ကြာစေ့စားနေသော လိပ်ကလေး
Vol. 11 Ch. 1069
ထိုညမှာ အေးအေးလူလူဖြင့် ကုန်ဆုံးသွား၏။ မကြာခင် အရုဏ်တက်ချိန်သို့ ရောက်လာသည့်တိုင်အောင် ကောင်းကင်မြို့စားလျှိုမှာ ပိုင်ရှောင်ချန်း၏ မြင့်မြတ်သောနယ်မြေ အပြင်ဘက်တွင် မျက်တောင်တစ်ချက် မခတ်ပဲ မလှုပ်မယှက် ထိုင်နေဆဲပင်။ သူသည် မောပန်းနွမ်းနယ်နေပြီ ဖြစ်ပါသော်လည်း သူ၏ စိတ်ဓာတ်တက်ကြွမှုများကို ထိန်းချုပ်၍ မရနိုင်လောက်အောင် ဖြစ်နေ၏။
ကောင်းကင်ကြီး လင်းထိန်လာသောအခါ ပိုင်ရှောင်ချန်းမှာ မြင့်မြတ်သောနယ်မြေထဲမှ ကားကား ကားကားနှင့် လမ်းလျှောက်ထွက်လာသဖြင့် ကောင်းကင်မြို့စားလျှို စိတ်လှုပ်ရှားသွားသည်။ သို့သော် ပိုင်ရှောင်ချန်းမှာ အနည်းငယ် ထူးဆန်းနေကြောင်း သူ သတိထားမိလိုက်သည်။
" ဟင် "
သူက ရေရွတ်လိုက်၏။
ပိုင်ရှောင်ချန်းမှာ သာမန်ထက် များစွာပို၍ စိတ်ဓာတ်တက်ကြွနေသည့်ပုံ ပေါ်နေသည်။ သူသည် အရင်ကလို ကြာရွက်၏ အစွန်းဆီသို့ မသွားတော့ပဲ လေကလေးချွန်၍ တော်ဝင်နန်းတော်ဆီသို့ ဦးတည်သွား၏။
" တစ်ခုခုတော့ လွဲနေပြီ "
ကောင်းကင်မြို့စားလျှိုက သူ၏နောက်မှ တိတ်တဆိတ်လိုက်သွားသည်။ ပိုင်ရှောင်ချန်းမှာ ကြာပန်းစားသောက်ပွဲတော် ကျင်းပနေသည့် တော်ဝင်နန်းတော်ဆီသို့ ပျော်ရွှင်စွာသွားနေသည်။ မှူးမတ်တိုင်းမှာ ထိုစားသောက်ပွဲတော်သို့ နေ့တိုင်းသွားနေကြသည် မဟုတ်သော်လည်း ထိုစားေသာက်ပွဲများမှာ လူစည်ကားသိုက်မြိုက်ကာ စိတ်လှုပ်ရှားစရာ ကောင်းနေဆဲပင်။
ပိုင်ရှောင်ချန်းရောက်လာသောအခါ မထိတထိအပုတ်ချသော စကားသံများနှင့်ပြက်ရယ်ပြုသော စကားသံများ ပုံမှန်အတိုင်း ထွက်ပေါ်လာသော်လည်း ပိုင်ရှောင်ချန်းမှာမူ အရင်ကအတိုင်း လျစ်လျူရှုလိုက်၏။ သူသည် အားပါးတရ ရယ်မော၍ ထိုင်ချလိုက်ပြီး အရသာရှိသော ယစ်ရွှေရည်ကို သောက်သုံးကာ နှစ်လိုဖွယ်ကောင်းသော အင်မော်တယ်သစ်သီးများကို စားသုံးနေတော့သည်။
သူတော်စင်ဧကရာဇ်က စားသောက်ပွဲတိုင်းကို တက်ရောက်သည်တော့ မဟုတ်ပေ။ သို့သော် သူ၏ လောကနတ်ဘုရား စွမ်းအားများကိုအသုံးပြု၍ ကြာစေ့များဖြန့်ဖြူးပေးရန် ကြပ်မတ်ပေးလေသည်။
ပိုင်ရှောင်ချန်းမှာ စိတ်နှလုံး ပျော်ရွှင်ချမ်းမြေ့နေသည်။ ကောင်းကင်မြို့စားလျှိုကမူ တစ်ခုခုထူးဆန်းနေပြီဖြစ်ကြောင်း သေချာနေသဖြင့် တစ်နေကုန် သူ၏နောက်မှ အဆက်မပြတ် အရိပ်လို လိုက်နေတော့သည်။ သို့သော် ထိုထူးဆန်းနေသည့် အချင်းအရာကို အတိအကျ မဖော်ထုတ်နိုင်သဖြင့် ပိုင်ရှောင်ချန်း၏ မြင့်မြတ်သောနယ်မြေအပြင်ဘက်တွင် ထပ်မံစခန်းချကာ ညလုံးပေါက် စောင့်ကြည့်လိုက်ရပြန်သည်။
" ဟန်ဆောင်နေတာပဲ ဖြစ်ရမယ် " သူကတွေးလိုက်သည်။
" လူတွေသူ့ကိုတွေ့နေကျ မြင်နေကျ ဖြစ်သွားအောင်လို့ သူက ဒီလိုလုပ်နေတာ "
ငါးရက်တိတိ ထပ်မံကုန်ဆုံးသွားပြီး ထိုငါးရက်စလုံးကုန်ဆုံးသွားပုံမှာ တထေရာထဲပင်။ ကြာပန်းစားသောက်ပွဲတော်ရက်များ၏ အဆုံးနားသို့ ရောက်ရှိလာပြီဖြစ်ပြီး ပိုင်ရှောင်ချန်းမှာလည်း အပြည့်အဝ စည်းစိမ်ခံစားနေသည်။ နေ့အချိန်တွင် သူသည် တော်ဝင်နန်းတော်သို့သွားပြီး ညအချိန်များတွင် လိပ်ကလေးက ကြာစေ့အချို့ကို သွားယူကာ သူတို့နှစ်ယောက် ဝေစုခွဲရင်းဖြင့် အချိန်ကို ကုန်ဆုံးစေခဲ့သည်။
ထိုကြာစေ့များအားလုံး သေးငယ်လှပါသော်လည်း အရေအတွက်မှာ အလွန်များပြားလွန်းလှသည်။ ရက်အနည်းငယ်အတွင်း ပိုင်ရှောင်ချန်းသည် ကြာစေ့ပေါင်း တစ်ထောင်ကျော်ထိ သိမ်းပိုက်ပြီး ဖြစ်သွားပြီ ဖြစ်သည်။
ထို များပြားလှသော ပမာဏကြောင့် ၎င်းတို့၏အရွယ်အစားမှာ ပြဿနာမဟုတ်တော့ပဲ ပိုင်ရှောင်ချန်း၏ ကျင့်ကြံခြင်းအခြေခံက နတ်ဘုရားတစ်ပိုင်း မဟာစက်ဝန်းအဆင့်ထိ ရောက်သွားတော့သည်။
သို့သော် သူသည် သူ၏အဆင့်တက်နိုင်ခဲ့သော အငွေ့အသက်များကို ချုပ်တည်းထားသည်။ ယခုတွင် သူသည် ကောင်းကင်ဧကရာဇ်အဆင့်ကျင့်ကြံသူ တစ်ယောက်ဖြစ်ရန် ခြေလှမ်းတစ်လှမ်း ပို၍ နီးစပ်သွားပြီဖြစ်သည်။ နှစ်အနည်းငယ်အတွင်း သူ၏တာအိုသစ်စေ့ ဖြစ်တည်လာပြီး သူ ဖောက်ထွက်နိုင်လိမ့်မည်ဟုပင် သူကယုံကြည်နေသည်။
ပိုင်ရှောင်ချန်းသည် လိပ်ကလေးက သူ့ထက် ပို၍ အကျိုးဖြစ်ထွန်းနေသည်ကို သိပါသော်လည်း မည်သည့်အတိုင်းအတာထိ အကျိုးအမြတ်များ ရနေကြောင်းကိုမူ အသေအချာမသိပေ။ လိပ်ကလေး၏ မျက်နှာမှာ ဝင်းပလာပြီး သူ၏အခွံမှာလည်းချောမွေ့ကာ ယခင်ထက်များစွာ တောက်ပလာသည့်ပုံစံ ပေါ်နေသည်။ ပိုင်ရှောင်ချန်းမှာ သူသည်ပင် ကြာစေ့ပေါင်းတစ်ထောင်ကျော်ရရှိခဲ့အတွက် လိပ်ကလေးမှာလည်း ကြာစေ့များကို ထောင်ဂဏန်းနှင့်ချီ၍ စားသုံးခဲ့မည်ဖြစ်ကြောင်း တွက်ဆမိလိုက်သည်။
သူသည် ထိုသို့ထပ်ခါထပ်ခါတွေးတောကာ ပို၍စိုးရိမ်စပြုလာတော့သည်။ သူသည် သူတော်စင်ဧကရာဇ်အတွက် စိတ်မကောင်းဖြစ်နေခြင်း မဟုတ်ပဲ သူတို့၏ ကြာစေ့ခိုးသည့် လှုပ်ရှားမှုများအား လူမိသွားမည်ကို စိုးရိမ်နေခြင်းသာ ဖြစ်သည်။
" သတိထားနော်။ အများကြီး မစားပစ်နဲ့ဦး။ တော်ရုံတန်ရုံပဲ ကောင်းတယ် "
လိပ်ကလေးကလည်း ထိုထပ်ခါထပ်ခါ သတိပေးချက်များကို အမြဲတမ်းလိုက်နာပေသည်။
ပိုင်ရှောင်ချန်းမှာ လက်ရှိအခြေအနေနှင့် ပတ်သတ်၍ စိတ်မအေးဖြစ်နေရပါသော်လည်း ယခုတွင်မူ နောက်ပြန်လှည့်ရန် မဖြစ်နိုင်တော့ပေ။ အဆိုးဆုံးမှာ ကြာပန်းစားသောက်ပွဲတော်များ ပြီးဆုံးဖို့ ရက်အနည်းငယ်အလိုတွင် လိပ်ကလေး ပြန်မရောက်လာခဲ့ခြင်းပင်။
ပိုင်ရှောင်ချန်းမှာ ချက်ချင်းပင် သတိကြီးကြီးထားလိုက်တော့သည်။
" မဟုတ်မှလွဲရော သူဖမ်းခံလိုက်ရတာများလား "
လိပ်ကလေးနှင့် ပတ်သတ်၍ ပိုင်ရှောင်ချန်းသိသလောက် ဆိုပါက လျှို့ဝှက်ချက်တစ်ခုကို ထိန်းသိမ်းထားနိုင်လိမ့်မည်ဟု ပိုင်ရှောင်ချန်းက မယုံပေ။ သို့သော်လည်း အံ့အားသင့်ဖွယ်ကောင်းစွာပင် သူတော်စင်ဧကရာဇ် ရောက်မလာခဲ့ပေ။ ရက်အနည်းအကြာ စားသောက်ပွဲတော်များ ကုန်ဆုံးသွားသည့်တိုင်အောင် လိပ်ကလေးက ပြန်မရောက်လာသေးပေ။ ထိုအခါ ပိုင်ရှောင်ချန်းမှာ အလွန့်အလွန် စိုးရိမ်သွားတော့သည်။
သို့သော်လည်း ပိုင်ရှောင်ချန်းထက် ပို၍စိုးရိမ်ထိတ်လန့်နေသည့် လူတစ်ယောက် ရှိသေးပေသည်။ ထိုလူကား သူ၏မြင့်မြတ်သောနယ်မြေအပြင်ဘက်တွင် စောင့်ဆိုင်းနေသော ကောင်းကင်မြို့စားလျှိုပင်ဖြစ်သည်။
" သောက်ကျိုးနည်း … ဘာတွေဖြစ်နေတာတုံးဟ။ ဘာလို့ ပိုင်ရှောင်ချန်းက ငြိမ်ချက်သားကောင်းနေရတာလဲ။ ငါ့သိစိတ်တွေက မလွဲနိုင်ပါဘူး။ သူ့ဆီမှာ လျှို့ဝှည်အကြံအစည်ကြီးတစ်ခု သေချာပေါက် ရှိကိုရှိရမယ် "
သူတို့နှစ်ယောက်မှာ ထိုသို့ စိုးရိမ်တကြီး ထိုင်နေကြစဥ် စားသောက်ပွဲတော်များကို အဆုံးသတ်သည့် အခမ်းအနားများကို ကျင်းပနေပြီဖြစ်သည်။
တော်ဝင်နန်းတော်ထဲမှ ခေါင်းလောင်းသံများ ထွက်ပေါ်လာပြီး မှူးမတ်အားလုံး နောက်ဆုံးအကြိမ်အဖြစ် နန်းတော်ခန်းမထဲတွင် စုဝေးစေလိုက်သည်။ ဤအခမ်းအနားတွင် သူတော်စင်ဧကရာဇ်သည် နောက်ဆုံးအကြိမ်အဖြစ် ကြာစေ့များ ခွဲဝေပေးမည်ဖြစ်ပြီး မြို့သူမြို့သားက ကျေးဇူးတင်စကားပြောကြမည့် အစီအစဥ်လည်းပါဝင်သည်။
လူအများစုဝေးလာချိန်တွင် ပိုင်ရှောင်ချန်းမှာ သူ၏ဘေးပတ်ပတ်လည်ရှိ လူများထက် များစွာပို၍ တိတ်ဆိတ်နေတော့သည်။ သူသည် စိတ်အနှောင့်အယှက်ဖြစ်နေရပြီး သူ၏ပတ်ပတ်လည်ရှိ လူများ၏ အမူအရာများကို စဥ်ဆက်မပြတ် ကြည့်၍ သူ့အား ထူးဆန်းစွာ စိုက်ကြည့်နေသူများ ရှိနေမည်လားဟု အကဲခတ်နေ၏။
နောက်ဆုံးတွင် သူတော်စင်ဧကရာဇ်က အပြင်သို့ထွက်လာပြီး လူတိုင်း၏ရှေ့သို့ ရောက်လာသည်။ သူသည် အနည်းငယ်ခန့် လှည့်ပတ်ကြည့်ရှုလိုက်ပြီးနောက် နွေးထွေးကြင်နာမှုအပြည့်ဖြင့် ပြုံးလိုက်သည်။
" မောင်မင်းတို့ … ငါကိုယ်တော် ကြာစေ့ပေါင်း ရှစ်ရာတိတိကို ဖြန့်ဖြူးပေးပြီးသွားပြီ။ အခု ကောင်းကင်ဘုံအောက်မှာရှိတဲ့ ကျင့်ကြံသူတွေအားလုံး နောက်ဆုံးကျန်တဲ့ ကြာစေ့နှစ်ရာကို ရယူပိုင်ဆိုင်နိုင်မဲ့ အခွင့်အရေးတစ်ခုကို ပေးမယ်။ ဘယ်လိုလဲဆိုတော့... အဲဒီကြာစေ့တွေကို စျေးကွက်ပေါ် တင်ရောင်းမှာပဲ ဖြစ်တယ် "
" ငါတို့ရဲ့ သူတော်စင်ဧကရာဇ်မင်းဆက် ဒီကြာစေ့တွေလို တဖြည်းဖြည်းနဲ့ ကြီးထွားလာပြီး ထာဝတည်ရှိနေနိုင်တဲ့၊ အလှအပများနဲ့ပြည့်စုံတဲ့ ကြာပွင့်တွေအဖြစ် ပြောင်းလဲသွားဖို့က ငါကိုယ်တော်မြတ်ရဲ့ ဆန္ဒပါပဲ "
ထိုမိန့်ခွန်းကြောင့် စုဝေးနေကြသည့် မှူးမတ်များမှာ တရိုတသေလက်ယှက်လိုက်ကြပြီး သံပြိုင် အော်ဟစ်လိုက်ကြသည်။
" သူတော်စင်ဧကရာဇ်မင်းဆက် ထာဝရတည်ရှိနေနိုင်ပါစေ "
ပိုင်ရှောင်ချန်းမှာ အလွန်အမင်း စိုးရိမ်နေပါသော်လည်း အခြားလူများနည်းတူ အော်ဟစ်လိုက်သည်။
မှူးမတ်များ၏ အသံများကိုကြားလိုက်ရသောအခါ သူတော်စင်ဧကရာဇ်၏ အပြုံးမှာ ပို၍ပင်နွေးထွေးသွားတော့သည်။ ထို့နောက် သူသည် လက်ကိုဝှေ့ယမ်း၍ လောကနတ်ဘုရားအဆင့် ကျင့်ကြံခြင်းအခြေခံစွမ်းအားများကို ထုတ်လွှတ်လိုက်သည်။ ချက်ချင်းပင် မြင့်မြတ်သော အငွေ့အသက်တစ်ခု ပေါ်ထွက်လာပြီး အထက်တွင် ဧရာမလက်ကြီးတစ်ဖက် ပေါ်ထွက်လာသည်။ ကောင်းကင်ရေအိုင်ထဲရှိ ရေများမှာ လှိုင်းထသွားပြီး မရေမတွက်နိုင်လောက်အောင် များပြားသော ကြာခွက်များ လေပေါ်သို့ မြင့်တက်လာတော့သည်။
ထိုလက်ကြီးမှာ အောက်သို့ဆင်းသက်လာပြီး ရေအိုင်ပေါ်သို့ဖြတ်၍ ကြာစေ့များကို ဆွတ်ခူးလိုက်သည်။ သို့သော် ယခုအကြိမ် ထိုလက်ကြီး ကြာခွက်များအပေါ်မှ ဖြတ်သွားသည့်အချိန်တွင် ကြာစေ့တစ်စေ့မှ ထွက်မလာပေ။
ကြာခွက်များပွင့်သွားသောအခါ ... ကြာစေ့များရှိနေရမည့် နေရာတွင် အခေါင်းပေါက်များသာ ရှိနေတော့သည်။
ထိုအခါ လက်ကြီးမှာ ရုတ်တရက် ရပ်တန့်သွားသည်။
" .... "
သူတော်စင်ဧကရာဇ်မှာ ဆွံ့အနေပြီး မှူးမတ်အားလုံးမှာလည်း ထိုနည်းတူပင်။ လူများစွာ မျက်လုံးများပြူးသွားကြပြီး နတ်ဘုရားအာရုံ စီးကြောင်း အမြောက်အမြားပေါ်ထွက်လာပြီး ထိုအခြေအနေအား အကဲခတ်လိုက်ကြတော့သည်။
ချိန်စု၊ ဂူထျန်ကျွင်းနှင့် ကောင်းကင်ဧကရာဇ်စာပေသမားတို့အားလုံးမှာလည်း ကြက်သေသေနေကြသည်။
ပိုင်ရှောင်ချန်းမှာလည်း ရင်တဒိန်းဒိန်းခုန်နေလျက် သူ၏နတ်ဘုရားအာရုံကို စေလွှတ်လိုက်သည်။ အခေါင်းပေါက်ဖြစ်နေသော ကြာခွက်ပေါင်းများစွာကို မြင်လိုက်ရသောအခါ သူသည် ချက်ချင်းပင် အံ့အားသင့်သွားသည့်အလား ဟန်ဆောင်လိုက်သည်။
သူတော်စင်ဧကရာဇ်၏ အမူအရာမှာ တဖြည်းဖြည်း အလွန်တင်းမာလာတော့သည်။ သူသည် လက်ကိုနောက်ထပ်တစ်ကြိမ် ဝှေ့ယမ်းလိုက်သဖြင့် ကြာခွက်များမှာ ရေပြင်ပေါ်သို့ ထပ်၍မြင့်တက်လာပြီး ပွင့်ထွက်သွားကြပြန်သည်။
သို့သော်လည်း အခေါင်းပေါက်များမှလွဲ၍ မည်သည့်ကြာစေ့ကိုမှ မမြင်ရပြန်ပေ။ မှူးမတ်များအားလုံး ပင့်သက်ရှိုက်သွားကြပြီး တခဏအကြာတွင် ဆူဆူညံညံ ဖြစ်ကုန်ကြသည်။
" ဒါ...ဒါ... "
" ကြာစေ့တွေက ဘယ်မှာတုံးဟ "
" ဒါဘယ်လို ဖြစ်နေတာလဲ။ ဘာလို့ကြာစေ့တွေ လုံးဝမရှိရတာလဲ "
ရုတ်တရက် ပိုင်ရှောင်ချန်း၏ အလွန်ကျယ်လောင်ကာ ချဲ့ကားပြောဆိုလိုက်သည့် စကားသံများ ထွက်လာတော့သည်။
" ဘုရားရေ … ဒါဘယ်လိုလုပ်ဘဖြစ်နိုင်မှာလဲ။ မဟုတ်မှလွဲရော ကောင်းကင်နဂါးတူငါးတွေက ကြာစေ့တွေအကုန်လုံးကို စားပစ်တာများလား "
တအံ့တသြ အော်ဟစ်နေကြသည့် အသံများအကြားတွင် သူတော်စင်ဧကရာဇ်၏မျက်နှာထား တဖြည်းဖြည်း ပို၍တင်းမာလာတော့သည်။ ထို့နောက် သူသည် မန္တန်လက်ကွက်တစ်ခုကိုဖော်လိုက်ပြီး ကောင်းကင်ရေအိုင်ဘက်သို့ သူ၏လက်ချောင်းကို ဝှေ့ယမ်း၍ နတ်ဘုရားအာရုံစီးကြောင်းတစ်ကြောင်းအား ရေထဲသို့ စေလွှတ်လိုက်သည်။ ထိုအခါ ရေများပွက်လာကာ ရေအိုင်ထဲရှိ ကြာခွက်များအားလုံး ရေမျက်နှာပြင်ပေါ်သို့ မြင့်တက်လာကြပြီး ကောင်းကင်ကြီးမှာ မှေးမှိန်သွားသလို လေပြင်းကြီးတစ်ချက်လည်း တိုက်ခတ်သွားတော့သည်။
ကြာခွက်များမှာ မှည့်နေပြီဖြစ်စေ၊ မမှည့်သေးသည်ဖြစ်စေ အရေးမပါတော့ပေ။ ကြာခွက်ပေါင်း တစ်သောင်းကျော်အားလုံး မြင့်တက်လာကြပြီး ပွင့်ထွက်သွားကြသည်။ ထိုရလဒ်ကို မြင်လိုက်ရသည့် လူအုပ်ကြီး ဆွံ့အသွားကြတော့သည်။
ကြာခွက်အားလုံးနီးပါး ဟောင်းလောင်းပေါက်ကြီးဖြစ်နေကြသည်ကို မြင်လိုက်ရသဖြင့် လူတိုင်း ရိုးတွင်ချဥ်ဆီထဲအထိ တုန်လှုပ်ခြောက်ခြားသွားတော့သည်။
ထိုမျှလောက်သာဆိုပါက ကိစ္စမရှိပေ။ သို့သော် သူတော်စင်ဧကရာဇ်၊ ကောင်းကင်ဧကရာဇ်အဆင့် ကျင့်ကြံသူသုံးယောက်၊ နတ်ဘုရားတစ်ပိုင်းအဆင့် ကျင့်ကြံသူအားလုံးနှင့် နတ်အဆင့်ကျင်ကြံသူများပင် ... ကြာခွက်တစ်ခွက်ပေါ်တွင် လက်သီးဆုပ်အရွယ်ရှိသော ကြာစေ့ကြီးတစ်စေ့ကို ထိုင်စားနေသည့် လိပ်ကလေးတစ်ကောင်ကို မြင်လိုက်ရသည်။
ပိုင်ရှောင်ချန်းမှာ ထိုလိပ်ကလေးကိုမြင်လိုက်သောအခါ မျက်လုံးများပြူးသွားပြီး နှလုံးခုန်နှုန်းများ ပိုမိုမြန်ဆန်လာတော့သည်။ လိပ်ကလေးက ကြာစေ့ပေါင်း ထောင်ဂဏန်းအနည်းငယ်မျှလောက်သာ စားသုံးခဲ့မည်ဟု သူ တွက်ထားခဲ့ခြင်းဖြစ်သည်။ ဤမျှလောက် အများကြီး စားပစ်ခဲ့လိမ့်မည်ဟု သူ လုံးဝမထင်ထားမိပေ။
" သောက်ကျိုးနည်း … အဲဒါ ဘယ်လိုလိပ်တုံး။ ဘယ်လိုသတ္တိနဲ့များ သူတော်စင်ဧကရာဇ်ရဲ့ အင်မော်တယ်ကြာစေ့တွေကို တိတ်တိတ်လေး ခိုးစားရဲရတာလဲ "
" အခေါင်းပေါက်ဖြစ်နေတဲ့ ကြာခွက်အရေအတွက်ကို ကြည့်လိုက်ဦး။ သူ ကြာစေ့ပေါင်း သောင်းဂဏန်းလောက်ကို စားခဲ့တာ သေချာတယ် "
" အဲဒီကောင်ကို လိပ်စွပ်ပြုတ် လုပ်သောက်ပစ်ကွာ "