← Chapters

ကောင်းကင်နဂါးတူငါးတွေ ငါ့ဆီကိုလာခဲ့ကြ

Vol. 11 Ch. 1061

ကောင်းကင်နဂါးတူငါးတွေ ငါ့ဆီကိုလာခဲ့ကြ

Vol. 11 Ch. 1061

ဆရာကြီးပင်လယ်နက်၏ မျက်လုံးများထဲတွင် ပြက်ရယ်ပြုသောအရိပ်အယောင်များဖြင့် တဖျပ်ဖျက်လက်နေစဥ် ပိုင်ရှောင်ချန်း၏ ငါးမြှားချိတ်က ရေပြင်ကို ထိသွားတော့သည်။ မြုပ်ပင် မမြုပ်သေးဘဲ ဗွမ်းခနဲ ရေသံ ပဲ့တင်ထပ်နေဆဲမှာပင် ၃ မီတာ အရှည် ကောင်းကင်နဂါးတူငါး ပေါ်လာပြီး ချိတ်ကို ကိုက်ချလိုက်လေသည်။

ငါးက ကြောက်စရာကောင်းလောက်အောင် မြဲမြံစွာခဲထား၏။ ချိတ်လွတ်သွားမည်ကို စိုးရိမ်ဟန်တူပြီး ဝမ်းဗိုက်ထဲထိ မြိုချပစ်လိုက်တော့သည်။ ပိုင်ရှောင်ချန်းက ဝမ်းသာစွာဖြင့် သုံးမီတာအရှည်ငါးကို ရေထဲမှ ဆွဲထုတ်ရန် သူ၏ငါးမြှားတံကို ဆောင့်ဆွဲလိုက်သည်။ ရေစက်ကလေးများ အရပ်မျက်နှာတစ်ခွင် ဖွားခနဲထွက်သွားပြီး ငါးအကြေးခွံများမှ ရောင်ဝါများ ပြိုးပြိုးပြက်ပြက် လင်းလက်သွားတော့သည်။

မြင်ကွင်းတစ်ရပ်လုံး အတော်လေး မျက်စိပသာဒဖြစ်လှသည်။ ကောင်းကင်နဂါးတူငါး လေပေါ်သို့ ပျံတက်လာသည်နှင့် ပိုင်ရှောင်ချန်းက အလွယ်တကူ လှမ်းဆွဲလိုက်သည်။ သူ့မျက်ဝန်းများက ဝမ်းသာပျော်ရွှင်မှုအရိပ်ငွေ့များဖြင့် တဖျပ်ဖျပ်လက်နေကာ ကောင်းကင်နဂါးတူငါးကို သူ့အိတ်ထဲ အလျင်အမြန် ထည့်လိုက်၏။

၄င်းမှာ အလွန်လျင်မြန်စွာဖြစ်ပျက်သွားသဖြင့် စောင့်ကြည့်နေသောလူအချို့မှာ ထင်ယောင်ထင်မှားဖြစ်နေသည်လား သိချင်သွားတော့သည်။ ဆရာကြီး ပင်လယ်နက်၏ စိတ်အစဥ် ချာချာလည်သွားပြီး ယခုလေးတင် သူ မြင်ခဲ့သည်က အမှန်ဖြစ်ကြောင်း မယုံနိုင်လောက်အောင် ဖြစ်သွားသည်။ သူ၏ မျက်လုံးများကို ပွတ်သပ်ကာ ရေထဲမှ ငါး ထွက်လာခဲ့သည့်နေရာကို တစ်လှည့်၊ စိတ်လှုပ်ရှားနေသော ပိုင်ရှောင်ချန်းကိုတစ်လှည့် သူ ကြည့်လိုက်သည်။

ပိုင်ရှောင်ချန်းမှာ သူ မည်မျှ ဉာဏ်ကောင်းကြောင်း မစဥ်းစားမိဘဲ မနေနိုင်တော့ပေ။ ကောင်းကင်နဂါးတူငါးသည် သူကို အထင်သေးစွာ စိုက်ကြည့်ဝံ့ခဲ့၍ သူက အားထုတ်စရာပင်မလိုဘဲ သူတို့၏နေရာမှန်တွင် ထားလိုက်လေပြီ။ သူထိုအကြောင်းစဥ်းစားနေချိန်မှာပင် ဆရာကြီး ပင်လယ်နက် တစ်ခုခုပြောရန်ပြင်ခဲ့သည်ကို သတိရလိုက်၏။

" အီး ခုနတုန်းက ခင်ဗျား ဘာပြောနေတာလဲ "

ဆရာကြီးပင်လယ်နက်၏ နှလုံးသား ဒုန်းဆိုင်းခုန်ပေါက်နေပြီဖြစ်ပြီး သူ့ခေါင်းမှာ အလွန် ပြင်းထန်စွာ ချာလပတ်လည်နေသဖြင့် စကားပင် ကောင်းကောင်း မပြောနိုင်တော့ပေ။ သူ ပြန်လည်သက်သာရန် အသက်အနည်းငယ်ရှူပြီးနောက် ပိုင်ရှောင်ချန်း၏မေးခွန်းအား သဘောပေါက်လိုက်လေသည်။ သူက နှာခေါင်းကိုပွတ်ကာ ပြော၏။

" ငါ ...ဟို ... မင်းက တော်တော်လေး ကံကောင်းတဲ့ပုံပဲ ကောင်းကင်တံတားနယ်စားရေ "

ထို့နောက် သူက သူ၏ကြိုးကို ပြန်ပစ်ကာ အစောပိုင်းက ပိုင်ရှောင်ချန်း ငါးရသွားခဲ့သည့်နေရာတည့်တည့်နီးပါး ထိသွားစေလိုက်သည်။

ထိုနေရာတွင် ကောင်းကင်နဂါးတူငါးများ မည်မျှစုအုံနေကြသည်ကို စဥ်းစားတွေးတောကာ သူက တစ်ကောင်တလေ အဟပ်ခံရမည်လား သိချင်၍ ထိုနေရာအကွက်လေးအား ရင်တထိတ်ထိတ် မကြည့်မိဘဲ မနေနိုင်တော့ပေ။

ပိုင်ရှောင်ချန်းမှာ ဆရာကြီး ပင်လယ်နက်၏ တုံ့ပြန်မှုကြောင့် အလွန်ကျေနပ်သွား၏။ သူက ချောင်းဟန့်ကာ သူ့ကြိုးကို ထပစ်လိုက်သော်လည်း မတူညီသောဘက်သို့ ဖြစ်ပေသည်။ ဤတစ်ကြိမ်တွင် သူ၏ ချိတ်သည် ဆရာကြီး ပင်လယ်နက်၏ ရှေ့တည့်တည့်တွင် ကျသွား၏။

သူ၏ချိတ်က ရေကို ထိသည်နှင့်တစ်ပြိုင်နက် ဆရာကြီး ပင်လယ်နက်က ထိုနေရာကို လှမ်းကြည့်လိုက်သည်တွင် သူ၏မျက်လုံးများ ဝိုင်းစက်ပြူးကျယ်သွားတော့သည်။

ကောင်းကင်နဂါးတူငါးများမှာ ချိတ်ဆီသို့ အရူးအမူး အပြေးအလွှား ကူးခတ်လာကြလေသည်။ ချိတ်ကို ဟပ်ရန် အားရှိသမျှ အသည်းအသန် ရုန်းကန်နေကြသဖြင့် ရေထဲတွင် လှိုင်းများ တလိပ်လိပ်ထလာတော့သည်။ သူတို့ထဲက တစ်ကောင်က ငါးမြှားချိတ်ကို ကိုက်ရန် မျက်တောင်တစ်ခတ်သာ ကြာလိုက်သည်။ ငါး၏မျက်လုံးများအတွင်းရှိ စိတ်လှုပ်ရှားမှုများက လုံးဝ သက်သေထူနေတော့သည်။

ဆရာကြီး ပင်လယ်နက်မှာ မိုးကြိုးပစ်ချခံလိုက်ရသည့်အလား ခံစားရလိုက်ရတော့၏။ သူ၏ ငါးမြှားတံကို ပစ်ချလုနီးပါး ထရပ်ကာ အော်လိုက်သည်။

" မဖြစ်နိုင်ဘူး "

ဤမျှအံသြတုန်လှုပ်ဖွယ်ကောင်းလှသော အဖြစ်အပျက်များကို တစ်ခါမှ မျက်မြင်ကိုယ်တွေ့ မကြုံခဲ့ဖူးပေ။ ၄င်းမှာ အလွန်စိတ်ယူးယဥ်ဆန်လွန်းသဖြင့် သူ သွပ်သွပ်ခါရူးတော့မတတ် ခံစားလိုက်ရတော့သည်။

ဤတစ်နေရာတည်းတွင် သူ နှစ်တစ်ရာကျော် ငါးမြှားနေခဲ့ပြီး ယခင်က နဂါးတူငါးတစ်ကောင်ကို အောင်အောင်မြင်မြင် မြှားနိုင်ခဲ့သော လူများကို မြင်ခဲ့ဖူးသော်လည်း ပုံမှန်အားဖြင့် ဇီဇာကြောင်သော ငါးတစ်ကောင်က ရည်ရွယ်ချက်ရှိရှိ ငါးစာကိုဟပ်သည့် အခြေအနေတွင်သာ ဖြစ်ခဲ့၏။ ၄င်းမှာ ငါးက အိမ်နှင့်ပိုင်ရှင် တမင်ပြောင်းချင်သည်နှင့် ပိုတူလေသည်။

သို့သော် ယခု သူမြင်နေသည်က လုံးဝပြောင်းပြန်ပင်။ ဤသည်က ငါးမြှားခြင်းမဟုတ် သူချလိုက်သည့် ငါးမြှားချိတ်ကို ဟပ်ရန် အခွင့်အရေးလွတ်သွားမည်ကို စိုးရိမ်နေပုံဖြင့် ငါးများက ပိုင်ရှောင်ချန်းကို အလုအယက် ဖားနေကြခြင်း ဖြစ်လေသည်။

ဆရာကြီး ပင်လယ်နက်မှာ ကြောင်အမ်းအမ်းဖြင့် ရေပြင်ကို ကြည့်ပြီးနောက် ပိုင်ရှောင်ချန်းကိုကြည့်ကာ စကားပြောရန် ပါးစပ်ကို ဟလိုက်သည်။ သို့သော် မည်သည့်စကားလုံးမှ ထွက်မလာပေ။

ထိုအချိန်တွင် ခပ်လှမ်းလှမ်းမှ စောင့်ကြည့်နေခဲ့ကြသော လူအပေါင်းမှာလည်း သိသိသာသာ တုန်လှုပ်သွားကြတော့သည်။ စစချင်း သူတို့က တစ်စုံတရာပြောရန် အလွန်မှင်သက်နေသော်လည်း မကြာခင် အထိတ်တလန့်အော်ဟစ်သံများ ကြားလိုက်ရတော့သည်။

" သူ တကယ်ကြီး ကောင်းကင်နဂါးတူငါးကို ဖမ်းမိတာ ယုံတောင် မယုံနိုင်ဘူးကွာ "

" ဘုရား ဘုရား … သူက တစ်ကောင်တင်မဟုတ်ဘူး။ နှစ်ကြိမ်ဖမ်း နှစ်ကောင်မိတာဟ "

" ဒီကောင် ဘယ်လိုလုပ် ဒီလောက် ကံကောင်းနေရတာတုန်း။ ဒါက ကောင်းကင်ဘုံကို အာခံတာပဲ "

" အဲဒါ ကံကောင်းတာမဟုတ်ဘူး။ သူက အဲဒီနဂါးတူငါးတွေနဲ့ ကံပါလိုပဲ "

ပုံမှန်ဆိုလျှင် ထိုကဲ့သို့ဆူညံပွက်လောရိုက်ခြင်းသည် နဂါးတူငါးများအားလုံးကို ကြောက်လန့်သွားစေမည် ဖြစ်သည်။ သို့သော် ယခုတွင် လုံးဝဆန့်ကျင်ဘက် ဖြစ်နေရာ အံ့သြတကြီးအော်ဟစ်သံများ ပိုမိုထွက်လာစေတော့သည်။

" ဟေး ဟိုကိုကြည့်ကြဦး .... ဘုရား ဘုရား... အဲဒီမှာ နဂါးတူငါးဘယ်နှကောင်လဲ ကြည့်ဦး။ ဘာ ... ဘာလို့ သူတို့အားလုံး လာနေကြတာလဲ "

လူတိုင်း မြင်တွေ့လိုက်ရသည်မှာ အံ့သြတုန်လှုပ်ဖွယ်ကောင်းသော မြင်ကွင်းကြီးတစ်ခုဖြစ်သည်။ ကောင်းကင်နဂါးတူငါးတစ်ကောင်ပြီးတစ်ကောင် အရပ်မျက်နှာအားလုံးမှ အပြေးအလွှားလာနေကြသဖြင့် ကောင်းကင်ရေကန်၏မျက်နှာပြင်ပေါ်တွင် ရေလှိုင်းလုံးများ တလိပ်လိပ်ထလာတော့သည်။

တစ်ချက်ကြည့်လိုက်ရုံနှင့် ငါးများ ထောင်ပေါင်းများစွာ ရှိသည့်ပုံပေါ်ရာ လူတိုင်း ပင့်သက်ရှိုက်သွားေတာ့သည်။

ဆရာကြီးပင်လယ်နက်မှာ ပိုင်ရှောင်ချန်းက နှစ်ကောင်မြောက်ကောင်းကင်နဂါးတူငါးအား သူ့အိတ်ထဲ ပစ်ထည့်လိုက်သည့် မြင်ကွင်းကို အံ့သြလွန်း၍ ပါးစပ်အဟောင်းသားဖြစ်လျက် ကြည့်နေတော့သည်။

ပိုင်ရှောင်ချန်းမှာလည်း အတန်ငယ်အံ့အားသင့်သွားလေသည်။ ကောင်းကင်နဂါးတူငါးများ အရူးအမူးပြုမူနေသည်ကို စဥ်းစားကာ သူ၏ မူးယစ်ဆေးလုံးက အမှန်တကယ်ပင် သူစိတ်ကူးခဲ့သည်ထက်ပို၍ ကောင်းကောင်းအလုပ်ဖြစ်သည့်ပုံ ပေါ်လွင်နေတော့သည်။

ထိုအခြင်းအရာမှာ ငါးများအား မူးယစ်ဆေးလုံးကို နေ့စဥ်နေ့တိုင်း ကျွေးပြီးနောက် ရုတ်တရက် ရက်ပေါင်းများစွာ ရပ်ထားခဲ့ခြင်းကြောင့် ပိုဆိုးသွားခြင်း ဖြစ်နိုင်လောက်သည်။ ဆေးဖြတ်ခြင်းလက္ခဏာများ ပေါ်လာသောအခါ ငါးများမှာ ဆာလောင်မွတ်သိပ်နေသကဲသို့ ခံစားကြရလေသည်။ ထို့ကြောင့် ချိတ်ပေါ်ရှိ မူးယစ်ဆေးလုံး၏ အရှိန်အဝါအစအနလေးကပင် သူတို့ကို ယစ်မူးသွားစေရန် လုံလောက်ပေသည်။

" ဒါက ကိစ္စ အကြီးကြီးပဲဟ... "

သူက စိုးရိမ်တကြီး တွေးလိုက်သည်။ ကံကောင်းထောက်မစွာ သူ၏မူးယစ်ဆေးလုံးသည် အရောင်အဆင်းမဲ့ပြီး စစ်ဆေးနိုင်သည့် မည်သည့်ခြေရာလက်ရာကိုမှ ချန်ထားခဲ့မည် မဟုတ်ပေ။

ထို့အပြင် ကောင်းကင်တံတားဒေသမှ ဆေးလုံးများသည် ထာဝရအင်မော်တယ်နယ်မြေမှ ဆေးလုံးများနှင့် ကွဲပြား၏။ သူတို့၏ ဖွဲ့စည်းတည်ဆောက်ပုံအရ အခြေခံအဆင့်တစ်ဆင့်က မတူညီပေ။

အရေးအကြီးဆုံးက ဤငါးများအားလုံးက သူနှင့် ကံတရားအားဖြင့် သိသိသာသာ ချိတ်ဆက်နေသည်ကို သူ လျစ်လျူမရှုနိုင်ပေ။ သူတို့က မီးပုံတည့်တည့်ခုန်ဆင်းပြီး သူ၏အစားခံရန် ဆန္ဒပြင်းပြနေသည်ကို စဥ်းစားကာ အံတင်းတင်းကြိတ်၍ သူ့ကြိုးကို တတိယမြောက်အကြိမ် ပစ်ချလိုက်သည်။

လူတိုင်း စိတ်လှုပ်ရှားစွာ စောင့်ကြည့်နေကြ၏။ ဆရာကြီး ပင်လယ်နက်မှာ အသက်ရှူပင် ရပ်သွားလေသည်။

ဤတစ်ကြိမ်တွင် ရလဒ်ကား ပထမနှစ်ကြိမ်ထက် ပို၍ကဗျာဆန်နေတော့သည်။ အမှန်တကယ်ဆိုရပါက ၄င်းက အလွန်အထွတ်အထိပ်ဖြစ်၍ လူအုပ်ကြီးကြားထဲတွင် ချက်ချင်း အုတ်အော်သောင်းနင်းဖြစ်သွားစေပြီး ဆရာကြီး ပင်လယ်နက်ကို ကောင်းကင်ဘုံမှ မိုးကြိုးဖြင့် အပစ်ချခံလိုက်ရသည့်အလား နောက်သို့ ယိမ်းယိုင်သွားစေတော့သည်။

ဤတစ်ကြိမ်တွင် ငါးမြှားချိတ်က ရေထဲပင် မရောက်လိုက်ပေ။ နဂါးတူငါးဒါဇင်ပေါင်းများစွာ ချိတ်ကိုဟပ်ရန် လေထဲ ခုန်တက်လိုက်ကြ၏။

ငါးများက ထွန့်ထွန့်လူးပြီး ငါးမြှားချိတ်ကို ပထမဆုံးဟပ်ရန် ကြိုးစားတိုက်ခိုက်နေကြသဖြင့် ရေများ နေရာအနှံ့ တဖွားဖွား လွင့်စင်ကုန်တော့သည်။

နဂါးတူငါးမြောက်မြားစွာ ရေထဲမှ ခုန်ထွက်လာကြရာ လူအုပ်ကြီး တအံ့တသြအော်ဟစ်လိုက်ကြ၏။ နောက်ဆုံးတွင် တစ်ကောင် အောင်မြင်သွားလေသည်။ ထိုငါးက စိတ်လှုပ်ရှားဂုဏ်ယူစွာဖြင့် ငါးမြှားချိတ်ကို ကိုက်ပြီး ပိုင်ရှောင်ချန်းအား ငါးမြှားကြိုး ပြန်ရစ်ခွင့်ပေးလိုက်သည်။ ပိုင်ရှောင်ချန်းသည် အားအနည်းငယ် စိုက်ထုတ်လိုက်သောအခါမှသာ ငါး၏ပါးစပ်မှ ငါးမြှားချိတ်ကို ထုတ်လိုက်နိုင်ပြီး သူ့အိတ်ထဲ ထည့်လိုက်နိုင်သည်။

အမှန်တကယ်တော့ ငါးမြှားချိတ်ကို သူ အောင်အောင်မြင်မြင်ပြန်ယူနိုင်ခဲ့သည့် တစ်ခုတည်းသော အကြောင်းရင်းမှာ ငါးက ရုန်းကန်နေစဥ်အတွင်း မူးယစ်ဆေးလုံး၏ အနံ့ကို ခက်ခက်ခဲခဲ ဖျောက်ပစ်ခဲ့ခြင်းကြောင့်သာ ဖြစ်ပေသည်။

လူအုပ်ကြီးကား တိတ်ဆိတ်ငြိမ်သက်ခြင်း ကင်းမဲ့နေတော့သည်။

" အဲဒါ ... အဲဒါ ငါးမြှားတာကော ဟုတ်ရဲ့လား "

" ငါ အရင်က ဒီလောက်ကောင်းကင်နဂါးတူငါးတွေနဲ့ ကံတရားအရဆက်စပ်နေတဲ့ တစ်ယောက်ကိုမှ မမြင်ခဲ့ဖူးပါဘူး "

" ဒီမှာ ထူးဆန်းတာ တစ်ခုခုတော့ ဖြစ်နေပြီ။ တစ်ခုခုတော့ အရမ်းထူးဆန်းနေတယ်ဟေး "

လူအများပြောစကားများကို ကြားသောအခါ ပိုင်ရှောင်ချန်းမှာ အတန်ငယ်အပြစ်ရှိသလို ခံစားလိုက်ရလေသည်။ သူက ဆရာကြီး ပင်လယ်နက်၏ ပါးစပ်အဟောင်းသား ဖြစ်နေသည့်ပုံစံကိုလည်း စိတ်မကောင်းဖြစ်သွား၏။ သူ၏ သုံးကောင်မြောက် နဂါးတူငါးကို ထည့်ပြီးနောက် ယခုအချိန်မှာ ငါးမြှားခြင်းရပ်တန့်ရန် အချိန်တန်ပြီဖြစ်ကြောင်း သူ ဆုံးဖြတ်လိုက်သည်။

" သူတို့က ... တကယ်ကြီး ငါးမြှားချိတ်ကို လုနေကြတာ"

ဆရာကြီး ပင်လယ်နက်မှာ ပိုင်ရှောင်ချန်းကို ကြောင်တောင်တောင်ကြည့်၍ တစ်ကိုယ်တည်း ရေရွတ်လိုက်သည်။ ထို့နောက် သူက သူ၏ငါးမြှားချိတ်ကို ပြန်တွေးလိုက်ရာ ငါးတစ်ကောင်တလေမှ ထိပင် မထိခဲ့ဖူးပေ။ ရုတ်တရက် သူသည် သူ၏နှစ်တစ်ရာငါးမြှားခြင်းအတွေ့အကြုံကား ပိုင်ရှောင်ချန်း၏ ကျွမ်းကျင်မှုနှင့် ယှဥ်လျှင် ဘာမှမဟုတ်ကြောင်း သဘောပေါက်လိုက်တော့သည်။

ပိုင်ရှောင်ချန်း ထွက်သွားတော့မည်ကို မြင်သောအခါ သူက ရုတ်တရက် သူ့လမ်းကို ဆတ်ခနဲ ပိတ်လိုက်၏။ ပိုင်ရှောင်ချန်းက သူ့ကို သတိကြီးကြီးထား၍ ကြည့်လိုက်စဥ် သူ၏အကြည့်က တဖြေးဖြေး ပိုင်ရှောင်ချန်း၏ ငါးမြှားတံအပေါ် ကျရောက်သွားလေသည်။

" တာအိုရောင်ရင်းပိုင် … အဲဒီငါးမြှားတံကို ရောင်းနိုင်မလား "

All Chapters