မဟာခန်းမထဲဝယ်
Vol. 11 Ch. 1055
သရဲကြီးဘုရင်၏ နာမည်အမှန်မှာ သရဲကြီးမဟုတ်ပေ။
သူတော်စင်ဧကရာဇ်နိုင်ငံ၌ သူ၏ ဘုရင်ဆိုသော ဘွဲ့ဂုဏ်ပုဒ်ကို ကျယ်ကျယ်ပြောရန်မှာ သင့်တော်မည် မဟုတ်ပေ။ တကယ်တော့ မြေရိုင်းဒေသမှာပင် သရဲကြီးဘုရင်၏ နာမည်အစစ်အားသိသူ အနည်းငယ်သာရှိ၏။ သို့ဖြစ်၍ ယခုကဲ့သို့ ဖြစ်လာလိမ့်မည်ဟု သူ သိထားခဲ့သည်။
" ငါ့မျိုးရိုးနာမည်က ကျိုးကွ အရူးတွေရဲ့ "
သူက အသက်ပြင်းပြင်းရှူကာ ရေရွတ်လိုက်သည်။ တော်ဝင်အမိန့်ထုတ်ပြန်ပြီးနောက် ဂူထျန်ကျွင်းက ပိုင်ရှောင်ချန်းကို ပြန်လှည့်ကြ၏။ သူတို့ ကနဦး တွေ့ဆုံခဲ့စဥ်ကတည်းက ပထမဆုံးအကြိမ် သူက ထုံးစံအတိုင်း အေးဆေးတည်ငြိမ်သော ေလသံဖြင့်ပြောသည်။
" စစ်သင်္ဘော ဝင်လို့မရဘူး တာအိုရောင်ရင်းပိုင်။ ကျေးဇူပြုပြီး ကျုပ်နောက် လိုက်ခဲ့ပါ "
ပိုင်ရှောင်ချန်းက သူတော်စင် ဧကရာဇ်မြို့တော်နှင့် အထူးသဖြင့် ပဒုမ္မာကြာပန်းပေါ်ရှိ အင်ပါယာနန်းတော်ကို ကြည့်၍ လောလောဆယ်တွင် သူ့နေရာအပေါ်သို့ နတ်ဘုရားအာရုံစီးကြောင်းထောင်ချီ မမှိတ်မသုန် စူးစိုက်နေကြသည်ကို အာရုံရလိုက်သည်။
သူက အသက်ပြင်းပြင်းတစ်ချက်ရှူသွင်းကာ သူ၏ဝတ်ရုံကို သပ်သပ်ရပ်ရပ်ပြင်ပြီးနောက် လက်ကိုဝှေ့ယမ်း၍ ကုန်းစွန်းဝမ်အာကို သူ့အိတ်ထဲထည့်လိုက်သည်။ သရဲကြီးဘုရင်က နောက်မှလိုက်သွားကာ သူတို့နှစ်ဦးသား အင်ပါယာနန်းတော်ထံ သွားလိုက်ကြသည်။
ဂူထျန်ကျွင်းက အေးစက်စက်ရယ်မောကာ ဦးဆောင်ခေါ်သွားပြီး မကြာမီ သူတို့သုံးယောက်သည် အင်ပါယာနန်းတော်၏ အပြင်ဘက်သို့ ရောက်သွားကြ၏။ သူတို့ အနားရောက်သွားစဥ် အတွင်းထဲမှ ကြောက်ခမန်းလိလိ ဖိအားတစ်ခု ပေါ်ထွက်လာပြီး ပိုင်ရှောင်ချန်းနှင့် သရဲကြီးဘုရင်တို့ကို ဝင်ရောက်လာခြင်းမှ တားဆီးပိတ်ပင်လိုက်သော ရန်မူသည့် လေပြင်းတစ်ချက် တိုက်ခတ်လာသည်။
၄င်းက သေစေနိုင်သော တိုက်ကွက်တစ်ကွက် မဟုတ်သော်လည်း ပိုင်ရှောင်ချန်းအား နင်းခြေခံလိုက်ရသည့်အလား ခံစားသွားစေသည်အထိ ကြောက်စရာကောင်းသည်။ တချိန်တည်းမှာပင် အရှိန်အဝါအတွင်း၌ ဟန်ဇောင်ခေါင်းဆောင်မကြီးကို သတိရသွားစေသော အရာတစ်ခုရှိကြောင်း သူ သဘောပေါက်လိုက်၏။ ၄င်းက လက်နက်စောင့်ဝိညာဥ်ပင်။
" ကမ္ဘာရတနာတစ်ပါး ... "
သူက တုံ့ခနဲရပ်ကာ တွေးလိုက်သည်။ သူနှင့် သရဲကြီးဘုရင်တို့နှစ်ယောက်လုံး သိနိုင်သည့် သူ့အပေါ် လွှမ်းမိုးသွားသော မြင့်မြတ်ထူးကဲသော နတ်ဘုရားအာရုံလည်း ရှိသည်။ တခဏကြာသော် နတ်ဘုရားအာရုံ ပျောက်ကွယ်သွား၏။
ပြင်းထန်သောဖိအားသည် တခဏတာ ကြာလိုက်သော်လည်း သရဲကြီးဘုရင်ကို ချွေးတပြိုက်ပြိုက်ထွက်လာစေပြီး အသက်ပင် မနည်းရှူလိုက်ရသည်။ ထို့နောက် သူနှင့် ပိုင်ရှောင်ချန်းက အင်ပါယာနန်းတော်၏ ပင်မဂိတ်ထဲ ဝင်လိုက်သည်တွင် တောင်တစ်လုံးကဲ့သို့ မတ်စောက်ပြီး မြင့်မားသော လှေကားတစ်ခု၏ အောက်ခြေတွင် ရောက်နေကြောင်း သိလိုက်လေသည်။
လှေကားထစ်ပေါင်း တစ်သောင်းခန့်ရှိပြီး အပေါ်တွင် ဧရာမ နန်းတော်ခန်းမကြီး ရှိလေသည်။
များပြားသော လူအုပ်ကြီးက လှေကားကို ကျောပေးလျက် စုဝေးနေကြသည်။ ကျဥ်းမြောင်းသောလမ်းသွယ်လေးတစ်လမ်းက သူတို့ကို ဖြတ်၍ ပိုင်ရှောင်ချန်း မမြင်နိုင်သည့် နေရာတစ်နေရာသို့ ဦးတည်နေ၏။ သို့သော် သူ အာရုံရသည့် အရှိန်အဝါမှာ မည်သည့်နတ်ဘုရားမဆိုထက် ကျော်လွန်သဖြင့် ထိုပုဂ္ဂိုလ်မှာ သက်ရှိအရာအားလုံး၏ ရှင်ဘုရင်အလား ဖြစ်နေတော့သည်။
" သူတော်စင်ဧကရာဇ်.....နေဦး မဟုတ်သေးဘူး ဖင်ပေါ်ချင်ဧကရာဇ် "
ဤနည်းအားဖြင့် တစ်ကိုယ်တည်းရေရွတ်နေခြင်းက သူ၏စိတ်လှုပ်ရှားမှုအား များစွာ လျော့ပါးစေသည်။ သူက သူ့ကိုယ်သူ တည်ငြိမ်အောင်လုပ်ပြီးနောက် လှေကားထစ်များကို စတက်လိုက်သည်။
သရဲကြီးဘုရင်မှာမူ သူ၏ကျင့်ကြံခြင်းအခြေခံသည် ပိုင်ရှောင်ချန်းကဲ့သို့ မမြင့်မားသည်သာမက သူ့စိတ်နှလုံးတည်ငြိမ်စေရန် ပိုင်ရှောင်ချန်းကဲ့သို့ နည်းလမ်းများလည်း မရှိပေ။ သို့သော် သူသည် မြေရိုင်းဒေသ၏ ကောင်းကင်ဘုရင်လေးပါးထဲက တစ်ပါးဖြစ်၍ ဖိအားကြောင့် လွန်စွာ ချွေးထွက်နေသည့်တိုင်အောင် အသက်အနည်းငယ်ရှူကာ အတန်ငယ်တည်ငြိမ်အောင် သူ လုပ်နိုင်လေသည်။
သူက ပိုင်ရှောင်ချန်းနောက်မှ လှေကားပေါ် တက်လာစဥ် လူများစွာ စုဝေးနေသော နန်းတော်ခန်းမကြီးက သူတို့၏မြင်ကွင်းထဲ တဖြေးဖြေး ရုပ်လုံးပေါ်လာတော့သည်။
သူတို့နှစ်ယောက်က နောက်ဆုံးအထစ်ကို နင်းပြီး ခန်းမထဲ ဝင်သောအခါ သူတို့ရောက်နေသည့်နေရာက အလွန်ကြီးမားသောရင်ပြင်ကြီးတစ်ခုဖြစ်ကြောင်း တွေ့လိုက်ရသည်။ အဆုံးသတ်တွင် အသက်ဝင်နေသော နဂါးများ၊ ဖီးနစ်ငှက်များ ထွင်းထုထားသော တိုင်ကြီးကိုးတိုင်ရှိ၏။
တိုင်ကိုးတိုင်၏အလယ်တွင်ကား ဧရာမ မြစိမ်းရောင် ဒယ်ဇောက်အိုးကြီးတစ်လုံး။
ဒယ်အိုးကြီးထံမှ အစိမ်းရောင်အငွေ့များက တိမ်တိုက်များနှင့် ပူးပေါင်းရန် ကောင်းကင်ယံဆီသို့ တလူလူ ပျံတက်နေသည်။
ခန်းမကြီး၏ တစ်ဖက်တစ်ချက်စီတွင် လူထောင်ပေါင်းများစွာက ခန်းမ၏ အရှေ့ကို လေးလေးစားစားကြည့်ကာ မလှုပ်မယှက်ရပ်နေကြသည်။
လူအုပ်ကြီး၏ အရှေ့တွင် လက်စတစ်ဖက်တစ်ချက်စီထဲ လက်များလျှိုသွင်းထားသည့် ခါးကုန်းအဘိုးကြီးနှစ်ဦး ရှိသည်။ သူတို့က ခေါင်းများကို ရိုသေလေးစားစွာငုံ့၍ ခန်းမတစ်ခုလုံး၏ အရှေ့တည့်တည့်ရှိ ပုဂ္ဂိုလ်ကို ဖူးမြော်နေကြသည်။
သူက အင်ပါယာဝတ်ရုံမဟုတ်ဘဲ သာမန်အစိမ်းရောင်ဝတ်ရုံကို ဝတ်ဆင်ထားသည်။ သူသည် ရှေးပုရပိုက်တစ်ခုကို ဖတ်ကာ ပလ္လင်ပေါ်တွင် ထိုင်နေ၏။ သူက သက်လတ်ပိုင်းအရွယ်ဖြစ်ပြီး ချောမောခန့်ညားသည့်အပြင် သူ၏အပြုံးမှာ နွေဦးလေက နူးညံ့ညင်သာစွာ တိုက်ခတ်သွားသည့်အလား ဖော်ရွေပျူငှာဟန်ရှိသည်။ အမှန်တကယ်ဆိုရပါက အလွန်ရင်းနှီးဖော်ရွေဟန်ရှိေသာ သူ၏အသွင်အပြင်ကြောင့် သူ့ကို ကြည့်လိုက်သည့် မည်သူမဆို သူ့အတွက်ဆိုပါက သူတို့၏ အသက်များကို လိုလိုလားလား စတေးခံကြမည် ဖြစ်ပေသည်။
တိတ်ဆိတ်မှုများ ကြီးစိုးသွား၏။ ကြည့်ရသရွေ့ အနှီပုဂ္ဂိုလ် စကားမပြောသရွေ့ ခန်းမထဲက မည်သူမှ စကားပြောရဲမည့်ပုံ မပေါ်ချေ။ ဂူထျန်ကျွင်းပင် ဘာမှ မပြောဘဲ လက်ယှက်ဂါဝရပြုပြီး ခေါင်းငုံ့လျက် ဘေးမှာသာ ရပ်နေသည်။
မည်သူမှ စကားလည်းမပြော၊ လှုပ်လည်း မလှုပ်ကြသလို ပိုင်ရှောင်ချန်းနှင့် သရဲကြီးဘုရင်အား တစ်ယောက်မှ ကြည့်မနေပေ။ အစိမ်းရောင်ဝတ်ရုံနှင့်လူ ခေါင်းမော့လာမည်ကို လူတိုင်း စောင့်စားနေကြ၏။
" ဒီလူက ဘယ်လို ကြွားလုံးထုတ်ရမလဲ ကောင်းကောင်း သိထားပါလား "
ပိုင်ရှောင်ချန်းက ရင်တဒိန်းဒိန်းခုန်လျက် တွေးလိုက်သည်။ သို့သော် သူက အကြောက်တရားကို ဒူးထောက်အရှုံးမပေးနိုင်ကြောင်း သူ့ကိုယ်သူ သတိပေးလိုက်သည်။ အမှန်တကယ်ဆိုရလျှင် ဤသူတော်စင်ဧကရာဇ်ကား ထူးချွန်ပြောင်မြောက်အောင် ကြိုးစားရာတွင် တော်တော်လေး အားထုတ်ထားရဟန်တူသည်။
ကံကောင်းထောက်မစွာ သူက လူတိုင်းကို အကြာကြီး စောင့်မနေခိုင်းပေ။ ပိုင်ရှောင်ချန်း၏ တည်ရှိမှူကို အာရုံရသည်နှင့်တစ်ပြိုင်နက် သူက ရှေးပုရပိုက်ထံမှ အကြည့်လွှဲလိုက်သည်။ ပိုင်ရှောင်ချန်းကို ကြည့်ကာ သူ တောက်ပစွာ ပြုံးလိုက်လေသည်။
ယင်းမှာ ပန်းပွင့်တစ်ရာပွင့်သွားသည့်အလား ၊ အလန်းဆန်းဆုံး လေညှင်းလေးအလားပင်။ အင်ပါယာနန်းတော်သည် လင်းထိန်လာပုံရပြီး လေထဲရှိ တိမ်တိုက်များ ပျော်ရွှင်မြူးထူးစွာ ကခုန်သွားကြလေသည်။ နန်းတော်ကိုဖြစ်စေသည့် ပဒုမ္မာကြာပန်းသည် အပေါ်သို့ ငွားငွားစွင့်စွင့် ဆန့်ထွက်လာရာ ပို၍ပင် အံ့သြဖွယ်ကောင်းသောအရှိန်အဝါတစ်ခု ပျံ့နှံ့လာတော့သည်။ အပြင်ဘက် ကောင်းကင်ရေကန်ထဲရှိ နဂါးငါးများသည်လည်း မြူးထူးစွာ တုံ့ပြန်လူးလာ ကူးခတ်နေကြတော့သည်။
" မင်းအကြောင်း နည်းနည်းပါးပါးကြားဖူးတယ် တာအိုရောင်ရင်းပိုင် "
သူ၏စကားလုံးများသည် နွေးထွေးခြင်း၊ ဖော်ရွေခြင်းတို့ဖြင့် သာယာနာပျော်စွာ ထွက်ပေါ်လာပြီး သူ၏မျက်လုံးများမှာ သူ့ကို သံသယဝင်ရန် ဖြစ်နိုင်သည့်ပုံမပေါ်သော ရိုးသားခြင်းများဖြင့် တောက်ပနေတော့သည်။
ပိုင်ရှောင်ချန်းက အသက်အောင့်ပြီး မြေရိုင်းဒေသမှာတုန်းက ဗဟိုဧကရာဇ်အား ပထမဆုံး မြင်ခဲ့သည့်အချိန်ကို ပြန်တွေးလိုက်သည်။ သူက ရှေ့သို့ ခြေလှမ်းအနည်းငယ်လျှောက်ကာ လက်ယှက်ပြီး လေးလေးနက်နက်အရိုအသေပေး၍ ကျယ်လောင်အသံဖြင့် ပြောလေသည်။
" ကောင်းကင်တံတားဒေသက ပိုင်ရှောင်ချန်း… သူတော်စင်ဧကရာဇ်ကို ဂါဝရပြုပါတယ်။ အရှင့်ရဲ့ သဘောထားကြီးမှုအတွက် စိတ်ရင်းနဲ့ ကျေးဇူးလဲ တင်ချင်ပါတယ်ခင်ဗျာ။ အရှင့်ရဲ့ ပိုင်နက်ထဲမှာ ကောင်းကင်တံတားဒေသက လူတွေကို အန္တရာယ်ကင်းကင်း စောင့်ရှောက်ပေးထားပြီး ထာဝရနယ်မြေထဲမှာ ရှင်သန်ဖို့ ကျင့်သားရအောင် ကူညီပေးတဲ့အတွက်လဲ ကျေးဇူးအလွန်တင်မိပါတယ် “
" ဒီအကူအညီအတွက် အရှင့်ကို ကျုပ်တို့ပြန်မပေးဆပ်နိုင်တာကြောင့် တာအိုရောင်ရင်းသရဲကြီးနဲ့ ကျုပ် မိစ္ဆာဧကရာဇ်နိုင်ငံတော်ကို ခရီးနှင်ခဲ့တယ်။ အစကတော့ မိစ္ဆာဧကရာဇ်ကို ဖမ်းပြီး အရှင့်ဆီ ပေးအပ်မလို့ပါပဲ။ ဝမ်းနည်းစရာကောင်းတာက ကျုပ်က ထာဝရအင်မော်တယ်နယ်မြေတွေနဲ့ အကျွမ်းတဝင်မရှိတော့ လမ်းနည်းနည်းပျောက်သွားခဲ့တယ်။ ဒါနဲ့ ကျုပ်လဲ အရှင့်ကို လက်ဆောင်ဆက်သဖို့ ကြုံရာ ကောင်းကင်ဧကရာဇ်တစ်ပါးကို ခေါ်လာခဲ့တာပဲ။ ဒီလက်ဆောင်က သိပ်အထင်ကြီးစရာမကောင်းတာ ကျုပ် သိပေမယ့်လဲ အရှင် အရေးတယူလုပ်ပြီး လက်ခံလိမ့်မယ်လို့ ကျုပ်မျှော်လင့်မိပါတယ် သူတော်စင်ဧကရာဇ် ခင်ဗျား "
စကားပြောနေစဥ် အတောအတွင်း ပိုင်ရှောင်ချန်းက အလျဥ်းသင့်သလို သက်ပြင်းချပြီး အဆုံးသတ်တွင် သူ့မျက်နှာပေါ်၌ လေးလေးနက်နက်နောင်တရနေသောအသွင်ကို ဖမ်းလိုက်လေသည်။
ပိုင်ရှောင်ချန်း၏ စကားလုံးများကြောင့် သူတော်စင်ဧကရာဇ်၏အပြုံးမှာ အတန်ငယ် မဲ့တဲ့တဲ့ ဖြစ်သွားတော့သည်။ အင်အားကြီးမားသော ဧကရာဇ်တစ်ပါးဖြစ်သည့်တိုင် ယခုလေးတင် သူ ကြားခဲ့ရသောအရာကြောင့် အတန်ငယ်အံ့အားသင့်သွားရသည်။
သူပင် ထိုသို့ဖြစ်သွားလျှင် ကျန်မှူးမတ်များကား ဆိုဖွယ်ရာမရှိတော့ပြီ။ အများစုမှာ ထူးဆန်းသောမျက်နှာထားများဖြင့် ပိုင်ရှောင်ချန်းအား လှမ်းမကြည့်မိဘဲ မနေနိုင်တော့ချေ။ တချို့က အထင်သေးပြီး အချို့က မယုံသင်္ကာဖြစ်နေကြသည်။
ယခင်က အရှက်မရှိသောလူများကို သူတို့ မြင်ခဲ့ဖူးပြီး တကယ်တော့ အကျင့်စာရိတ္တမွတ်မြတ်ခြင်းသည် သူတော်စင်ဧကရာဇ်နိုင်ငံတော်၏ အဓိကအင်္ဂါရပ် ဖြစ်သည်။ သို့သော် ပိုင်ရှောင်ချန်းက မျက်တောင်ပင်မခတ်ဘဲ သူ့ကိုယ်သူ မတန်မဆကြွားလုံးထုတ်နေသည်မှာ တစ်ခါမှ သူတို့ မမြင်ခဲ့ဖူးသောအရာ ဖြစ်သည်။
" သူက မိစ္ဆာဧကရာဇ်ကို ဖမ်းဖို့ သွားတာ "
" ဒါပေမဲ့ လမ်းမသိလို့ သူ့ကို မရှာနိုင်ဘူး "
" ဘယ်လောက်တောင် အရှက်မရှိလိုက်လဲ။ ငါ နည်းနည်းပါးပါး ကြွားတာလောက်တော့ သည်းခံနိုင်ပါတယ်ကွာ။ ဒါပေမဲ့ ဒါကတော့ လွန်လွန်းသွားပြီ "
သရဲကြီးဘုရင်မှာ မျက်တောင်ပုတ်ခတ်ပုတ်ခတ် လုပ်လိုက်၏။ လွန်ခဲ့သော အခိုက်အတန့်က သူ စိတ်လှုပ်ရှားနေခဲ့ပါသော်လည်း သူ လှမ်းကြည့်လိုက်ပြီး ကြေကွဲဆို့နစ်သောမျက်နှာထားဖြင့် ပိုင်ရှောင်ချန်းက ရပ်နေသည်ကို မြင်သောအခါ ထိုစိုးရိမ်သောကများ ပျောက်ကွယ်သွားလေသည်။ ဘေးဘီဝဲယာကို ကြည့်ကာ သူသည် ထာဝရနယ်မြေများတွင် မဟုတ်ဘဲ မြေရိုင်းဒေသထဲ ပြန်ရောက်သွားသည့်အလား ရုတ်ချည်း ခံစားလိုက်ရတော့သည်။
" ငါလောင်းရဲတယ် ... သူက ဘယ်လောက်တောင် အရှက်မရှိတဲ့အပြင် ဂြိုဟ်မွှေတဲ့နေရာမှာ ဘယ်လောက်တောင် တော်တဲ့အကြောင်း ထာဝရအင်မော်တယ်နယ်မြေက လူတိုင်းလူတိုင်း သိဖို့ သိပ်ကြာတော့မှာ မဟုတ်ဘူး "
ပိုင်ရှောင်ချန်းက လူအုပ်ကြီး၏ အမူအရာကို မြင်ပြီး သူတော်စင်ဧကရာဇ်၏ အပြုံးက မဲ့တဲ့တဲ့ဖြစ်လာခဲ့သည်ကို မြင်သောအခါ သူ့ကိုယ်သူ အလွန်အမင်း နှစ်ထောင်းအားရသွားသည်။ သူသည် အစောပိုင်းက ပြုသမျှနုရသောနေရာတွင် ဖြစ်ခဲ့သော်လည်း ယခုအခိုက်အတန့်တွင် သူအသာစီးရနေလေပြီ။ သို့ဖြစ်၍ အပေးအယူလုပ်ရာတွင် သူ ကြေးကြီးကြီး ရနိုင်သည်ဟု ဆိုနိုင်သည်။
သူက သူ၏နောက်ထပ်လျှောက်လဲချက်ကို စကားလုံးစီရန် ဆုံးဖြတ်နေဆဲမှာပင် ခန်းမ၏ ဘယ်ဘက်အခြမ်းရှိ ကျင့်ကြံသူအုပ်စုထဲမှ ရင်းနှီးသော အသံတစ်သံကို ကြားလိုက်ရသည်။
" ဒါက သူတော်စင်ဧကရာဇ်ရဲ့ နန်းတော် ပိုင်ရှောင်ချန်း။ မင်း ပေါက်တက်ကရတွေ လျှောက်ပြောမနေနဲ့ "
ရုတ်တရက် လူအုပ်ထဲမှ တစ်စုံတယောက်ထွက်လာပြီး သူတော်စင်ဧကရာဇ်ကို လက်ယှက် ဂါဝရပြုလိုက်သည်။
" အရှင်မင်းမြတ် သူတော်စင်ဧကရာဇ်ခင်ဗျား။ ဒီပိုင်ရှောင်ချန်း ကျူးလွန်ခဲ့တဲ့ ပြစ်မှုသုံးရာကို ကျုပ် ပြောပြနိုင်ပါတယ်။ ဒါပေမဲ့ အဲဒီအထဲ အဆိုးဝါးဆုံးက ဘုရင်ကို လိမ်ညာခြင်းပါပဲ။ အရှင်မင်းမြတ်ခင်ဗျား၊ ဒီပိုင်ရှောင်ချန်းကို သူ့ပြစ်မှုတွေအတွက် ကျေးဇူးပြုပြီး အပြစ်ပေးတော်မူပါ "
" လျှိုယုံ "
ပိုင်ရှောင်ချန်း၏ နှုတ်မှလွှဲခနဲ ထွက်သွားကာ သူ ပါးစပ်အဟောင်းသား ဖြစ်သွားတော့သည်။ အစောပိုင်းက လူအုပ်ကြီးကို သူ နီးနီးကပ်ကပ် ကြည့်မနေခဲ့၍ ထိုနေရာတည့်တည့်တွင် ရပ်နေသည်မှာ တစ်ခါက ပြစ်မှု ၁၀၀ကို စာရင်းပြုစုခဲ့သည့် မြေရိုင်းဒေသမှ ကောင်းကင်မြို့စား လျှိုယုံဖြစ်ကြောင်း သတိမထားမိခဲ့ပေ။
ကောင်းကင်မြို့စားလျှိုက ပိုင်ရှောင်ချန်းကို ကြည့်ပင် မကြည့်ချေ။ သူက စိတ်လှုပ်ရှားမှုများဖြင့် ရင်တဒိန်းဒိန်းခုန်လျက် နေရာမှာသာ ရပ်နေလေသည်။ ကောင်းကင်တံတားဒေသကလူများ ထာဝရနယ်မြေများကို တည်နေရာရွှေ့ပြောင်းခံခဲ့တုန်းက သူသည် ကံကောင်းပြီး သူတော်စင်ဧကရာဇ်မြို့တော်သို့ ရောက်ရှိခဲ့သည်။ သူက နိုင်ငံကို အလုပ်အကျွေးပြုခစားသော ပထမဆုံး လူများအနက် တစ်ဦးလည်း ဖြစ်၏။ သူသည် သူတော်စင်ဧကရာဇ်ကိုတန်ဖိုးကြီးသော သတင်းအချက်အလက်များ ထုတ်ဖော်ပြောခဲ့၍ ဗဟိုအုပ်ချုပ်ရေးအဖွဲ့တွင် အရာခံရာထူးပေးအပ်ခံခဲ့ရသည်။
၄င်းက မြင့်မားသောရာထူးမဟုတ်သော်လည်း သူ ပျော်ရွှင်ဝမ်းမြောက်သေး၏။ ယခုတွင် သူသည် မဟာတံတိုင်းထံ ကြောက်ကြောက်လန့်လန့် ထွက်ပြေးရန် ဖိအားပေးခဲ့သော ပုဂ္ဂိုလ်ဖြစ်သည့် ပိုင်ရှောင်ချန်းအား မျက်နှာချင်းဆိုင်နေရလေသည်။။ ယခုတွင် သူက မြေရိုင်းဒေသတွင် စခဲ့သည့်အရာကို အဆုံးသတ်ပြီး လက်စားပြန်ချေရန် အခွင့်အရေးတစ်ခု ရသွားလေပြီ။
" နှစ်ထောင်ချီကြာသွားရင်တောင်မှ "
သူက တွေး၏။
" လူကြီးလူကောင်းတစ်ယောက်အတွက် လက်စားချေဖို့ ဘယ်တော့မှ နောက်မကျဘူး။ မင်း မြေရိုင်းဒေသမှာ ငါ့လက်ထဲက လွတ်သွားခဲ့ပေမယ့် ဒီမှာတော့ အဲဒီလိုဖြစ်မှာမဟုတ်ဘူး။ ငါ လိုအပ်ရင် ပြစ်မှု ၁၀၀၀ ဖော်ထုတ်ပစ်မယ်ကွ "
#အခန်း ( ၈၀၄ ) မှာ လျှိုယုံက ပိုင်ရှောင်ချန်းကို ပြစ်မှုပေါင်းများစွာ စွဲချက်တင်ခဲ့ပါတယ်။