← Chapters

မင်း စားလိုက်တာလား

Vol. 11 Ch. 1058

မင်း စားလိုက်တာလား

Vol. 11 Ch. 1058

ပိုင်ရှောင်ချန်းမှာ ရုတ်တရက် ဝိညာဥ်အမြီးကြက်များကို ပြန်လွမ်းသွားတော့သည်။ သို့သော်လည်း ထာဝရနယ်မြေများထဲတွင် ၎င်းတို့နှင့် ဆင်တူသော အရာများကို ရှာတွေ့ခဲ့ရသည့်အချက်မှာ အလွန် အံ့သြဖွယ်ရာကောင်းနေ၏။

သရဲကြီးဘုရင်မှာ သူ၏နှုတ်ခမ်းကို လျှာဖြင့်သပ်၍ ငါးအရိုးတစ်ချောင်းအား တစ်ခဏမျှ ကြည့်လိုက်ပြီး သူ၏ပါးစပ်ထဲသို့ ပစ်ထည့်ကာ ဝါးစားလိုက်တော့သည်။ ထို့နောက် သူသည် စကားပြောရန် ပြင်လိုက်ပါသော်လည်း တစ်ခွန်းတစ်လေပင် မပြောနိုင်ခင် တုန်ရီသွားရပြီး သူ၏ခန္ဓာကိုယ်ထဲတွင် မြင့်တက်လာသည့် အပူရှိန်တစ်ခုကြောင့် ထိုနေရာတစ်ဝိုက်တွင် အဖြူရောင်မြူခိုးများ ထလာတော့သည်။

" အင်မော်တယ် ငါးပဲဟ "

သူက တအံ့တသြ ဆိုလိုက်သည်။ ထို့နောက် လျင်မြန်စွာ တင်ပျဥ်ခွေထိုင်ချလိုက်ပြီး အသက်ရှူလေ့ကျင့်ခန်းများ လုပ်လိုက်လေသည်။

သရဲကြီးဘုရင်က ထိုသို့အောင်မြင်မှုများ ရရှိနေသဖြင့် ပိုင်ရှောင်ချန်းမှာလည်း သူ့အလှည့်တွင်လည်း ထိုသို့ဖြစ်လာမလားဟု စောင့်ဆိုင်းနေမိသည်။ သို့သော်လည်း သူ၏ ခန္ဓာကိုယ်ထဲတွင် မည်သည့်အပူရှိန်မျိုးမှ ပေါ်ထွက်မလာခဲ့ပေ။

" ဘာတွေဖြစ်နေတာတုန်း။ သရဲကြီးဘုရင်ကျ ရပြီးတော့ ဘာလို့ ငါက မရတာတုန်း "

ထို့နောက် သူသည် ဘေးဘီဝဲယာသို့ လှည့်ပတ်ကြည့်လိုက်သောအခါ သူတို့မစားရသေးသည့် ငါးရိုးများစွာ ကျန်ရှိနေသေးကြောင်း တွေ့လိုက်ရသည်။ သူသည် အရိုးအနည်းငယ်ကို ကောက်ယူလိုက်ပြီး တဂျွတ်ဂျွတ်ဝါး၍ မျိုချလိုက်သောအခါမှ သူ၏ခန္ဓာကိုယ်ထဲတွင် အနွေးလှိုင်းတစ်လှိုင်း စီးဆင်းလာတော့သည်။

သူသည် ကျေနပ်အားရသွားပြီး မျက်လုံးမှိတ်လိုက်တော့သည်။ တခဏအကြာတွင် သူ၏ခန္ဓာကိုယ်ထဲရှိ အနွေးဓာတ်များမှာ လှိုင်းလုံးကြီးတစ်ခုအသွင် ပြောင်းလဲသွားပြီး သူ၏အသက်ရှည်နည်းအတွဲကို ပြီးမြောက်ခြင်းပန်းတိုင်ဆီသို့ တွန်းပို့လိုက်တော့သည်။

သူသည် စိတ်လှုပ်ရှားမှုများကို ချုပ်တည်း၍ သူ၏ခန္ဓာကိုယ်ထဲရှိ စွမ်းအင်ကိုသာ အာရုံစိုက်ထားသည်။ အချိန်များစွာ ကုန်ဆုံးသွားသည်။ တစ်ခဏအကြာတွင် ပိုင်ရှောင်ချန်းနှင့် သရဲကြီးဘုရင်တို့ တရားထိုင်နေသည်မှာ ခြောက်နာရီခန့်အထိ ကြာမြင့်သွားပြီဖြစ်သည်။

ထိုအချိန်တွင် သရဲကြီးဘုရင်၏မျက်လုံးများ ပွင့်လာပြီး ခေါင်းကိုနောက်ပစ်၍ အားပါးတရ ရယ်မောလိုက်တော့သည်။ ထိုတိုတောင်းလှသည့် ခြောက်နာရီဆိုသော အချိန်ကလေးအတွင်း သရဲကြီးဘုရင်မှာ နှောင်းပိုင်း နတ်ဘုရားတစ်ပိုင်းအဆင့်ဆီသို့ လျင်မြန်စွာ တိုးတက်သွားခဲ့သည်။

" ငါတို့ဆီမှာ ငါးတစ်ကောင်ပဲရှိတာ ဆိုးတာပဲ " သူကဆိုလိုက်သည်။

“ အဲဒီလိုမျိုး ငါးတွေကိုသာ မကြာခဏ စားနိုင်လို့ကတော့ မဟာစက်ဝန်းအဆင့်ကို တစ်ခဏလေးနဲ့ ရောက်သွားနိုင်တယ် "

ထိုအချိန်တွင် ပိုင်ရှောင်ချန်းမှာလည်း မျက်လုံးများပွင့်လာသည်။ သူ၏ မျက်လုံးများမှာ တောက်ပသောအလင်းရောင်များဖြင့် တဖိတ်ဖိတ် တောက်ပနေသည်။

သူသည် သရဲကြီးဘုရင်လောက် တိုးတက်မှုမရရှိခဲ့သည်မှာ သူသည် သရဲကြီးဘုရင်ထက် များစွာပို၍ အဆင့်မြင့်မားနေသောကြောင့် ဖြစ်သည်။ သို့သော်လည်း ထိုအနည်းငယ်မျှသော တိုးတက်မှုလေးသည်ပင် သူ့အား အကြီးအကျယ် စိတ်လှုပ်ရှားသွားစေသည်။

သူက ကောင်းကင်ဧကရာဇ်အဆင့်သို့ ရောက်ချင်ပါက အသက်ရှည်နည်းအတွဲ၏ မဟာစက်ဝန်းအဆင့်အထိ ရောက်ရှိရန် လိုအပ်မည်ဖြစ်သည်။ သို့သော်လည်း သူသည် ထိုအဆင့်နှင့် အနည်းငယ် ဝေးကွာနေသေးသည်။ ထို့အပြင် ကံမကောင်းသည့်အချက်မှာ သူ့အတွက် အသက်ရှည်နည်းအတွဲက ထာဝရအတွဲနှင့် မတူညီခြင်းပင်။ သူသည် ထိုအတွဲကို သူ ကိုယ်တိုင်ကျင်ကြံခဲ့သည်မဟုတ်ပဲ အခြားတစ်ယောက်က သူ့အား ဆုလာဘ်တစ်ခုအဖြစ် လက်ဆင့်ကမ်းပေးခဲ့သည် မဟုတ်ပါလော။

သူသည် ထိုအတတ်၏ နတ်ဘုရားသိုင်းများကို သက်ရှည်မီးအိမ်ကို ဖန်တီးနိုင်လောက်သည်အထိ အဆင့်မြှင့်တင်ခဲ့ပါသော်လည်း အမှန်တွင် သူသည် ထိုအတတ်အား မည်ကဲ့သို့ မှန်မှန်ကန်ကန်ကျင့်ကြံရမည်ဖြစ်ကြောင်းကို ယခုအထိ နားမလည်သေးပေ။

သင်္ချိုင်းစောင့်ကြီးက သူ့အား ထိုအတတ်ကို လက်ဆင့်ကမ်းပေးခဲ့ပြီးနောက် သူသည် ထာဝရအင်မော်တယ်နယ်မြေများသို့ ရောက်ရှိသွားခဲ့ပြီး အနည်းငယ်မျှ တိုးတက်ခဲ့သည်။ သို့သော်လည်း ထိုတိုးတက်နှုန်းမှာ လုံးဝ မရှိသည့်အလား နှေးကွေးလွန်းနေသည်။ ယခုတွင်မူ သူ၏ အသက်ရှည်နည်းအတွဲသည် သူ့ကို ဟန့်တားနေပြီဖြစ်သည်။ သူသည် ကြီးမားသော အပိတ်အဆို့ကြီးတစ်ခုနှင့် ရင်ဆိုင်နေရပြီဖြစ်သည်။

သူ သိသရွေ့ အကယ်၍ သူသာ သူတော်စင်ဧကရာဇ်မြို့တော်ထဲတွင် သာမန်အတိုင်း ဆယ်နှစ်နှင့်အထက် ကျင့်ကြံလျှင်တောင် သူ ယခုလေးတင် စားခဲ့သည့် ကောင်းကင်နဂါးတူငါး တစ်ဝက်က ပေးစွမ်းသော တိုးတက်မှုမျိုးကို ရရှိနိုင်မည် မဟုတ်ပေ။

ထိုအချင်းအရာကိုကြည့်၍ သာမန်ကျင့်ကြံခြင်းနည်းလမ်းတစ်ခုတည်းနှင့်သာ ဆိုပါက နတ်ဘုရားတစ်ပိုင်းအဆင့်မှ ဖောက်ထွက်နိုင်ရန်အတွက် လိုအပ်သောအချိန်ကို တွက်ချက်နိုင်မည်ပင် မဟုတ်ပေ။

သူ၏ နဂိုမူလအကြံအစည်မှာ ထူးခြားသောဆေးလုံးအချို့ သို့မဟုတ် ၎င်းတို့နှင့် ဆင်တူသော တစ်စုံတစ်ခုကို ရှာဖွေရန်ဖြစ်သည်။ သို့သော် ယခုတွင်မူ သူသည် ကျန်ရစ်နေသေးသော ငါးရိုးများကို လှည့်ပတ်ကြည့်ရှုလိုက်သောအခါ လမ်းစဥ်တစ်ခု ပွင့်သွားပြီဖြစ်ကြောင်း သူ သိရှိသွားတော့သည်။

" ငါးတစ်ကောင်က ဆယ့်ငါးနှစ်တာ ကျင့်ကြံခြင်းနဲ့ ညီမျှတာပဲဟ "

ရုတ်တရက် ပိုင်ရှောင်ချန်း၏မျက်ဝန်းများမှာ နှစ်ပေါင်းများစွာ ငတ်မွတ်နေခဲ့ရသည့် ကြွက်တစ်ကောင်ကဲ့သို့ တောက်ပလင်းလက်သွားတော့သည်။

" အဲဒီငါးတွေကိုသာ လုံလုံလောက်လောက် စားနိုင်မယ်ဆိုရင် ဒီအတားအဆီးကို ဖောက်ထွက်ဖို့က အရမ်းလွယ်သွားမှာပဲ။ ငါ ကောင်းကင်ဧကရာဇ်အဆင့်ကို ခဏလေးနဲ့ ရောက်သွားနိုင်တာပဲ "

သူသည် အလွန်စိတ်လှုပ်ရှားနေပြီဖြစ်သည်။ ကောင်းကင်ဧကရာဇ်အဆင့်ကျင့်ကြံသူ တစ်ယောက်သာဖြစ်သွားပါက ပထမဆုံးအနေနှင့် သူ၏သက်တမ်းနှင့် သက်စောင့်အားများ တိုးတက်သွားမည်ဖြစ်ပြီး နောက်တစ်ချက်မှာ သူ၏ကိုယ်ပိုင် တာအိုသစ်စေ့ကို ရရှိပိုင်ဆိုင်နိုင်မည်လည်း ဖြစ်သည်။ ထိုသစ်စေ့ကြောင့် အကယ်၍ သူသေဆုံးသွားခဲ့လျှင်ပင် သူ့အားပြန်လည် အသက်သွင်းနိုင်မည်ဖြစ်သည်။ သူသည် ရုတ်တရက် ယခု သူရောက်ရှိနေသည့် ကမ္ဘာကြီးထဲတွင် ထိပ်ဆုံးအဆင့်သို့ တက်လှမ်းလိုသည့် ဆန္ဒများ ပေါ်ထွက်လာတော့သည်။ ထိုအချင်းအရာများအားလုံးမှာ ဤကောင်းကင်နဂါးတူငါးများပေါ်တွင် မူတည်နေသည်။

" ငါ ငါးတွေလိုအပ်တယ် "

သူသည် ပတ်ပတ်လည်ကို လှည့်ပတ်ကြည့်လိုက်ပြီး သူမြင်တွေ့သမျှ ငါးရိုးများအားလုံးကို ကောက်ယူလိုက်တော့သည်။ သို့သော် သရဲကြီးဘုရင်ကလည်း သူ့အတိုင်း စိတ်ပိုင်းဖြတ်ထားသဖြင့် သူ့အား နှောင့်ယှက်ရန် ရှေ့သို့ဆတ်ခနဲ လှမ်းလိုက်တော့သည်။

" ဟေး သရဲကြီးဘုရင်။ သူတော်စင်ဧကရာဇ်က ဒီငါးတွေကို ဆုလာဘ်အဖြစ် ကျုပ်ကိုပေးထားတာလေ။ လာမလုနဲ့နော် "

ပိုင်ရှောင်ချန်းမှာ မျက်လုံးပြူးကြီးများဖြင့် စိုက်ကြည့်လိုက်သည်။

" ဆုတောင်းလေကွာ။ ငါက မင်းရဲ့ ယောက္ခမကြီးနော်။ သားသမီးဝတ္တရားဆိုတာကို မင်းမကြားဖူးဘူးလား "

ထိုအချိန်တွင် ပိုင်ရှောင်ချန်းမှာ ဒေါသတကြီးဖြင့် ဝှက်ဖဲတစ်ချပ်ကို ထုတ်သုံးလိုက်တော့သည်။

" ဒီအရိုးက ကျုပ်စားပြီးသားကြီးနော်။ စောစောကလေးတင် လျှာနဲ့ လျက်ထားတာ "

" ဟုတ်လား။ အေး မင်းစားပြီးတဲ့ အရိုးတွေကိုတောင် ငါက လျက်ထားတာကွ။ ငါတို့တွေက ဆွေမျိုးသားချင်းတွေပဲ ကိစ္စမရှိပါဘူး "

သရဲကြီးဘုရင်မှာ အလျှော့မပေးလိုသဖြင့် ရှေ့သို့ကုန်းကာ မြေပြင်ပေါ်ရှိ ငါးရိုးများအပေါ်သို့ တံတွေးထွေးချလိုက်တော့သည်။

သူကျင့်ကြံထားသော နတ်ဘုရားစွမ်းရည်တစ်ခုကြောင့်လားတော့ မသိပေ... ထိုတံတွေးစက်များမှာ အရိုးများအားလုံးပေါ်သို့ ဖိတ်စင်သွားတော့သည်။

သရဲကြီးဘုရင်၏ စက်ဆုပ်ရွံရှာဖွယ်ကောင်းလှသော်လည်း အစွမ်းထက်လွန်းသည့် နည်းလမ်းများကြောင့် ပိုင်ရှောင်ချန်းမှာ ဆွံ့အနေရတော့သည်။ ထိုလူကြီးမှာ သူ့ထက်အရေထူပြီး အကြံအစည်ကြီးမားသောလူတစ်ယောက်ဖြစ်ကြောင်း သူကသိထားပါသော်လည်း တစ်ကြိမ်ထဲဖြင့် သူ၏တံတွေးများကို အမြောက်အမြား ထွေးထုတ်နိုင်လိမ့်မည်ဟု လုံးဝထင်မထားမိပေ။

သူသည် ချီတုံချတုံနှင့် ရပ်နေစဥ် သရဲကြီးဘုရင်က သူ၏အင်္ကျီလက်ကို ဝှေ့ယမ်းလိုက်ပြီး ငါးရိုးများအားလုံးကို စုစည်းကာ သူ၏ထည့်စရာအိတ်ထဲသို့ ထည့်သွင်းလိုက်တော့သည်။ ထို့နောက် သူက အားရကျေနပ်စွာ ပြုံးလိုက်၏။

" မင်းက ငါနဲ့ရန်ဖြစ်ဖို့ ဝါနုသေးပါတယ် ကလေးရာ "

သူသည် ထိုသို့ ရွှတ်နောက်နောက်ပြောလိုက်ပြီး အားပါးတရ ရယ်မောလိုက်တော့သည်။

ပိုင်ရှောင်ချန်းမှာ ဆွံ့အနေသည့် အမူအရာဖြင့် သက်ပြင်းချလိုက်ပြီး စကားပြောရန် ပြင်လိုက်စဥ် မြင့်မြတ်သောမြေကွက်ဆီသို့ လူတစ်ယောက်ချဥ်းကပ်လာနေသည်ကို သူနှင့်သရဲကြီးဘုရင် နှစ်ယောက်စလုံး သတိထားမိလိုက်သည်။ တဒင်္ဂအကြာတွင် အပြင်ဘက်မှ လူတစ်ယောက် စကားလှမ်းပြောလိုက်သည်ကို ကြားလိုက်ရသည်။

" ကောင်းကင်တံတားနယ်စားခင်ဗျား။ ကျုပ် ချိန်စု လာလည်တာပါ "

ယခုမှာ သူတော်စင်ဧကရာဇ်မြို့တော်ထဲတွင် ပိုင်ရှောင်ချန်းထံသို့ မင်းမှူထမ်းတစ်ယောက် ပထမဆုံးအကြိမ် လာလည်ခြင်း ဖြစ်သည်။ အံ့အားသင့်ဖွယ်ကောင်းစွာပင် ဧည့်သည်မှာ ကောင်းကင်ဧကရာဇ်အဆင့် ကျင့်ကြံသူတစ်ယောက်ဖြစ်နေသည်။ ပိုင်ရှောင်ချန်းမှာ ထိုဧည့်သည်အား တွေ့မြင်ရန် အလွန်ဆန္ဒပြင်းပြနေသည်သာမက စိတ်ဆိုးဗွေယူစရာများ မဖြစ်လိုသဖြင့် အပြေးသွားလိုက်ပြီး လက်ကိုဝှေ့ယမ်း၍ ပင်မတံခါးကို ဖွင့်လိုက်တော့သည်။ ထိုအခါ အပြင်ဘက်တွင်ရပ်နေသည့် မီးခိုးရောင်ဆံပင်နှင့် အဘိုးကြီးတစ်ယောက်ကို မြင်လိုက်ရသည်။

သူသည် အပြာရောင်ဝတ်ရုံရှည်ကြီးကို ဆင်မြန်းထားပြီး ထူးကဲသာလွန်သော အသွင်တစ်ခုကို ဆောင်နေသည်။ သူသည် ခပ်ရေးရေးပြုံး၍ လက်ယှက်ကာ ဂါဝရပြုလိုက်သည်။

" စောစောက ငှက်တွေ ဘာလို့များ တေးသီချင်းတွေ သီကျူးနေပါလိမ့်လို့ ကျုပ်ကတွေးနေတာ " ပိုင်ရှောင်ချန်းက ရွှင်ပြသောလေသံဖြင့် ဆိုလိုက်သည်။

" လတ်စသတ်တော့ ဂုဏ်သရေရှိ ဧည့်သည်တစ်ယောက် ရောက်လာမှာမလို့ကိုး။ တာအိုရောင်းရင်းချိန် ကိုယ်တိုင် ရောက်လာလိမ့်မယ်လို့ ကျုပ် မထင်ထားမိဘူးဗျာ။ ကျေးဇူးပြုပြီး အထဲကို ကြွတော်မူပါ "

ပိုင်ရှောင်ချန်း၏ နှစ်လိုဖွယ်ပြုံး၍ ရှင်းလင်းပြတ်သားသော စကားလုံးများကိုဆိုနေသည့်အသွင်က အစောပိုင်းက သရဲကြီးဘုရင်နှင့် ငါးရိုးများလုနေခဲ့သည့်အချိန်က သူ၏ပုံစံနှင့် လုံးဝမတူတော့ပေ။

ချိန်စုမှာ ပိုင်ရှောင်ချန်း၏ ကျိုးနွံသော စကားများကြောင့် အားပါးတရ ရယ်မောလိုက်သည်။ ထို့နောက် သူသည် ခေါင်းညိတ်၍ မြင့်မြတ်သောမြေကွက်ထဲသို့ ခြေလှမ်းလိုက်တော့သည်။

သရဲကြီးဘုရင်မှာလည်း ဤဧည့်သည်အကြောင်းကို သိချင်နေသည်။ သူနှင့် ပိုင်ရှောင်ချန်းတို့နှစ်ယောက်စလုံးမှာ သူတော်စင်ဧကရာဇ်မြို့တော်မှ ကျင့်ကြံသူများမဟုတ်သဖြင့် တိုင်းတစ်ပါးသားများအဖြစ် သတ်မှတ်ခံထားရသည်။ သူတို့နှစ်ယောက်စလုံး တရားဝင်မင်းမှူထမ်း ရာထူးများ ပိုင်ဆိုင်ထားကြပါသော်လည်း သူ မကြာသေးမီက ရရှိခဲ့သည့် သတင်းအချက်အလက်များအရဆိုလျှင် အခြားသော မင်းမှူထမ်းအများစုက သူတို့နှစ်ယောက်အား အတိုင်းအတာတစ်ခုအထိ အထင်အမြင်သေးနေကြကြောင်း သိရသည်။

သို့သော် နေ့ချင်းညချင်း တစ်စုံတစ်ယောက်က လာရောက် အရိုအသေပေးနေပြီဖြစ်သည်။ ထို့အပြင် ချိန်စုမှာ သူတော်စင်ဧကရာဇ်မင်းဆက်၏ ဘုရင်လေးပါးထဲမှ တစ်ပါးဖြစ်ပြီး ဂူထျန်ကျွင်းနှင့် တစ်ဆင့်ထဲတွင် ရှိသောသူလည်းဖြစ်သည်။ ထို့ကြောင့် သရဲကြီးဘုရင်မှာ အံ့အားသင့်သွားရပြီး အလျင်အမြန်လက်ယှက်၍ အရိုအသေပေးလိုက်တော့သည်။

ချိန်စုက သရဲကြီးဘုရင်ကို ခေါင်းညိတ်ပြလိုက်ပြီး လျစ်လျူရှုလိုက်၏။ သူသည် ခြံဝန်းအား လှည့်ပတ်ကြည့်ရှုလိုက်ပြီးနောက် ပိုင်ရှောင်ချန်းနှင့် စကားစမြည်ပြောလိုက်ပြီး အဆုံးတွင် ချောင်းဟန့်လိုက်တော့သည်။

" တာအိုရောင်းရင်းပိုင်ရေ … အရှင်မင်းမြတ် မင်းကိုဆုချခဲ့တဲ့ ကောင်းကင်နဂါးတူငါးက ဘယ်မှာတုံးကွ "

" ကောင်းကင်နဂါးတူငါး ဟုတ်လား "

ပိုင်ရှောင်ချန်းမှာ ယခုလိုအလည်ရောက်လာခြင်း၏ အကြောင်းအရင်းကို သိချင်နေသည်ဖြစ်ရာ ချိန်စုက ကောင်းကင်နဂါးငါးအကြောင်း ပြောလိုက်သည့်အချိန်တွင် သူ အနည်းငယ် အံ့အားသင့်သွားတော့သည်။

" ဟုတ်တယ်။ အဲဒီ ကောင်းကင်နဂါးတူငါးကိုပြောနေတာလေ "

ချိန်စုက နွေးထွေးမှာအပြည့်ဖြင့် ပြန်ဖြေလိုက်သည်။

" တာအိုရောင်းရင်းပိုင်ရေ … မင်းသာ အဲဒီငါးကို မလိုချင်ဘူးဆိုရင် ကျုပ်က အလဲအထပ်လုပ်ဖို့ အဆင်သင့်ပဲနော် "

ချိန်စုမှာ ကောင်းကင်ဧကရာဇ်အဆင့် ကျင့်ကြံသူတစ်ယောက်ဖြစ်ပါသော်လည်း ကောင်းကင်နဂါးတူငါး တစ်ကောင်တစ်လေမှ မရှိပေ။ ၎င်းတို့မှာ သူတော်စင်ဧကရာဇ်၏ ကိုယ်ပိုင်ပစ္စည်းများအဖြစ် သတ်မှတ်ထားကြသည်ဖြစ်ပြီး ဆုလာဘ်အဖြစ် ပေးအပ်သည်မှာလည်း အလွန်နည်းပါးသည် မဟုတ်ပါလော။ သမိုင်းတစ်လျှောက်လုံးတွင် ငါးအကောင်ရေ ရာဂဏန်းအနည်းငယ်မျှကိုသာ ဖြန့်ဝေခဲ့ဖူးသည်။

တစ်ကောင်ချင်းစီတိုင်းမှာ တန်ဖိုးမဖြတ်နိုင်လောက်သည့် အနေအထားတွင်ရှိပြီး ၎င်းတို့ကို တိုင်းပြည်ရတနာများအဖြစ် သတ်မှတ်လျှင်ပင် လွန်မည်မဟုတ်ပေ။ မိစ္တာဧကရာဇ်မင်းဆက်ထဲရှိ လူများမှာ ထိုသို့သောငါးတစ်ကောင်ကို ပိုင်ဆိုင်နိုင်ရန်အတွက် အလွန့်အလွန် ကြီးမားသော အဖိုးအခများကို ပေးရန်အဆင်သင့် ရှိနေသည်။ အကြောင်းအရင်းတစ်ခုမှာ ထိုငါးများ၏သွေးကို အင်မော်တယ်ဆေးလုံးများဖော်စပ်ရာတွင် အင်မော်တယ် ပါဝင်ပစ္စည်းတစ်ခုအဖြစ် အသုံးပြုနိုင်သောကြောင့် ဖြစ်သည်။

ချိန်စုက သူ၏ကမ်းလှမ်းချက်ကို ငြင်းဆိုလိမ့်မည်မဟုတ်ဟု ယုံကြည်ထားသည်။ ပိုင်ရှောင်ချန်းမှာ သူတော်စင်ဧကရာဇ်မင်းဆက်တွင် လူသစ်တစ်ယောက်ဖြစ်သဖြင့် ငါးတစ်ကောင်လောက်နှင့် ပတ်သတ်၍ ကောင်းကင်ဧကရာဇ်အဆင့် ကျင့်ကြံသူတစ်ယောက်ကို အမျက်တော်ရှအောင် လုပ်မည်တော့ မဟုတ်ပေ။

ပိုင်ရှောင်ချန်းမှာ ခေတ္တမျှ တွေဝေသွားပြီး ဖြေလိုက်လေသည်။

" အမ်... စိတ်တော့မကောင်းပါဘူး တာအိုရောင်းရင်းချိန်ရေ။ ခင်ဗျားက နည်းနည်းနောက်ကျသွားတယ်။ ကျုပ် အဲဒီငါးကို စားပစ်လိုက်ပြီ "

ပိုင်ရှောင်ချန်း၏စကားကို ကြားလိုက်ရသောအခါ ချိန်စုမှာ မျက်လုံးများကျွတ်ထွက်လာတော့မည့်အလား ပြူးကျယ်သွားသည်။

" အဲဒီငါးကို မင်းစားလိုက်တာလို့ ... ပြောလိုက်တာလား "

ပိုင်ရှောင်ချန်းမှာ မျက်တောင်တဖျတ်ဖျတ်ခတ်၍ ခေါင်းညိတ်လိုက်သည်။

" ဟုတ်တယ်။ စားလိုက်တာ "

ချိန်စုကမူ ပိုင်ရှောင်ချန်းက ဆင်ခြေပေးနေသည်ဟုသာ ထင်နေသည်။ ထို့ကြောင့် သူသည် အေးစက်စက်လေသံဖြင့် ဆိုလိုက်သည်။

" တာအိုရောင်းရင်းပိုင်ရာ … ကျုပ်ကို သုံးနှစ်သားကလေးများမှတ်နေတာလား။ အဲဒီငါးကို မရောင်းချင်ဘူးဆိုလည်း တည့်တိုးပြောလို့ရပါတယ်။ ကောင်းကင်နဂါးတူငါးတွေက စိတ်ကူးနဲ့ မှန်းဆလို့မရအောင် တန်ဖိုးကြီးတဲ့ တိုင်းပြည်ရတနာတွေလေ။ အဲဒီလိုငါးတစ်ကောင်ကို ဘယ်သူက စားမှာလဲ။ အကောင်းဆုံးက အဲဒီငါးကိုရေကန်တစ်ကန်ထဲထည့်ပြီး တစ်ခါတစ်လေမှ သူ့ သွေးကို ဖောက်ထုတ်ရတာ "

ထိုသို့ဆိုကာ သူသည် ထွက်သွားတော့မည့်အလား အင်္ကျီလက်ကို ဝှေ့ယမ်းလိုက်သည်။

ထိုအခါ ပိုင်ရှောင်ချန်းမှာ သက်ပြင်းချလိုက်ပြီး သရဲကြီးဘုရင်အား ကြည့်လိုက်သည်။ သရဲကြီးဘုရင်မှာလည်း စိတ်မပါလက်မပါဖြင့် သူ၏ထည့်စရာအိတ်ထဲမှ အရိုးအချို့ကို ထုတ်ပြလိုက်တော့သည်။

" ဒီ ငါးရိုးတွေကိုသာ ကြည့်တော့ တာအိုရောင်းရင်းချိန်ရာ... "

ချိန်စုမှာ နောက်သို့လှည့်ကြည့်လိုက်ပြီး ထိုငါးရိုးများကို မြင်လိုက်ရသောအခါ မျက်လုံးပြူးသွားတော့သည်။ ထို့နောက် ပါးစပ်ဟ၍ စကားပြောရန်ပြင်လိုက်တော့သည်...

" ...... "

All Chapters