ခင်ဗျားတို့အားလုံးကို ကျုပ်သတိမပေးဘူးလို့ မပြောနဲ့နော်
Vol. 11 Ch. 1057
ကောင်းကင်မြို့စားလျှို၏ အကျပ်အတည်းထဲရောက်နေသော လေသံကြောင့် သူ အလွန်အမင်း စိုးရိမ်ထိတ်လန့်နေကြောင်း သိနိုင်သည်။ သူ၏စကားသံများမှာ အထိတ်တလန့် အော်ဟစ်သံတစ်သံကဲ့သို့ ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။ ထိုအသံကြောင့် မှူးမတ်ထောင်ပေါင်းများစွာက မျက်မှောင်များကြုတ်၍ သူ့အား လှမ်းကြည့်လိုက်ကြတော့သည်။
ပိုင်ရှောင်ချန်းမှာ တုန့်ခနဲ ရပ်တန့်သွားပြီး မျက်တောင်တဖျတ်ဖျတ် ခတ်လိုက်သည်။ သရဲကြီးဘုရင်၏ မျက်ဝန်းများထဲတွင်မူ မျှော်လင့်ချက်များဖြင့် တောက်ပလာတော့သည်။
" ဒီရောင်းရင်းက နောက်ဆုံးတော့ အမှန်အတိုင်းပြောပြီပဲ "
အမှန်တွင် သူတော်စင်ဧကရာဇ် ဆုံးဖြတ်ချက်ပြောင်းလဲသွားစေရန်အတွက် ကောင်းကင်မြို့စားလျှိုက သူ့အား နားချပေးရန်ကို သရဲကြီးဘုရင်က မျှော်လင့်နေခဲ့သည်။ အကယ်၍ ပိုင်ရှောင်ချန်းသည် သူတော်စင်ဧကရာဇ်မြို့တော်ထဲတွင်သာ နေထိုင်ရန် သတ်မှတ်မခံရပါက သူတို့အတွက် များစွာပို၍ အကျိုးဖြစ်ထွန်းမည်သာ ဖြစ်သည်။
ပိုင်ရှောင်ချန်းမှာ ပထမဆုံးအကြိမ်အဖြစ် ကောင်းကင်မြို့စားလျှိုကြောင့် စိတ်မရှုပ်မိသည့်အပြင် သူဆက်ပြောမည့်စကားကိုပါ ဆက်၍နားစွင့်နေမိတော့သည်။ စိတ်ထဲတွင် လျှို့ဝှက်စွာပင် သူ့ကို အားပေးနေမိသည်။
သူတော်စင်ဧကရာဇ်မှာ အလွန်အမင်းကျေနပ်နေသည် မဟုတ်သော်လည်း ထိုခံစားချက်များကို ဖုံးကွယ်လိုက်ပြီး သူ၏နွေးထွေးသောအကြည့်များကို ကောင်းကင်မြို့စားလျှိုဆီသို့ လွှဲလိုက်သည်။
" အမတ်ကြီးလျှို … သင်ရဲ့စကားက ဘယ်အဓိပ္ပါယ်ကို ဆိုနေတာလဲ "
သူတော်စင်ဧကရာဇ်မှခွင့်ပြုသော အမူအရာဖြင့် ခေါင်းညိတ်ပြလိုက်သဖြင့် ကောင်းကင်မြို့စားလျှိုသည် စိတ်လှုပ်ရှားစွာ ဦးညွှတ်လိုက်ပြီး ပို၍ကျယ်လောင်သောအသံဖြင့် ဆက်ပြောလိုက်တော့သည်။
" အရှင်မင်းမြတ်ခင်ဗျား … ဒီပိုင်ရှောင်ချန်းဆိုတဲ့ကောင် ကောင်းကင်တံတားနယ်မြေထဲမှာ ဘာတွေလုပ်ခဲ့လဲဆိုတာကို အရှင်ဘုရားလုံးဝ သိမှာမဟုတ်ပါဘူး။ အရှင်ဘုရား … ဒီကောင်က ဘယ်နေရာရောက်ရောက် ပြဿနာအကြီးအကျယ်ရှာပြီး အဲနေရာမှာရှိတဲ့ လူတွေကို အရက်စက်ဆုံးသော ညှဥ်းပန်းမှုတွေနဲ့ တွေ့ဆုံကြုံကြိုက်စေတဲ့လူပါဘုရား "
" သူက စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်း၊ သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းနဲ့ အဏ္ဏဝါခေါ်သံဂိုဏ်းတို့ကို အရုပ်တစ်ရုပ်လို မပြီးနိုင် မစီးနိုင် ကစားခဲ့တာပါ။ နောက်ပိုင်း မြေရိုင်းဒေသထဲရောက်လာတဲ့အချိန်ကြတော့ သူက မျိုးနွယ်စုတွေကို ငွေညှစ်၊ သူတစ်ပါးရဲ့ ဇနီးမယားတွေကို ခိုးပြီး ပြစ်မှုကြီး တစ်ရာတိတိ ကျူးလွန်ခဲ့တာပါ။ ပြီးတော့ သူက ကောင်းကင်ကိုးသွယ်လျှပ်စီးဂိုဏ်း တစ်ဂိုဏ်းလုံးနီးပါးကို ဖျက်စီးခဲ့တာပါ။ သူ ရောက်ခဲ့သမျှနေရာတိုင်းမှာ မကျေနပ်ချက်အပြည့်ရှိတဲ့ အသံတွေ ထွက်ရလာစမြဲပါပဲ။ လူတွေတင်မကဘူး နတ်ဘုရားတွေပါ အမျက်တော်ရှရတဲ့အထိပါပဲ အရှင်ဘုရား "
ကောင်းကင်မြို့စားလျှိုမှာ အလွန် တက်ကြွနေသည်ဖြစ်ပြီး ဆက်ပြောစရာ စကားများလည်း ကျန်ရှိသေးသည်။ သို့သော် ယခုတွင်မူ စုဝေးနေကြသည့် မှူးမတ်များမှာ ပေါ်ပေါ်ထင်ထင် ရယ်မောနေကြပြီဖြစ်သည်။
သူတို့သည် ကောင်းကင်မြို့စားလျှို လိမ်ညာနေသည်ဟု မထင်ပါသော်လည်း သူက ပုံကြီးချဲ့ပြောဆိုနေသည်ဖြစ်ကြောင်း ယူဆထားကြသည်။ ထို့အပြင် ပိုင်ရှောင်ချန်းသည် နတ်ဘုရားတစ်ပိုင်း အထွတ်အထိပ်အဆင့်ရှိသော ကျင့်ကြံခြင်းအခြေခံတစ်ခုကို ပိုင်ဆိုင်ထားပါသော်လည်း အလွန်သေးငယ်သော ကမ္ဘာတစ်ခုမှ ရောက်လာခဲ့သည်မဟုတ်ပါလော။
ဆန့်ကျင်ဘက်အနေနှင့် သူတော်စင်ဧကရာဇ်မြို့တော်မှာ မင်းဆက်ကြီးတစ်ခုလုံး၏ မင်းနေပြည်တော်ဖြစ်နေသည် မဟုတ်လော။
ဤမြို့တော်တွင် ကောင်းကင်ဧကရာဇ်အဆင့်ကျင့်ကြံသူများစွာ သာမက သူတော်စင်ဧကရာဇ် ကိုယ်တိုင်ပါ ရှိနေသည်။ ပိုင်ရှောင်ချန်းက သူ၏လက်ရှိအခြေအနေထက် ပို၍စွမ်းအားကြီးမားနေမည်ဆိုလျှင်တောင် ပြဿနာကြီးကြီးမားမား ရှာနိုင်ရန် နည်းလမ်းမရှိကြောင်း သူတို့က ယုံကြည်ထားသည်။
သူတော်စင်ဧကရာဇ်မှာ အသက်မပါပဲ ရယ်မောလိုက်သည်။ သူသည်လည်း အခြားလူများကဲ့သို့ တွေးထင်နေသည်သာ ဖြစ်သည်။ အခြား မည်သည့်တိရစ္ဆာန်မှမရှိသည့် ဥယျာဥ်ထဲသို့ မျောက်တစ်ကောင်အားထည့်လိုက်ပါက ထိုမျောက်က ထင်တိုင်းကြဲနေမည်ဖြစ်သည်။ သို့သော် ထိုမျောက်အား ခြင်္သေ့တစ်ကောင်၏ စားကျက်ထဲသို့ ထည့်လိုက်ပါက ၎င်း၏ ကံကြမ္မာမှာ လုံးဝဥဿုန်ပြောင်းလဲသွားမည်သာဖြစ်သည်။
ထို့ကြောင့် သူသည် သူ၏လက်ကိုဝှေ့ယမ်းလိုက်ပြီး ကောင်းကင်မြို့စားလျှိုအား တားဆီးကာ နန်းတွင်းညီလာခံအား ရပ်နားစေလိုက်တော့သည်။
သရဲကြီးဘုရင်နှင့် ပိုင်ရှောင်ချန်းတို့ နှစ်ယောက်စလုံး လွန်စွာ စိတ်ပျက်သွားရတော့သည်။ ပိုင်ရှောင်ချန်းမှာမူ အနည်းငယ်ပင် စိုးထိတ်နေမိတော့သည်။ သူသည် တမင်တကာမဟုတ်ပါသော်လည်း ကြီးမားသော ပြဿနာများ ရှာနိုင်စွမ်းရှိသည်ကို သူ့ကိုယ်သူသိထားသည်။ ထို့ကြောင့် သူသည် အာမခံအနည်းငယ် ရှိနေလျှင် အကောင်းဆုံးဖြစ်မည်ဟု ဆုံးဖြတ်လိုက်သည်။
သူသည် ရှေ့သို့ပြေးထွက်ကာ အော်ပြောလိုက်တော့သည်။
" အရှင်မင်းမြတ်ခင်ဗျား... ခဏနေပါဦး "
သူတော်စင်ဧကရာဇ်မှာ ရပ်တန့်သွားပြီး သူ့အား လှည့်ကြည့်လိုက်သည်။ အခြားမှူးမတ်များမှာလည်း ထိုနည်းတူပင်။
" အရှင်မင်းမြတ်ခင်ဗျား "
သူက သတိကြီးစွာ ဆိုလိုက်သည်။
" လျှိုယုံပြောခဲ့တဲ့ အရာတွေက အမှန်တွေပါ။ အမှန်အတိုင်းပြောရမယ်ဆိုရင် သူတော်စင်ဧကရာဇ်မင်းရဲ့ စည်းမျဥ်းအချို့ကို ချိုးဖျက်မိမှာကို ကျွန်တော်မျိုးက စိုးရိမ်နေတာပါ။ ကောင်းကင်တံတားနယ်စားဆိုတဲ့ ကျွန်တော်မျိုးက .... စည်းမျဥ်းအချို့ကို ချိုးဖောက်မိရင် ဘယ်လိုအပြစ်ဒဏ်မျိုးကို ခံစားရမှာလဲ အရှင်ဘုရား "
ထိုအခါ သူတော်စင်ဧကရာဇ်သည် မျက်လုံးမှေးများဖြင့် ပိုင်ရှောင်ချန်းအားကြည့်လိုက်၊ ကောင်းကင်မြို့စားလျှိုအား ကြည့်လိုက် လုပ်ကာ သူတို့နှစ်ယောက်မှာ ပူးပေါင်းကြံစည်နေသလားဟု တွေးတောနေတော့သည်။ ဤအခြေအနေအရ သူတို့နှစ်ယောက်စလုံးမှာ ပိုင်ရှောင်ချန်းအား သူတော်စင်ဧကရာဇ်မြို့တော်၏ အပြင်သို့ထုတ်နိုင်ရန် ဆင်ခြေပေးနေသည်နှင့် တူနေသည်။
" ဂုဏ်ထူးဆောင် တာဝန်တွေကို ထမ်းဆောင်နိုင်ခဲ့တဲ့ နယ်စားတစ်ယောက်အနေနဲ့ ဒီတိုင်းပြည်ကို သစ္စာမဖောက်သရွေ့ မင်းဘာလုပ်လုပ် ပြစ်ဒဏ်ပေးဖို့ မဖြစ်နိုင်ပါဘူး "
သူတော်စင်ဧကရာဇ်မှာ စိတ်ထဲတွင် အေးစက်စက်ရယ်မောနေသည်။ ကောင်းကင်တံတားနယ်မြေမှ လူများကို ထိန်းချုပ်ရာတွင် ပိုင်ရှောင်ချန်းသည် အလွန်အရေးပါနေသဖြင့် သူ့အား မည်သည့်နည်းနှင့်မျှ ထွက်ခွာခွင့်ပြုမည် မဟုတ်ပေ။
ပိုင်ရှောင်ချန်းမှာ ထိုအဖြေကြောင့် ကျေနပ်အားရသွားပါသော်လည်း သူ၏မျက်နှာပေါ်တွင် ထိုခံစားချက်ကို ထုတ်ဖော်ပြသခြင်း မပြုပေ။ သူသည် မျက်မှောင်ကြုတ်၍ သက်ပြင်းချလိုက်ပြီး သရဲကြီးဘုရင်နှင့်အတူ ထွက်ခွာသွားတော့သည်။
လူအားလုံး ကိုယ့်လမ်းကို ထွက်ခွာသွားကြချိန်တွင် ကောင်းကင်မြို့စားလျှိုမှာ စိတ်ပျက်လက်ပျက်နှင့် ကျန်ရစ်ခဲ့တော့သည်။ သူ၏အမြင်တွင် သူတော်စင်ဧကရာဇ်မှာ ဝံပုလွေတစ်ကောင်အား ကြက်ခြံထဲ ထည့်သွင်းလိုက်သကဲ့သို့ ဖြစ်နေတော့သည်။ အနာဂတ်နေ့ရက်များတွင် သူတော်စင်ဧကရာဇ်မြို့တော်မှာ ကံဆိုးမိုးမှောင်ကျသွားတော့မည်ဖြစ်ပြီး နောက်ဆုံးတွင် အိုးစည်ဗုံမောင်းများတီးခတ်ကာ မိစ္ဆာပိုင်အား နှင်ထုတ်ရသည့်အခြေအနေအထိ ရောက်သွားတော့မည်သာဖြစ်သည်။
" ကျုပ်ခင်ဗျားတို့ကို သတိပေးတယ်နော် "
သူက သက်ပြင်းချကာ စကြဝဠာကြီးအတွက် ဝမ်းနည်းနေပြီး လူသားမျိုးနွယ်အတွက် စိတ်မကောင်းဖြစ်နေတော့သည်။
မင်းညီလာခံကို ရပ်နားလိုက်ပြီး သူတော်စင်ဧကရာဇ်မှာ ဆုတော်များ အသီးသီး ချီးမြှင့်လိုက်သည်။ ပိုင်ရှောင်ချန်း မထွက်ခွာခင် ခန်းမ၏အရှေ့တွင် ရပ်နေခဲ့သည့် အဘိုးကြီးနှစ်ယောက်က သူ့ဆီသို့ ချဥ်းကပ်လာ၏။
ထိုအထဲမှ တစ်ယောက်သည် သူ့အား ကျောက်စိမ်းပေလွှာတစ်ခု ပေးလိုက်သည်။ ထိုပေလွှာမှာ သူ၏ဆုလာဘ်ဖြစ်သော မြင့်မြတ်သောမြေတစ်ကွက်အတွက် သော့တစ်ချောင်းဖြစ်သည်။
အခြားပစ္စည်းတစ်ခုမှာ ကမ္ဘာ့ရတနာတစ်ခုဖြစ်သော တော်ဝင်နန်းတော်စောင့်ဝိညာဥ်ထံမှ ဖိအားများ မခံစားရစေရန် စွမ်းဆောင်ပေးနိုင်သည့် ရောင်စုံခါးပတ်တစ်ခုဖြစ်သည်။
ထို့အပြင် အံ့သြဖွယ်ကောင်းသော အငွေ့အသက်တစ်ခုပါရှိသည့် ထိပ်တန်းအဆင့် နယ်စားဝတ်ရုံတစ်ခုကိုလည်း ရရှိလိုက်သေးသည်။ နောက်ဆုံးတွင် နဂါးတူငါးတစ်ကောင်ကိုပါ ရရှိလိုက်သေးသည်။
ထိုနဂါးတူငါးမှာ သုံးမီတာတိတိ ရှည်လျားပြီး အသက်ရှင်နေဆဲဖြစ်သည်။ ၎င်းကို လှုပ်ရှား၍မရနိုင်အောင် ချုပ်နှောင်ထားပါသော်လည်း ၎င်း၏ ချွန်ထက်လှသော သွားများနှင့် စူးရှသော မျက်ဝန်းများမှာ အလွန် ထိတ်လန့်ဖွယ်ကောင်းလှပေသည်။
ပိုင်ရှောင်ချန်းမှာ ထိုဆုလာဘ်များကိုကြည့်၍ သက်ပြင်းချလိုက်တော့သည်။
" သူတော်စင်ဧကရာဇ်က တော်တော်ကို ကပ်စေးနှဲတာပဲ။ အင်မော်တယ်ဂူနဲ့ ခါးပတ်က အဆင်ပြေပေမဲ့ ဘာလို့ အဲဒီငါးကို ပေးရတာတုံး "
သူသည် ခေါင်းယမ်းလိုက်ပြီး သရဲကြီးဘုရင်အား သူနှင့်အတူခေါ်ဆောင်သွားကာ ကျောက်စိမ်းပေလွှာကိုအသုံးပြု၍ သူ၏ မြင့်မြတ်သောမြေကွက်ကို ရှာဖွေလိုက်တော့သည်။ ထိုမြေကွက်မှာ အဆောက်အဦများစွာ တည်ရှိနေသော ကြာရွက်တစ်ရွက်ပေါ်တွင် တည်ရှိနေသည်။ သူ၏ မြင့်မြတ်သောမြေကွက်မှာ အလယ်တွင်တည်ရှိပြီး အတော်အတန် ငြိမ်သက်အေးချမ်းမှုရှိပြီး သာယာလှပသည်။
၎င်းမှာ မြင့်မြတ်သောနယ်မြေဟု အမည်တွင်ပါသော်လည်း စံအိမ်တစ်ခုမျှသာဖြစ်သည်။ အားသာချက်မှာ ထိုနေရာတစ်ဝိုက်ရှိ ကောင်းကင်နှင့် ကမ္ဘာမြေကြီး၏ စိတ်စွမ်းအင်မှာ အားကောင်းနေခြင်းပင်ဖြစ်သည်။ လှပသော အဆင်တန်ဆာ ကျောက်မျက်ရတနာများနှင့် အလွန်အံ့သြဖွယ်ကောင်းစွာ တည်ဆောက်ထားသည့် ရင်သပ်ရှုမောဖွယ် အဆောက်အဦများလည်း ပါဝင်ပေသည်။
ပိုင်ရှောင်ချန်းမှာ စံအိမ်ကို သဘောကျနှစ်ခြိုက်နေသည်။ ၎င်းမှာ ဟာလာဟင်းလင်းဖြစ်နေပြီး သူနှင့်အနည်းငယ်စိမ်းနေသေးပါသော်လည်း သူ စိတ်မပျက်ပေ။ ထို့ကြောင့် သူသည် ထိုင်ချလိုက်ပြီး တရားမှတ်၍ ဤနေရာရှိ ကောင်းကင်နှင့်ကမ္ဘာမြေကြီးတို့၏ စိတ်စွမ်းအင်နှင့် အသားကျအောင် လုပ်လိုက်တော့သည်။ သရဲကြီးဘုရင်မှာမူ အနည်းငယ်မျှ လှည့်ပတ်ကြည့်ရှုလိုက်ပြီး ထွက်ခွာသွား၏။
သရဲကြီးဘုရင်နှင့် ပိုင်ရှောင်ချန်းမှာ အချို့သော ကိစ္စရပ်များတွင် များစွာကွဲပြားကြသည်။ ဥပမာဆိုရလျှင် ပိုင်ရှောင်ချန်းသည် သူရောက်ရှိခဲ့သည့် မြို့ထဲရှိ မည်သူနှင့်မှ မရင်းနှီးခဲ့ပေ။ ထိုအချင်းအရာမှာ သူ၏ စိတ်ဓာတ်ကျဆင်းနေခြင်းနှင့် အနည်းငယ်ဆိုင်ပါသော်လည်း သူ၏ အမူအကျင့်နှင့်လည်း ဆိုင်ပေသည်။ သို့သော် သရဲကြီးဘုရင်မှာမူ သူနှင့် ဆန့်ကျင်ဘက်အလား အလျင်အမြန် မိတ်ဆွေများ ဖွဲ့နိုင်ခဲ့သည်။ ထိုအချင်းအရာကိုကြည့်၍ သရဲကြီးဘုရင်မှာ သူ၏ ဆက်ဆံရေးကွန်ရက်ကို ဖြန့်ကျက်ရာတွင် အလွန်ကျွမ်းကျင်မှုရှိကြောင်းကို မြင်နိုင်သည်။ ထိုအခန်းကဏ္ဍတွင် သူသည် ပိုင်ရှောင်ချန်းအား လုံးဝ နောက်ကောက်ချန်ရစ်ထားနိုင်သည်။
ယခု ဤနေရာတွင်လည်း ထိုသို့ ဆက်ဆံရေးကွန်ယက်ကို ဖြန့်ကျက်ရန် သူကကြံစည်ထားသည်။ သူသည် တာကျန်းစီရင်စုနယ်သို့ သွားရန် ပြင်ဆင်၍ ဟိုဟိုသည်သည်မေးမြန်းကာ သတင်းအချက်အလက်များ စုဆောင်းနေလေ၏။
မကြာမီ ကောင်းကင်ယံတွင် လမင်းကြီးထိန်ထိန်သာနေပြီး ပိုင်ရှောင်ချန်းမှာ တရားထိုင်နေရာမှ ပြန်လည်နိုးထလာတော့သည်။ သူသည် ကောင်းကင်ပေါ်သို့ မော့ကြည့်လိုက်ပြီးနောက် ထာဝရအင်မော်တယ်နယ်မြေများထဲတွင် သူ၏ ပထမဆုံးသောခြေလှမ်းကို စတင်လှမ်းလိုက်ပြီးပြီဖြစ်ကြောင်း သိလိုက်တော့သည်။
သူသည် သက်ပြင်းများချ၍ သူနှင့်ရင်းနှီးသော လူများ၏ မျက်နှာများကို ပြန်လည်မြင်ယောင်လာတော့သည်။
" ဦးလေးလီ၊ ဘရူဆာ၊ စိတ်စွမ်းအင်နတ်ရေစင်ခေါင်းဆောင်ကြီး ... "
" စုန့်ကျင်းဝမ်၊ သခင်မလေးဟုန်ချိန် ... "
" နတ်ဆရာ၊ ရွှီပေါက်ချိုင်... "
အဆုံးသတ်တွင် သူသည် နောက်ဆုံးသော နာမည်တစ်ခုကို တွေးတော၍ သက်ပြင်းချလိုက်တော့သည်။
" တုလင်ဖေး ... "
တုလင်ဖေး အသက်ရှင်လျက် ရှိနေသေးသလားဆိုသည်ကိုပင် ပိုင်ရှောင်ချန်းမှာ အတိအကျမသိပေ။ ကောင်းကင်တံတားတာအိုနှင့် နောက်ဆုံးရင်ဆိုင်ခဲ့ရသည့်အခိုက်အတန့်မှာ သူက သူမ အသက်ရှင်နေသေးကြောင်း ဆိုခဲ့သည်။
သို့သော် ကမ္ဘာကြီးမှာ ပျက်စီးသွားခဲ့ရသည်။ ထို့အပြင် အင်မော်တယ်ပိုင်နက်များမှာလည်း မရေမတွက်နိုင်သော လူပေါင်းများစွာဖြင့် ပြည့်နှက်နေသည်။ သူသည် ဤကဲ့သို့သော ပတ်ဝန်းကျင်မျိုးတွင် သူမအား မည်သည့်နည်းဖြင့် ရှာတွေ့နိုင်ပါမည်နည်း။
" အခုလောလောဆယ် လုပ်ဖို့လိုတာက ကျင်ကြံခြင်းကိုအားစိုက်ပြီး ကောင်းကင်ဧကရာဇ်အဆင့်ကို ဖောက်ထွက်ဖို့ပဲ။ ကျင့်ကြံခြင်းနဲ့ ပတ်သတ်လို့က ဆေးလုံးတွေအပြင် ကောင်းကင်နဲ့ကမ္ဘာမြေကြီးရဲ့ စိတ်စွမ်းအင်တွေ လိုအပ်တယ်။ ကြည့်ရတာ အရင်ဆုံး ထာဝရအင်မော်တယ်ပိုင်နက်တွေထဲမှာရှိတဲ့ ကျင့်ကြံခြင်း အထောက်အပံ့ပစ္စည်းတွေနဲ့ ရင်းနှီးအောင်လုပ်မှရမယ် "
သူသည် ထိုသို့ဆုံးဖြတ်လိုက်ပြီးနောက် သူ၏မျက်ဝန်းများမှာ ပြတ်သားမှု၊ စူးစိုက်မှုများဖြင့် ပြည့်နှက်သွားတော့သည်။
ညအချိန်သို့ ရောက်လာသောအခါ သရဲကြီးဘုရင်မှာ အလွန်စိတ်လှုပ်ရှားနေသည့် အမူအရာဖြင့် ပြန်ရောက်လာသည်။
" အဲဒီငါး … အဲဒါ နဂါးတူငါးပဲ "
ပိုင်ရှောင်ချန်းမှာ အံ့အားသင့်စွာဖြင့် ဘေးဘက်တွင် ယက်ကန်ယက်ကန်ဖြစ်နေဆဲဖြစ်သည့် ထိုနဂါးတူငါးကို လှမ်းကြည့်လိုက်သည်။ သရဲကြီးဘုရင်၏ မျက်ဝန်းများထဲတွင် ၎င်းမှာ တန်ဖိုးကြီးရတနာတစ်ခုအလားပင်။
" ရှောင်ချန်းရေ … အဲဒါက သာမန်ငါး မဟုတ်ဘူးကွ။ သူတော်စင်ဧကရာဇ်က ပေါ့ပေါ့တန်တန် ဆက်ဆံနေတာ မဟုတ်ဘူး။ ကောင်းကင် နဂါးတူငါးတွေက ဒီကောင်းကင်ရေအိုင်ထဲမှာ ရှိကြတာ။ သူတို့တွေက ကောင်းကင်ရေတွေကိုသောက်သုံးကြလို့ ကောင်းကင်နဲ့ကမ္ဘာမြေကြီးရဲ့ စိတ်စွမ်းအင်တွေကို စုပ်ယူပြီးသားဖြစ်နေတာ။ ပြီးတော့ သူတို့ကို တန်ဖိုးကြီး ရတနာအမျိုးမျိုးလည်း ကျွေးကြသေးတာကွ။ သူတို့တွေကို သူတော်စင်ဧကရာဇ်ရဲ့ ကိုယ်ပိုင် ပစ္စည်းတစ်ခုအဖြစ် သတ်မှတ်ထားကြတာ "
" ကောင်းကင်ဧကရာဇ်အဆင့်အောက်မှာရှိတဲ့ ဘယ်ကျင့်ကြံသူမဆို အဲဒီ နဂါးတူငါးတစ်ကောင်ကိုစားလိုက်ရင် ကျင့်ကြံခြင်းအဆင့် အများကြီးတိုးတက်သွားမှာ။ အင်မော်တယ်ဆေးလုံးတစ်လုံးကို စားလိုက်ရသလိုမျိုးပဲ "
" အင်မော်တယ်ဆေးလုံး ဟုတ်လား "
ပိုင်ရှောင်ချန်းက အရောင်လက်နေသည့် မျင်ဝန်းများဖြင့် ပြန်မေးလိုက်သည်။ သူသည် ယခုလေးတင် သူ၏ကျင့်ကြံခြင်းအတွက် လိုအပ်သော စိတ်စွမ်းအင်များကို ရှာဖွေနိုင်မည့် နေရာနှင့်ပတ်သတ်၍ တွေးတောနေခဲ့သည်။ ထို့ကြောင့် သူနှင့် သရဲကြီးဘုရင်မှာ သူ၏ငါးကို ကင်ရန် ဆုံးဖြတ်လိုက်တော့သည်။
ထိုငါးမှာ စွဲမက်ဖွယ်ကောင်းသော အညိုရောင်သို့ ပြောင်းလဲသွားသောအခါ လေထုထဲတွင် အံ့အားသင့်ဖွယ် မွှေးရနံ့တစ်ခု လွင့်ပျံလာတော့သည်။ ပိုင်ရှောင်ချန်းနှင့် သရဲကြီးဘုရင်တို့မှာ ထိုငါး ကျက်လာရန် သွားရည်တမျှားမျှားဖြင့် ထိုင်စောင့်နေကြ၏။ ထို့နောက် သူတို့မှာ ၎င်းအား စားသုံးလိုက်ကြတော့သည်။
စားပြီးသွားသောအခါ ပိုင်ရှောင်ချန်းမှာ ကျေနပ်အားရစွာဖြင့် နှုတ်ခမ်းအား လျှာဖြင့်သပ်၍ ဆိုလိုက်တော့သည်။
" မြိန်လှပါလားဟ။ အရသာက ဝိညာဥ်အမြီးကြက်တွေ အတိုင်းပဲ "