← Chapters

သည်းမခံနိုင်လောက်အောင် အနိုင်ကျင့်ပါသော ...

Vol. 11 Ch. 1059

သည်းမခံနိုင်လောက်အောင် အနိုင်ကျင့်ပါသော ...

Vol. 11 Ch. 1059

ငါးအရိုးများနှင့် ၎င်းတို့ထံမှ ပေါ်ထွက်နေသည့် ကောင်းကင်နဂါးတူငါး အငွေ့အသက်များကြောင့် ချိန်စုမှာ နှလုံးခုန် ရပ်တန့်သွားပြီး သူ၏အသိစိတ်များမှာ ချာချာလည်သွားတော့သည်။

သူတော်စင်ဧကရာဇ်မြို့တော်ရှိ ကောင်းကင်ဧကရာဇ်အဆင့် ကျင့်ကြံသူတစ်ယောက်အနေနှင့် သူသည် ကောင်းကင်နဂါးတူငါးများအား ဆုလာဘ်များအဖြစ် ထုတ်ပေးသည်ကို ယခင်ကတည်းက မြင်တွေ့ခဲ့ဖူးသည်။ ထိုသို့ ထုတ်ပေးလိုက်သည့်အခါတိုင်း ထိုဆုချခံရသူမှာ ထိုငါးများကို ရေကန်ထဲတွင်မွေးမြူ၍ ကောင်းကောင်းမွန်မွန် ဂရုစိုက်ကြစမြဲသာ ဖြစ်သည်။

တိုင်းပြည်ရတနာတစ်ခုအား ယခုလို တုန်လှုပ်ခြောက်ခြားဖွယ်ကောင်းအောင် လုပ်ပစ်လိုက်သည့် လူအကြောင်းကို ယခုမှ သူ ပထမဆုံးအကြိမ်အဖြစ် ကြားဖူးခြင်းဖြစ်သည်။

သူသည် သေသေချာချာပင် မတွေးတောနိုင်တော့ပေ။ သူသည် ငါးအရိုးများကို ခေတ္တမျှ အသက်မဲ့စွာ စိုက်ကြည့်လိုက်ပြီးနောက် ခေါင်းယမ်းကာ သက်ပြင်းသာချလိုက်တော့သည်။

" နမော်နမဲ့ ဖြုန်းတီးပစ်လိုက်တာပဲ "

သူသည် မည်သို့ခံစားနေရမှန်းပင် မသိတော့ဘဲ မြင့်မြတ်သောမြေကွက်ထဲမှ တဖြည်းဖြည်း ထွက်ခွာသွားတော့သည်။

သူ ထွက်သွားသောအခါ ပိုင်ရှောင်ချန်းနှင့် သရဲကြီးဘုရင်တို့မှာ တစ်ယောက်ကိုတစ်ယောက် တအံ့တသြ ကြည့်လိုက်ကြတော့သည်။

" ဒီအတိုင်း ငါးတစ်ကောင်ပဲ မဟုတ်ဘူးလား " သရဲကြီးဘုရင်က ဆိုလိုက်သည်။

" ဒီ သူတော်စင်ဧကရာဇ်မြို့ထဲက လူတွေက တော်တော်ကို ကြောင်တောင်တောင်နိုင်ကြတာပဲ "

အမှန်မှာ သူသည် ယမန်နေ့ညက မပြီးပြည့်စုံသော သတင်းအချက်အလက်များကိုသာ စုစည်းနိုင်ခဲ့သည့်အတွက် အနည်းငယ်အပြစ်ရှိသလို ခံစားနေရသည်။ ထို့ကြောင့် သူသည် ချောင်းဟန့်၍ ဆည်းဆာချိန် ကောင်းကင်ကြီးကို မော့ကြည့်လိုက်တော့သည်။

" ကဲ ရှောင်ချန်းရေ … တာကျန်း စီရင်စုကို သွားဖို့ခရီးက တော်တော်ကိုဝေးတယ်ကွ။ အခု စထွက်မှ တော်ကာကျမှာ။ ငါတို့တွေ ဘယ်တော့မှများ တစ်ယောက်နဲ့ တစ်ယောက် ပြန်တွေ့မလဲဆိုတာကိုတောင် မသိနိုင်ဘူး "

သူ သက်ပြင်းချလိုက်တော့သည်။ သူတို့နှစ်ယောက်မှာ မိစ္ဆာဧကရာဇ်ပိုင်နက်ထဲတွင် စတင်ပြန်လည်စုံဆည်းမိခဲ့စဥ်ကတည်းက အောင်မြင်မှုများစွာ ရယူနိုင်ခဲ့သည်ဖြစ်ပြီး ထိုအချင်းအရာများကို သူ ပြန်တွေးမိလိုက်သောအခါ သူတို့၏ခရီးလမ်းတွင် အလှည့်အပြောင်းများစွာ ရှိနေခဲ့ကြောင်း သိလိုက်ရ၏။

သူ့အတွက် ကောင်းမွန်သည့်အချက်မှာ ယခုတွင် သူသည် ခိုင်မာသောအုတ်မြစ်တစ်ခုနှင့် သူ ကိုယ်တိုင်လျှောက်လှမ်းနိုင်မည့် လမ်းတစ်ခုကို ပိုင်ဆိုင်သွားပြီဖြစ်သည်။

ပိုင်ရှောင်ချန်းမှာ ခံစားချက်ပေါင်းစုံဖြင့် သရဲကြီးဘုရင်အား တည်နေရာရွှေ့ပြောင်းခြင်း ဝင်ပေါက်အထိ လိုက်ပို့လိုက်သည်။ သရဲကြီးဘုရင် ပျောက်ကွယ်သွားပြီးနောက် ပိုင်ရှောင်ချန်းက သက်ပြင်းချလိုက်ပြီး သူ၏မြင့်မြတ်သော မြေကွက်ဆီသို့ ပြန်သွားတော့သည်။

" အခု သရဲကြီးဘုရင်လည်း ထွက်သွားပြီဆိုတော့ ငါတစ်ယောက်ပဲ ကျန်ခဲ့တော့တာ။ ကြည့်ရတာ ငါ့ရဲ့ ကျင့်ကြံခြင်းအခြေခံ ဖောက်ထွက်နိုင်ဖို့အတွက် ကြိုးစားဖို့ အချိန်ကျပြီ ထင်တာပဲ "

သူသည် ပြတ်သားမှု အရိပ်အယောင်များ ထင်ဟပ်နေသည် မျက်ဝန်းများဖြင့် ဆက်၍ လျှောက်လှမ်းလာသည်။ ကျင့်ကြံသူအများစုဖြစ်သော အခြားလမ်းသွားလမ်းလာများနှင့် တစ်ခါတရံတွင် သာမန်လူအချို့ကိုပါ သူ မြင်တွေ့ရသည်။ သို့သော်လည်း ထိုသာမန်လူများပင် ဝင့်ဝါမှုများကို အရိုးထဲရောက်အောင် ထည့်သွင်းထားကြသည့်အလားပင်။

မင်းနေပြည်တော်ရှိ လူတိုင်း သူတို့ကိုသူတို့ အလွန်အထင်ကြီးကြပါသော်လည်း ပိုင်ရှောင်ချန်းမှာ ထိုအချင်းအရာကို အပြစ်မမြင်ပေ။ သူက လမ်းတစ်လျှောက်ရှိ အဆောက်အဦများကို လှည့်ပတ်ကြည့်ရှုကာ သူတော်စင်ဧကရာဇ်မြို့တော်ကို မည်သည့်နည်းဖြင့် ဧရာမ ကြာရွက်ကြီးများအပေါ်တွင် တည်ဆောက်ထားကြောင်း သိချင်နေတော့သည်။ ထိုအချင်းအရာအားလုံးကြောင့် သူက သက်ပြင်းများ ချနေရ၏။

" ပြီးတော့ တစ်မြို့လုံးကို တောင်ကြီးတစ်လုံးနဲ့ ကောင်းကင်ရေကန်တစ်ကန်ပေါ်မှာ တည်ဆောက်ထားတာ... "

လမ်းခုလတ်တွင် သူသည် ကြာရွက်၏ အစွန်းအထိရောက်သွားပြီး အောက်ဘက်ရှိ ရေပြင်အား ငုံ့ကြည့်လိုက်သည်။

ထိုရေထဲတွင် ကောင်းကင်နဂါးတူငါးများ ကူးခတ်နေကြပြီး တစ်ခါတစ်ရံ ရေပေါ်သို့ခုန်တက်လာကြသည့်အချိန်တွင် သူတို့၏ ရွှေရောင်အကြေးခွံများမှာ နေရောင်အောက်တွင် တဖိတ်ဖိတ်တောက်ပနေသဖြင့် အလွန်အမင်း လှပတင့်တယ်နေတော့သည်။

ထိုနေရာတစ်ဝိုက်တွင် လူအနည်းငယ် ရှိနေသည်။ ဒေသခံများမှာ ကောင်းကင်နဂါးတူငါးများကို မြင်တွေ့နေကြဖြစ်ပါသော်လည်း အလွန်အံ့သြဖွယ်ကောင်းသော မြင်ကွင်းတစ်ခုဖြစ်၍ လူအများမှာ ယခုကဲ့သို့ ရှုခင်းကောင်းသောနေရာများကို လာရောက်၍ ၎င်းတို့အား ကြည့်ရှုနေကြဆဲပင်။ မြို့တော်သို့ လာရောက်လည်ပတ်သည့် ဧည့်သည်များမှာလည်း ထိုသို့ လာကြည့်ကြသည်သာဖြစ်သည်။

" ဒါ သူတော်စင်ဧကရာဇ်မင်းဆက်ရဲ့ တိုင်းပြည်ရတနာဖြစ်တဲ့ ကောင်းကင်နဂါးတူငါးတွေလေ "

" ဒီ ကောင်းကင်နဂါးတူငါးတွေက ငါ့ဘဝတစ်လျှောက် မြင်ဖူးသမျှ ဝိညာဥ်သတ္တဝါ တွေထဲမှာ အလှဆုံးပဲ။ သူတော်စင်ဧကရာဇ်သာ တစ်ကောင်လောက် ငါ့ကို ဆုချလို့ကတော့ ငါ့အိမ်မှာ ပိုးမွေးသလိုကို မွေးထားမှာ။ ငါ့ ဘိုးဘေးတွေအတွက် ဘယ်လောက်ဂုဏ်ယူစရာ ကောင်းလိုက်မလဲ "

ချီးကျူးသံမျိုးစုံကို ကြားနေရသည်။ သို့သော် ပိုင်ရှောင်ချန်းမှာမူ လူအုပ်ထဲတွင်ရပ်ကာ အခြားလူများနှင့် မတူညီသည့်အရာများကို တွေးတောနေ၏။ သူ၏အတွေးထဲတွင် ကောင်းကင်နဂါးတူငါးများ၏ အလွန်အရသာထူးကဲလှပုံများနှင့် ၎င်းတို့မှာ သူ၏ကျင့်ကြံခြင်းအခြေခံအတွက် များစွာအထောက်အကူပြုနိုင်ပုံများဖြင့်သာ ပြည့်နှက်နေ၏။

သူသည် နှုတ်ခမ်းအား လျှာဖြင့်သပ်နေမိတော့သည်။ သူ၏ကျင့်ကြံခြင်းအခြေခံအဆင့်ကြောင့် ဤကောင်းကင်ရေအိုင်ထဲတွင် ငါးအကောင်အရေအတွက် မည်မျှရှိကြောင်းကို အကြမ်းဖျင်းမျှ သိနိုင်ပေသည်။ အမြောက်အမြား ရှိနေမည်မှာ အမှန်ပင်။ သူသည် တစ်ကောင်တစ်လေအား ဖမ်းဆီးရန်ဖြစ်နိုင်မည်လားဟု တွေးတောနေစဥ်မှာပင် လူအုပ်ကြီးထဲရှိ ဧည့်သည် ကျင့်ကြံသူတစ်ယောက်က သူ၏မိတ်ဆွေဘက်သို့လှည့်၍ မေးမြန်လိုက်သည်။

“ ဒီ ကောင်းကင်နဂါးတူငါးတွေက တန်ဖိုးကြီးတဲ့ တိုင်းပြည်ရတနာတွေဆိုတော့ ... တစ်ကောင်ကောင်လောက်များ ပျောက်သွားရင် ဘာဖြစ်မှာတုန်း "

ထိုမေးခွန်းကို ကြားလိုက်ရသောအခါ ပိုင်ရှောင်ချန်း၏ မျက်ဝန်းများမှာ အရောင်လက်သွားသည်။

" ပျောက်သွားရင် ဟုတ်လား "

ထိုစကားသံနှင့်အတူ လူအုပ်ကြီးထဲမှ ရယ်မောသံများ ထွက်ပေါ်လာကြသဖြင့် မေးခွန်းမေးခဲ့သည့် ကျင့်ကြံသူမှာ အရှက်ရသွားပြီး မျက်နှာနီမြန်းသွားရတော့သည်။

သူတို့၏အနီးတွင် သူတော်စင်ဧကရာဇ်မြို့တော်၌ နေထိုင်ခဲ့သည်မှာ နှစ်ပေါင်းများစွာကြာမြင့်နေပြီဖြစ်ကြောင်း အထင်အရှားသိနိုင်သည့် ယင်ယန်ဝိညာဥ်အဆင့် ကျင့်ကြံခြင်းအခြေခံကိုပိုင်ဆိုင်ထားသော အဘိုးကြီးတစ်ယောက် ရှိနေသည်။ သူသည် ဟိတ်ဟန်အပြည့်ဖြင့် ထိုမေးခွန်းကို ဖြေပေးလိုက်တော့သည်။

" ကောင်းကင်နဂါးတူငါးတွေက ရှင်ဘုရင်မင်းမြတ် သူတော်စင်ဧကရာဇ်ရဲ့ ကိုယ်ပိုင်ပစ္စည်းတွေ။ ငါးတွေအားလုံးအပေါ်မှာ သူ့အမှတ်အသားရှိတယ်။ ဘယ်သူက ခိုးရဲမှာလဲ။ ငါပြောတာယုံလိုက်၊ ဘယ်သူမှ ခိုးနိုင်မှာမဟုတ်ဘူး။ တစ်ယောက်ယောက်ကသာ ငါးတစ်ကောင်လောက်ကို ခိုးလို့ကတော့ အဲဒီကောင်က ကံကြမ္မာဆိုးကြီးနဲ့ ကြုံရမှာ အမှန်ပဲ။ ခိုးဖို့ကို မပြောပါနဲ့ဦးကွာ။ ကောင်းကင်နဂါးတူငါးတွေကို ဒဏ်ရာရစေမဲ့ ဘယ်လုပ်ရပ်ကိုမဆို မလုပ်ဖို့တောင် တားမြစ်ထားတာလေ "

အဘိုးကြီး၏ ရှင်းပြချက်ကြောင့် ထို ဧည့်သည်ကျင့်ကြံသူမှာ တက်တက်ကြွကြွဖြင့် ခေါင်းညိတ်ပြလိုက်တော့သည်။

ပိုင်ရှောင်ချန်းမှာမူ မျက်မှောင်ကြုတ်သွားပြီး သူကြားလိုက်ရသည့်စကားများကြောင့် အနည်းငယ် စိတ်ပျက်လက်ပျက်ဖြစ်သွားသည်။

ထိုအဘိုးကြီးက သူ့ကို လူအားလုံးက အာရုံစိုက်နေကြကြောင်း သိလိုက်သောအခါ ဂုဏ်ယူဝင့်ကြွားစွာ ဆက်ပြောလိုက်တော့သည်။

" အရှင်မင်းမြတ် သူတော်စင်ဧကရာဇ်က ရက်ရောပြီး စေတနာသဒ္ဓါတရား ထက်သန်တဲ့လူတစ်ယောက်ဖြစ်ပြီး သူ့ကိုယ်ပိုင်ပစ္စည်းတွေကို အရမ်းကြီး မက်မောတတ်တဲ့ လူစားမျိုး မဟုတ်ဘူးလေ။ ပြီးတော့ ကံကြမ္မာနဲ့ ပတ်သတ်တဲ့ ကိစ္စရပ်တွေကို သူက အရမ်းအလေးထားတာ။ အဲဒါေကြာင့် ဟိုးအရင်တုံးက သူက ကြေငြာချက်တစ်ခု ထုတ်ခဲ့တာ။ ကောင်းကင်နဂါးတူငါးတွေကို ပိုင်ဆိုင်ချင်တယ်ဆိုရင် သူကိုယ်တိုင်လက်ဆောင်ပေးတဲ့ နည်းလမ်းတစ်ခုထဲနဲ့ မဟုတ်ပဲ ငါးမျှားတဲ့နည်းလမ်းနဲ့လည်း ရယူလို့ရတယ်ဆိုတဲ့ ကြေငြာချက်ပဲ "

" ငါးမျှားတဲ့နည်း ဟုတ်လား "

အနီးအနားရှိ ကျင့်ကြံသူတစ်ယောက်က လွှတ်ခနဲ မေးလိုက်မိသည်။

" ဟုတ်တယ်။ ငါးမျှားတဲ့နည်းပဲ။ ငါးမျှားချိတ်တစ်ခုနဲ့ ကြိုးတစ်ချောင်းကို သုံးတဲ့ ငါးမျှားတဲ့နည်းကိုပြောတာ။ မှော်အတတ်သုံးလို့တော့မရဘူး။ သာမန် ငါးမျှားတဲ့နည်းတွေပဲ သုံးလို့ရမှာ "

အဘိုးကြီးက ဆက်မပြောခင် ချောင်းအနည်းငယ် ဟန့်လိုက်သေးသည်။

" နဂါးတူငါးတွေက အသိဉာဏ်ရှိတယ်။ ကိုယ်က ငါးတစ်ကောင်ကောင်ကို ပိုင်ဆိုင်ဖို့ ကံကြမ္မာပါလာတယ်ဆိုရင် အဲဒီငါးကို ဖမ်းပြီး စားပါစားပစ်လို့ရတယ် "

ထိုအဘိုးကြီးက သူ၏မုတ်ဆိတ်မွေးကို သပ်၍ ကြာရွက်အစွန်းပေါ်ရှိ အခြားတစ်နေရာသို့ လက်ညှိုးထိုးပြလိုက်သည်။ ထိုနေရာတွင် လူတစ်ယောက်က လက်ထဲတွင် ငါးမျှားတံတစ်ချောင်းဖြင့် တရားထိုင်နေသည်ကို မြင်နိုင်သည်။

" အဲဒီလူကိုကြည့်လိုက်။ သူ့နာမည်က ပင်လယ်နက်ဆရာတဲ့။ သူက အဲဒီနေရာမှာ ငါးမျှားနေတာ နှစ်ပေါင်းတစ်ရာကျော်နေပြီ။ သူက တစ်လက်မလေးတောင် လုံးဝရွှေ့တာမဟုတ်ဘူး။ ကြည့်ရတာ သူက ဘယ်နဂါးတူငါးနဲ့မှ ကံမပါလာဘူးနဲ့ တူပါရဲ့ "

လူအုပ်ကြီးထဲမှ အများစုမှာ ထိုအချင်းအရာများကို သိထားကြပြီးဖြစ်ပြီး ၎င်းတို့နှင့်ပတ်သတ်၍ အလွန်ဂုဏ်ယူကြသည်မှာ အထင်အရှားပင်။ နောက်ဆုံးတွင် ထိုဧည့်သည့်ကျင့်ကြံသူမှာ ကျေးဇူးတင်စကားများဆိုလိုက်ပြီး လူအုပ်ကြီးမှာလည်း ပါးသွားတော့သည်။

ပိုင်ရှောင်ချန်းကမူ ကျန်ရစ်ခဲ့ပြီး ကောင်းကင်နဂါးတူငါးများကို ငုံ့ကြည့်လိုက်၊ နှစ်ပေါင်းတစ်ရာကျော်အောင် ထိုင်၍ငါးမျှားနေခဲ့သည့် နတ်ဘုရားတစ်ပိုင်းအဆင့် ကျင့်ကြံသူကြီးကိုကြည့်လိုက် လုပ်နေတော့သည်။

" ဒီ သူတော်စင်ဧကရာဇ်က တော်တော့်ကို သွေးနားထင်ရောက်နေတာပဲ "

သူက မေးစေ့ကိုပွတ်၍ တွေးလိုက်သည်။

သူတော်စင်ဧကရာဇ်၏ အမိန့်တော်မှာ သူ၏ စေတနာသဒ္ဓါတရားကို ဖော်ပြနေသည်ဟု ထင်ရပါသော်လည်း အမှန်တွင် နဂါးတူငါးများကို ဖမ်းမိနိုင်ရန်မှာ အလွန်တရာမှ ခဲယဥ်းပေသည်။ ဆယ်စုနှစ်အနည်းငယ်ခန့် ငါးမျှားပြီး တစ်ကောင်တစ်လေဖမ်းမိလျှင်ပင် ကံကောင်းသည်ဟု ဆိုနိုင်သည်။

ထိုငါးများမှာ အသိဉာဏ်ရှိကြပြီး ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ တန်ဖိုးကြီး ပစ္စည်းများကို စားသုံးနေကျဖြစ်၍ အင်မော်တယ် သတ္တဝါများကဲ့သို့ပင် ဖြစ်နေကြပြီဖြစ်သည်။ သူတော်စင်ဧကရာဇ်၏ အမိန့်တော်အရဆိုလျှင် ငါးတစ်ကောင်နှင့် ကံပါသည့် မည်သူမဆို ထိုငါးကို စားသုံးနိုင်ပါသော်လည်း ... သာမန်ကျင့်ကြံသူများမှာ ထိုအခွင့်အရေးကို ရကြမည် မဟုတ်ပေ။ ပိုင်ရှောင်ချန်းမှာ စေ့စေ့တွေး ရေးရေးပေါ်နေတော့သည်။ ထို့အပြင် နဂါးတူငါးတစ်ကောင်ကိုဖမ်းမိနိုင်ရန်မှာ ဤကံကြမ္မာဆိုသော ကိစ္စရပ်များနှင့် လုံးဝ မသက်ဆိုင်ကြောင်းကိုလည်း သူတော်စင်ဧကရာဇ်မြို့ထဲရှိ အချို့သော စွမ်းအားကြီးကျင့်ကြံသူများ သိကြမည်သာဖြစ်သည်။

ပင်လက်နက်ဆရာကဲ့သို့ ပြင်းထန်သော စိတ်ဓာတ်ကြံ့ခိုင်မှုမျိုးကို ပိုင်ဆိုင်ထားသူများမှာ မရှိသလောက်နည်းပါးမည်သာ ဖြစ်သည်။

ပိုင်ရှောင်ချန်းမှာ အနည်းငယ်မျှ စိတ်ဓာတ်ကျစပြုလာပြီဖြစ်သည်။ သူသည် ကောင်းကင်နဂါးတူငါးအချို့ကို စားချင်ပါသော်လည်း တစ်ကောင်တစ်လေကို ဖမ်းမိနိုင်ရန်မှာ အလွန်ခက်ခဲနေသည့်ပုံပင်။

သူသည် ထိုကိစ္စကို အနည်းမျှတွေးတောလိုက်ပြီးနောက် သူအတွေးလွန်နေခြင်းဖြစ်နိုင်ကြောင်း ဆုံးဖြတ်လိုက်သည်။ ထို့ကြောင့် သူသည် ငါးမျှားရာတွင်အသုံးပြုသည့် ပစ္စည်းအချို့သွားဝယ်လိုက်ပြီး စမ်း၍မျှားကြည့်ရန် နေရာကောင်းတစ်ခုကိုရှာလိုက်သည်။ သို့သော် ကြိမ်ဖန်များစွာ ကျရှုံးပြီးနောက် သူသည် သက်ပြင်းချကာ အရှုံးပေးလိုက်တော့သည်။

" အဲဒီထဲက ငါးတစ်ကောင်ကို ဖမ်းမိဖို့ဆိုတာ လုံးဝမဖြစ်နိုင်ဘူး "

ရေထဲရှိငါးများမှာ သူ၏ငါးမျှားတံကို ကျော်ဖြတ်သွားကြသည်သာ ဖြစ်သည်။ တစ်ခါတရံဆိုလျှင် ထိုငါးများမှာ သူ့ကိုပင် မော့ကြည့်သွားကြသေးသည်။ သူသည် တပ်အပ်မပြောနိုင်ပါသော်လည်း ၎င်းတို့မှာ သူ့အားလှောင်ပြောင်နေသည်ဟု ထင်သွားတော့သည်။

" ဘာမှမဟုတ်တဲ့ ငါးတွေကများ ငါ့ကိုပြောင်ရဲတယ် ဟုတ်လား "

သူသည် ဒေါသတကြီး တွေးတောလိုက်ပြီး ရေထဲသို့ အတတ်နိုင်ဆုံး ခက်ထန်တင်းမာစွာ ငုံ့ကြည့်လိုက်၏။ သိုသော်လည်း တခဏအကြာတွင် သူသည် တုန်ရီသွားပြီး အရှုံးပေးလိုက်ရတော့သည်။

သူသည် အကြည့်ချင်းပြိုင်သည့်နေရာတွင် အများအားဖြင့် အနိုင်ရလေ့ရှိပါသော်လည်း ကောင်းကင်နဂါးတူငါးများ၏ လှောင်ပြောင်သည့်အရိပ်အယောင်များ ထင်ဟပ်နေသော အကြည့်များကြောင့် သူ ငိုမဲ့မဲ့ ဖြစ်နေရပြီဖြစ်သည်။ နောက်ဆုံးတွင် သူသည် ရေစပ်နားမှ ခြေဆောင့်လက်ဆောင့်ဖြင့် ထွက်ခွာသွားတော့သည်။

" ဒါသက်သက်မဲ့ အနိုင်ကျင့်တာပဲ "

သူက နာကျည်းစွာ တွေးလိုက်သည်။ သို့သော် သူ အကြံကုန်နေပြီဖြစ်သည်။ ထို့ကြောင့် သူ၏ငါးမျှားတံကို အောက်သို့ပစ်ချ၍ သူ၏အင်မော်တယ်ဂူဆီသို့ ပြန်သွားတော့သည်။

ရက်အနည်းငယ်အကြာတွင် သူတော်စင်ဧကရာဇ်နှင့် သရဲမယ်တော်အကြောင်း ဆွေးနွေးရန်အတွက် မိစ္ဆာဧကရာဇ်မင်းဆက်မှ သံတမန်တစ်ယောက် ရောက်လာသည်။ နောက်ဆုံးတွင် သူမကို ပြန်ခေါ်သွားနိုင်ရန်အတွက် သူတို့သည် စီရင်စုနယ်မြေ သုံးခုအား သူတော်စင်ဧကရာဇ်မင်းဆက်ဆီသို့ လွှဲပြောင်းပေးအပ်လိုက်ရတော့သည်။

ထိုအကြောင်းကို ပိုင်ရှောင်ချန်း ကြားသိလိုက်ရချိန်တွင် အရိုးဖွတ် စစ်သင်္ဘောကြီးမှာ အဝေးသို့ ရွက်လွှင့်သွားနေပြီဖြစ်သည်။ သူသည် ကုန်းပတ်ပေါ်တွင် ကုန်းစွန်းဝမ်အာကို ခပ်ရေးရေး လှမ်းမြင်လိုက်ရသောအခါ လက်ယှက်၍ ဦးညွှတ်ပြလိုက်ပြီး မိစ္တာဧကရာဇ်မင်းဆက်ဆီသို့ ပြန်ရောက်သွားချိန်တွင် ကံကောင်းစေရန် သူမအတွက် ဆုတောင်းပေးလိုက်သည်။

မိစ္တာဧကရာဇ်ဆီသို့ ပြန်သွားနေသူမှာ သရဲမယ်တော်ဟူ၍ ဆိုနိုင်သလို သရဲမယ်တော် မဟုတ်သည့် အခြားတစ်ယောက်ဟူ၍လည်း ဆိုနိုင်သည် မဟုတ်ပါလော...

All Chapters