← Chapters

ရာဇဝတ်သားခေါင်းဆောင်

Vol. 11 Ch. 1065

ရာဇဝတ်သားခေါင်းဆောင်

Vol. 11 Ch. 1065

ရေကန်ထဲက ကောင်းကင်နဂါးတူငါးများအားလုံး ပြင်းပြင်းထန်ထန် ရူးသွပ်နေကြလေပြီ။

ကောင်းကင်ရေကန်သည် သူတော်စင်ဧကရာဇ်မှ ပိတ်လှောင်ထားသော်လည်း ရေ၏မျက်နှာပြင်ကိုသာ သက်ရောက်ခြင်းဖြစ်သည်။ အသုံးပြုထားသည့် မှော်အတတ်ကြောင့် ငါးများမှာ ပိတ်လှောင်ခြင်းအား မချိုးဖောက်နိုင်ပေ။ သို့သော် ရေကန်ထဲတွင် ပဒုမ္မာကြာရွက်ထောင်ပေါင်းများစွာ ရှိသေးသည်။

အရွက်များကို ပိတ်လှောင်ရန်ကား မဖြစ်နိုင်ပေ။ ကောင်းကင်ရေကန်က သူတော်စင်ဧကရာဇ်မြို့တော်၏ အခြေခံအုတ်မြစ်ဖြစ်လျှင် ကြာရွက်ထောင်ပေါင်းများစွာမှာ မြို့တော် တည်ဆောက်ထားသည့် မြေကြီးဖြစ်သည်။ မရေမတွက်နိုင်သော အဆောက်အဦများသည် ထိုအရွက်များမှ ထိုးထွက်လာကြပြီး အလယ်ရှိ ပန်းပင်က အင်ပါယာနန်းတော် ဖြစ်လေသည်။

ကြာရွက်များအား မပိတ်လှောင်ထားသောကြောင့် ကောင်းကင်နဂါးတူငါးများ၏ ဆေးဖြတ်ခံရသည့်လက္ခဏာများက အဆင့်တစ်ခုထိ ရောက်သွားသောအခါ ငါးများက ပစ်မှတ်ပြောင်းလိုက်လေသည်။ အထူးသဖြင့် သူတို့က ရေအောက်ထဲ နစ်မြုပ်နေသည့် အမြစ်များကို အငမ်းမရတိုက်ခိုက်ကြ၏။

အဖြစ်အပျက်မှာ အလွန်လျင်မြန်စွာ ဆိုးရွားလွန်းလာသဖြင့် အရွက်အချို့ ဘေးသို့ တိမ်းစောင်းလာတော့သည်။

မကြာမီ မရေမတွက်နိုင်သော ကောင်းကင်နဂါးတူငါးများ တိုက်ခိုက်ကြသဖြင့် အချို့သော ကြာရွက်အနည်းငယ်၏ အစွန်းတွင် အပေါက်များ အတွတ်ခံကြရလေသည်။

ကိစ္စရပ်များကိုကြည့်ခြင်းအားဖြင့် သူတော်စင်ဧကရာဇ်မြို့တော်သည် ဧရာမကပ်ဘေးကြီး ဆိုက်ရောက်တော့မည် ဖြစ်၏။

အားလုံးအထဲ အံ့သြတုန်လှုပ်ဖွယ်အကောင်းဆုံးမှာ ကောင်းကင်နဂါးတူငါးအမြောက်အမြားသည် ကြာရွက်များအား တိုက်ခိုက်နေခြင်းမဟုတ်ဘဲ အင်ပါယာနန်းတော် တည်ဆောက်ထားသည့် ကြာပန်း၏အမြစ်ကို တိုက်ခိုက်နေကြလေသည်။

ထိန်းမနိုင်သိမ်းမရရူးသွပ်နေသော ငါးများက ထိုကဲ့သို့ အားကြီးဖြင့် ထိုးနှက်တိုက်ခိုက်နေ၍ သိသိသာသာပင် အခြားတစ်ဖက်သို့ ယိမ်းလာတော့သည်။

ဧရာမတုန်ခါလှိုင်းကြီးက ရှိသမျှကျင့်ကြံသူများအားလုံးကို အဆက်မပြတ် ထုနှက်နေတော့သည်။ မကြာမီ အင်ပါယာနန်းတော်ထံမှ ဒေါသထွက်နေသောအသံကြီးတစ်သံ ပေါက်ကွဲထွက်လာလေသည်။

" ပိုင် ရှောင် ချန်း "

ထိုအသံ၏အားလှိုင်းအောက်ရှိ သတ္တဝါအားလုံး တုန်ခါသွားကြ၏။ ထိုအချိန်တွင် ပိုင်ရှောင်ချန်းမှာ မျက်ရည်တစမ်းစမ်းနှင့် သူ၏မြင့်မြတ်သောနယ်မြေတွင် ထိုင်နေပြီး အကြီးအကျယ် ထိတ်လန့်တုန်လှုပ်သွားလေသည်။

" ဒါက ငါ့အမှားမှ မဟုတ်တာ ။ ငါက ငါးနည်းနည်းပါးပါးပဲ စားတာလေ....ပြီးတော့ ငါက ကောင်းကင်ရေကန်ကို ပိတ်လှောင်ခဲ့တဲ့သူမှ မဟုတ်ပဲ "

သူ ပြောသည်မှာ မှန်၏။ သူ ငါးများစားပြီးနောက် ဖြစ်ပွားခဲ့သော အဖြစ်အပျက်များမှာ သူ၏ထိန်းချုပ်နိုင်စွမ်းထက် ကျော်လွန်ခဲ့သည်။ အခြေအနေအတွက် အဖြေတစ်ခုစဥ်းစားရန် သူ တတ်နိုင်သမျှပင် ကြိုးစားပေးနေသေးသည်။

" ငါက နိုင်ငံတော်အတွက် ကြီးကျယ်ခမ်းနားတဲ တာဝန်တစ်ရပ် ထမ်းဆောင်ပေးခဲ့တယ်။ ငါ့မှာ ငါးနည်းနည်းပါးပါးပဲ စားတာပါ။ သူတော်စင်ဧကရာဇ်ကသာ ရေကန်ကို ပိတ်ခဲ့တဲ့ လူလေ "

ကံဆိုးစွာပင် သူက အကြောင်းကိစ္စများအား ပြေလည်စေရန် နည်းလမ်းတစ်ခုကိုမှ စဥ်းစားမရပေ။

ထိုအချိန်တွင် သူတော်စင်ဧကရာဇ်တစ်မြို့တော်လုံး ရုတ်ရုတ်သဲသဲ ဖြစ်နေတော့သည်။ သူတော်စင်ဧကရာဇ်မှာ မျက်နှာကြီးရှုံ့တွလျက် လေထဲတွင် ပေါ်လာပြီး မြို့ကို ကြည့်ရှုစစ်ဆေးလိုက်သည်။ သူက ဖြစ်ပျက်နေသည်များအတွက် ပိုင်ရှောင်ချန်း၌ တာဝန်ရှိကြောင်း သက်သေပြနိုင်သည့် မည်သည့်အထောက်အထားမှ မရှိသော်လည်း ပိုင်ရှောင်ချန်း၏ငါးမြှားခြင်းနှင့် တစ်ခုခုသက်ဆိုင်နေမည်မှာ သိသာပုံ ပေါ်လေသည်။

သူက တစ်ယောက်ယောက်အား သတ်ပစ်လိုက်ချင်သော်လည်း ထိုဆန္ဒအား ဖိနှိပ်လိုက်၏။ ယခုအချိန်တွင် သူသည် ပိုင်ရှောင်ချန်းအကြောင်းတွေးကာ အချိန်မဖြုန်းနေဘဲ မြို့တော်၏ဘေးကင်းလုံခြုံမှုကို စိုးရိမ်ရမည် မဟုတ်ပါလော။ ထို့ကြောင့် သူက ညာလက်ကို ဆန့်တန်းပြီး ကောင်းကင်ရေကန်ထံ ဝှေ့ယမ်းလိုက်သည်။

လောကနတ်ဘုရားကျင့်ကြံခြင်းအခြေခံအဆင့် အတားအဆီး မရှိသော စွမ်းအားများက မြင်မြင်သမျှ အရာရာတိုင်းကို ဖုံးလွှမ်းကာ ပေါ်ထွက်လာသည်။ ထို့နောက် အေးစိမ့်ချီများသည် ထာဝရနယ်မြေများ၏ ချောင်ကြိုချောင်ကြားမကျန် နေရာစုံမှ သူ့ထံသို့ အပြေးအလွှားဝင်ရောက်လာကြ၏။

မိုးကောင်းကင်ကြီး မှေးမှိန်သွားပြီး ထစ်ခြုန်းမြည်ဟည်းသံများ ပြည့်နှက်သွားကာ မျက်စိတစ်မှိတ်အတွင်းမှာပင် အေးစိမ့်ချီများက သူတော်စင်ဧကရာဇ်၏ ပတ်ပတ်လည်ရှိနေရာတွင် စုဝေးလာကြ၏။ ထို့နောက် သူက မန္တန်လက်ကွက်တစ်ကွက်ဖော်ပြီး လက်ညှိုးထိုးလိုက်ကာ အေးစိမ့်ချီများအား ကောင်းကင်ရေကန်ထဲ စီးဝင်သွားစေလိုက်သည်။

ရေခဲများက ရေမျက်နှာပြင်မှ အနက်ရှိုင်းဆုံးအပိုင်းအထိ ပျံ့နှံလာသည့်အတွက် တဂျွတ်ဂျွတ်အက်ကွဲသံများ မြည်ဟည်းလာတော့သည်။

ရေကန်တစ်ကန်လုံး ရေခဲအဖြစ် ပြောင်းလဲသွားသောကြောင့် ရုန့်ရင်းဆန်ခတ်ဖြစ်နေသော ကောင်းကင်နဂါးတူငါးများအားလုံး လျင်မြန်စွာပင် နေရာ၌ ချုပ်နှောင်ခံလိုက်ရတော့သည်။

ဤမျှနှင့်မပြီးသေး။ မျက်နှာထားတင်းမာနေသော သူတော်စင်ဧကရာဇ်က နောက်ထပ်မန္တန်လက်ကွက်တစ်ကွက်ဖော်ပြီးနောက် သူ၏ လောကနတ်ဘုရားကျင့်ကြံခြင်းအခြေခံကို သန့်စင်ေသာ စွမ်းအင်တစ်ခုအဖြစ်ပြောင်းကာ ညာဘက်လက်ညှိုးကို ဝှေ့ယမ်းလိုက်၏။ ထိုအချိန်တွင် သူတော်စင်ဧကရာဇ်သည် စူးရှတောက်ပသော အလင်းရောင်များ ဖြာထွက်နေရာ နေတစ်စင်းအလား ဖြစ်နေသည်။

အရှိန်တညီးညီးတောက်ပနေသော နေအလင်းရောင်များ အရပ်မျက်နှာတစ်ခွင် ဖြန့်ကျက်နေသည့်တိုင် မည်သည့်အပူမှ မပါဝင်ဘဲ အစင်ကြယ်ဆုံးနှင့် အမွန်မြတ်ဆုံး စွမ်းအင်များသာ ပါဝင်လေသည်။

မွန်မြတ်သောစင်ကြယ်မှုက အေးခဲနေသောကောင်းကင်ရေကန်ထဲ ဝင်ရောက်ပြီးနောက် ချုပ်နှောင်ထားသော ကောင်းကင်နဂါးတူငါးထောင်ပေါင်းများစွာအပေါ် ကျရောက်ကာ သူတော်စင်ဧကရာဇ်တစ်မြို့တော်လုံး ပျံ့နှံသွား၏။

ငါးများ၏ခန္ဓာကိုယ်အတွင်း ပုံးကွယ်နေသော ဝေဒနာများအားလုံးနှင့် ပြင်းထန်သောဖောက်ပြန်မှုများအားလုံး သာမက ပိုင်ရှောင်ချန်းရောက်မလာခင်က ငါးများအကြား ဖြစ်ပွားခဲ့သော တိုက်ပွဲမှ ဒဏ်ရာဒဏ်ချက်များပင် ရုတ်တရက် ပျောက်ကွယ်သွားတော့သည်။ အတိုတောင်းဆုံး အခိုက်အတန့်လေးအတွင်း နဂါးတူငါးများ သန့်ရှင်းစင်ကြယ်သွားလေပြီ။

ပိုင်ရှောင်ချန်းက ဖြစ်ပျက်နေသည်များကို အာရုံခံမိကာ တအံ့တသြ ပင့်သက်ရှိုက်သွားတော့သည်။ ဤအခိုက်အတန့်တွင် သူသည် လောကနတ်ဘုရားများ မည်မျှစွမ်းအားကြီးကြောင်း ပို၍ကောင်းစွာနားလည်လိုက်သည်။

အရာအားလုံးက ကောက်ကာငင်ကာ ဖြစ်ပျက်သွားခြင်းသာ။ သူတော်စင်ဧကရာဇ်က သူ့၏လက်ကိုဝှေ့ယမ်းလိုက်သည်နှင့် ကောင်းကင်နဂါးတူငါးများ တည်ငြိမ်အေးချမ်းသွားလေသည်။ ၄င်းက အသက်ရှူချိန်အနည်းငယ်လေးမျှသာ ကြာလိုက်၏။ နဂါးတူငါးများ သန့်စင်ခံရပြီးနောက် ရေခဲများ အရည်ပျော်သွားပြီး မကြာမီ ငါးများသည် မည်သည့် ရမ်းကားကြမ်းတမ်းမှု သို့မဟုတ် ရူးသွပ်မှုအရိပ်အယောင်စိုးစဥ်းမျှပင်မရှိဘဲ အတိတ်ကအတိုင်း ပျင်းရိလေးတွဲစွာ ကူးခတ်သွားလာကြတော့သည်။

ပိုင်ရှောင်ချန်းမှာ စိတ်သက်သာရာရကာ သက်ပြင်းချလိုက်ပြီး သူတော်စင်ဧကရာဇ်မြို့တော်က အခြားကျင့်ကြံသူများအားလုံးမှာလည်း ထိုနည်းတူပင်။ သို့သော် ယခုလေးတင် အသုံးပြုခဲ့သည့် မှော်အတတ်က ပျက်စီးနေသော ကြာရွက်များကိုဖြစ်စေ၊ ထောင့်တစ်ခုတိမ်းစောင်းနေသေးသည့် ပဒုမ္မာကြာပန်းကိုဖြစ်စေ ပြုပြင်ခြင်းငှာ မစွမ်းသာပေ။ သို့ဖြစ်၍ မြို့နေလူထုအကြားတွင် ဒေါသများ ဆက်လက်တောက်လောင်နေသေးသည်။

သူတော်စင်ဧကရာဇ်မှာ အလွန်စိတ်တိုနေသဖြင့် ပိုင်ရှောင်ချန်းကို သေလောက်အောင် မရိုက်မိစေရန် သူ့ကိုယ်သူ ခက်ခက်ခဲခဲ ကြိုးစားထိန်းချုပ်နေရတော့သည်။

ကံဆိုးစွာပင် ပိုင်ရှောင်ချန်းအား ကောင်းကင်တံတားနယ်စားအဖြစ်ခန့်အပ်ခြင်းက ထာဝရအင်မော်တယ်နယ်မြေများအတွင်းရှိ ကောင်းကင်တံတားကျင့်ကြံသူများကို မျှော်လင့်ချက်များပေးသည်သာမက သူတော်စင်ဧကရာဇ်နိုင်ငံတော်အတွင်း လူသစ်စုဆောင်းခြင်း၏ အောင်လံတံခွန်ကိုလည်း လွှင့်ထူပေးခဲ့လေသည်။

သူတော်စင်ဧကရာဇ်သည် သူ၏နိုင်ငံတော်ကို တာဝန်ထမ်းဆောင်အလုပ်အကျွေးပြုရန် ကောင်းကင်တံတားကျင့်ကြံသူများ အစုလိုက်အပြုံလိုက်လာရောက်နေသည့် အစီရင်ခံစာများကိုလည်း ရနေပြီးဖြစ်၏။ ထိုအကြောင်းကြောင့် သူက သေချာပေါက် ပိုင်ရှောင်ချန်းကို မသတ်နိုင်ပေ။

" တစ်ရက်ရက်ကျရင် မင်း အသုံးမကျတဲ့ကောင် ဖြစ်လာမှာပါ။ အဲဒီအခါကျမှ အကြွေးရှင်းကြတာပေါ့ "

သူက အံတင်းတင်းကြိတ်ကာ ဖြစ်ပျက်ခဲ့သောအခြင်းအရာများကြောင့် မည်သည့်ပြစ်ဒဏ်ကို ချမှတ်ရန် အနည်းငယ်အချိန်ယူ၍ ဆုံးဖြတ်လိုက်သည်။ တခဏကြာသော် သူက အေးစက်စက်နှာမှုတ်ပြီး ဓမ္မအမိန့်တစ်ခု ထုတ်ပြန်လိုက်လေသည်။

" ကောင်းကင်တံတားနယ်စားရဲ့ လစာကို အခုကစပြီး နောက်နှစ်တစ်သောင်းအထိ အဆင့်တစ်ဆင့်တိတိ လျှော့ချခံရမယ်။ ဒါ့အပြင် အခုကစပြီး ကောင်းကင်နဂါးငါးတွေရဲ့ အညစ်အကြေးတွေကို စုဆောင်းရှင်းလင်းဖို့ တာဝန်ပေးအပ်လိုက်ပြီ ”

" သူ့ ရောင်ခြယ်ခါးပတ်စွမ်းအားလဲ ကန့်သတ်ခံရမယ် ပြီးရင် သူကိုယ်တိုင် သူတော်စင်ဧကရာဇ်မြို့ထဲက ကြာရွက်တွေအားလုံးကို ပြုပြင်ပေးရမယ် “

သူတော်စင်ဧကရာဇ်က စကားပြောပြီးနောက် သူ၏ပြစ်ဒဏ်က သိပ်မပြင်းထန်ကြောင်း သဘောပေါက်လိုက်၏။ ထို့နောက် သူက လျှိုယုံပြောခဲ့သမျှ အရာအားလုံးကို ပြန်စဥ်းစားလိုက်ပြီး အမှန်တကယ် အကုန်လုံးကို ကြိုတင်သတိပေးခဲ့ကြောင်း နားလည်လိုက်၏။

" လျှိုယုံကို ရာဇဝတ်သားခေါင်းဆောင်အဖြစ် ခန့်အပ်လိုက် "

ထို့နောက် သူက အင်္ကျီလက်စကို ခါယမ်းကာ မျက်နှာထားတင်းမာလျက် အင်ပါယာနန်းတော်ကို ပြန်သွားလေသည်။

တစ်မြို့လုံးမှာ လောလောဆယ်တွင် မြင့်မြတ်သောနယ်မြေ၌ စူပုပ်ပုပ်ထိုင်နေသည့် ပိုင်ရှောင်ချန်းကို အလွန်ဒေါသထွက်နေကြ၏။ ကောင်းကင်မြို့စားလျှိုမှာမူ သူ၏ရာထူးတိုးခြင်းအတွက် လွန်စွာ စိတ်လှုပ်ရှားနေတော့သည်။ သိသာထင်ရှားစွာပင် သူတော်စင်ဧကရာဇ်မှာ ယခုတွင် ပိုင်ရှောင်ချန်း မည်မျှဂြိုဟ်မွှေကြောင်း သိသွား၍ ကောင်းကင်မြို့စားလျှိုအား သူ့ကို့ စောင့်ကြည့်ရန် တာဝန်ပေးခဲ့ပေသည်။

" မစိုးရိမ်ပါနဲ့ အရှင်မင်းမြတ်။ ကျွန်တော်မျိုး ပိုင်ရှောင်ချန်းကို သိမ်းငှက်လို စောင့်ကြည့်ပေးပါ့မယ်။ ပြီးတော့ သူ ကျုးလွန်ခဲ့တဲ့ ပြစ်မှုတစ်ခုချင်းစီတိုင်းကို တရားဝင်မှတ်တမ်းတစ်ခုလည်း သေချာပြုလုပ်ထားပါ့မယ် "

လူတိုင်း ဒေါသများတပွက်ပွက်ထနေချိန် ပိုင်ရှောင်ချန်းက သက်ပြင်းချပြီး အင်ပါယာနန်းတော်ဘက် ကြည့်လိုက်သည်။

" ငါက သူတော်စင်ဧကရာဇ်မ်ြို့တော်ရဲ့ အုတ်မြစ်ကို အက်ကွဲအောင်လုပ်လိုက်တာေလ။ ဒါက ငါ့ကို အပြစ်ပေးတာလား "

သူက မျက်တောင်ပုတ်ခတ်ပုတ်ခတ်လုပ်ကာ အမှန်တကယ်တော့ သူတော်စင်ဧကရာဇ်က သူ့ကို မည်မျှသတ်ချင်နေမည်ဖြစ်ကြောင်း စဥ်းစားလိုက်သည်။ ကံကောင်းထောက်မစွာ သူက လုံခြုံမှုအတိုင်းအတာတစ်ခုထိ ရှိသေးသည်။

ကျန်ရက်များတွင် မျက်နှာရှစ်ခေါက်ချိုးဖြင့် ပိုင်ရှောင်ချန်းမှာ ကောင်းကင်နဂါးတူငါးများ၏အညစ်အကြေးများကို ရှင်းလိုက်ပြီး တစ်ဆက်တည်းမှာပင် လူအားလုံး သူ့ကို လက်ညှိုးထိုး၍ စိုက်ကြည့်နေကြသည်ကို လျစ်လျူရှုရန်မှတစ်ပါး အခြားရွေးချယ်စရာမရှိပေ။

အမှန်တွင် ကောင်းကျိုးတစ်ခုလည်းရှိ၏။ သူ အပြင်းအထန်အလုပ်ကြိုးစားနေစဥ် ထာဝရနယ်မြေတစ်ခုလုံးနှင့်ပတ်သက်သော အတင်းစကားများစွာကို ကြားရန် အခွင့်အရေး ရလိုက်သည်။ သူသည် ကုန်းစွန်းဝမ်အာက ကျင့်ကြံခြင်းအဆင့်များ၏ဘဘောတရားနှင့်ပတ်သက်၍ လိမ်ခဲ့ခြင်း မဟုတ်ကြောင်း အတည်ပြုနိုင်ခဲ့၏။ ကောင်းကင်ဧကရာဇ်အဆင့်ပြီးနောက် လောကနတ်ဘုရားအဆင့်ဖြစ်ကာ နောက်ထပ်တစ်ဆင့် မိုးမြေနတ်ဘုရားအဆင့် ဖြစ်သည်။

သူသည် ကောင်းကင်တံတားဒေသလူများကဲ့သို့ သူတော်စင်ဧကရာဇ်နှင့် မိစ္ဆာဧကရာဇ်နိုင်ငံသားများမှာ စိတ်စွမ်းအင်အဆင့်မြှင့်တင်ခြင်းမပြုလုပ်နိုင်ကြောင်း ထပ်မံအတည်ပြုထားသည့် စာတစ်စောင်ကိုလည်း သရဲကြီးဘုရင်ထံမှ ရရှိခဲ့သည်။ ထိုသည်က နိုင်ငံနှစ်နိုင်ငံလုံးက အသစ်ရောက်ရှိလာသူများအား သိမ်းသွင်းရန် စိတ်အားထက်သန်နေသည့် အကြောင်းရင်းများထဲက တစ်ခုဖြစ်သည်။

သူ မဟာစက်ဝန်းကို ရောက်သည်နှင့် နတ်ဘုရားတစ်ပိုင်းအဆင့်မှ ထွက်ခွာပြီး မဟာယနအဆင့်ကို ဝင်ရောက်ခြင်းဖြင့် ကောင်းကင်ဧကရာဇ်တစ်ပါးဖြစ်အောင် ကြိုးစားနိုင်သည်။

သရဲကြီးဘုရင်တွင် မကျေနပ်ချက်အချို့လည်းရှိ၏။ တာကျန်းစီရင်စုသည် လုံးဝဆင်းရဲပြီး လူနေအိမ်နည်းပါးသည်။ သို့သော် ပိုင်ရှောင်ချန်းက သရဲမယ်တော်ကို ပြန်ပေးဆွဲခဲ့သည့် လူသိထင်ရှားသောကိစ္စရပ်ကြောင့် ကောင်းကင်တံတားကျင့်ကြံသူများစွာသည် ထိုနေရာသို့သွားရန် ဦးစွာ ရွေးချယ်ကြ၏။

ကံဆိုးစွာပင် တာကျန်းစီရင်စုသည် ဒုတိယအင်မော်တယ်နယ်မြေတွင် တည်ရှိပြီး ထိုနေရာကို အုပ်ချုပ်သည့် ကောင်းကင်ဧကရာဇ်သည် ဝင်ရောက်စွက်ဖက်ကာ အသစ်ရောက်ရှိလာသော ကောင်းကင်တံတားကျင့်ကြံသူများကို ကြုံရာစီရင်စုများသို့ ဖြန့်ပစ်လိုက်လေသည်။ သရဲကြီးဘုရင်မှာ ထိုနည်းအတိုင်းသာ ဆက်ဖြစ်နေပါက နောက်ဆုံးတွင် သူတို့ သူတော်စင်ဧကရာဇ်နိုင်ငံတော်နှင့် သဟဇာတဖြစ်သွားမည်ကို စိုးရိမ်လေသည်။ အဆုံးသတ်တွင် ကောင်းကင်တံတားကျင့်ကြံသူဟူ၍ခေါ်ဆိုသော သူများရှိတော့မည်မဟုတ်ပေ။

ပိုင်ရှောင်ချန်းမှာ သတင်းနှင့်ပတ်သက်၍ သိပ်မပျော်ပေ။ ၄င်းသည် ရိုးရိုးရှင်းရှင်း အခြေချပြီး အေးအေးချမ်းချမ်းနေထိုင်လိုသော ကောင်းကင်တံတားကျင့်ကြံသူများအတွက် အဆင်ပြေကောင်းပြေလိမ့်မည်။ သို့သော် ပိုင်ရှောင်ချန်းသည် သူတို့ကို ထိုကိစ္စတွင် ရွေးချယ်ရန် အနည်းဆုံး အခွင့်အရေးတစ်ခုတော့ ပေးချင်လေသည်။

သူတော်စင်ဧကရာဇ်နိုင်ငံသားခံယူမည်လော၊ သူတို့၏အိမ်အစစ်ကို သတိရရန် ရွေးချယ်မည်လော။ သူတော်စင်ဧကရာဇ်နိုင်ငံတော်က သူတို့ကို ရွေးချယ်စရာမပေးသော်လည်း ပိုင်ရှောင်ချန်းမှာ ထိုကဲ့သို့ လုပ်ရန် မျှော်လင့်လေသည်။

ထို့ပြင် သူသည် သူတို့ မည်သည့်အရာကို ရွေးချယ်စေကာမူ လေးစားမည်ဖြစ်၏။

" ငါ အဲဒီလို လုပ်နိုင်ဖို့ တစ်ခုတည်းသော နည်းလမ်းက ပိုအစွမ်းထက်လာဖို့ပဲ "

သူ၏အတွေးရထားက ထိုနေရာရောက်သော် သူ၏မျက်လုံးများ တလက်လက် တောက်ပလာတော့သည်။ ကောင်းကင်နဂါးတူငါးထောင်ချီ စားသုံးခြင်းက သူတို့၏ အကျိုးအာနိသင်များကို လျော့ပါးစေခဲ့သည်။ သို့သော် ထိုဖြစ်စဥ်အတွက် ကြီးမားသောအကျိုးကျေးဇူး ရရှိခဲ့ပေသည်။

သူ၏ထာဝရအသက်ရှည်အပိုင်းက မဟာစက်ဝန်းနှင့် ဆံခြင်မျှင်တစ်မျှင်စာသာ ကွာဝေးတော့၏။

" ငါ အင်မော်တယ်ဆေးလုံးတွေ ဖော်စပ်ဖို့ စိတ်စွမ်းအင်အပင်တွေ ထပ်လိုတယ် "

သူက အသက်ပြင်းပြင်းတစ်ချက်ရှူကာ သူတော်စင်ဧကရာဇ်မြို့တော်ကို ဝေ့ဝိုက်ကြည့်ပြီး သူ၏ကျင့်ကြံခြင်းအခြေခံ တိုးတက်ရန် မည်သို့ပြုလုပ်ရမည်ကို ကြိုးစားစဥ်းစားလိုက်သည်။

All Chapters