← Chapters

အရှင်မင်းကြီး၊ အရှင်မင်းကြီးရဲ့ ငါးတွေ ...

Vol. 11 Ch. 1063

အရှင်မင်းကြီး၊ အရှင်မင်းကြီးရဲ့ ငါးတွေ ...

Vol. 11 Ch. 1063

ကောင်းကင်နဂါးတူငါး ကိစ္စကား သူတော်စင်ဧကရာဇ်မြို့တစ်မြို့လုံး၏ ပါးစပ်ဖျားတွင် ရေပန်းစား နေတော့သည်။ လူအတော်များများမှာ ရင်ထဲတွင် မလိုတမာစိတ်များဖြင့် ပြုံးရယ်နေကြသည်သာမက အများစုသည် ပိုင်ရှောင်ချန်းအား လူသိထင်ရှားပင် ရှုံ့ချလာကြလေသည်။

အင်ပါယာနန်းတော်၏အတွင်းထဲတွင် သူတော်စင်ဧကရာဇ်နိုင်ငံတော်ရှိ မည်သည့်နေရာမဆိုထက်အားကောင်းသော စိတ်စွမ်းအင်များရှိရာ အလှကျောက်များဖြင့်ပြည့်နှက်နေသည့် တောအုပ်တစ်အုပ်ဝန်းရံထားသော ရေကန်တစ်ကန်ရှိ၏။

ထိုပတ်ဝန်းကျင်တွင် အချုပ်အနှောင်မန္တန်များစွာနှင့်အတူ အဖိုးထိုက်တန်သောရတနာများရှိလေသည်။ အနီးကပ်လေ့လာကြည့်ပါက ရေကန်သည် အပေါ်တွင် သူတော်စင်ဧကရာဇ်မြို့တော်နှင့် ကောင်းကင်ရေကန်ရှိရာ တောင်ကြီးနှင့် အ ဆက်စပ်နေ၏။ ဤနေရာ အနီးနားပင် ရောက်လာသည့် မည်သူမဆို ရုပ်ပိုင်းဆိုင်ရာအရသာမက စိတ်ပိုင်းဆိုင်ရာအရပါ တုန်လှုပ်သွားမည်ဖြစ်သည်။

၄င်းသည် ထာဝရနယ်မြေအားလုံးထဲတွင် အလုံခြုံဆုံး နေရာများအနက်တစ်နေရာ ဖြစ်သည်။ မိစ္ဆာဧကရာဇ်လာလျှင်ပင် အချုပ်အနှောင်မန္တန်များ၏သက်ရောက်မှုမခံရဘဲ အနားကပ်နိုင်မည်မဟုတ်ပေ။

ဂူထျန်ကျွင်းကဲ့သို့ ကောင်းကင်ဧကရာဇ်များအား ဖော်ပြရန်ပင် မလိုတော့ပြီ။ အခြေအနေအချိန်အခါများက သေရေးရှင်ရေးမဖြစ်သေးသရွေ့ သူတို့က သူတော်စင်ဧကရာဇ်၏ တံခါးပိတ်ကျင့်ကြံခြင်းအား နှောင့်ယှက်ရန် တွေးပင် တွေးမည်မဟုတ်ပေ။ ကျင့်ကြံသူများသည် အလွန်အရေးပါသောကျင့်ကြံခြင်းအဆင့် ရောက်ရှိသည့်အချိန်မှသာ သူတို့၏နတ်ဘုရားအာရုံကို ကန့်သတ်၍ သီးသန့်တံခါးပိတ်ကျင့်ကြံသည် မဟုတ်ပါလော။

သူတော်စင်ဧကရာဇ်ကဲ့သို့ ကျင့်ကြံခြင်းအခြေခံမြင့်မားသော လူတစ်ယောက်သည် နှောင့်ယှက်ခံရပါက အန္တရာယ်များသော စွမ်းအင်ဖောက်ပြန်ခြင်းကို ကြုံတွေ့ရလောက်မည် မဟုတ်သော်လည်း အနှောင့်အယှက်များက အမှားများကိုဖြစ်စေ၊ မအောင်မြင်မှုများကိုဖြစ်စေ ဦးတည်သွားနိုင်သည်။

ဤအချိန်တွင် သူတို့မှာ ရွေးချယ်စရာမရှိတော့ကြောင်း ခံစားလိုက်ရ၏။ ဂူထျန်ကျွင်း၊ ချိန်စုနှင့် စာပေသမားဝတ်ရုံကို ဝတ်ဆင်ထားသော သက်လတ်ပိုင်းအရွယ်အမျိုးသားတို့ ရောက်ရှိနေကြပြီး လောလောဆယ်တွင် အနေရခက်စွာ အကြည့်များဖလှယ်နေကြသည်။ လက်ရှိအချိန်တွင် ဒုတိယအင်မော်တယ်နယ်မြေ၌ တပ်ချထားသော လေးယောက်မြောက်မှလွဲ၍ သူတို့သည် သူတော်စင်ဧကရာဇ်နိုင်ငံတော်ထဲရှိ ကောင်းကင်ဧကရာဇ်များ ဖြစ်ကြပေသည်။

ချိန်စုက အံတင်းတင်းကြိတ်ကာ ကြေကွဲဝမ်းနည်းမှုများ စွက်ဖက်နေသော အသံကျယ်ကြီးဖြင့် ပြော၏။

" ဒီလိုသာဆက်သွားနေရင် သူတော်စင်ဧကရာဇ် တံခါးပိတ်ကျင့်ရာက ထွက်လာတာနဲ့ သူ့ကောင်းကင်နဂါးတူငါးတွေ မျိုးတုံးသွားလိမ့်မယ် "

စာပေသမားက ချိန်စုအား ဟိတ်ဟန်ထုတ်နေသောပူဆွေးမှုအတွက် ကြိတ်၍ အထင်အမြင်သေးနေသည်။ သို့သော် သူက အေးစက်စက် မျက်ဝန်းများဖြင့် ကျယ်လောင်စွာပြော၏။

" အဲဒီခွေးကောင်ပိုင်ရှောင်ချန်း … ကျုပ်တို့ သူ့ကိုအကျဥ်းချပြီး စွဲချက်တင်ဖို့ အဆင်ပြေရာ ပြစ်မှုနည်းနည်းပါးပါး စဥ်းစားသင့်တယ်ထင်တယ် "

ဂူထျန်ကျွင်းက အေးစက်စက် နှာမှုတ်လိုက်သည်။ သူက သတ်ဖြတ်လိုစိတ်များ တောက်ပနေသော မျက်ဝန်းများဖြင့် ပြော၏။

" ကျုပ် အမြင်အရတော့ သူတော်စင်ဧကရာဇ်ကို နှောင့်ယှက်စရာမလိုဘူး။ အဲဒီသစ္စာဖောက်ပိုင်ရှောင်ချန်းကို ကျုပ်ကိုယ်တိုင် သွားသတ်ပစ်မယ်"

သူသည် အစကတည်းက ပိုင်ရှောင်ချန်းကို သဘောမကျခဲ့၍ သူ့ကို တစ်ခုခုလုပ်ရန် တရွရွဖြစ်နေတော့သည်။ ချိန်စုနှင့် အခြားသက်လတ်ပိုင်းကျင့်ကြံသူက သူ့ကို ထိုသို့မလုပ်ရန် တားဆီးထား၍သာ ဖြစ်လေသည်။

ချိန်စုနှင့် စာပေသမားအမြင်အရမူ သူတို့က မိစ္ဆာဧကရာဇ်နိုင်ငံတော်မဟုတ်ဘဲ သူတော်စင်ဧကရာဇ်နိုင်ငံတော်တွင် ဖြစ်သည်။ သူတော်စင်ဧကရာဇ်နိုင်ငံတော်တွင် စည်းမျဥ်းစည်းကမ်းများကို လိုက်နာရန် အရေးကြီးပြီး ပိုင်ရှောင်ချန်းက တစ်ခုကိုမှ မဖောက်ဖျက်ခဲ့ပေ။ ထို့အပြင် သူ့မှာ မြင့်မားေသာ အဆင့်အတန်းတစ်ခုရှိ၏။ ကောင်းကင်ဧကရာဇ်များဖြစ်သည့်တိုင် သူတို့အနေဖြင့် သူ့ကို အရေးယူမှု မလုပ်နိုင်ပေ။

အရေးအကြီးဆုံးက ပိုင်ရှောင်ချန်းတွင် ကမ္ဘာရတနာတစ်ပါးရှိကြောင်း သူတို့ သိသည်။ သူတို့သုံးယောက်ပူးေပါင်းလျှင် သူ့ကို ကိုင်တွယ်နိုင်ကြောင်း ယုံကြည်ချက်ရှိသော်လည်း ထိုကဲ့သို့ တိုက်ပွဲတစ်ပွဲ၏ရလဒ်က အလျင်အမြန် ဆုံးဖြတ်ရမည် မဟုတ်ပေ။

သူတို့ပူးပေါင်းတိုက်ခိုက်ပါက အကျိုးဆက်များ ပြင်းထန်နိုင်ပြီး ရလဒ်အဖြစ် ကောင်းကင်နဂါးတူငါးတစ်ကောင် ထိခိုက်သွားခဲ့လျှင် ပို၍ပင် ဆိုးဝါးမည် ဖြစ်သည်။

ဂူထျန်ကျွင်းမှာ ထိုအကြောင်းပြချက်စကားများအား ယခုအချိန်အထိ ရက်ပေါင်းများစွာ နားထောင်နေခဲ့ရသည့်အတွက် ပို၍နားညည်းလာတော့သည်။ အခြားနှစ်ယောက်က သူ့ကို မလုပ်ရန် တားဆီးနေရသည့် အခြားအကြောင်းရင်းများရှိကြောင်း သူသိထား၏။ ထို့ကြောင့်လည်း သူက ပိုင်ရှောင်ချန်းကို တစ်ခုခုလုပ်ရန် ပို၍ပင် စိတ်စောသွားစေတော့သည်။

နောက်တစ်ချက်က ကောင်းကင်နဂါးတူငါးများသာ သူတို့နှင့်သက်ဆိုင်ပြီး ပိုင်ရှောင်ချန်းက ယခုကဲ့သို့ လုပ်နေလျှင် သူတို့ ထိုကိစ္စကို လုံးဝဘေးဖယ်ထားခွင့်ပြုမည်မဟုတ်ကြောင်း ကောင်းကင်ဧကရာဇ်သုံးပါးလုံးသိသည်။ သူတို့ တစ်ခုခုလုပ်နှင့်ပြီး ဖြစ်ပေမည်။ ကံဆိုးစွာပင် ကောင်းကင်နဂါးတူငါးများကား သူတို့အပိုင်မဟုတ်ဘဲ သူတော်စင်ဧကရာဇ်နှင့်သာ သက်ဆိုင်လေသည်။

ထို့ပြင် အရေးအကြီးဆုံးအချက်သည်ကား ပိုင်ရှောင်ချန်းက လဝက်ကြာသည်အထိ နေ့စဥ်မပြတ် ငါးမြှားနေခဲ့ပြီး မင်းမျိုးနွယ်အထက်တန်းလွှာများအားလုံး ထိုအကြောင်းကိစ္စနှင့်ပတ်သက်၍ ကြိတ်မနိုင်ခဲမရဖြစ်သည့်တိုင် တစ်ယောက်မှ သူ့ကိုရပ်တန့်ရန် ဘာမှမလုပ်ကြပေ။

အဘယ်ကြောင့်ဆိုသော် သူက တစ်ယောက်တည်း ဘယ်တော့မှ မစားသောကြောင့်ပင်။

နေ့စဥ်နေ့တိုင်း သူသည် ကောင်းကင်နဂါးတူငါးအချို့ကို တချို့သော မှူးမတ်များထံ ပို့လေသည်။ ထိုမှူးမတ်များထဲတွင် ချိန်စု၊ ကောင်းကင်ဧကရာဇ်စာပေသမားနှင့် သူ အများအပြား ပေးခဲ့သည့် ဂူထျန်ကျွင်းပင် ပါဝင်လေသည်။

အမှန်တော့ သူတို့အားလုံးက ငါးများရရှိသည်ကို လွန်စွာ သဘောကျနှစ်ခြိုက်ကြ၏။ သို့သော် သူတို့က ပါးနပ်သောအကြံသမားများဖြစ်သောကြောင့် ဖြစ်ပျက်နေသည်များအပေါ် ရမ်းရမ်းကားကား မပြုမူဝံ့ကြချေ။ ယခုတွင် သူတို့သည် သူတော်စင်ဧကရာဇ်အား အဖြစ်အပျက်များအကြောင်း သတိပေးရန် လာရောက်ခဲ့ပြီး ဤနည်းအားဖြင့် သူတို့က မျိုသိပ်နေခြင်းအတွက် အပြစ်လည်းတင်ခံရတော့မည် မဟုတ်ပေ။

လွန်ခဲ့သော အခိုက်အတန့်များက သူတို့သည် တံခါးပိတ်ကျင့်ကြံရာ အဆောင်အတွင်းရှိ သူတော်စင်ဧကရာဇ်ကြားစေရန် မျှော်လင့်၍ သူတို့၏ ကျင့်ကြံခြင်းအခြေခံများဖြင့် သူတို့၏ အသံများကို အားဖြည့်ကာ သူတို့၏ မကျေနပ်ချက်များနှင့် ပတ်သက်၍ ကျယ်လောင်စွာ စကားအော်ပြောခဲ့ကြလေသည်။

တခဏကြာသော် ရေကန်အတွင်းမှ သူတော်စင်ဧကရာဇ်မြို့တော်တစ်မြို့လုံးကို လှုပ်ခတ်သွားစေသည့် စွမ်းအားကြီးအငွေ့အသက်များ ထွက်ပေါ်လာတော့သည်။

ထိုအချိန်တစ်ဝိုက်တွင် ပိုင်ရှောင်ချန်းသည် သူ၏မြင့်မြတ်သောမြေကွက်ထဲတွင် ငါးကင်တစ်ကောင်ကို စားနေရင်းတန်းလန်းဖြစ်၏။ ရုတ်တရက် သူက တခိုက်ခိုက်တုန်သွားပြီး အင်ပါယာနန်းတော်ရှိရာကို လှမ်းကြည့်လိုက်သည်။

" ပြီးခဲ့တဲ့ရက်တွေတုန်းက ကလိမ်ကကျစ် မြေခွေး ချိန်စုက သူတော်စင်ဧကရာဇ်တံခါးပိတ်ကျင့်နေတယ်လို့ အရိပ်အမြွက်ပေးခဲ့တယ်။ ကြည့်ရတော သူတော်စင်ဧကရာဇ် ထွက်လာတော့မယ့်ပုံပဲ "

ပိုင်ရှောင်ချန်းမှာ အတန်ငယ်စိုးရိမ်သွားသော်လည်း လွန်ခဲ့သောလက သူဖမ်းခဲ့သည့် ကောင်းကင်နဂါးတူငါး၏ သုံးဆယ်ရာခိုင်နှုန်းကို တခြားမှူးမတ်များ ပေးခဲ့ကြောင်း သူ့ကိုယ်သူ သတိပေးလိုက်သည်။

" လူအများကြီးအပြစ်ရှိရင် ဥပဒေက အကျုံးမဝင်ဘူး။ ပြီးတော့ ငါက သူ့အတွက် ကောင်းကင်ဧကရာဇ်တစ်ပါးကို ပြန်ပေးဆွဲခဲ့တာပဲ။ ငါးနည်းနည်းပါးပါးလောက်တော့ သူ သိပ်ဂရုစိုက်မယ် မထင်ပါဘူးလေ "

သူက နှာခေါင်းကိုပွတ်ကာ ချောင်းဟန့်ပြီး သူ ကင်ထားသည့် ကျန်ရှိသောငါးများကို ငမ်းငမ်းတက် ဝါးစားလိုက်လေသည်။

အင်ပါယာနန်းတော်အတွင်းထဲက ရေကန်ပွင့်သွားပြီး သူတော်စင်ဧကရာဇ်က ဖြည်းညင်းစွာ ထွက်လာ၏။ သူ၏အစိမ်းရောင်ဝတ်ရုံကား လေအဝှေ့တွင် တလွင့်လွင့်ဖြစ်နေတော့သည်။ စုဝေးနေကြသည့်ကောင်းကင်ဧကရာဇ်သုံးပါးက ကပျာကယာ ဂါဝရပြုလိုက်ကြသည်။

သူတော်စင်ဧကရာဇ်၏မျက်နှာပေါ်တွင် အရုပ်ဆိုးသောအမူအရာတစ်ခုကို မြင်နိုင်၏။ မကြာသေးခင်က ကောင်းကင်ဧကရာဇ်များက သူတို့၏အသံများကို ကျင့်ကြံခြင်းအခြေခံများဖြင့် အားဖြည့်ကာ မည်မျှအော်ကြီးဟစ်ကျယ်ပြောခဲ့သည်ကို စဥ်းစားကြည့်ပါ သူ့အတွက် သူတို့ပြောနေသည့်အကြောင်းအား မကြားရန် မဖြစ်နိုင်ပေ။ အခြေအနေအားစစ်ဆေးရန် သူ၏နတ်ဘုရားအာရုံကို မြို့ထဲပို့လွှတ်ပြီးနောက် ဖြစ်ပျက်နေသည်များအား သူ အတိအကျ သိလိုက်လေပြီ။

ကိစ္စရပ်တစ်ခုလုံးက သူ့ကို လွန်စွာ တုန်လှုပ်ချောက်ချားသွားစေ၏။ ကောင်းကင်ရေကန်ထဲက ငါးများ၏ သုံးဆယ်ရာခိုင်နှုန်း ပျောက်ဆုံးသွားခဲ့ရာ သူ့နှလုံးသားကို ဓားဖြင့် မွှန်းလိုက်သည့်အလား ခံစားသွားရသည်။

" ငါ့ငါးလေးတွေ ... "

သူက ဒေါသတကြီးရေရွတ်ပြီး အတတ်နိုင်ဆုံးအသက်ရှူသံများကို ထိန်းချုပ်ကာ ကောင်းကင်ဧကရာဇ်သုံးပါးအား စိန်းစိန်းဝါးဝါးကြည့်လိုက်သည်။ သူတို့ ဘာဖြစ်ချင်နေသည်ကို သူ ချက်ချင်း သိလိုက်၏။ သူတို့က ပိုင်ရှောင်ချန်းထံမှ အကျိုးအမြတ်ရရန် သာမက တချိန်တည်းမှာပင် သူတို့လည်း ပါဝင်မငြိစွန်းစေရန် ကြိုးစားနေကြခြင်း ဖြစ်ပေသည်။

ထို့နောက် ပိုင်ရှောင်ချန်းက အခြားမင်းမျိုးနွယ်အထက်တန်းလွှာအဖွဲ့ဝင်များကို ငါးမည်မျှပေးခဲ့ကြောင်း သူ ထည့်တွက်လိုက်သည်။ ပိုင်ရှောင်ချန်းက လူတိုင်းကို မပေးခဲ့သော်လည်း အရေးပါဆုံးသော လူများအားလုံးပါဝင်အောင် လုပ်ခဲ့ပေလိမ့်သည်။

သူ၏မျက်နှာကြီး ရှံ့တွနေကာ ယခု သူ လုပ်သည့် မည်သည့်အရာမဆို ခေါင်းအုံးကို လက်သီးဖြင့် ထိုးသကဲ့သို့ အရာထင်မည်မဟုတ်ကြောင်း သဘောပေါက်လိုက်၏။ ပိုင်ရှောင်ချန်း၏ အဆင့်အတန်းက ပြိုင်ဘက်ကင်းသည်သာမက လူပေါင်းများစွာကို သူက ငါးများ ပေးကမ်းခဲ့လေသည်။ သူတော်စင်ဧကရာဇ်မှာ လာနေသောခေါင်းခဲစရာကြီးအား ခံစားလိုက်ရပြီ ဖြစ်သည်။

ပိုင်ရှောင်ချန်းအား အပြစ်ပေးရာတွင် သေချာပေါက် သူ့ကို ကွပ်မျက်၍ မရပေ။ ထို့ပြင် သူ့ကို ချုပ်နှောင်ခြင်းကလည်း ရွေးချယ်စရာဖြစ်သည့်ပုံ မပေါ်ချေ။ ဒဏ်ကြေးချမှတ်နိုင်သော်လည်း ယခုလောလောဆယ်တွင် ပိုင်ရှောင်ချန်းမှာ မည်သည့်ငွေကြေးမှ မရှိသလောက်ပင်။ သိသာထင်ရှားစွာပင် ထိုကိစ္စ၌ ပိုင်ရှောင်ချန်းမှာ ကြောက်စရာတစ်ခုမှ မရှိပေ။

သူ၏ရာထူးအဆင့်အတန်းအရ သူတော်စင်ဧကရာဇ်အတွက် အကောင်းဆုံးက သူ့ကို မြို့၏အဝေးသို့ ပို့ရန်သာ ဖြစ်သည်။

" သိပ်ကောင်းတယ် ပိုင်ရှောင်ချန်း။ မင်းက ငါ မင်းကို လွှတ်ပေးအောင် ဖိအားပေးနေတာကိုး "

တခဏကြာသော် သူတော်စင်ဧကရာဇ်က သူ၏ညာလက်ကို ကောင်းကင်ရေကန်ထံ ဝှေ့ယမ်းလိုက်ရာ အင်ပါယာမြို့တော်ထံမှ အေးစိမ့်ချီတစ်ခု ထွက်ပေါ်လာ၏။

မျက်စိတစ်မှိတ်အတွင်းမှာပင် ကောင်းကင်ရေကန်တွင် ရေခဲများ ဖုံးလွှမ်းလာသဖြင့် လေထဲတွင် အက်ကွဲသံများ ပြည့်နှက်သွားတော့သည်။ အသက်ရှူချိန်ဆယ်ကြိမ်ကုန်ဆုံးပြီးနောက် ရေကန်၏မျက်နှာပြင်ကား ရေခဲအတိ ဖြစ်သွားလေသည်။

ရေကန်မှာ ယခုတွင် ပိတ်လှောင်ခံလိုက်ရသည်ဖြစ်၍ သူတော်စင်ဧကရာဇ်ထက် နိမ့်သော ကျင့်ကြံခြင်းအခြေခံရှိေသာ မည်သူမဆိုအတွက် ငါးမြှားရန် ဖြစ်နိုင်မည် မဟုတ်ပေ။

" မင်း အခု ဘယ်လို ငါးမြှားမလဲ ကြည့်ကြသေးတာပေါ့ "

သူက တစ်ကိုယ်တည်း ကြိမ်းဝါးလိုက်သည်။ သူ၏အင်္ကျီလက်စကို ခါယမ်းကာ ကောင်းကင်ဧကရာဇ်သုံးပါးကို လျစ်လျူရှူပြီး ဆက်လက်တံခါးပိတ်ကျင့်ကြံရန် ရေကန်ထဲ ပြန်ဝင်သွားလေသည်။

ကောင်းကင်ဧကရာဇ်များက တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ကြကာ ချောင်းဟန့်ပြီးနောက် ထွက်သွားကြ၏။

မကြာမီ ရေကန် ပိတ်လှောင်ခံရသည့်သတင်းကား နေရာတိုင်း ပျံ့နှံ့သွားလေသည်။ ပိုင်ရှောင်ချန်းသည် ရင်းနှီးကျွမ်းဝင်ခဲ့သော မှူးမတ်များထံမှ သတင်းစကားရလိုက်၏။ အတန်ငယ်အုတ်အုတ်ကျက်ကျက်ဖြစ်သွားသော်လည်း ရေးကြီးခွင်ကျယ်မဟုတ်ပေ။

" ကပ်စေးနှဲလိုက်တာ "

ပိုင်ရှောင်ချန်းက ငြီးတွားလိုက်၏။

" သူက အင်အားကြီးမားတဲ့ သူတော်စင်ဧကရာဇ်တစ်ပါးလေ။ အဲဒီကန်ထဲမှာလဲ ကောင်းကင်နဂါးတူငါး နှစ်သောင်းကျော်ကျန်သေးတယ်။ ငါက သုံးထောင်ပဲ ရသေးတာပါ။ တစ်သောင်းဆို ကောင်းကောင်းလက်ခံနိုင်ပါတယ်။ ဒီလုပ်ငန်းထဲ ငါ့မူးယစ်ဆေးလုံးတွေ အများကြီး မြှုပ်နှံခဲ့ရတာကို "

ကောင်းကင်နဂါးတူငါးများစွာ စားခဲ့သည့်တိုင် သူ ကျင့်ကြံခြင်းအခြေခံအဆင့်တက်ရန် အတော်လေး အလှမ်းဝေးသေးသည်။ ၄င်းမှာ အမှန်တကယ် နှမြောစရာ ဖြစ်၏။

သို့သော် ရေခဲများဖုံးလွှမ်းနေသည့် ကောင်းကင်ရေကန်၏မြင်ကွင်းက သူ့ကို တွန့်ဆုတ်သွားစေသည်။

" ထူးဆန်းတယ်။ တစ်ခုခုတော့ မဟုတ်သလိုပဲ "

All Chapters