ကြီးကြီးမားမား တစ်ခုခု ဖြစ်နေပြီ
Vol. 11 Ch. 1062
" ဟမ် "
ပိုင်ရှောင်ချန်းမှာ စစချင်း တွေဝေသွား၏။ သို့သော် အရူးအမူးဖြစ်နေသော ဆရာကြီးပင်လယ်နက်၏ သွေးချင်းချင်းနီနေသည့်မျက်လုံးများက သူ၏ငါးမြှားတံဆီ ဆိုက်ရောက်သွားသည်ကို မြင်ပြီးနောက် အမှန်ကို သဘောပေါက်လိုက်လေသည်။ အနှီပုဂ္ဂိုလ်ကား ကောင်းကင်နဂါးတူငါးများစွာ ဖမ်းမိစေခဲ့သည့် သူ၏ရစ်ဘီးနှင့်ပတ်သက်၍ တစ်ခုခု ထူးခြားနေကြောင်း သိသာထင်ရှားစွာ ကောက်ချက်ချလိုက်လေပြီ။
" အင်း ယုတ္တိတော့ရှိသားပဲ "
သူက တွေးလိုက်သည်။
" ဒီနတ်ဘုရားတစ်ပိုင်းတံငါသည်ကြီးက ဒီမှာ နှစ်တစ်ရာကျော် ငါးမြှားနေခဲ့တာဆိုတော့ သေချာပေါက် တကယ် မျက်စိလျင်တာပဲ "
ဆရာကြီးပင်လယ်နက်၏ရင်ဘတ်ကြီးက ဖားဖိုကြီးအလား နိမ့်ချည်မြင့်ချည်ဖြစ်နေရာ သူ့ကိုယ်သူ ခက်ခက်ခဲခဲ ထိန်းချုပ်နေရဟန်တူသည်။
" တန်ဖိုးပြောပါ တာအိုရောင်ရင်းပိုင် "
သူက ပြော၏။
" ကျုပ် မင်းရဲ့ အဲဒီ ရစ်ဘီးကို လိုချင်တယ် "
သူသည် အခြားသူများနှင့် ရင်ဆိုင်နေခဲ့ရပါက ငါးမြှားတံအား အတင်းအဓမ္မယူရန်သာ ကြိုးစားလောက်မည်ဖြစ်သည်။ သို့သော် ပိုင်ရှောင်ချန်းက ကောင်းကင်တံတားနယ်စားဖြစ်၏။ သူက အုပ်ချုပ်ရေးအပိုင်းတွင် မြင့်မားေသာရာထူးရရှိထားသည်သာမက မြင့်မားသောကျင့်ကြံခြင်းအခြေခံတစ်ခုလည်း ရှိသည်။ ပို၍ တုန်လှုပ်ချောက်ချားဖွယ် ကောင်းသည်မှာ သူက ကောင်းကင်တံတားဒေသ၏ ခေါင်းဆောင်ဖြစ်နေသည့်အချက်ပင် ဖြစ်သည်။
သို့ဖြစ်၍ သူ့အပေါ်တွင် အင်အားသုံးခြင်းက ရွေးချယ်စရာ မဟုတ်ပေ။ သူ အပေးအယူအလုပ်ဖြစ်ရန်သာ ကြိုးစားနိုင်သည်။
လူအုပ်ကြီးက ဆရာကြီးပင်လယ်နက်၏စကားများကို ကြားသောအခါ ရုတ်တရက် ငါးမြှားတံကို လှမ်းကြည့်လိုက်ကြပြီး ၄င်းနှင့်ပတ်သက်၍ တစ်ခုခု မသင်္ကာဖွယ်ကောင်းသည်လား သိချင်လာကြတော့သည်။ မကြာမီ မျက်လုံးများစွာက မည်သို့ြဖစ်နိုင်ကြောင်း တွေးတောကာ ပြင်းပြသောစိတ်အဟုန်များဖြင့် တောက်လောင်လာသည်။
ဆရာကြီး ပင်လယ်နက်မှာ လူအများစု အတိုက်အခံ လုပ်ဝံ့သည့် လူစားမျိုး မဟုတ်သည့်တိုင် လူအုပ်ကြီးထဲတွင် ကျောက်စိမ်းပေလွှာများထုတ်၍ အရေးပါသောလူများအား သတင်းများပေးပို့လိုက်ကြသည့် ကျင့်ကြံသူအနည်းစု ရှိလေသည်။
" တာအိုရောင်ရင်းပိုင် ၊ မင်းက သူတော်စင်ဧကရာဇ်မြို့တော်ကို အခုမှရောက်တာဆိုတော့ မင်းမှာ ငွေနည်းနည်းပါးပါးပဲ ရှိလိမ့်မယ်။ ဒီလိုလုပ်ကွာ … ကျုပ် မင်းကို ငါးမြှားတံအတွက် စိတ်စွမ်းအင်ကျောက်တုံး တစ်သန်းပေးမယ်။ ဘယ်လိုသဘောရလဲ "
ထို့နောက် သူက အခြားလူရောက်လာပြီး သူနှင့်အပြိုင်လေလံဆွဲမယ်ကို စိုးရိမ်ကာ ရပ်နေ၏။
" အာ ... "
ပိုင်ရှောင်ချန်းက ချီတုံချတုံဖြင့် ပြောလေသည်။ သူက ငါးမြှားတံကို မရောင်းချင်၍ မဟုတ်ဘဲ လက်ရှိအချိန်တွင် အလုပ်ဖြစ်မည်မဟုတ်ကြောင်း သိနေသောကြောင့်ပင်။ သူ မည်သူ့ကိုရောင်းစေကာမူ လုံးဝအသုံးဝင်မည် မဟုတ်ပေ။
လူကောင်းတစ်ယောက်ဖြစ်သော သူ့အနေဖြင့် ယခုလို လူအများအား နှပ်ချရမည့်အကြံအပေါ် သက်တောင့်သက်သာ မဖြစ်လှပေ။
" ဆရာကြီး ပင်လယ်နက် " သူက ပြော၏။
" ကျုပ် ခင်ဗျားကို ရောင်းရင်တောင်မှ အလုပ်ဖြစ်မှာ မဟုတ်ဘူးနော် "
ဆရာကြီး ပင်လယ်နက်မှာ အမှန်တကယ် စိုးရိမ်သောကရောက်လာပြီး အခြားတစ်ခုပြောရန် ပြင်လိုက်စဥ်မှာပင် ပိုင်ရှောင်ချန်းက လက်တစ်ချက်ဝှေ့ယမ်း၍ သူ့ကို ရပ်တန့်စေလိုက်သည်။
သူက ပခုံးတွင် ငါးမြှားတံကို လွယ်ကာ ကျန်လက်ကို ကျောနောက်ပို့၍ ဟိတ်ဟန်အပြည့်ဖြင့် သက်ပြင်းချပြီး ပြော၏။
" ငါးမြှားတာက စိတ်ရှည်ဖို့လိုတယ် ဆရာကြီးပင်လယ်နက် သိလား။ ကံကောင်းခြင်းက လူတစ်ယောက်ကို အောင်မြင်မှုတွေ ဆောင်ကြည်းပေးပြီး ကံကြမ္မာက ကျရှုံးခြင်းတွေ သယ်ဆောင်လာတယ်ဆိုတဲ့ ရှေးစကားတစ်ခုရှိတယ်။ အဲဒီဆိုရိုးစကားကို နားလည်ရင် ခင်ဗျား အေးချမ်းပြီး စိတ်တည်ငြိမ်လာလိမ့်မယ်။ ခင်ဗျားရဲ့စိတ်နှလုံးထဲမှာ ကောင်းကင်နဲ့မြေကြီးကို စွဲမှတ်ထားရမယ်။ သတ္တဝါတွေထဲမှာ မရေမတွက်နိုင်တဲ့သက်ရှိတွေ ရှိတယ်။ သူတို့အားလုံးက သူတို့သဘာဝအလျောက် အသိဉာဏ်ရှိကြတယ်။ မှတ်ထားဗျ … အရာအားလုံးက ဆက်စပ်နေတာ။ ကောင်းကင်နဂါးတူငါးတစ်ကောင်က ခင်ဗျားနဲ့ ကံပါရင် မင်းဆီလာလိမ့်မယ်။ ဘဝဆိုတာ အဲဒါပဲ "
" ခင်ဗျားက အခု ကျုပ်ကို ငါးမြှားနေတယ်လို့မြင်တယ်။ တကယ်က ကျုပ် ဘဝအကြောင်း တွေးခေါ်စဥ်းစားနေတာ။ခင်ဗျားလို စိတ်နေစိတ်ထားမျိုးနဲ့ ဒီနေရာမှာ အချိန်လာမဖြုန်းသင့်ဘူး "
ပိုင်ရှောင်ချန်းက သူပြောခဲ့သည့်စကားလုံးများကို သံယောင်ပြန်လိုက်၍ ပြောဆိုလိုက်သည်ကို ကြားသောအခါ ဆရာကြီး ပင်လယ်နက်၏မျက်နှာြကီး မည်းမှောင်သွားတော့သည်။ ပိုင်ရှောင်ချန်းအပေါ် သူခံစားနေရသည့် မုန်းတီးစက်ဆုပ်ခြင်းများ ဆက်လက်၍ ကြီးထွားလာသော်လည်း သူ အလွယ်တကူ အငြင်းမခံလိုပေ။
" ငါ ရှန်ကျန့်ဆေးလုံး ထပ်ထည့်ပေးမယ်"
သူက အံကြိတ်ထားသည့်ကြားမှ ပြော၏။ သူသည် ငါးမြှားတံအား ရယူရန် သေချာပေါက်စိတ်ပိုင်းဖြတ်ထားပြီးလေပြီ။ ၄င်းကို ကောင်းကင်နဂါးတူငါး တစ်ကောင် နှစ်ကောင်ဖမ်းရန် အတွက်သာ သုံးနိုင်လျှင်တောင်မှ သူ့အတွက် တန်မည်ဖြစ်သည်။
ပိုင်ရှောင်ချန်းက စိတ်ပျက်လက်ပျက်ဖြစ်လာကာ ပြော၏။
" ဆရာကြီး ပင်လယ်နက် ကျုပ် တကယ် ရောင်းလို့မရတာပါ။ ခင်ဗျားအတွက် အလုပ်မဖြစ်ပါဘူးဆိုနေဗျာ။ ဘာလို့ ကျုပ်အတွက် ခက်ခဲအောင် လုပ်နေရတာလဲ "
ဆရာကြီး ပင်လယ်နက်မှာ မျက်လုံးများ နီရဲလာကာ ပြောသည်။
" ပေါက်တတ်ကရတွေ။ အလုပ်မဖြစ်ရင်တောင် ငါလိုချင်တယ်ကွာ။ ဒီမှာ ငါ အင်မော်တယ် အပျက်အစီးဆေးလုံး ဆယ်လုံး ထပ်ထည့်မယ်။ ရပြီလား။ သေသေချာချာစဥ်းစားနော် … ငါက သူတော်စင်ဧကရာဇ်နိုင်ငံတော်မှာ သိပ်အရေးပါတဲ့လူ။ ချိန်စုတောင် ငါ့ကိုမြင်ရင် ဆရာလို့ခေါ်တာကွ "
ဆရာကြီး ပင်လယ်နက်က ပုံမှန်ဆိုလျှင် အသုံးပြုမည်မဟုတ်သည့် သိသာသော ခြိမ်းခြောက်မှုတစ်ရပ်ဖြစ်သည်။ သို့သော် ယခုလောလောဆယ်တွင် သူ အလွန် စိတ်လှုပ်ရှားနေသည်။
ပိုင်ရှောင်ချန်းက ထိုစကားကို ကြားသောအခါ သူ့ကို စိန်းစိန်းဝါးဝါး ပြန်ကြည့်လိုက်သည်။
" ကောင်းပြီလေ အဘိုးကြီး"
သူက အေးတိအေးစက်ပြော၏။
" ကျုပ် ခင်ဗျားကို ဒီငါးမြှားတံရောင်းမယ်။ အေး အလုပ်မဖြစ်ရင် ကျုပ်ကို အဆိုးမဆိုနဲ့။ ဒီနေရာကလူတွေအားလုံး ကျုပ် အခု ခင်ဗျားကို ပြောတာအတွက် သက်သေရှိတယ်နော် "
ထိုအချိန်တွင် ဆရာကြီး ပင်လယ်နက်မှာ တခဏတာ တွေဝေသွားသော်လည်း အလွန်စိုးရိမ်နေ၍ ပြောလိုက်လေသည်။
" ပြဿနာမရှိဘူး "
၄င်းမှာ အလွန်များပြားသော စိတ်စွမ်းအင်ကျောက်တုံးများနှင့် ဆေးလုံးပမာဏဖြစ်သည်။ နတ်ဘုရားတစ်ပိုင်းအများစုအတွက် မဖြစ်နိုင်သော ငွေကြေးပမာဏဖြစ်သော်လည်း ဆရာကြီး ပင်လယ်နက်မှာ အလွန်ချမ်းသာသောကြောင့် တတ်နိုင်လေသည်။
ထို့နောက် သူက သူ့အိတ်ကိုထုတ်၍ သူ ပိုင်ဆိုင်သည့်အရာများကို ကမ်းပေးလိုက်သည်။ ပိုင်ရှောင်ချန်းက စစ်ဆေးပြီးနောက် ငါးမြှားတံအား မပေးခင် သူ့ကို လေးလေးနက်နက် တစ်ချက်ကြည့်လိုက်၏။ ထို့နောက် ပိုင်ရှောင်ချန်းက အင်္ကျီလက်စကိုခါယမ်းပြီး သူ၏မြင့်မြတ်သောမြေကွက်ထံ လမ်းလျှောက်သွားလိုက်သည်။
သူ ထွက်သွားပြီးနောက် ဆရာကြီး ပင်လယ်နက်သည် မကြာသေးခင်က သူ ရပ်နေခဲ့သည့်နေရာထံ ငါးမြှားတံကို သယ်သွားလေသည်။ သို့သော် သူက ကြိုးချမည့်အစား ပတ်ဝန်းကျင်ကို အတန်ငယ်လေ့လာပြီးနောက် လှည့်ပြန်သွားတော့သည်။
လူတိုင်း ငါးမြှားတံနှင့်ပတ်သက်သည့် အမှန်တရားကို သိရန်စိတ်စောနေလျက် သူထွက်သွားသည်ကို စောင့်ကြည့်နေကြ၏။ သို့သော် ယခုတွင် သူတို့ အဖြေရမည်မဟုတ်ကြောင်း သိသာသဖြင့် လူအုပ်ကြီး ထွက်ခွာသွားကြတော့သည်။
ဆရာကြီး ပင်လယ်နက်က အတန်ငယ် အနှောင့်အယှက်ကင်းသော နေရာတစ်နေရာတွေ့သည်အထိ မြို့ကို ဖြတ်၍ လမ်းအကြာကြီးလျှောက်သွား၏။ ထို့နောက် သူက အနည်းငယ် စစ်ဆေးကြည့်လိုက်သည်။ ကံဆိုးစွာပင် သူ ကြိုးချလိုက်သည့်အချိန်တိုင်း ကောင်းကင်နဂါးတူငါးများသည် ချိတ်ကိုဖြတ်၍သာ ကူးခတ်သွားကြသည်။ နောက်ဆုံးတွင် သူက မျက်နှာအမူအရာကင်းမဲ့နေသော်လည်း မျက်ဝန်းများ တလက်လက်တောက်ပနေလျက် ကြိုးကိုပြန်ရစ်လိုက်၏။
" ငါ့ကို အရူးလို့များ ထင်နေလား။ အဲဒီငွေလောက်ကတော့ စာတောင်မဖွဲ့ဘူး။ ဒီငါးမြှားတံက အလုပ်မဖြစ်ရင် မဖြစ်မယ်။ ဒါပေမဲ့ ဒါနဲ့ ပတ်သက်ပြီး သေချာပေါက် မသင်္ကာစရာကောင်းတာ တစ်ခုခုတော့ရှိတယ်။ ရှင်းရှင်းလင်းလင်း မသိသာလောက်ပေမယ့် နောက်ဆုံးကျရင် အဲဒါဘာလဲဆိုတာ ငါသိမှာပဲ "
ထို့နောက် သူက ငါးမြှားတံကို အတန်ငယ်နီးကပ်စွာ လေ့လာလိုက်သည်။ နောက်ဆုံးတွင် သူ့အကြည့်က ငါးမြှားချိတ်အပေါ်ရောက်သွားပြီး မျက်နှာနားကပ်လိူက်သည်။ သူက ရှူပင်ရှူကြည့်လိုက်သေးသည်။
" ပုံမှန်ထင်ရပမယ့် သေချာပေါက် တစ်ခုခု ထူးဆန်းနေတယ်။ အင်း လူတွေက ဒီငါးမြှားတံက ကောင်းကင်နဂါးတူငါးသုံးကောင်ကို ဖမ်းမိတာကို မြင်ခဲ့ပေမဲ့ တစ်ခါမှ မအောင်မမြင်မဖြစ်တာကို မမြင်သွားခဲ့ဘူး။ ငါသာ နှစ်ပေါက်တစ်ပေါက်ရိုက်ပြီး တစ်ယောက်ယောက်ဆီပြန်ရောင်းရင် ငါ့ငွေနည်းနည်းပါးပါးလောက် ပြန်ယူနိုင်တယ် "
များမကြာမီ ယနေ့၏ အဖြစ်အပျက်များနှင့်ပတ်သက်သော သတင်းစကား သူတော်စင်ဧကရာဇ်မြို့တစ်မြို့လုံး ပျံ့နှံ့လာတော့သည်။ နန်းတွင်းမှူးမတ်များစွာ တုန်လှုပ်သွားကြ၏။ အထူးသဖြင့် ဆရာကြီး ပင်လယ်နက်က ငါးမြှားတံကို ဝယ်ခြင်းအားဖြင့် အဆုံးသတ်သွားခဲ့ပုံကို ကြားသောအခါတွင်ဖြစ်သည်။ ထိုသည်ကပင် လူအများအား ဖြစ်ပျက်ခဲ့သည်နှင့်ပတ်သက်၍ အတွေးကိုယ်စီ စိတ်ကူးမိသွားစေတော့သည်။
သူတော်စင်ဧကရာဇ်ပင် သတင်းကြားလိုက်ရ၏။ ကောင်းကင်နဂါးတူငါးများအားလုံး သူ၏အပိုင်ဖြစ်၍ လူတကာထက် ငါးများအကြောင်း သူ ပိုသိလေသည်။ ကံတရားအားဖြင့် ချိတ်ဆက်နေခြင်း ကိစ္စက အပြင်ပန်းတွင် မှန်သော်လည်း တစ်စုံတယောက်က ထိုကဲ့သို့ ငါးသုံးကောင် တစ်ဆက်တည်း ဖမ်းမိရန်မှာ မည်သည့်နည်းနှင့်မှ မဖြစ်နိုင်ပေ။
သိချင်စိတ်ပြင်းပြသွားသော သူတော်စင်ဧကရာဇ်သည် သူ၏ လောကနတ်ဘုရားအဆင့် နတ်ဘုရားအာရုံကို ကောင်းကင်ရေကန်ထဲ စေလွှတ်၍ နဂါးတူငါးများအားလုံးကိုစစ်ဆေးလိုက်သည်။ သို့သော် ထူးထူးခြားခြား မည်သည့်အရာကိုမှ မတွေ့ရပေ။
သူက နောက်ဆုံးတွင် စစ်ဆေးရန် ဆရာကြီး ပင်လယ်နက်ထံမှ ငါးမြှားတံကို ယူလာရန် အမိန့်ထုတ်လိုက်သည်။ သို့သော် ငါးမြှားတံသည်လည်း မည့်သည့်သဲလွန်စမှ မပေးနိုင်ပေ။
သူတော်စင်ဧကရာဇ်သည် အတန်ငယ် သံသယဝင်နေသေးသော်လည်း ကောင်းကင်နဂါးတူငါးသုံးကောင်မှာ ရေးကြီးခွင်ကျယ်လုပ်ရန် မတန်ကြောင်း ဆုံးဖြတ်လိုက်၏။ ထို့အပြင် သူသည် သူ ကျင့်ကြံနေသည့် တာအိုမှော်ပညာတစ်ရပ်တွင် အရေးပါသောအဆင့်တစ်ဆင့်သို့ ရောက်ရှိနေလေသည်။ ထပ်မံအနှောင့်ယှက်မခံလို၍ သူက သီးသန်အခန်းထဲဝင်ကာ တံခါးပိတ်ကျင့်ကြံတော့သည်။
ညကား ပုံမှန်အတိုင်း ကုန်ဆုံးသွား၏။ ပိုင်ရှောင်ချန်း တချိန်လုံး အလွန်စိတ်လှုပ်ရှားနေသော်လည်း မိုးသောက်ချိန်၏လင်းရောင်ခြည်တို့ ကျရောက်လာသည်နှင့် သူ၏မျက်လုံးများ တောက်ပလာတော့သည်။
" ဘာမှ မဖြစ်ဘူးပဲ "
သူက အားပါးတရရယ်မောကာ နှုတ်ခမ်းသပ်ပြီး လုပ်ငန်းစတော့သည်။ ငါးတစ်ကောင်ကို ကင်၍ တစ်ကောင်ကို အသီးအရွက်များဖြင့်နှပ်ကာ တတိယအကောင်ကို ခွဲပြီး ပြုတ်စားလေသည်။ သူ၏အသက်ရှူလေ့ကျင့်ခန်းများ ပြီးဆုံးချိန်တွင် ညနေစောင်းသွားလေပြီ။ သူ၏ မျက်လုံးများကို ဖွင့်ကာ စိတ်လှုပ်ရှားစွာ ကြုံရာ ငါးမြှားတံတစ်ချောင်းကိုဆွဲယူပြီး ငါးမြှားရန် နေရာကောင်းတစ်နေရာ ရှာလိုက်၏။
တစ်ချက်တည်းနှင့် သူ အကောင်နှစ်ဆယ်ကျော် ဖမ်းမိလေသည်။ ပတ်ဝန်းကျင်ရှိ လူအပေါင်း ကျောက်ရုပ်များကဲ့သို့ မှင်သက်သွားကြတော့သည်။
တတိယမြောက်နေ့တွင် မည်သူမှ သူ့ကို ပြဿနာလာမရှာကြောင်း အတည်ပြုပြီးနောက် သူက အံကြိတ်ပြီး တစ်ချက်တည်းနှင့် ငါးအကောင်တစ်ရာကျော် ဖမ်းလိုက်လေသည်။ နန်းတွင်းမှူးမတ်များ မှင်သက်သွားကြသော်လည်း သူတော်စင်ဧကရာဇ်မှာမူ တရားပိတ်ကျင့်ကြံနေဆဲဖြစ်၍ မည်သည့်တို့ဖြစ်ပျက်နေသည်ကို မသိပေ…
လေးရက်မြောက်နှင့် ငါးရက်မြောက်နေ့များတွင် ပိုင်ရှောင်ချန်း၏ သတ္တိများ ကြီးထွားလာတော့သည်။ မကြာမီ သူက နေ့စဥ်နေ့တိုင်း ငါးအကောင်ရာပေါင်းများစွာ ဖမ်းနေတော့သည်။
" ဘုရား …ဘုရား ကိစ္စကြီးတစ်ခုခုတော့ ဖြစ်နေပြီ "
" ပိုင်ရှောင်ချန်းက ငါးထောင်ချီ ဖမ်းလိုက်ပြီ။ ကောင်းကင်ရေကန်ထဲမှာ နှစ်သောင်းကျော်ကျော်ပဲ ကျန်တော့တယ် "
" ဒီကောင်က သူတော်စင်ဧကရာဇ်မြို့တော်ရဲ့ အုတ်မြစ်ကို ဖျက်စီးနေတာပဲ။ မကြာခင် ရေကန်ထဲက ငါးတွေ ကုန်တော့မယ် "
ဤအချိန်တွင် ပိုင်ရှောင်ချန်း၏ ငါးမြှားခြင်းက သူတော်စင်ဧကရာဇ်တစ်နိူင်ငံလုံးအား ရိုက်ခတ်သွားတော့သည်။ အရေးပါသောမှူးမတ်များအားလုံး အုတ်အုတ်ကျက်ကျက်ဖြစ်ကုန်ကြ၏။ ကောင်းကင်ဧကရာဇ်များပင် တုန်လှုပ်ကုန်ကြသည်။ သို့သော် ပိုင်ရှောင်ချန်း၏ ရာထူးမှာ အထိအရှမခံသည့်အပြင် တစ်ယောက်မှ ဖြစ်ပျက်နေသည်များနှင့်ပတ်သက်၍ မည်သည့်သဲလွန်စမှ မတွေးနိုင်ကြပေ။ သူတို့အားလုံး သူတော်စင်ဧကရာဇ် တံခါးပိတ်ကျင့်ကြံရာမှထွက်လာမည့်အချိန်အတွက်သာ အားတင်းထားနိုင်ကြတော့သည်။
ထိုအချိန်တွင် ဝမ်းနည်းပက်လက်ဖြစ်နေသော ကောင်းကင်မြို့စားလျှိုမှာ သက်ပြင်းသာချ၍ ရေရွတ်လိုက်လေသည်။
" ကျုပ် သတိမပေးခဲ့ဘူးလို့ မပြောနဲ့နော် "