← Chapters

ချီးမြှင့်ခြင်း

Vol. 11 Ch. 1067

ချီးမြှင့်ခြင်း

Vol. 11 Ch. 1067

အနီးနားရှိ လူတိုင်းမှာ ပိုင်ရှောင်ချန်းကို ထူးခြားသောမျက်နှာအမူအရာများဖြင့် လှမ်းကြည့်နေကြသောကြောင့် တိတ်ဆိတ်မှုများ အချိန်အတော်ကြာ ကြီးစိုးသွား၏။ ကြွားလုံးထုတ်ခြင်းက မထူးဆန်းသော်လည်း ယခုလို မဟုတ်မမှန်သည်ကတော့ ...

ထိုပြင် သူက ရုပ်တည်ကြီးနှင့် ပြောနေသည့်အတွက် အလွန်ယုံချင်စရာကောင်းနေသည်။ ထို့နောက် သူကြွားလုံးထုတ်နေသည့်ပုံစံကြောင့် မိစ္ဆာဧကရာဇ် ပြန်ပေးဆွဲခြင်းမခံခဲ့ရသည်မှာ ကံကောင်းလှသည်ဟူ၍ လူအများ တွေးနေကြတော့သည်။ ထိုအချိန်တွင် ချိန်စုက လည်ချောင်းရှင်းပြီး ဂူထျန်ကျွင်းနှင့် ကျင့်ကြံခြင်းအကြောင်း ပြောကာ စကားလမ်းကြောင်းလွှဲလိုက်သည်။

ကျန်ရှိသောအခြားသူများမှာ အကြည့်လွှဲပြီးနောက် သူတို့အချင်းချင်း နောက်တစ်ကြိမ် အလ္လာပသလ္လာပပြောကာ ရယ်မောလိုက်ကြသည်။ ပိုင်ရှောင်ချန်း ကြွားလုံးထုတ်ခွင့်မရစေရန် သူတို့က ပဒုမ္မာကြာစေ့များအကြောင်း အစမဖော်တော့ပေ။ သူ၏လေလုံးကြီးများက သူတို့ကို ကြက်သီးမွှေးညှင်းများ ထသွားစေခဲ့ပေသည်။

" နှစ်တစ်သိန်းသက်တမ်းရှိ နှင်းပဒုမ္မာကြာ ... "

" ကောင်းကင်ကိုဖျက်စီးပြီး မြေလျှိုးနိုင်စွမ်းရှိတဲ့ ဝိညာဥ်အမြီးကြက် … ကြွားလို့ကရပါတယ် ဒါပေမဲ့ တကယ်ကြီး အဲဒီလောက် အလေးအနက်ထားဖို့ လိုလို့လား။ အဲဒီနာမည်ကလဲ တော်တော်လေးရယ်စရာကောင်းလိုက်တာ။ သူတို့မှာသာ ကောင်းကင်နဂါးတူငါးတွေ ရှိနေရင် ကြယ်တာရာ မသေမျိုးသခင် ပြိုင်ဘက်ကင်း ကောင်းကင်နဂါးတူငါးဘုရင်လို့ ခေါ်လောက်တယ် "

" အဆိုးဆုံးက နှစ်ငါးသိန်းသက်တမ်းရှိတဲ့ အင်မော်တယ် ငရုပ်ကောင်းမှုန့်တွေပဲ။ မင်းမေဘကွာ … အဲဒီနှစ်ငါးသိန်းသက်တမ်းရှိတဲ့ တစ်ခုကိုမှ ကျုပ် ကြားတောင် မကြားဖူးဘူး "

လူတိုင်းက တိတ်ဆိတ်စွာ ကျိန်ဆဲ၍ ပိုင်ရှောင်ချန်းကို ဥပေက္ခါပြုထားကြရာ သူ အတော်လေး ကျေနပ်သွားသည်။ သူက လူအုပ်ကြီးကို ဂုဏ်ယူမော်ကြွားစွာလှမ်းကြည့်ကာ ရင်ထဲတွင် နှာမှုတ်လိုက်သည်။ သူက သူ့ကိုယ်သူ ပြောင်မြောက်သောငကြွားတစ်ယောက်အဖြစ် မခံစားရသော်လည်း သူသာ လုံလုံလောက်လောက် ပြောဆိုရမည်ဆိုပါက အင်မော်တယ်နယ်မြေအားလုံး မခံနိုင်သည့် လေလုံးကြီးများကို ပြောဆိုနိုင်သည်။

ပင်လယ်နက်ဆရာကြီးအပါအဝင် ပိုမို စိတ်လှုပ်ရှားနေကြသော ကျင့်ကြံသူများ ရောက်ရှိလာကြလေပြီ။

ပင်လယ်နက်ဆရာကြီးသည် ပိုင်ရှောင်ချန်းကို နာကျည်းစွာ မုန်းတီးသော်လည်း ပြုံး၍ ယဥ်ယဥ်ကျေးကျေးနှုတ်ဆက်လိုက်သည်။ ပိုင်ရှောင်ချန်းထံမှ ကောင်းကင်နဂါးတူငါးများ ရရှိခဲ့သော အခြားသူများသည်လည်း အတန်ငယ်စကားစမြည်ပြောရန် ရောက်လာကြလေသည်။

သူတို့အားလုံးက ထိခိုက်နစ်နာစေလိုသော မလိုတမာစိတ်ဖြင့် မုန်းတီးစက်ဆုပ်နေကြသောကြောင့် သူတို့၏ အပြုံးများကို မဖုံးကွယ်နိုင်ပေ။ သို့သော် ပိုင်ရှောင်ချန်းသည် သူတော်စင်ဧကရာဇ်မြို့တော်တွင် အချိန်မည်မျှကုန်ဆုံးခဲ့သည်ကို စဥ်းစားကြည့်ပါက သူ အသားကျနေလေပြီ။ အမှန်တကယ်တော့ သူတို့သာ သူတို့၏နည်းလမ်းကို ပြောင်းလဲပစ်လိုက်ပါက သူ့အတွက် ထူးဆန်းနေမည်ဖြစ်သည်။

သူသည် သူတို့၏ ပြုမူဆက်ဆံပုံများကို အသားကျနေသောကြောင့် သူ့မျက်နှာတွင် အပြုံးတစ်ခုဆင်မြန်းပြီး ကြွားလုံးထုတ်ရန် အခွင့်အရေးတိုင်းကို အမိအရဖမ်းဆုပ်ကာ ဖော်ဖော်ရွေရွေ စကားစမြည်နေတော့သည်။

မကြာမီ ခုံများပြည့်သလောက် ဖြစ်သွားပြီး ခေါင်းလောင်းသံများ ပို၍မြည်လာတော့သည်။ သူတော်စင်ဧကရာဇ်က နွေးထွေးစွာ ပြုံး၍ ဝင်လာသည်နှင့် လူတိုင်း တိတ်ဆိတ်သွားကြပြီး ထရပ်၍ အရိုအသေပေးကာ ဦးညွှတ်လိုက်ကြသည်။

သူက မြင့်မြတ်သောခုံတွင် နေရာယူပြီးနောက် လူအုပ်ကြီးကို ဝေ့ကြည့်လိုက်ပြီး ပိုင်ရှောင်ချန်းကိုပင် ခေါင်းညိတ်ပြလိုက်သည်။

" အားလုံးပဲ ထိုင်ကြပါ။ ဂုဏ်သရေရှိ လူကြီးမင်းများနဲ့ အမျိုးသမီးအပေါင်းတို့ … ဒီနေ့က ငါကိုယ်တော် မင်းတို့ကို အင်မော်တယ် ကြာစေ့တွေ ချီးမြှင့်မယ့် ပဒုမ္မာကြာစားသောက်ပွဲဖြစ်တယ် "

" ကျေးဇူးတင်ပါတယ် အရှင်မင်းမြတ် "

လူတိုင်းက တညီတညာတည်း ပြောကြပြီးနောက် ထိုင်လိုက်ကြသည်။

ပိုင်ရှောင်ချန်းသည်လည်း ထိုနည်းတူ သူတော်စင်ဧကရာဇ်က ဝေငှတော့မည်ကို စောင့်စားကာ မျှော့်လင့်ချက်များဖြင့် ဟိုကြည့်သည်ကြည့်လုပ်နေ၏။

သူ အကြာကြီးစောင့်ရန် မလိုပေ။ သူတော်စင်ဧကရာဇ်က ပြုံး၍ လက်ကို ဝှေ့ယမ်းလိုက်ရာ အားပြင်းသောလေတစ်ချက် တိုက်ခိုက်သွားပြီး ကောင်းကင်ယံတွင် ဧရာမ ပုံရိပ်ယောင်လက်ကြီးတစ်ဖက် ပေါ်ပေါက်လာလေသည်။

၄င်းက သန့်စင် မွန်မြတ်သောအလင်းတစ်ခုကို ထုတ်လွှတ်နေသဖြင့် ပိုင်ရှောင်ချန်း၏ နှလုံးသားထဲတွင် အံ့သြတုန်လှုပ်ခြင်းများ ပြည့်နှက်သွားတော့သည်။ လူတိုင်းဆက်လက်စောင့်ကြည့်နေကြချိန် ဧရာမလက်ကြီးက ကောင်းကင်ရေကန်ထံ နိမ့်ဆင်းလာလေသည်။

၄င်းက ရေပြင်တွင် ပေါလောပေါ်နေသည့် ကြာခွက်များအားလုံးအပေါ် ဖြတ်သွားလိုက်ရာ ကြာခွက်များ ပွင့်သွားပြီး ရွှေရောင်ကြာစေ့များ ပျံထွက်လာတော့သည်။

အခူးခံလိုက်ရသည့်ကြာခွက်များသည် အစေ့များထုတ်ယူခံရပြီးနောက် ပကတိအတိုင်းကျန်ရစ်ပြီး ကောင်းကင်ရေကန်ထဲ ဖြည်းညင်းစွာ ပြန်လည်နစ်မြုပ်သွားကြ၏။

အကြီးဆုံးအစေ့သည် လက်သီးဆုပ်အရွယ်အစားရှိပြီး အသေးဆုံးမှာ သစ်ကြားသီးအရွယ် သို့မဟုတ် ထို့ထက်ပင် သေးငယ်သည်။ စုစုပေါင်း သူတော်စင်ဧကရာဇ်၏အရှေ့ရှိ နန်းတော်ထဲတွင် ဒါဇင်အနည်းငယ်သာ ပေါ်ပေါက်လာတော့သည်။

ကြာစေ့ပေါင်းဒါဇင်များစွာက ရွှေရောင်အလင်းများဖြင့် တောက်ပနေပြီး မွှေးအီသောရနံ့များဖြင့် ခန်းမတစ်ခုလုံးအား ပြည့်နှက်သွားစေတော့သည်။ တချိန်တည်းမှာပင် ပါးလွှာသောမြူထုကြီး ပေါ်ပေါက်လာရာ အင်ပါယာနန်းတော်အား ကောင်းကင်ဘုံအလား ဖြစ်သွားစေတော့သည်။

ရနံ့က ရှိသမျှလူတိုင်း၏ စိတ်ဓာတ်အားမာန်များကို တက်ကြွသွားေစပြီး ပိုင်ရှောင်ချန်းအတွက်မူ သူ၏ကျင့်ကြံခြင်းအခြေခံကို မျှော်လင့်ချက်များဖြင့် တုန်ခါလာစေသည်။

" ကောင်းကင်ဧကရာဇ် ချိန်စု၊ ကောင်းကင်ဂူ၊ ကောင်းကင်ဧကရာဇ် စီမာ။ မင်းတို့ သုံးယောက်က သူတော်စင်ဧကရာဇ်နိုင်ငံတော်ရဲ့ ကာကွယ်စောင့်ရှောက်သူတွေပဲ။ မင်းတို့မရှိဘဲ နိုင်ငံတော်ဟာ တည်ရှိမှာမဟုတ်ပေဘူး။ ငါ တစ်ခါ ပြောခဲ့ဖူးသလိုပဲ အသေးအဖွဲ အင်မော်တယ်ကြာစေ့တွေအပါအဝင် သက်ရှိသတ္တဝါအားလုံးကို ငါတို့ဘေးနားက လူတွေနဲ့ ဝေမျှဖို့ အရေးကြီးတယ်"

ကောင်းကင်ဧကရာဇ်သုံးပါးလုံး ထရပ်ပြီး လက်ယှက်အရိုအသေးပေးလိုက်ကြပြီးနောက် သူတို့ဘက် ပျံလာသည့် ပဒုမ္မာကြာစေ့များစွာကို လက်ခံလိုက်ကြသည်။

" ကောင်းကင်ဘုရင်တွေက သူတို့အောက်က အမျိုးမျိုးသော နယ်စားတွေရဲ့ အကူအညီနဲ့ နိုင်ငံတော်ကို ခုခံကာကွယ်ပေးတယ်။ ငါ ကျိန်ဆိုခဲ့တဲ့အတိုင်း ကောင်းကင်ဘုံရဲ့ ချီးမြှင့်မှုကို မင်းတို့နဲ့လဲ အတူတူ သေချာပေါက် ဝေမျှရမယ် "

သူတော်စင်ဧကရာဇ်က သူ့လက်ကို ဝှေ့ယမ်းကာ အင်မော်တယ်ကြာစေ့ နောက်တစ်စုကို ပို့လွှတ်လိုက်သည်။ လက်ခံရရှိသည့် လူများအားလုံး ကျေးဇူးတင်စွာဖြင့် လေးလေးနက်နက် ဦးညွှတ်အရိုအသေပေးလိုက်ကြသည်။

ပဒုမ္မာကြာစေ့ ပထမဆုံးအစုအနက် ငါးစေ့သာ ကျန်ရှိတော့ပြီး အများစုမှာ သစ်ကြားသီးထက်ပင် သေးငယ်သေးသည်။ သိသာစွာပင် ထိုအစေ့များမှာ အပြည့်အဝ မမှည့်သေးချေ။

ပိုင်ရှောင်ချန်းက သူ့ထံ တစ်စေ့မှ မလာဘဲ ပျောက်ကွယ်နေသည်ကို ကြည့်ကာ စိုးရိမ်လာတော့သည်။ သူက အတန်ငယ် မနာလိုလာပြီး သူတော်စင်ဧကရာဇ်အာရုံစိုက်ခံရအောင် မျှော်လင့်လျက် လည်ကိုဆန့်၍ ရင်ကိုကော့လိုက်သည်။

" ဟေး ကျုပ်လဲ နယ်စားတစ်ယောက်ဗျ "

သူက တွေးလိုက်၏။ သူ၏လုပ်ဆောင်ချက်များ အလုပ်ဖြစ်ဟန်တူသည်။ သူတော်စင်ဧကရာဇ်၏ မျက်လုံးများ လက်ခနဲဖြစ်သွားပြီး ပိုင်ရှောင်ချန်းကို တခဏကြာ လှမ်းကြည့်ပြီးနောက် ချီတုံ ချတုံနှင့် လက်ကို ဝှေ့ယမ်းလိုက်သည်။

" သူတော်စင်ဧကရာဇ်နိုင်ငံတော်အတွက် တာဝန်ထမ်းဆောင်ပေးတဲ့ အခြားနယ်စားတွေနဲ့ မြို့စားတွေကိုလဲ ချန်ထားလို့ မရပေဘူး "

ကျန်ရှိသော ပဒုမ္မာကြာစေ့ငါးစေ့ ပျံထွက်လာကာ တစ်ခုက ပိုင်ရှောင်ချန်းထံ ဦးတည်လာလေသည်။ သူက စိတ်လှုပ်ရှားစွာ လှမ်းပြီး ယူလိုက်သော်လည်း မဆိုစလောက် မျက်မှောင်ကြုတ်သွားလေသည်။

တိုက်ဆိုင်၍ပေလား မပြောတတ်သော်လည်း သူ၏ပဒုမ္မာကြာစေ့မှာ အသေးဆုံးနှင့် မမှည့်ဆုံးဖြစ်သည်။

အမှန်မှာ ကောင်းကင်နဂါးတူငါး မတော်တဆမှုကြောင့် သူတော်စင်ဧကရာဇ်က ပိုင်ရှောင်ချန်းကို သိပ်မကြည်ချေ။ သို့သော် ပိုင်ရှောင်ချန်း၏ရာထူးနှင့် ကောင်းကင်တံတားကျင့်ကြံသူများ သူ့ထံ ပြသခဲ့သည် သစ္စာရှိမှုကြောင့် သူတော်စင်ဧကရာဇ်မှာ အနည်းဆုံးတော့ သူ့ကိုလည်း ကျွေးမွေးသည့်ပုံပြရမည် ဖြစ်ပေသည်။

" ဒီ ပထမဆုံးနေ့မှာ အင်မော်တယ်ကြာစေ့ ၄၉ စေ့ကို ငါ့နိုင်ငံသားတွေအတွက် အပ်နှင်းပြီးသွားပြီ။ ဘာမှစိုးရိမ်နေစရာမလိုဘူး။ သူတော်စင်ဧကရာဇ်နိုင်ငံတော်ကို အလုပ်အကျွေးပြုတဲ့သူအားလုံး နောက်ဆုံးကျရင် ဆုလာဘ်ချီးမြှင့်ခံရမယ် "

သူတော်စင်ဧကရာဇ်သည် စားသောက်ပွဲအခမ်းအနားတစ်ခုလုံးတွင် တည်ရှိနေရန် မလိုအပ်ပေ။ အားပေးစကားအနည်းငယ်ပြောပြီးနောက် သူက လှည့်ပြန်သွား၏။

သူထွက်သွားပြီးနောက် စကားပြောသံများ ပွက်ပွက်ညံလာ၏။ ပဒုမ္မာကြာစေ့များ ရရှိခဲ့သော လူများမှာ သူတို့ပတ်လည်ရှိ ကျင့်ကြံသူများထံမှ ဂုဏ်ယူဝမ်းမြောက်စကားများ လက်ခံရရှိလိုက်ကြပြီး မကြာခင် လေထဲတွင် ရယ်သံများ ပြည့်နှက်သွားတော့သည်။

ပိုင်ရှောင်ချန်းနားတွင်လည်း လူအများ တရုံးရုံးဖြစ်နေကြပြီး သူ၏ ပဒုမ္မာကြာစေ့မည်မျှသေးငယ်ကြောင်း မြင်သောအခါ ရင်ထဲတွင် လှောင်ပြောင်နေကြသည်။ သို့သော် အပြင်ပန်းတွင် သူတို့က ဝတ်ကျေတန်းကျေ ဂုဏ်ယူဝမ်းမြောက်စကားပြောလိုက်ကြ၏။

ပိုင်ရှောင်ချန်းမှာ အတန်ငယ် စိတ်ဓာတ်ကျလာသော်လည်း သူလုပ်နိုင်သည့်အရာမရှိပေ။ သူ့ဘေးပတ်လည်ရှိ လူအများ၏ ဂုဏ်ယူစကားများ ခံယူပြီးနောက် သူက ဘေးဘီဝဲယာကို အကဲခတ်လိုက်ရာ လူအနည်းစုမှာ ချီးမြှင့််ခံရသည့် ပဒုမ္မာကြာစေ့များကို စားနေပြီဖြစ်ကြောင်း သတိထားမိလိုက်သည်။ ထို့ကြောင့် သူက သူ၏အစေ့ကို ငုံ့ကြည့်ကာ မစားရန် အကြောင်းမမြင်သဖြင့် ပါးစပ်ထဲပစ်ထည့်လိုက်သည်။ ချက်ချင်းပင် သာယာသောရနံ့လေးတစ်ခုက ခြစ်ခြစ်တောက်ပူသော အပူစီးကြောင်းတစ်ခုနှင့်အတူ သူ့ကိုယ်ထဲတွင် ပြည့်နှက်သွားလေသည်။

သူ၏ ခန္ဓာကိုယ်ထဲရှိ စွမ်းအင်လမ်းကြောင်းများအားလုံး အသက်ရှုချိန်ဆယ်ကြိမ်တိတိ တဟုန်းဟုန်းတောက်လောင်နေတော့သည်။ ထို့နောက် အပူစီးကြောင်းပျောက်ကွယ်သွား၏။ သို့ထိတိုင် သူ၏ကျင့်ကြံခြင်းအခြေခံသည် ထိုအချိန်တိုလေးအတွင်း ပေါက်ကွဲတတ်သော အမြန်နှုန်းဖြင့် မြင့်တက်သွားခဲ့သည်ကို သူအာရုံရလိုက်လေသည်။

သူသည် ယခုထက်ထိ နှောင်းပိုင်းနတ်ဘုရားတစ်ပိုင်းအဆင့်မှ မဖောက်ထွက်သေးသော်လည်း ယခုလေးတင် သူ ပြုလုပ်ခဲ့သည့် တိုးတက်မှုသည် ကောင်းကင်နဂါးတူငါးများထံမှ မည်သည့်အရာမဆိုထက် သာလွန်သည်။

" မယုံနိုင်စရာကောင်းလိုက်တာ "

သူက အံ့သြလျက် တွေးလိုက်သည်။ သူသည် ပဒုမ္မာကြာစေ့များက သာမန်ထက်ထူးကဲစွာ အစွမ်းထက်ကြောင်း သိသော်လည်း အသက်ရှူချိန်ဆယ်ကြိမ်လေးအတွင်း ထိုအကျိုးကျေးဇူးများအားလုံး ပေးစွမ်းနိုင်လိမ့်မည်ဟု မခန့်မှန်းထားခဲ့မိပေ။

ထိုမျှသာမက အစေ့များတွင် မည်သည့်အညစ်အကြေးမှ မပါဝင်သည့်အပြင် စားသုံးသည့် ကျင့်ကြံသူများ မည်သည့်ကျင့်စဥ်ကို ကျင့်ကြံစေကာမူ အလိုအလျောက် လိုက်လျောညီထွေလည်း ဖြစ်စေသည်။ ကြာစေ့များက အဆိပ်ဓာတ်လေးတစ်စက်မျှပင် မပါဝင်သည့် ပြီးပြည့်စုံသော ဆေးလုံးများအလားပင်။

" နောက်ထပ် ဆယ့်စေ့ ... ဒါမှ မဟုတ် ငါးစေ့လောက်ပဲ။ အဲဒီလောက်ရရင် ငါ နှောင်းပိုင်းနတ်ဘုရားတစ်ပိုင်းအဆင့်ကနေ ဖောက်ထွက်နိုင်တယ် "

သူက ရင်တဒိန်းဒိန်းခုန်နေလျက် ပဒုမ္မာကြာစေ့များ မည်မျှအာနိသင်ရှိကြောင်းနှင့် မည်သို့မည်ဖုံ ထပ်ရရန် ဆောင်ရွက်ရမည်ကို အသည်းအသန် စဥ်းစားတွေးတောနေတော့သည်။

နောက်ဆုံးတွင် စားသောက်ပွဲကြီး ပြီးဆုံးသွားပြီး သူက အိမ်ပြန်လာကာ ထိုင်စဥ်းစားနေလေသည်။

" သူတော်စင်ဧကရာဇ်က သေချာပေါက် ငါ့ကို ထပ်ပေးမှာ မဟုတ်တော့ဘူး “

" ကောင်းကင်ရေကန်ထဲမှာ အများကြီးကျန်သေးတယ်။ ဒါပေမဲ့ ငါ သွားထိရင် ပြဿနာတက်လိမ့်မယ်။ ငါ တိတ်တိတ်လေး ခူးမှပဲ ... "

သူက စိုးရိမ်တကြီး မျက်မှောင်ကြုတ်ကာ သူ မစားနိုင်သည့်အစေ့များဖြင့် ပြည့်နှက်နေသော ကောင်းကင်တံတားရေကန်ထဲက ကြာခွက်များအားလုံးကို လှမ်းကြည့်လိုက်သည်။

" ငါးတေွအများကြီးကိုတောင် ငါစားလာတာ။ အဲဒီအစေ့တွေက ငါ့ကို အကျပ်ရိုက်စေမယ်ဆိုတာ ငါ မယုံဘူးကွ "

All Chapters