တိုးတိုးပြော
Vol. 11 Ch. 1068
ပိုင်ရှောင်ချန်းမှာ အားမလိုအားမရဖြစ်ကာ နားရွက်များပင် ယားကျိယားကျိ ဖြစ်လာတော့သည်။ သူသည် ကြာစေ့များကို အားပါးတရ ဝါးစားချင်နေပါသော်လည်း တစ်ညလုံး ထိုင်တွေးနေသည့်တိုင်အောင် နည်းလမ်းရှာမရ ဖြစ်နေ၏။
သူသည် ဒုတိယမြောက် ကြာပန်း ဧည့်ခံပွဲတော်ကို တက်ရောက်ရန် လုံးဝဆန္ဒမရှိပေ။ ထိုအစား သူသည် ကြာရွက်၏အစွန်းတွင် လမ်းလျှောက်ရင်း ကန်ရေပြင်ပေါ်ရှိ ကြာခွက်များနှင့် ရေပြင်ပေါ်သို့ မြင့်တက်မလာသေးသည့် အောက်ဘက်ရှိကြာခွက်များကိုပါ လှမ်းကြည့်နေတော့သည်။
" သူတော်စင်ဧကရာဇ်မင်းဆက်က တော်တော့်ကို ချမ်းသာကြွယ်ဝတာပဲ "
သူက နီမြန်းနေသော မျက်ဝန်းများဖြင့် တစ်ကိုယ်ထဲရေရွတ်လိုက်သည်။
" သူတို့ရဲ့ ကောင်းကင်ရေအိုင်ထဲမှာ ကောင်းကင်နဂါးတူငါးတွေနဲ့ ကြာစေ့တွေကို ဒီအတိုင်းပစ်ထားကြတာ ယုံတောင်မယုံနိုင်ဘူး... "
" မြင်သာမြင်... မကြင်ရတဲ့ ဘဝကြီးပါကွာ... "
အကယ်၍ သူသည် ကောင်းကင်ဧကရာဇ်အဆင့် ကျင့်ကြံသူသုံးယောက်နှင့် သူတော်စင်ဧကရာဇ်တို့ကိုသာ တိုက်ခိုက်အနိုင်ယူနိုင်မည်ဆိုပါက ရေထဲသို့ ထိုးဆင်းကာ ကြာစေ့များ လိုက်ကောက်နေမည်သာ ဖြစ်သည်။
သူ၏ တပ်မက်မှုများမှာ အချိန်နှင့်အမျှ ကြီးထွားလာ၏။ ကောင်းကင်တံတားနယ်မြေ ပျက်စီးသွားပြီး ထာဝရနယ်မြေများထဲသို့ သူရောက်ရှိလာပြီးနောက် သူ၏လိုအင်ဆန္ဒများကို ရရှိနိုင်မည့် တစ်ခုတည်းသောနည်းလမ်းမှာ ပို၍ အစွမ်းထက်လာရန်သာဖြစ်ကြောင်း သူ ပိုမိုနားလည်လာခဲ့သည်။
သူနှင့် မရင်းနှီးသော ဤထာဝရနယ်မြေများထဲတွင် ကျင့်ကြံခြင်းအခြေခံအဆင့်တက်ရန်အတွက် အလွန်အမင်း ကြိုးစားရမည်သာဖြစ်သည်။ သူ့ထံတွင် အချိန်များစွာရှိနေလျှင် အကြောင်းမဟုတ်ပါသော်လည်း ယခု သူသည် အချိန်ဖြုန်း၍ မရသောအခြေအနေသို့ ရောက်နေသည်။
ရက်အနည်းငယ်ကုန်ဆုံးသွားပြီး ကြာပန်းဧည့်ခံပွဲတော်များကို ဆက်လက်ကျင်းပနေခဲ့စဥ် သူ၏ စိုးရိမ်မှုများမှာ တဖြည်းဖြည်း ကြီးထွားလာ၏။ သူသည် နေ့စဥ်နေ့တိုင်း ကြာရွက်အစွန်းများပေါ်တွင် လမ်းလျှောက်ကာ ကြာစေ့များထပ်၍ ရရှိရန်ကိုသာ အာရုံစိုက်၍တွေးတောနေသည်အထိပင်။
လူများစွာ သူ၏ အမူအရာများကို ရိပ်မိကြသည်။ သို့သော်လည်း အများစုမှာ ကြာပန်းဧည့်ခံပွဲတော်များထဲတွင်သာ အာရုံရောက်နေခဲ့ကြသည်။ ထို့ပြင် ကြာစေ့များမှာ ကောင်းကင်နဂါးတူငါးများ မဟုတ်သဖြင့် သူ လူမသိသူမသိ ဆွတ်ခူးနိုင်လိမ့်မည်မဟုတ်ဟု လူတိုင်းက ယူဆထားကြသည်။
ထို့အပြင် သူတော်စင်ဧကရာဇ်မှာလည်း တံခါးပိတ်ကျင့်ကြံမနေတော့ပေ။ သူသည် နေ့စဥ်နေ့တိုင်း ကြာပန်းဧည့်ခံပွဲတော်များကို ကြီးကြပ်ပေးနေသည်။ ထို့ကြောင့် ပိုင်ရှောင်ချန်း တွေးတောနေသည့်လုပ်ရပ်ကို ရိပ်မိကြသည့် မှူးမတ်များမှာ သူ့အား သိပ်၍အလေးမထားကြပေ။
" သူတော်စင်ဧကရာဇ်မင်းဆက်မှာ စည်းမျဥ်းတွေရှိတယ်ကွ။ ဘယ်လောက်ပဲ အရေးပါအရာရောက်နေတဲ့ လူဖြစ်ပါစေ အင်မော်တယ်ကြာစေတစ်စေ့ကိုတောင် ခွင့်ပြုချက်မရပဲ ယူရဲမှာမဟုတ်ဘူး။ အဲဒီလိုယူတဲ့ကောင်ကလည်း .... အင်မတန် အရေးကြီးတဲ့စည်းမျဥ်းစည်းကမ်းတစ်ခုကို ချိုးဖောက်သလို ဖြစ်နေမှာပဲ "
သူတော်စင်ဧကရာဇ်မင်းဆက် လူများ၏ရင်ထဲတွင် အေးစက်စက်ရယ်မောသံများဖြင့် ပဲ့တင်ထပ်နေတော့သည်။
ပိုင်ရှောင်ချန်းက သူတော်စင်ဧကရာဇ်အတွက် အရေးပါကြောင်းကို သူတို့က သိကြသည်။ သို့သော် သူသည် ယခုလက်ရှိထက်ပို၍ အရေးပါအရာရောက်နေသည် ဆိုလျှင်တောင် ကျူးလွန်၍မရနိုင်မည့် အချို့သောအရာများ ရှိနေသည်သာ ဖြစ်သည်။ ကောင်းကင်နဂါးတူငါးကိစ္စနှင့် ပတ်သတ်၍ ပိုင်ရှောင်ချန်း အပြစ်ဒဏ်မှ ကင်းလွတ်ခဲ့ရသည့် အကြောင်းအရင်းမှာ သူသည် သူတော်စင်ဧကရာဇ်အတွက် အရေးပါနေရုံသာမက သူကိုယ်တိုင်ကလည်း အလွန်သတိရှိခဲ့သောကြောင့် ဖြစ်သည်။ ထို့ကြောင့် သူတော်စင်ဧကရာဇ်က ထိုကိစ္စနှင့်ပတ်သတ်၍ အလျှော့ပေးခဲ့ခြင်းဖြစ်သည်။
သို့သော် ဤကြာစေ့များမှာမူ အလိုအလျောက် ပိုင်ရှောင်ချန်း၏လက်ထဲသို့ ခုန်ဝင်လာနိုင်မည် မဟုတ်ပေ။ ထိုကြာစေ့များကို သူ ရယူနိုင်မည့် တစ်ခုထဲသော နည်းလမ်းမှာ ခိုးယူရန်သာဖြစ်သည်။
ထိုသို့ခိုးယူလိုက်ပါကလည်း သူ ကံဆိုးမိုးမှောင်ကျသွားမည်မှာ ဧကန်မုချပင်။
ထိုအချက်များကြောင့် မှူးမျိုးမတ်နွယ်များမှာ ဤကိစ္စနှင့်ပတ်သတ်၍ သိပ်အလေးမထားကြပေ။
သို့သော် ... ကောင်းကင်မြို့စားလျှိုကမူ ချွင်းချက်ဖြစ်သည်။
သူသည် လတ်တလောနေ့ရက်များတွင် ပိုင်ရှောင်ချန်း၏ မူမမှန်သော အမူအရာများကို သတိထားမိခဲ့သဖြင့် ချက်ချင်းပင် သတိကြီးကြီး ထားလာတော့သည်။ သူသည် စိတ်လှုပ်တရှားဖြင့် ပိုင်ရှောင်ချန်းအား ယခင်ကထက်ပင်ပို၍ အသေးစိတ် လေ့လာစောင့်ကြည့်နေ၏။ သူပထမဆုံးအကြိမ် ရာဇဝတ်သားခေါင်းဆောင်အဖြစ် တာဝန်ပေးအပ်ခံခဲ့ရစဥ်တုံးက သူသည် ပိုင်ရှောင်ချန်းအား စိတ်အားထက်သန်စွာနှင့် စောင့်ကြည့်ခဲ့သည်။ သို့သော် ပိုင်ရှောင်ချန်းမှာ လအနည်းငယ်ကုန်ဆုံးသွားသည့်တိုက်အောင် အမူအရာမပျက်နေခဲ့သဖြင့် ကောင်းကင်မြို့စားလျှိုမှာ မည်သည့်ဖြစ်ရပ်မှ ထပ်မဖြစ်တော့မည်ကို စိုးရိမ်လာတော့သည်။
" ပိုင်ရှောင်ချန်း ... မင်းက ကြွက်တစ်ကောင်လို ဉာဏ်များတဲ့ကောင်ပဲ။ ဒါပေမဲ့ ငါ့ရဲ့ ထောင့်စေ့တဲ့ မျက်ဝန်းတွေအောက်က မင်းပြေးမလွတ်နိုင်ပါဘူးကွာ "
ပိုင်ရှောင်ချန်းအား စောင့်ကြည့်ရာတွင် ကောင်းကင်မြို့စားလျှိုသည် သူ၏မြင့်မြတ်သောနယ်မြေအတွင်းရှိ အချင်းအရာများကို မမြင်ရပါသော်လည်း သူ အပြင်သို့ ထွက်လာသည်နှင့် အရိပ်ထဲမှနေ၍ လျှို့ဝှက်စွာ စောင့်ကြည့်နိုင်ပေသည်။
နောက်ထပ်သုံးရက်တိတိ ကုန်ဆုံးသွားသည်။ မှူးမတ်များမှာ ဂုဏ်ယူဝင့်ကြွားစွာဖြင့် ကြာပန်းဧည့်ခံပွဲတော်များကို တက်ရောက်နေကြစဥ် ကောင်းကင်မြို့စားလျှိုမှာ သတိတစ်ချက် အလွတ်မခံပေ။ နောက်ဆုံးတွင် ပိုင်ရှောင်ချန်းမှာ ကောင်းကင်မြို့စားလျှိုက သူ့အား စောင့်ကြည့်နေကြောင်း သတိထားမိလိုက်တော့သည်။ သို့သော် ထိုအချိန်တွင် သူက အောင်မြင်နိုင်မည်ဟု သေချာသော အကြံအစည်တစ်ခုကို တွေးမိသွားတော့သည်။
" ဒီတစ်နည်းနဲ့ပဲ ငါလုပ်လို့ရမှာ "
သူက တွေးလိုက်သည်။ ထိုနေ့ရက်မှစ၍ သူသည် ကောင်းကင်ရေအိုင်ဆီသို့သွား၍ ကြာခွက်များအား သွားမကြည့်တော့ပေ။ ကောင်းကင်မြို့စားလျှိုက သူ့အား မမြင်နိုင်သည့် သူ၏ မြင့်မြတ်သောနယ်မြေထဲတွင်သာ နေတော့သည်။ သူသည် မန္တန်လက်ကွက်တစ်ခု ဖော်၍ ထိုနေရာတစ်ဝိုက်ကို ပိတ်ဆို့လိုက်ပြီး တင်ပျဥ်ခွေထိုင်ကာ တရားမှတ်နေတော့သည်။
အပြင်ဘက်တွင်မူ ကောင်းကင်မြို့စားလျှိုမှာ ပိုင်ရှောင်ချန်း၏ မြင့်မြတ်သောနယ်မြေကို စောင့်ကြည့်နိုင်မည့် အနီးအနားရှိ နေရာကောင်းတစ်ခုတွင် မလှုပ်မယှက်ဖြင့် အင်မော်တယ်ဂူအား ရက်ပေါင်းများစွာတိုင်အောင် မခွာတမ်းစိုက်ကြည့်နေ၏။
သူသည် ဖြစ်ပျက်လာနိုင်သည့် ကိစ္စရပ်များနှင့် ပတ်သက်၍ အလွန်စိတ်လှုပ်ရှားနေသဖြင့် မောပန်းသည်ဟုပင် မခံစားရပေ။ ပိုင်ရှောင်ချန်းက ယုတ်မာေသာအကြံအစည်အတိုင်း ဆောင်ရွက်တော့မည်ဟူ၍ သူ အပြည့်အဝ ယုံကြည်နေတော့သည်။
" သူ့ကို လက်ပူးလက်ကြပ်မိအောင် ဖမ်းဆီးပြလိုက်ရုံနဲ့ မင်းဆက်အတွက် ကြီးမားတဲ့ လုပ်ရပ်ကြီးတစ်ခုအဖြစ် မှတ်တမ်းဝင်သွားမှာပဲ "
ထိုသို့တွေးလိုက်မိရုံဖြင့် သူ ပို၍စိတ်လှုပ်ရှားသွားရပြီး ပိုင်ရှောင်ချန်းက ကြာစေ့တစ်စေ့ကိုပင် တို့ထိခွင့် မရနိုင်ရန်အတွက် ပို၍ပင် အားစိုက်လိုက်တော့သည်။
" မင်းရဲ့အကြံ ဘာဖြစ်ဖြစ် ငါဂရုမစိုက်ဘူး။ ငါသိတာက မင်းက ကြာစေ့တွေကို လိုချင်နေတယ်ဆိုတာပဲ။ ငါအခုလို မင်းကိုသေသေချာချာ စောင့်ကြည့်နေသရွေ့တော့ မင်း လူမမိပဲ ကြာစေ့တွေကို ယူနိုင်မှာမဟုတ်ဘူးကွ "
နောက်ဆုံးတွင် ကောင်းကင်မြို့စားလျှိုမှာ စိတ်လှုပ်ရှားလွန်းသဖြင့် ဂနာမငြိမ်ဖြစ်လာပြီး ပိုင်ရှောင်ချန်းမှာ ထိုင်၍ တရားမှတ်နေဆဲပင်။ သူသည် ညအချိန်သို့ ရောက်သွားသည်အထိ နာရီပေါင်းများစွာ မလှုပ်မယှက် ထိုင်နေ၏။ ညသို့ရောက်သော် သူ၏ ထည့်စရာအိတ်ထဲသို့ နတ်ဘုရားအာရုံအချို့ တိတ်တဆိတ် စေလွှတ်လိုက်သည်။
" အပြင်ထွက်ခဲ့စမ်း လိပ်ကလေး "
သူက အမိန့်ပေးလိုက်သည်။ သို့သော် မည်သည့်တုံ့ပြန်မှုမှ ပြန်မရပေ။ ကောင်းကင်တံတားနယ်မြေ ပျက်သုဥ်းသွားပြီးနောက်ပိုင်း ပိုင်ရှောင်ချန်းက လိပ်ကလေးကို မမြင်ရသေးပါသော်လည်း သူ၏ထည့်စရာအိတ်ထဲတွင် ရှိနေဆဲဖြစ်ကြောင်း သူ သိသည်။ ကမ္ဘာကြီးပျက်စီးသွားခြင်းမှာ သူ့အား ထိခိုက်စေမည်ပင် မဟုတ်ပေ။
ပိုင်ရှောင်ချန်းက စိတ်မရှည်သည့် အမူအရာဖြင့် နတ်ဘုရားအာရုံကိုအသုံးပြုကာ ထပ်၍ခေါ်လိုက်သည်။
" ဘာမှ ဟန်ဆောင်မနေနဲ့တော့။ အခုချက်ချင်း ထွက်လာခဲ့စမ်း "
သူက အေးစက်စက်နှာမှုတ်လိုက်ပါသော်လည်း မည်သည့်တုံ့ပြန်မှုမှ ပြန်မရသေးပေ။
" ထွက်မလာဘူးပေါ့ ဟုတ်လား။ ကောင်းပြီလေ။ စာရင်းရှင်းကြတာပေါ့ အဲဒါဆိုလဲ ... "
အချိန်အတော်အတန် ကုန်ဆုံးသွားသည်။
" မင်းက တကယ်မရှိတော့တာလားဟ "
သူက တအံတသြဖြစ်နေသည့် လေသံဖြင့်ဆိုလိုက်သည်။ ထို့နောက်သူသည် ခေါင်းယမ်းကာ သက်ပြင်းချလိုက်တော့သည်။
" အေးပေါ့ကွာ ဘယ်တတ်နိုင်မလဲ။ ကြည့်ရတာ ဒီရတနာနဲ့ သူက ကံပါမလာဘူးနေမှာပေါ့... "
" ရတနာ " ဆိုသော စွဲမက်ဖွယ် စကားလုံးကြောင့်လားတော့ မသိပေ။ သူထိုသို့ဆိုလိုက်သည်နှင့် သူ၏ထည့်စရာအိတ်ထဲမှ တုံ့ပြန်မှုတစ်ခု ပေါ်ထွက်လာတော့သည်။
" ရတနာဟုတ်လား။ ဘာရတနာလဲဟ "
လိပ်ကလေးမှာ အိပ်နေရာမှ နိုးလာသည့်အလား သူ၏ အသံက ပိုင်ရှောင်ချန်း၏စိတ်ထဲတွင် ခပ်ရေးရေးမျှ ပေါ်ထွက်လာသည်။ သို့သော် တဒင်္ဂအကြာတွင် သူ၏အသံမှာ ပုံမှန်အတိုင်း ပြန်ဖြစ်သွားသည်။
" ကောင်းပြီ ရှောင်ချန်းလေး … မင်း ဘယ်လိုရတနာကို ရှာတွေ့တာတုံးကွ လိပ်ကိုယ်တော်ကို အခုပြောစမ်း "
ထိုအချိန်တွင် လိပ်ကလေး၏ ဦးခေါင်းမှာ ပိုင်ရှောင်ချန်း၏အိတ်ထဲမှ ပြူထွက်လာတော့သည်။ ပိုင်ရှောင်ချန်းက မည်သည့်စကားမှ မပြောနိုင်ခင် သူသည် နှာခေါင်းကို ရှုံ့လိုက်ပြီး မျက်လုံးများအရောင်တောက်လာတော့သည်။
" အားးး လိပ်ကိုယ်တော် ရတနာအနံ့ ရတယ်ဟေ့။ တောက် ... ငါ သွေးတွေထုတ်ပေးလိုက်ရလို့ ရတနာတွေကို အရင်ကလို အာရုံမခံနိုင်တော့မှန်း မသိလိုက်ရပါလား "
လိပ်ကလေးမှာ စိတ်လှုပ်တရှားဖြစ်နေပြီး မျက်လုံးပြူးကြီးများဖြင့် လှစ်ခနဲ လှုပ်ရှားရန် ပြင်လိုက်သည်။ သို့သော် သူဘာမှ မလုပ်နိုင်ခင် ပိုင်ရှောင်ချန်းက သူ့အား အိတ်ထဲသို့ ပြန်၍ပစ်ထည့်လိုက်သည်။
" တိုးတိုးပြောဟ "
သူက နတ်ဘုရား အာရုံကိုသုံး၍ အလောတကောပြောလိုက်သည်။
" ငါတို့ကို စောင့်ကြည့်နေတဲ့လူ ရှိတယ် "
ထိုစကားကို ကြားလိုက်ရသောအခါ လိပ်ကလေး၏ မျက်ဝန်းများထဲတွင် သတ်ဖြတ်လိုစိတ်များ တောက်ပလာတော့သည်။
" ဘယ်ကောင်လဲ။ ဘယ်ကောင်က မြင့်မြတ်တဲ့ ငါ လိပ်ကိုယ်တော်ကို စောင့်ကြည့်နေတာလဲ။ ဘာ်ကောင်က ငါ လိပ်ကိုယ်တော်ရဲ့ ရတနာကို ခိုးယူဖို့ ကြံစည်ရဲတာလဲကွ "
ပိုင်ရှောင်ချန်းက ချောင်းဟန့်၍ ပြန်ဖြေလိုက်သည်။
" လျှိုယုန်ဆိုတဲ့ ကောင်ပေါ့။ သူက အခု ငါတို့ကို စောင့်ကြည့်နေတာ။ သူက ငါတို့ရဲ့ရတနာကို ခိုးယူချင်နေတာ "
" အတင့်ရဲလှပါလားကွ။ ငါ လိပ်ကိုယ်တော် သူ့ကို အသက်ထွက်တဲ့အထိ ရိုက်နှက်မယ်ဟေ့ " လိပ်ကလေးမှာ သူ့ထံမှ ရတနာများ ခိုးယူသူများကို အမုန်းတီးဆုံးဖြစ်သည်။
" ခဏနေပါဦး။ အဲဒီကိစ္စ နောက်မှထား။ လိပ်ကလေး … ဟိုးအပြင်ဘက်က ကောင်းကင်ရေကန်ထဲမှာ ကြာခွက်တွေ ဘယ်လောက်ရှိလဲ ကြည့်ကြည့်လိုက်။ ရေတွက်လို့တောင် မရဘူး။ ကြာစေ့တစ်စေ့က ... အင်မော်တယ် ဆေးလုံးတစ်လုံး အတိုင်းပဲ "
" မင်း အဲဒီကို ခိုးထွက်သွားပြီး လူမသိအောင်ခိုးခဲ့။ ငါတို့နှစ်ယောက် သုံးဆယ်ရာခိုင်နှုန်း၊ ခုနစ်ဆယ်ရာခိုင်နှုန်းစီ ခွဲယူကြတာပေါ့။ ငါ ခုနစ်ဆယ်ရာခိုင်နှုန်းယူမယ်။ ဒီရတနာကို ငါအရင် တွေ့တာလေ။ ပြီးတော့မင်းအဖမ်းမခံရအောင် ငါက ကူညီပေးရဦးမှာ "
၎င်းမှာ ပိုင်ရှောင်ချန်း၏ အကြံဖြစ်သည်။ ကြာစေ့များမှာ အသိဉာဏ်မရှိသည့် သက်မဲ့ပစ္စည်းများဖြစ်၍ သူသည် ၎င်းတို့အား ရယူနိုင်မည့် နည်းလမ်းတစ်ခုကို စဥ်းစားရုံသာ လိုအပ်သည် မဟုတ်ပါလော။
သို့သော် သူသည် ပိုင်ရှောင်ချန်းဖြစ်နေပြီး သူ့အား သံသယနှင့် စောင့်ကြည့်နေသည့် လူများစွာ ရှိသဖြင့် လျှို့ဝှက်စွာ လှုပ်ရှားတတ်သော လိပ်ကလေးအား သူ့အစားသွား၍ ခိုးယူစေရမည်ဖြစ်သည်။ ၎င်းမှာ ပြီးပြည့်စုံလှသော အကြံအစည်တစ်ခုဖြစ်သည်။
အခက်အခဲဆုံး ကဏ္ဍမှာ ဝေစုခွဲခြင်းပင်ဖြစ်သည်။ သူနှင့် လိပ်ကလေးမှာ အနည်းငယ်ခန့် ညှိနှိုင်းလိုက်ကြပြီး နောက်ဆုံးတွင် ငါးဆယ်ရာခိုင်နှုန်းဆီ ခွဲယူရန် လက်ခံလိုက်ကြသည်။ ထို့နောက် လိပ်ကလေးမှာ လှစ်ခနဲလှုပ်ရှားကာ ထည့်စရာအိတ်ထဲမှ ပျောက်ကွယ်သွားပြီး မြင့်မြတ်သောမြေကွက်ထဲမှ ထွက်ခွာသွားတော့သည်။
ကောင်းကင်မြို့စားလျှိုမှာ သေသေချာချာ စောင့်ကြည့်နေသည့်တိုင်အောင် သူ၏ဘေးမှ လိပ်ကလေး ဖြတ်ပြေးသွားသည်ကို မမြင်လိုက်ပေ။ လိပ်ကလေးမှာ အဝေးတစ်နေရာသို့ ရောက်သွားသောအခါ ပုန်းကွယ်နေသည့် ကောင်းကင်မြို့စားလျှိုအား ဂုဏ်ယူဝင့်ကြွားစွာဖြင့် လှည့်ကြည့်လိုက်တော့သည်။ ထို့နောက် သူသည် ရုတ်တရက် မြေအောက်သို့ တူးသွားတော့သည်။ တခဏအကြာတွင် သူသည် ရေအောက်ရှိ ကြာခွက်တစ်ခွက်၏ ရှေ့သို့ ရောက်သွားပြီးနောက် ၎င်းအား နှာခေါင်းဖြင့် အနည်းငယ် အနံ့ခံလိုက်ပြီး အားရပါးရ ဝါးစားလိုက်တော့သည်။ ကြေညက်အောင် ဝါးလိုက်ပြီးနောက် သူ၏မျက်လုံးများမှာ အရောင်များ တဖိတ်ဖိတ် တောက်ပလာတော့သည်။
" ရှောင်ချန်းက လိမ်နေတာ မဟုတ်ဘူးပဲကွ။ ကြွပ်ကြွပ်ရွရွနဲ့ တကယ်အရသာရှိတာပဲ "
သူသည် နှုတ်ခမ်းအား လျှာဖြင့်သပ်၍ ကြာခွက်တစ်ခွက်လုံးအား စားလိုက်တော့သည်။ ထိုသို့စားပြီးနောက် သတိထားရန်လိုအပ်ကြောင်း သူ့ကိုယ်သူ သတိပေးလိုက်ပြီး ကြာခွက်များအား မထိခိုက်စေပဲ ကြာစေ့များကို ဂရုတစိုက် လိုက်လံထုတ်ယူ လိုက်တော့သည်။
တခဏအကြာတွင် သူသည် မြင့်မြတ်ေသာနယ်မြေထဲသို့ ပြန်ရောက်သွားပြီး ကြာစေ့ရှစ်စေ့အား ပိုင်ရှောင်ချန်းထံသို့ ဝင့်ကြွားစွာဖြင့် လှမ်းပစ်လိုက်သည်။
" စားစေဗျား "
သူက ထိုသို့ဆိုလိုက်ပြီးနောက် လေချဥ်တက်သွားတော့သည်။ နေရာသို့ ပြန်မလာခင် သူအဝစားခဲ့ပြီးသည်မှာ သိသာပေသည်...
ကြာစေ့များမှာ အလွန်သေးငယ်ပြီး လက်သည်းခွံလောက်သာ ရှိသည်။ သို့သော် ပိုင်ရှောင်ချန်းမှာ ကြာစေ့တို့ကိုမြင်လိုက်သည်နှင့် သူ၏ မျက်လုံးများ အရောင်တောက်လာတော့သည်။ ထို့နောက် သူသည် ကြာစေ့များကို လက်ဖြင့်ဆုပ်၍ ပါးစပ်ထဲသို့ ပစ်ထည့်လိုက်တော့သည်။
ကြာစေ့များက ယခင်က သူ လက်ဆောင်ရခဲ့သော ကြာစေ့များလောက် အစွမ်းမထက်ပါသော်လည်း သူ၏ပါးစပ်ထဲတွင် အရည်ပျော်ကျသွားသောအခါ အပူဓာတ်များစွာ ပေါ်ထွက်လာပြီး သူ၏ခန္ဓာကိုယ်တစ်ခုလုံးဆီသို့ စီးဆင်းသွားတော့သည်။