းငယ်ခရီးနှင်ပြီးနောက် သူတို့သည် ကျယ်ပြန့်သော လွင်ပြင်ကြီးတစ်ခုကို ဖြတ်သွားကြပြီး ညနေရောက်သည့်အခါ ... အဝေးတွင် ဧရာမတောင်ကြီးတစ်လုံး မြင်ကွင်းထဲ ပေါ်လာလေသည်။

တောင်ကြီးက ခမ်းနားကြီးကျယ်ကာ မိုးကောင်းကင်အထိ ထိုးတက်နေပြီး အလွန်ထင်ရှားပြတ်သားသော မြေမျက်နှာသွင်ပြင် ရှိ၏။

၎င်းက ပိုင်ရှောင်ချန်း၏ဘဝတွင် မြင်ခဲ့ဖူးသမျှအထဲ အကြီးဆုံးတောင်ကြီးဖြစ်ပြီး စီရင်စု၏ တစ်ဝက်ကျော် နေရာယူထားသည်။ အမှန်တကယ်ဆိုရလျှင် ၄င်းသည် အကြမ်းဖျင်းအားဖြင့် ကောင်းကင်တံတားဒေသ အရွယ်အစားတစ်ခုလုံး၏ တစ်ဝက်ခန့် ရှိသည်။

ထိုတောင်ပေါ်တက်ရန် ကြိုးစားသည့် သာမန်တစ်ယောက်သည် ဘဝတစ်လျှောက်လုံးတွင် တောင်ထိပ်အား ရောက်နိုင်မည် မဟုတ်ပေ။

၄င်းက မဟာပထဝီမြေကြီးမှ မိုးကောင်းကင်အထိ ဆက်စပ်နေသည်ဟု ပြောမည်ဆိုပါက ချဲ့ကားထားခြင်း မဟုတ်ပေ။

တောင်၏ထိပ်တွင် တောင်ထိပ်မဟုတ်ဘဲ ဧရာမကောင်းကင်ရေကန်ကြီးတစ်ကန်သာ ရှိ၏။

ရေကန်သည် တောင်တစ်ခုလုံးနှင့်ယှဥ်လျှင် သေးငယ်ပုံပေါ်သော်လည်း ကြီးမားသေးသည်။ ရေကန်ထံမှ သိပ်သည်းသောမြူငွေ့များသည် ပတ်ပတ်လည်ရှိ တိမ်တိုက်များဖြင့် ချိတ်ဆက်၍ တလိပ်လိပ်ထနေရာ မသေမျိုးများအတွက် သုခဘုံအလား ဖြစ်နေတော့သည်။

ရေမျက်နှာပြင်ပေါ်တွင် ပဒုမ္မာကြာရွက်များ မျောနေပြီး တစ်ရွက်စီသည် ကျွန်းတစ်ကျွန်းတမျှ ကြီးမား၏။ အမှန်တကယ်ဆိုရပါက အနီးကပ်ကြည့်လျှင် ပဒုမ္မာကြာရွက်များအားလုံးအပေါ်၌ ကြီးကျယ်ခမ်းနားသော အဆောက်အအုံများ အမှန်တကယ်ပင် တည်ရှိနေတော့သည်။

ထိုကဲ့သို့ကြာရွက်များ ထောင်ပေါင်းများစွာရှိပြီး ကြာရွက်အားလုံးက ရေကန်၏ အလယ်တည့်တည့်တွင် တည်ရှိနေသော အံ့ဩဘနန်းဖြစ်ရသည့်အရာတစ်ခု၏ပတ်လည်၌ ပေါလောပေါ်နေကြခြင်းဖြစ်သည်။ ထိုအလယ်ဗဟိုတွင်ရှိနေသည်မှာ ဧရာမပဒုမ္မာကြာပန်းကြီးတစ်ပွင့်ပင်။

ကြာပန်းကြီးသည် ရင်သပ်ရှုမောဖွယ်ကောင်းအောင် လှပပြီး နှစ်လိုဖွယ်ကောင်းသောရနံ့တစ်ခုကို ထုတ်လွှတ်နေ၏။ ပန်းပွင့်၏ ပွင့်ဖတ်များအပေါ်တွင် တည်ဆောက်ထားသည်က စိတ်ကူးယဥ်နိုင်သမျှအထဲ အပြစ်အနာအဆာအကင်းဆုံး ကျောက်စိမ်းအဆောက်အဦများ ဖြစ်လေသည်။ ဤသည်ကား ... အင်ပါယာနန်းတော်ပင်။

ပဒုမ္မာကြာပန်းက နန်းတော်ဖြစ်ပြီး ကြာရွက်များက မြို့တော်ဖြစ်သည်။ ဤနေရာကား သူတော်စင်ဧကရာဇ်၏နန်းစိုက်ရာမြို့တော်ဖြစ်သော ... တစ်နည်းအားဖြင့် သူတော်စင်ဧကရာဇ်မြို့တော်ဟုခေါ်ဆိုသော နေရာမှတစ်ပါး အခြားမဟုတ်ပေ။

ဧရာမတောင်ကြီး၊ ဤရေကန်ကြီး၊ ဤမြို့တော်တို့သည် ပိုင်ရှောင်ချန်း စိတ်ကူးထားသည်ထက် ကျော်လွန်နေသည်။

ပိုင်ရှောင်ချန်းသာ တုန်လှုပ်သွားသူမဟုတ်။ သရဲကြီးဘုရင်သည်လည်း ကောင်းကင်ရေကန်၏ မြင်ကွင်းကို မြင်မိသည်နှင့် ပါးစပ်အဟောင်းသားဖြစ်သွားတော့သည်။ ၄င်းက ကောင်းကင်တံတားဒေသတွင် တည်ရှိခဲ့ဖူးသည့် မည်သည့်နှင့်အရာမဆို ကွဲပြားနေသည်။

ကုန်းစွန်းဝမ်အာ တစ်ယောက်သာ သိပ်မထူးခြားသည့်သူဖြစ်၏။ သူမသည် သူတော်စင်ဧကရာဇ်မြို့တော်၏ အံ့သြဖွယ်ရာများအကြောင်း ကြားဖူးခဲ့သော်လည်း သူမ၏နှလုံးသားထဲတွင် မိစ္ဆာဧကရာဇ်မြို့တော်က များစွာပို၍ ခမ်းနားသည်။

ဂူထျန်ကျွင်းက ပိုင်ရှောင်ချန်း အံ့သြနေသည်ကို ဘာမှမတုံ့ပြန်သော်လည်း နတ်ဘုရားတစ်ပိုင်းများမှာ နယ်မြေထဲတွင် အသန့်စင် အမွန်မြတ်ဆုံးနေရာဖြစ်သည့် သူတို့၏မြို့တော်အတွက် အလွန်ဂုဏ်ယူနေတော့သည်။

စစ်သင်္ဘောကြီးက ရေကန်နှင့် နီးကပ်လာစဥ် ပိုင်ရှောင်ချန်းသည် ရေထဲတွင် ကူးခတ်နေသော နဂါးငါးအမြောက်အမြားကို သတိထားမိလိုက်၏။ ရံဖန်ရံခါ ထိုငါးများက ရေပေါ်သို့ ခုန်တက်လာကြသည်ဖြစ်၍ ညနေခင်း၏ ပုစွန်ဆီရောင်နေအလင်းတန်းများ သူတို့၏ ရွှေအကြေးခွံများအပေါ် ဖြာကျလာသောအခါ မျက်စိကျိန်းဖွယ် မြင်ကွင်းတစ်ခု ဖြစ်နေတော့သည်။

တိမ်တိုက်များကြားထဲက ထိုမြို့တော်ကြီးသည် မည်သည့်ကောင်းကင်သုခဘုံထက်မဆို သာလွန်လေသည်။

မကြာမီ သူတော်စင်ဧကရာဇ်မြို့တော်တွင် နေထိုင်ကြသည့် ကျင့်ကြံသူများက သူတို့အပေါ်ရှိ လေထုကို ဖြတ်၍ ရွက်လွှင့်နေသော အရိုးဖွတ်စစ်သင်္ဘောကြီးကို သတိပြုမိလိုက်ကြသည်။

အင်ပါယာနန်းတော်ထဲတွင်ကား သူတော်စင်ဧကရာဇ် ဆင့်ခေါ်ထားသော နန်းတွင်းအုပ်ချုပ်ရေးဆိုင်ရာ အရာရှိများအားလုံး ရှိလေသည်။ သူတို့ ခေါင်းမော့ကြည့်လိုက်သောအခါ တချို့အကြည့်များက သိချင်စိတ်ပြင်းပြသည့်အကြည့်များ ဖြစ်၍ အချို့က ရန်လိုသည့်အကြည့်များ ဖြစ်သည်။ အများစုက သေးငယ်သောနိုင်ငံငယ်လေးမှ သာမန်လယ်သမားများကို ကြည့်နေကြသော ဧရာမနိုင်ငံကြီးတစ်နိုင်ငံမှ ရှင်ဘုရင်များအလား မောက်မာထောင်လွှားနေကြတော့သည်။

ပိုင်ရှောင်ချန်းနှင့် သူ၏အပေါင်းအပါများက သူတော်စင်ဧကရာဇ်မြို့ထဲဝင်ရန် ပြင်လိုက်ချိန်မှာပင် အင်ပါယာနန်းတော်ထံမှ နားကွဲလုမတတ်အသံကြီး ပဲ့တင်ထပ်သွား၏။

" သူတော်စင်ဧကရာဇ်က ကောင်းကင်တံတားကျင့်ကြံသူ ပိုင်ရှောင်ချန်းနဲ့ သရဲကြီးကို အခစားဝင်ဖို့ဆင့်ခေါ်လိုက်ပါတယ် "

All Chapters