← Chapters

ပဒုမ္မာကြာစားသောက်ပွဲ

Vol. 11 Ch. 1066

ပဒုမ္မာကြာစားသောက်ပွဲ

Vol. 11 Ch. 1066

သို့သော် မျိုးစုံစဥ်းစားပြီးနောက်မှာပင် သူ၏ကျင့်ကြံခြင်းဖြစ်စဥ်ကို မြှင့်တင်ရန် ကူညီပေးနိုင်သည့် မည့်သည့်အရာကိုမှ သူ မစဥ်းစားနိုင်ပေ။ ထို့ပြင် ကောင်းကင်နဂါးတူငါးများသည်လည်း ရွေးချယ်စရာ မဟုတ်တော့ပေ။

" ငါ ဆေးလုံး နည်းနည်းပါးပါး ဖော်ဦးမှထင်တယ်"

သူက အသက်ပြင်းပြင်းရှူကာ ရေရွတ်လိုက်သည်။ ထာဝရနယ်မြေများမှ နည်းလမ်းများသည် ကောင်းကင်တံတားဒေသမှ နည်းလမ်းများနှင့် ကွဲပြားပြီး အလွန်အကုန်အကျများသော်လည်း ပိုင်ရှောင်ချန်းမှာ အခြားမတွေးတတ်တော့ပေ။

အရေးအကြီးဆုံးက သူ့အိတ်ထဲတွင် ဆေးပင်ပေါင်းများစွာ ရှိလေသည်။

" ငါ့မှာ ဟိုငါးနည်းနည်းလဲ ကျန်သေးတယ်... "

သူသည် အလွန်များလွန်းသော ငါးများစွာကို ဖမ်းမိခဲ့သောကြောင့် တစ်ခါတည်း မစားနိုင်ဘဲ အချို့ကိုအခြောက်လှန်း၍ နောင်အတွက် သိမ်းဆည်းထားခဲ့လေသည်။

" လူတွေ ဒီလိုငါးတွေအတွက် စျေးကောင်းကောင်းပေးမယ်ဆိုတာ လောင်းရဲတယ် "

ဆေးလုံးအချို့ဖော်စပ်ခြင်းသည် စိတ်လှုပ်ရှားဖွယ်ကောင်းသော မျှော်လင့်ချက်တစ်ခုဖြစ်သော်လည်း သူ တွန့်ဆုတ်နေလေသည်။ နှစ်ပေါင်းများစွာ တလျှောက် သူ ဆေးဖော်ခဲ့သည့်အချိန်တိုင်း ထူးဆန်းသောအရာများ ဖြစ်တတ်သည် မဟုတ်ပါလော။

ကောင်းကင်နဂါးတူငါး မတော်တဆကိစ္စပြီးနောက် ရှေးမနှောင်းမှာပင် သူတော်စင်ဧကရာဇ်မြို့တွင် ကပ်ဘေးတစ်ခုခုဖြစ်ပွားခဲ့သည်ရှိသော် သူ့အတွက် အလွန်ဆိုးရွားလောက်မည် ဖြစ်သည်။

ပိုင်ရှောင်ချန်းက သန့်ရှင်းရေး လုပ်ကိုင်နေသည့်အတောအတွင်း နောက်ထပ် လဝက်ခန့် ကုန်ဆုံးသွား၏။ နဂါးတူငါးများသည် ပကတိပုံမှန်ပြန်ဖြစ်သွားကြပြီး သူက နေ့ရက်များကုန်ဆုံးသွားသည်ကို စောင့်ကြည့်ကာ အံသာကြိတ်နေနိုင်တော့သည်။

နောက်ဆုံးတွင် သူက သက်ပြင်းချလိုက်သည်။ သူသည် ဆေးဖော်ရန်လိုအပ်သောပစ္စည်းများကို ဝယ်ပြီးနောက် အရေးကြီးသောပြင်ဆင်မှုများလုပ်ကာ ရက်ပေါင်းများစွာ ကုန်ဆုံးလိုက်၏။ ထို့နောက်မှသာ သူက ခပ်တိုးတိုးရေရွတ်တော့သည်။

" ငါ တကယ့်ကို ဂရုစိုက်ပေးပါ့မယ် ... အကုန်လုံးအဆင်ပြေသင့်ပါတယ်... "

သူ၏ဆေးဖော်စပ်ခြင်းစွမ်းရည် တိုးတက်ခဲ့ကြောင့်ပေလော၊ အတိုင်းထက်အလွန်သတိထားနေသောကြောင့်လော။ မည်သို့ပင်ဆိုစေ ဆေးလုံးပေါင်းများစွာ ဖော်စပ်ပြီးနောက်မှာပင် မူမမှန်သော မည်သည့်အရာတစ်ခုမှ မဖြစ်ပွားခဲ့ပေ။

ပိုင်ရှောင်ချန်းက ဝမ်းသာသွားသော်လည်း တချိန်တည်းမှာပင် အတိတ်တုန်းက အောင်မြင်ခဲ့သည်ဟု ဂုဏ်ယူစွာ ယူဆခဲ့သည့်အချိန်များအားလုံးမှ သင်ခန်းစာများကို သင်ယူလေ့လာထားသည်။ ထို့ကြောင့် သူက ဆက်လက်၍ အလွန်သတိထားသည်။ ၄င်းက ပို၍ အချိန်ကြန့်ကြာသော်လည်း အကြောင်းကိစ္စများကို ချောမွေ့ သွားစေသည်။

အချိန်များတရွေ့ရွေ့ကုန်ဆုံးသွား၏။ ပိုင်ရှောင်ချန်းသည် လစဥ်လတိုင်း တရားခွင်ကို တက်ရောက်သော်လည်း အချိန်အများစုတွင် ပျင်းရိစွာသာ ရပ်လျှင်ရပ်၊ သို့မဟုတ် မျက်လုံးများပင်ပိတ်၍ ဖြစ်ပျက်နေသည်များအား လျစ်လျူရှုထားလေသည်။သူ၏ တစ်ခုတည်းသော အဓိကလှုပ်ရှားမှုကား ဆေးဖော်စပ်ခြင်းသာ ဖြစ်၏။

လအနည်းငယ် ထပ်မံကုန်ဆုံးသွားပြန်သည်။ သူ၏ကျင့်ကြံခြင်းအခြေခံသည် ကောင်းကင်နဂါးတူငါးများ စားနေချိန်ကအတိုင်း အလျင်အမြန်မတိုးတက်သော်လည်း ပို၍တည်ငြိမ်လာပြီး တိုးတက်မှုအနည်းငယ် ကြုံတွေ့ရလေသည်။

သူပြောနိုင်သည်မှာ သူ့အတွက် နတ်ဘုရားတစ်ပိုင်းဒေသ၏ မဟာစက်ဝန်းကိုရောက်ရန် နှစ်အနည်းငယ်သာ ကြာတော့မည်ဖြစ်၏။

ကုန်လွန်သွားခဲ့သည့် လများအတွင်း တရားခွင်မှူးမတ်များနှင့် သူတော်စင်ဧကရာဇ်သည် သူ သိုသိုသိပ်သိပ်နေနေကြောင်း သတိထားမိကြလေသည်။ အန္တရာယ်ရှိသောမတော်တဆမှုတစ်ခုမှ မရှိသောကြောင့် သူတို့သည် စိတ်သက်သာရာရကာ သက်ပြင်းချလာကြတော့သည်။ အပြင်ပန်းတွင် သူတို့၏အပြုံးများနှင့်စကားများ နှစ်မျိုးလုံးဖြင့် ခါတိုင်းကဲ့သို့ သူတော်ကောင်းဟိန်ဟန်ထုတ်နေကြလေသည်။

သူတော်စင်ဧကရာဇ်နိုင်ငံတော်အတွက် ပိုင်ရှောင်ချန်း မည်မျှ သိုသိုသိပ်သိပ်နေစေကာမူ အရေးမကြီးပေ၊ သူသည် အပြင်လူတစ်ယောက်သာ ဖြစ်နေသေး၏။

ပိုင်ရှောင်ချန်းက သူတို့၏ တင်စီးသောစကားအပြောအဆိုများကို နားမလည်ချင်ယောင်သာ ဟန်ဆောင်လိုက်သည်။ သူသည် သူ၏နေ့ရက်များကို ဆေးလုံးများ ဖော်စပ်ကာ ကျင့်ကြံအားထုတ်ခြင်းဖြင့် ကုန်ဆုံး၏။ နောက်ဆုံးတွင် သူတော်စင်ဧကရာဇ်မြို့တော်သည် တည်ငြိမ်အေးချမ်းသောကာလရှည်တစ်ခုသို့ ဝင်ရောက်သွားတော့သည်။

မပျော်ပိုက်သည့် တစ်ဦးတည်သော လူသည်ကား ကောင်းကင်မြို့စားလျှိုပင်။ သူသည် ပိုင်ရှောင်ချန်းက ပြဿနာတစ်ခုရှာမည်ကိုစောင့်ကာ သူ၏စကားဓားသွားများကို သွေးနေခဲ့သော်လည်း ကုန်ဆုံးသွားသည့် အချိန်များအားလုံးနောက်မှာပင် မည်သည့်အရာမှ မဖြစ်ပွားခဲ့ပေ။ အေးချမ်းတည်ငြိမ်ခြင်းအားလုံးက ကောင်းကင်မြို့စားလျှိုအား အလွန်ရင်ထိတ်နေစေတော့သည်။

" သူ့မှာ လျှို့ဝှက်အကြံအစည်ကြီးတစ်ခု ရှိကို ရှိမယ်"

ထိုသို့ ယုံကြည်ထားသဖြင့် သူက ပိုင်ရှောင်ချန်းကို ပို၍နီးကပ်စွာပင် စောင့်ကြည့်လာသည်။

သို့နှင့် နေ့ရက်များ ကြွေလွင့်သွား၏။ ဆောင်းဦးမှ ဆောင်းသို့ဝင်ရောက်လာရာ အေးစက်မှုသည် သူတော်စင်ဧကရာဇ်နိုင်ငံတော်၏ မြေပြင်များ၌ အခြေချလာတော့သည်။ နောက်ဆုံးတွင် ရေမျက်နှာပြင်ပေါ်၌ ပဒုမ္မာကြာခွက်များ ပေါ်လာလေသည်။

သူတော်စင်ဧကရာဇ်မြို့၏ ကျင့်ကြံသူများက ထိုသည်ကို သတိထားမိသောအခါ အလွန် စိတ်လှုပ်ရှားသွားကြပြီး စကားများ လျင်မြန်စွာ ပျံ့နှံ့လာတော့သည်။

" ပဒုမ္မကြာခွက်တွေ ထွက်လာပြီဟေ့ "

" ကျုပ်တို့တော့ မဟာကြာပဒုမ္မာစားပွဲသောက်ပွဲကြီးနဲ့ ကောင်းချီးပေးခံရတော့မယ်လို့ မပြောနဲ့နော် "

" နောက်ဆုံးတစ်ခေါက် ပဒုမ္မာကြာခွက်တွေ ပေါ်လာတုန်းက လွန်ခဲ့တဲ့ နှစ်ခြောက်ဆယ်စက်ဝန်းကပဲ။ ကြာစေ့နည်းနည်းပါးပါးစားနိုင်တဲ့အထိ ကံကောင်းတဲ့ ဘယ်သူမဆို ကျင့်ကြံခြင်းအခြေခံတော်တော် တိုးတက်မယ်ကြားတယ် "

" အရှင်မင်းမြတ်က ဟိုအထူးနတ်ဘုရားသိုင်းကို ကောင်းကင်ရေကန်မှာ ဒီနှစ်စောစောသုံးလိုက်လို့ ဖြစ်ရမယ်။ အဲဒါကြောင့် ပဒုမ္မာကြာခွက်တွေ ခပ်စောစောပေါ်လာတာ "

သတင်းပျံ့သွားသဖြင့် လူအုပ်ကြီးသည် ဒါဇင်များစွာရှိသည့် ပဒုမ္မာကြာခွက်များကို ကြည့်ရန် ကြာရွက်များ၏အစွန်းတွင် လာရောက်စုဝေးကြသည်။ အတောင့်များမှ ထွက်ရှိလာသော မွှေးအီသော အနံတစ်ခုသည် သူတော်စင်ဧကရာဇ်မြို့တော်တွင် ပြည့်နှက်နေကာ ထိုရနံ့ကို ရှူသွင်းလိုက်သည့် မည်သူမဆို ကျင့်ကြံခြင်းအခြေခံကို လှုံ့ဆော်ခြင်းခံလိုက်ရသည်။

မြို့ထဲတွင် ထိုကဲ့သို့ ဆူညံပွက်လောရိုက်နေသဖြင့် ပိုင်ရှောင်ချန်းမှာ သူ၏အိမ်ထဲမှ အပြင်မထွက်သည့်တိုင် ဖြစ်ပျက်နေသည်များအား ကြားလိုက်ရလေသည်။ ထို့နောက် မကြာခင် သူသည် ပုံမှန်မဟုတ်သော ရနံ့ကို ရရှိသွားတော့သည်။

" ပဒုမ္မာကြာခွက် "

သူက သိချင်စိတ်ပြင်းပြစွာဖြင့် အပြင်ထွက်ပြီး လှည့်ပတ်မေးလိုက်သည်။ သူရှာဖွေတွေ့လိုက်သောအရာက သူ၏ မျက်လုံးများကို ဝင်းလက်သွားစေတော့သည်။

" ငါ အရင်က ကောင်းကင်နဂါးတူငါးတွေပေါ်မှာ အာရုံထားခဲ့မိတာ။ ကောင်းကင်ရေကန်မှာ အခြားအဖိုးတန်ပစ္စည်းတွေ ရှိတာကို ဘယ်လိုလုပ် မေ့နေရတာတုန်း "

သူက သူ့မျက်နှာပေါ်တွင် ပေါ်ပေါက်နေသည့် ပျော်ရွှင်မြူးထူးနေသည့် အရိပ်အယောင်များအား မဖုံးဖိနိုင်တော့ပေ။

သူတော်စင်ဧကရာဇ်မြို့တော်ကို ဤကောင်းကင်ရေကန်ပေါ်တွင် အစကတည်းက တည်ထောင်ခဲ့ရသည့်အကြောင်းရင်းမှာ ၄င်းအတွင်း တည်ရှိသည့် စားသုံးနိုင်သည့် အင်မော်တယ်ပဒုမ္မာကြာကြောင့်ဖြစ်သည်။ ထာဝရနယ်မြေများအားလုံးတွင် ၄င်းကဲ့သို့ ကြာတစ်မျိုးသာရှိ၍ မိစ္ဆာဧကရာဇ်ကိုယ်တိုင် မနာလိုရာဖြစ်၏။ ၄င်းသည် မြို့တစ်မြို့လုံးနှင့် သက်ဆိုင်သော အဖိုးထိုက်ရတနာတစ်ပါးအဖြစ် သတ်မှတ်ထားလေသည်။

၄င်းတွင် ပန်းပွင့်တစ်ပွင့်သာရှိသော်လည်း အမြစ်များ ပြန့်ကား၍ကျယ်ပြီး အရွက်များစွာရှိလေသည်။ ထိုမျှသာမက နှစ်တစ်ရာတိုင်း၊ သို့မဟုတ် နှစ်တစ်ရာကျော်တိုင်း ၄င်းသည် ပဒုမ္မာကြာခွက်များကို ရေမျက်နှာပြင်သို့ ပို့ပေးတတ်သည်။

ထိုကြာခွက်များထဲရှိ အစေ့များသည်သာမန်ကြာစေ့များကဲ့သို့ မဟုတ်ပေ။ အမှန်တကယ်တွင် သူတို့ကို ခူးလိုက်သည်နှင့် အင်မော်တယ်ဆေးလုံးများအလားပင်။

ထိုအစေ့များကို သူတော်စင်ဧကရာဇ်နိုင်ငံတော်အတွင်း အဖိုးထိုက်ရတနာများအဖြစ် သတ်မှတ်ကြပြီး အမှန်တကယ်ပင် သူတော်စင်ဧကရာဇ်ကိုယ်တိုင် သူတို့ကို မည်သို့ခူးနိုင်သည်နှင့်ပတ်သက်ပြီး တင်းကြပ်သောစည်းမျဥ်းများ ချမှတ်ခဲ့လေသည်။ တကယ်တမ်းဆိုပါက သူကိုယ်တိုင်ပင် ထိုသို့ပြုလုပ်ရန် အရည်အချင်းပြည့်မှီ၏။ ထိုမျှသာမက သူသည် စုစုပေါင်း အစေ့တစ်ထောင်ကိုသာ ခူးသည်။ ပုံမှန်အားဖြင့် ပထမဆုံးပဒုမ္မာကြာခွက်မှအစပြု၍ နောက်ဆုံး ပေါ်လာသည့်အချိန်အထိ အစေ့တစ်ထောင်လုံးခူးပြီးသည့်တိုင်အောင် ရက်အနည်းငယ်သာ ကုန်ဆုံးမည်ဖြစ်သည်။

နောက်ထပ် ဓလေ့ထုံးတမ်းတစ်ခုက ကြာခွက်များပေါ်လာပြီး အစေ့များခူးပြီးသောအခါ သူတော်စင်ဧကရာဇ်သည် စားသောက်ပွဲကြီးရက်ဆက် ကျင်းပသည်။ မှူးမတ်များအားလုံး တက်ရောက်ကြပြီး သူတော်စင်ဧကရာဇ်က သူတို့ကို လောကနတ်ဘုရားမှော်အတတ်၏ ဖျော်ဖြေမှုဖြင့် ချီးမြှင့်ကာ အင်မော်တယ်အရက်များလည်း သောက်ကြမည်ဖြစ်သည်။ ထို့နောက် သူသည် ပဒုမ္မာကြာစေ့များကို လူများအား ချီးမြှင့်မည်ဖြစ်သည်။

စုစုပေါင်း အစေ့တစ်ထောင်အနက် သုံးရာ သို့မဟုတ် သုံးရာကျော်ကိုသာ မှူးမတ်များကို ပေးအပ်သည်။ နောက်ထပ် နှစ်ရာကို နိုင်ငံတော်အတွက် ကြီးမြတ်သောတာဝန်များ ထမ်းဆောင်ခဲ့သည့် လူများကို ဆုလာဘ်များအဖြစ် ချီးမြှင့်၏။ နောက်ထပ် နှစ်ရာကို အပြင်ပို့၍ လေလံပွဲတွင် ရောင်းချသည်။

ကျန်ရှိသော သုံးရာကို ဆေးဖော်စပ်ခြင်းအတွက် ပါဝင်ပစ္စည်းများအဖြစ် အသုံးပြုရန် အင်ပါယာနန်းတော်တွင် ထားရှိသည်။

ကြာခွက်ဒါဇင်အနည်းငယ်သည် ရေမျက်နှာပြင်ပေါ်သို့ ရောက်ရှိပြီးဖြစ်သောကြောင့် လူတိုင်းသည် ပဒုမ္မာကြာစားသောက်ပွဲကြီး၏ ဖြစ်နိုင်ခြေကို ပြောနေကြလေသည်။ သူတော်စင်ဧကရာဇ်နိုင်ငံတော် အုပ်ချုပ်သော အင်မော်တယ်နယ်မြေနှစ်ခုလုံးရှိ လူအပေါင်းမှာ စိတ်လှုပ်ရှားလာကြပြီး အဓိကမျိုးနွယ်စုများသည် မြို့တော်သို့ ကိုယ်စားလှယ်များစေလွှတ်ရန် ပြင်ဆင်မှုများ စတင်ဆောင်ရွက်လာကြသည်။

" ပဒုမ္မာကြာစေ့တွေက အင်မော်တယ်ဆေးလုံးတွေနဲ့ ဆင်တူတယ်လား "

ပိုင်ရှောင်ချန်းမှာ သူသိခဲ့ရသည်နှင့်ပတ်သက်၍ တွေးကာ နှုတ်ခမ်းမသပ်မိဘဲ မနေနိုင်တော့ပေ။

" ကောင်းကင်တံတားနယ်စားအနေနဲ့ ငါလဲ လက်ဆောင်အဖြစ် အစေ့တစ်စေ့တော့ ရသင့်တယ်မလား "

သူ၏မျှော်လင့်ချက်မှာ နေ့ရက်များကုန်လွန်လာသည်နှင့်အမျှ ကြီးထွားလာတော့သည်။ ထို့နောက် အင်ပါယာနန်းတော်ထံမှ ခေါင်းလောင်းသံများ ပဲ့တင်ထပ်လာ၏။ မှူးမတ်များ စောင့်စားနေခဲ့ရသည့် ပဒုမ္မာကြာစားသောက်ပွဲကြီးကား စတင်တော့မည်ဖြစ်သည်။

ပိုင်ရှောင်ချန်းသည် စိတ်လှုပ်ရှားမှုများကို ကြိုးစားထိန်းသိမ်းကာ သူ၏ဝတ်ရုံကို ပြင်ဆင်ပြီးနောက် နန်းတော်ထံ ဦးတည်လိုက်သည်။ သူက ရောက်ရောက်ချင်း ဧည့်ခံရန် လှုပ်ရှားနေကျသော နန်းတွင်းအစေခံမလေးများမြောက်မြားစွာနှင့် နှစ်လိုဖွယ်ကောင်းသော အရက်နှင့် အင်မော်တယ်အသီးမျိုးစုံ ဖြန့်ကျက် တည်ခင်းထားသောစားပွဲထောင်ပေါင်းများစွာ ပြည့်နှက်နေသည့် ရင်ပြင်ကြီးကို မြင်လိုက်ရလေသည်။

အရေးပါသော ကျင့်ကြံသူအတော်များများ ရောက်ရှိနေကြပြီးဖြစ်ကာ စားပွဲများတွင်ဝင်ရောက်နေရာယူ၍ အလ္လာပသလ္လာပ ပြောနေကြလေသည်။ ချိန်စုသည်လည်း ဂူထျန်ကျွင်းနှင့် အခြားကောင်းကင်ဧကရာဇ်များနည်းတူ ရောက်ရှိနေ၏။ ဂူထျန်ကျွင်းက ပိုင်ရှောင်ချန်းကို မြင်သည်နှင့် အကြည့်လွှဲလိုက်လေသည်။ ချိန်စုမှာမူ သူ့ကို သိပ်သဘောမကျသော်လည်း မျက်နှာပေါ်တွင် နွေးထွေးသော အပြုံးတစ်ခု ဆင်မြန်းထားသေး၏။

အခြားအရေးပါသော ကျင့်ကြံသူအများစုသည်လည်း ထိုနည်းတူ တုံ့ပြန်ကြသည်။ သူတို့၏မျက်လုံးများထဲရှိ အထင်သေးရွံရှာမှုများကို လူအများစု သတိထားမိမည် မဟုတ်ပေ။ သို့သော် ပိုင်ရှောင်ချန်း၏ ကျင့်ကြံခြင်းအခြေခံအဆင့်နှင့် သူ၏လူ့သဘောသဘာဝဖြင့် ရင်းနှီးကျွမ်းဝင်မှုကို စဥ်းစားကြည့်ပါက သူသည် ထိုအရိပ်အငွေ့များအား ထင်ရှားပြတ်သားစွာ မြင်နိုင်လေသည်။

" ကဲ အဲဒါ ကောင်းကင်တံတားနယ်စားမလား။ သူက တရားခွင်ကိုတက်ရောက်ရင် အမြဲနောက်ကျတတ်ပေမယ့် အခုတော့ စောလှပါလား "

" ကောင်းကင်တံတားနယ်စားက ကမ္ဘာသေးသေးလေးတစ်ခုက လာတာလေ။ ကြည့်ရသလောက် သူအရင်က အင်မော်တယ်ကြာပန်းတွေကို ဘယ်လိုလုပ် မြင်ဖူးလောက်မလဲ။ ဒါပေမဲ့ သူ့အဆင့်ကို စဥ်းစားရင် သူတော်စင်ဧကရာဇ်က သူ့ကို လက်ဆောင်အဖြစ် တစ်စေ့လောက်တော့ ပေးမှာပါ "

" အခု ခင်ဗျားပြောမှပဲ ကောင်းကင်တံတားနယ်စားက ကောင်းကင်တံတားဒေသက ဒီအင်မော်တယ်ကြာစေ့တွေကို ပထမဆုံးစားဖူးတဲ့ လူဆိုတာ ကျုပ်လောင်းရဲတယ်။ သူ့လို ကံကောင်းတဲ့လူတွေ မရှိသလောက်ပဲ။ သူ ဖြေးဖြေးလေးစားပြီး အရသာကို ခံစားတာ ပိုကောင်းမယ် "

ပိုင်ရှောင်ချန်းမှာ သူ့အကြောင်းပြောစကားများအားလုံး ကြားသော်လည်း ချောင်းဟန့်ပြီး သတိမထားမိချင်ယောင်ဆောင်လိုက်၏။ သူက အားပါးတရရယ်ကာ ရင်ပြင်အရှေ့နားက နေရာတစ်နေရာကို ရှာ၍ လူအုပ်ကြားထဲ ထိုင်လိုက်လေသည်။

သူက လည်ချောင်းရှင်းကာ မျက်တောင်မခတ်ဘဲ ပြော၏။

" အခု ကျုပ် စဥ်းစားကြည့်တော့မှ ကောင်းကင်တံတားဒေသက နှစ်တစ်သိန်းသက်တမ်းရှိတဲ့ ကြာစေ့တွေကို အဆက်မပြတ် ဝါးစားခဲ့တာကိုတောင် သိပ်လွမ်းမိသွားပြီ။ ဒါပေမဲ့ ပုံမှန်ဆို ကျုပ်ထွေးထုတ်တတ်တာ။ များသောအားဖြင့် အရသာအတွက်ပဲ ကျုပ်ပါးစပ်ထဲ ထည့်ထားတာလေ။ လျှာပေါ်ကျန်ခဲ့တဲ့ အရသာက တစ်နေ့လုံးခံနေတော့ တကယ် မမေ့နိုင်လောက်အောင်ပဲ။ ကျုပ်အဲဒါကို ထပ်မခံစားရတော့ဘူးထင်ခဲ့တာ။ ဒီမှာ အင်မော်တယ်ကြာစေ့နည်းနည်းပါးပါးနဲ့ ပက်ပင်းတိုးလိမ့်မယ်လို့ ဘယ်သူက ထင်မိမှာတုန်း “

" ဒီမှာ ဝိညာဥ်အမြီးကြက်တွေတစ်ကောင်မှ မရှိတာ တော်တော်ဆိုးတာပဲ။ ခင်ဗျားတို့သိလား ကျုပ်လာတဲ့နေရာမှာ ကောင်းကင်နဲ့မြေကြီးရဲ့ သဘာဝနိယာမတွေကနေ ပေါ်ထွက်လာတဲ့ အင်မော်တယ်ကြက်တစ်မျိုးရှိတယ်။ ကျုပ်တို့က အဲဒီကြက်တွေကို ကောင်းကင်ကိုဖျက်စီးပြီး မြေလျှိုးနိုင်စွမ်းရှိတဲ့ ဝိညာဥ်အမြီးကြက်လို့ ခေါ်တယ်ဗျ။ ကျုပ်တို့က အဲဒီကြက်တွေကို များသောအားဖြင့် နှစ်တစ်သောင်းသက်တမ်းရှိတဲ့ နှင်းပဒုမ္မာကြာစေ့တွေနဲ့ ကင်ပြီးတော့ နှစ်ငါးသိန်းသက်တမ်းရှိတဲ့ အင်မော်တယ် ငရုပ်ကောင်းမှုန့် ဖြူးကြတယ်။ အာ … အဲဒါကလေ နတ်သုဒ္ဓါလိုအရသာမျိုးပဲ “

" ကျုပ်တစ်ယောက်ပဲ အဲဒီကြက်တွေကို စားခွင့်ရတာ သိပ်စိတ်မကောင်းဖြစ်မိတယ် "

ထို့နောက် သူက မျက်လုံးများထဲတွင် အတိတ်ကိုပြန်ပြောင်းသတိရသော အရိပ်အယောင်များ တဖျပ်ဖျက်လက်လာကာ သက်ပြင်းချလိုက်တော့သည်။

All Chapters