← Chapters

ပိုင်ရှောင်ချန်းက ကျုပ်ကို လုပ်ခိုင်းတာပါ

Vol. 11 Ch. 1070

ပိုင်ရှောင်ချန်းက ကျုပ်ကို လုပ်ခိုင်းတာပါ

Vol. 11 Ch. 1070

လူအုပ်ကြီး၏အော်ဟစ်သံများထဲက အမျက်ဒေါသများမှာ ပေါ်လွင်ထင်ရှားနေပြီး သူတော်စင်ဧကရာဇ်၏မျက်နှာအမူအရာမှာ တင်းမာသထက် တင်းမာလာတော့သည်။ ရုတ်တရက် သူက ညာလက်ဖြင့် ဆတ်ခနဲလှမ်းလိုက်၏။ လိပ်ကလေးသည် မယုံနိုင်စရာကောင်းလောက်အောင် မြန်ဆန်ပြီး များသောအားဖြင့် ခြေရာလက်ရာပင်မကျန်အောင် ပျောက်ကွယ်သွားနိုင်ပါသော်လည်း ယခု သူက သူတော်စင်ဧကရာဇ်အတွက် ပြိုင်ဘက်မဟုတ်ပေ။

လိပ်ကလေးက တည်နေရာရွှေ့ပြောင်းရန် ပြင်လိုက်ချိန်မှာပင် မှော်ချုပ်နှောင်ခြင်းတစ်ခု သူ၏ပတ်ပတ်လည်နေရာတွင် ကျရောက်လာ၏။ သူက ရုန်းကန်သော်လည်း အချည်းနှီးပင်။ တခဏကြာပြီးနောက် စွမ်းအားကြီးသောအားတစ်ခုက သူ့ကိုဖမ်းဆွဲပြီး အင်ပါယာနန်းတော်ထဲသို့ အလင်းတန်းတစ်တန်းအသွင်ဖြင့် ပစ်လွှတ်လိုက်ရာ သူတော်စင်ဧကရာဇ်၏ ဖြန့်ထားသောလက်အတွင်းသို့ တန်းတန်းမတ်မတ် ရောက်ရှိသွားတော့သည်။

လိပ်ကလေးမှာ သိသိသာသာ ကြောက်လန့်သွားပြီး ခြေလေးချောင်းလုံးဖြင့် ယက်ကန်ယက်ကန် ပြန်လည်တိုက်ခိုက်သော်လည်း ဘာမှမထူးပေ။ သူက ကြောက်ခမန်းလိလိ ပုဂ္ဂိုလ်တစ်ဦး၏ အဖမ်းခံရပြီဖြစ်ကြောင်း သလောပေါက်လိုက်သည်နှင့်တစ်ပြိုင်နက် စူးစူးဝါးဝါးအော်ဟစ်တော့သည်။

" ကျုပ် အတင်းအကြပ်အခိုင်းခံရတာပါ။ အဲ့ ပိုင်ရှောင်ချန်းကြောင့်ပါ။ ပိုင်ရှောင်ချန်းက ကျုပ်ကို လုပ်ခိုင်းတာ။ သူက ဒီကိစ္စတစ်ခုလုံးရဲ့ ကြိုးကိုင်နေတဲ့သူပါ။ ခင်ဗျားတို့ သိမှာမဟုတ်ဘူး။ သူက ခြေထောက်ပေါက်နေတဲ့ ကပ်ဘေးကြီးပါ။ သူက ကျုပ်ကို ပဒုမ္မာကြာစေ့တွေ အတင်းအဓမ္မခိုးခိုင်းတာ။ ကျုပ်က အပြစ်ကင်းပါတယ်ဗျာ "

ဒေါသူပုန်ထနေသော လူအုပ်ကြီးအတွင်းရှိ ကျင့်ကြံသူများသည် လိပ်ကလေး၏စကားလုံးများကို ကြားသောအခါ ပိုင်ရှောင်ချန်းထံ ဖြည်းညင်းစွာ လှည့်ကြည့်လိုက်ကြသည်။

လူအများကြီး စိုက်ကြည့်ခံနေရသဖြင့် ပိုင်ရှောင်ချန်းမှာ ဇောချွေးများပြန်လာတော့သည်။ လိပ်ကလေးက ယုံစား၍ရသော လူစားမျိုးမဟုတ်သည့် ကလိမ်ကကျစ်လိပ်တစ်ကောင်ဖြစ်ကြောင်း သိထားသော်လည်း သူ့ကို ချက်ချင်း သစ္စာဖောက်လိမ့်မည်ဟူ၍ သူ ဘယ်တုန်းကမှ မတွေးခဲ့ဖူးပေ။

ပို၍ဆိုးသည်မှာ လိပ်ကလေးသည် ပဒုမ္မာကြာစေ့တစ်သောင်းခန့်ကို ကိုယ်တိုင်ကိုယ်ကျယူခဲ့ပြီး ပိုင်ရှောင်ချန်းကို တစ်ထောင်သာ ပေးခဲ့လေသည်။ စိတ်ထဲတွင် ပိုင်ရှောင်ချန်းမှာ မိုးမွှန်အောင် ကျိန်ဆဲနေသော်လည်း အပြင်ပန်းတွင် အလန့်တကြားဖြစ်သွား ဟန်ဆောင်လိုက်သည်။ ထို့နောက် သူက ထရပ်ပြီး လိပ်ကလေးကို စွပ်စွပ်စွဲစွဲ လက်ညှိုးငေါက်ငေါက်ထိုးလိုက်သည်။

" မင်းက ဘယ်သူလဲ။ ဘာလို့ငါ့နာမည်ကို သိနေတာတုန်း။ အရှင်မင်းမြတ် ဒါဟာ လျှို့ဝှက်ကြံစည်မှုတစ်ခုပါ။ တစ်ယောက်ယောက်တော့ ကျုပ်ကို သေချာပေါက် ချောက်ချနေပြီ "

သူ၏လေသံထဲတွင် ကိန်းအောင်းနေသော ဒေါသများအရ သူသည် မတရားစွပ်စွဲခံနေရ၍ သိသာစွာ ဒေါသူပုန်ထနေဟန်တူသည်။

ကောင်းကင်နဂါးတူငါးများ ကိစ္စကြောင့်သာ မဟုတ်လျှင် ဘေးပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများမှာ ယုံကြပေဦးမည်။ သို့သော် ယခုတွင် အနှီလိပ်ကလေးက ပိုင်ရှောင်ချန်းနှင့်အတူ ပူးပေါင်းလုပ်ဆောင်နေသည်မှာ သိသာလှသည်။

လိပ်ကလေးက ပိုင်ရှောင်ချန်းကို စွပ်စွဲနေချိန် ပိုင်ရှောင်ချန်းက လိပ်ကလေးကို စွပ်စွဲနေသည်။ သိသာထင်ရှားစွာပင် သူတို့ကား အစေ့သူခိုးများဖြစ်ပြီး ယခုတွင် လက်ပူးလက်ကြပ် အဖမ်းခံလိုက်ရလေပြီ။

ပို၍ဆိုးဝါးသွားသည်မှာ သူတော်စင်ဧကရာဇ်က သာမန်လူအများထံ လေလံပွဲတွင် ရောင်းချရန် ပဒုမ္မာကြာစေ့ နှစ်ရာကို ခူးအံ့ဆဲဆဲအခြေအနေမှာ ြဖစ်ပျက်ခဲ့ခြင်းပင်။ သူတော်စင်ဧကရာဇ်ကိုယ်တိုင် လေလံပွဲများမှ အကျိုးအမြတ်ရမည်မဟုတ်သော်လည်း လာရောက်သည့် မှူးမတ်အများစုမှာ ရကြမည်ဖြစ်သည်။

ပဒုမ္မာကြာစေ့နှင့် လေလံပွဲများအတွင်း ဆက်စပ်နေသော ပါဝင်သမျှလူတိုင်း အမြတ်ရစေသည့် အကြောင်းရင်းများ မရေမတွက်နိုင်အောင် ရှိသည်။ သို့သော် ယခုတွင် ... သေချာပေါက် မည်သည့်လေလံပွဲမှ ရှိတော့မည်မဟုတ်ပေ။ ပဒုမ္မာကြာစေ့များ၏ ခုနစ်ဆယ်ရာခိုင်နှုန်းမရှိတော့သဖြင့် သူတော်စင်ဧကရာဇ်က ထပ်မံခူးဆွတ်တော့မည် မဟုတ်ကြောင်း သိသာလေသည်။ ကြာခွက်များမှာ အလွန်ပြင်းပြင်းထန်ထန်ထိခိုက်ထားသောကြောင့် ပဒုမ္မာကြာစားသောက်ပွဲကြီး ထပ်မံမကျင်းပခင် အချိန်ကြာရှည်ဦးမည်ဖြစ်၏။

ထိုသည်ကို သဘောပေါက်မိခြင်းေကြာင့် ကောင်းကင်ဧကရာဇ်များ၏ ရင်ထဲတွင် ဒေါသများ ဆူပွက်လာတော့သည်။ သူတို့ကဲ့သို့ အရေးပါသောမျိုးနွယ်စုများမှာ လည်ပတ်မှူကုန်ကျစရိတ်ကြီးပြီး ယခုတွင် အလွန်အရေးကြီးသော ငွေဝင်ပေါက်တစ်ပေါက် ဆုံးရှုံးတော့မည်ဖြစ်သည်။

" ဘယ်လောက်တောင် မျက်နှာပြောင်ပြီး ရမ်းကားလိုက်လဲ ပိုင်ရှောင်ချန်း။ မင်း ဘယ်လိုတောင် အင်မော်တယ်ကြာစေ့တွေကို ခိုးယူရဲတာတုန်းကွ"

" သူတော်စင်ဧကရာဇ်ခင်ဗျား ပိုင်ရှောင်ချန်းကို ကွပ်မျက်ဖို့ ကျုပ် တရားဝင်အဆိုပြုချက် တင်သွင်းချင်ပါတယ်"

" အရှင်မင်းမြတ် ကျုပ်လဲ အဆိုပြုချက်တင်သွင်းချင်ပါတယ်။ ဒီ ပိုင်ရှောင်ချန်းကို ချက်ချင်း အပြစ်ပေးပါ "

အင်ပါယာနန်းတော်မှာ ချက်ချင်းပင် သတ်ဖြတ်လိုစိတ်များ အရပ်မျက်နှာတစ်ခွင် ပျံ့နှံ့နေလျက် ပျားအုံကဲ့သို့ အုတ်အုတ်ကျက်ကျက်ဖြစ်လာတော့သည်။ အမှန်တကယ်ဆိုရလျှင် သူတို့မှာ အင်ပါယာနန်းတော်အတွင်းရောက်နေခြင်းကြောင့်သာ မဟုတ်ပါက ရှိရှိသမျှ ကျင့်ကြံသူအများစုသည် ပိုင်ရှောင်ချန်းအား တိုက်ခိုက်နေပြီးဖြစ်ပေမည်။

ပိုင်ရှောင်ချန်းမှာ ချွေးများ ဘူးသီးလုံးပမာ တပြိုက်ပြိုက်ကျနေပြီး လူအများပြောသံများကြောင့် မရေမတွက်နိုင်အောင် ပင့်သက်ရှိုက်နေမိတော့သည်။ သူသည် ကြောက်ကြောက်လန့်လန့်ဖြင့် ဦးရေပြားစပ်ဖျဥ်းနေကာ ပါးစပ်ဟ၍ စကားပြောရန်ပြင်လိုက်ချိန်မှာပင် လိပ်ကလေးက သူ့ကို ယခုလေးတင် အဓိပ္ပါယ်ပါပါ မျက်စိတစ်ဖက်မှိတ်ပြခဲ့သည်ကို ရုတ်တရက် သတိပြုမိလိုက်၏။

" မြင့်မြတ်သော အမျိုးသမီးများနဲ့ လူကြီးမင်းအပေါင်းတို့ …. ကျုပ် လုပ်ခဲ့သမျှအားလုံးက ပိုင်ရှောင်ချန်းရဲ့ အမိန့်တွေပါ။ သူက ကျုပ်သခင်ဖြစ်လို့ ကျုပ်မှာ သူ့အမိန့်တွေကို နာခံဖို့ကလွဲပြီး ရွေးစရာမရှိခဲ့ပါဘူး "

ပိုင်ရှောင်ချန်းက ဒေါသတကြီး စိန်းစိန်းဝါးဝါးကြည့်နေသော်လည်း စိတ်ထဲတွင် အမှန်တကယ်ပင် အတန်ငယ် သိချင်နေသည်။ လိပ်ကလေးနှင့် နှစ်ပေါင်းများစွာ ရင်ဆိုင်တွေ့ကြုံခဲ့ရပြီးနောက် သူ့အကြောင်းကို နောကျေနေခဲ့ပြီးဖြစ်၍ အစောပိုင်းက သူ မျက်စိမှိတ်ပြခဲ့သည်နှင့်ပတ်သက်၍ တစ်ခုခု မူမမှန်ကြောင်း ပြောနိုင်သည်။

ထို့ပြင် လိပ်ကလေးက သူ့ကို ချက်ချင်းပင် ကျယ်လောင်စွာ လူသိထင်ရှား စွပ်စွဲခဲ့သည့်အချက်က သူ တစ်ခုခုကို ကြံစည်နေကြောင်း ညွှန်ပြရန် ဖြစ်ဟန်တူ၏။

နေရာတစ်ခုလုံး ဆူညံပွက်လောရိုက်နေတော့သည်။ မရေမတွက်နိုင်သော ကျင့်ကြံသူများက သူတော်စင်ဧကရာဇ်ထံ တောင်းဆိုချက်များ တင်သွင်းနေကြကာ လိပ်ကလေးက အဆုတ်ကွဲမတတ်အော်ဟစ်နေပြီး ပိုင်ရှောင်ချန်းသည်လည်း ပြန်လည်အော်ဟစ်နေကာ မြင်ကွင်းတစ်ခုလုံး ဝရုန်းသုန်းကား ဖြစ်နေသာ အရူးထောင်ကြီးပမာ ဖြစ်နေတော့သည်။

ထိုအခိုက်အတန့်တွင် ဂူထျန်ကျွင်းက ရေထဲသမျှအေးစက်သော အသံဖြင့် ရုတ်တရက် ထပြော၏။ ပိုင်ရှောင်ချန်းကို စူးစိုက်ကြည့်နေသော သူ၏မျက်လုံးများအတွင်းရှိ သတ်ဖြတ်လိုစိတ်များမှာ သိသာပေါ်လွင်နေပြီး သူက ပြော၏။

" သူတော်စင်ဧကရာဇ်ခင်ဗျား ဒီပိုင်ရှောင်ချန်းက သေချာပေါက် သေချင်နေတာ ဖြစ်ရမယ်။ သူက အင်မတန် အံ့သြတုန်လှုပ်စရာကောင်းတဲ့ မြို့တော်ရာဇဝတ်မှုတစ်ခုကို ကျူးလွန်ပြီးပြီ။ ပြီးတော့ သူ့မိတ်ဆွေသရဲကြီးလဲ ကြံစည်တဲ့အထဲပါတယ်ဆိုတာ ကျုပ်လောင်းရဲတယ်။ သူ့ကိုလဲ သတ်သင့်ပါတယ် "

လူအုပ်ကြီးထဲတွင် မျက်လုံးများ တဖျပ်ဖျပ်တောက်ပနေသော ကောင်းကင်မြို့စားလျှိုလည်းရှိ၏။ သူသည် ပိုင်ရှောင်ချန်းကို မျက်စိဒေါက်ထောက်ကြည့်ရန် တာဝန်ပေးခံရကတည်းက အပြစ်ရှိကြောင်း သက်သေအထောက်အထားတစ်ခုကိုမှ မရှာနိူင်ခဲ့ပေ။ သူ မည်မျှကြိုးစားစေကာမူ မည်သည့်သဲလွန်စမှ တစ်ခါလေးပင် ထွက်မလာခဲ့ပေ။ သို့သော် ယခုတွင် လိပ်ကလေးကို မိသွားပြီဖြစ်၍ အရာအားလုံး ကျိုးကြောင်းဆီလျော်သွားလေပြီ။

ကောင်းကင်မြို့စားလျှိုက လုအုပ်ထဲရှိလူတိုင်း၏ ဆဲရေးတိုင်းထွာခံနေရသော ပိုင်ရှောင်ချန်းကို စိတ်လှုပ်ရှားစွာ မကြည့်မိဘဲ မနေနိုင်ပေ။

" အာ ဘယ်လောက် ရင်းနှီးလိုက်တဲ့ မြင်ကွင်းတစ်ခုလဲ"

သူက တုန်ရီနေလျက် စိတ်လှုပ်ရှားစွာ တွေးလိုက်သည်။

" ဗဟိုဧကရာဇ်နိူင်ငံတော်က မဟာကောင်းကင်းသခင်ခန်းမမှာ ဖြစ်ခဲ့တဲ့အတိုင်းပဲ။ အဲဒါက ငါပထမဆုံး ပိုင်ရှောင်ချန်းကို ရှုံးတဲ့အချိန်ဆိုလဲ ဟုတ်တယ် “

" ကောင်းကင်ဘုံက တကယ်မျက်စိရှိတာပဲ။ အဲဒီတုန်းက အတိုင်း ဒီနေ့ ဖြစ်နေပြီ။ ဒါပေမဲ ဒီတစ်ခေါက်တော့ ငါ သူ့ကို သေချာပေါက် ရှူံးမှာမဟုတ်ဘူး "

ထို့နောက် သူက ခေါင်းနောက်လှန်၍ အရူးသဖွယ် အော်ဟစ်ရယ်မောလိုက်သည်။

သူက လူအုပ်ကြီးထဲမှ အပြင်ကို လျှောက်ထွက်ကာ ကျန်ရှိသော လူအုပ်ကြီးကို လျစ်လျူရှု၍ လိပ်ကို တခဏတာ စိုက်ကြည့်လေသည်။ ထို့နောက် သူက သူတော်စင်ဧကရာဇ်ကို လက်ယှက်ပြီး လေးလေးနက်နက် ဦးညွှတ်အရိုအသေပေးလိုက်သည်။

ဤအခိုက်အတန့်တွင် ကောင်းကင်မြို့စားလျှိုသည် သက်ရှိအားလုံးနှင့် တစ်သားတည်းအလား ခံစားလိုက်ရ၏။ သူက အသံကိုမြှင့်၍ ကျယ်လောင်စွာ ပြောသည်။

" အရှင်မင်းမြတ် ဒီပိုင်ရှောင်ချန်း ကျူးလွန်ခဲ့တဲ့ ပြစ်မှု ငါးရာကို စုထားပြီးဖြစ်လို့ ဒီနေ့အခွင့်အရေးကို ယူပြီး လူသိထင်ရှား စာရင်းရွတ်ပြချင်ပါတယ်။ ပထမဆုံးက ပြစ်... "

သို့သော် သူ ပထမဆုံးပြစ်မှုကိုပင် မထုတ်ဖော်နိုင်မီ လိပ်ကလေးကို ကိုင်ရင်း လူအုပ်ကြီးအရှေ့တွင် ရပ်နေသော သူတော်စင်ဧကရာဇ်က ခေါင်းနောက်လှန်၍ အားပါးတရ ရယ်မောလေသည်။

သူ၏ပြတ်သားထင်ရှားသော ရယ်သံက သူတော်စင်ဧကရာဇ်မြို့တစ်မြို့လုံးကို ပြည့်နှက်သွားရာ ကောင်းကင်နှင့်မြေကြီးအား ပြင်းပြင်ထန်ထန် တုန်ခါသွားစေတော့သည်။ ကောင်းကင်မြို့စားလျှိုမှာ ကြားဖြတ်ခံရလိုက်ပြီး စုဝေးနေကြသောမှူးမတ်များ၏ ဒေါသများ ရုတ်တရက် ဖိနှိပ်ခံလိုက်ရသည်။

" ကောင်းတယ်၊ တော်တယ်၊ ထူးခြားတယ် "

သူတော်စင်ဧကရာဇ်က ပျော်ရွှင်ဝမ်းမြောက်မှုများ လွှမ်းခြုံနေသော မျက်နှာဖြင့် လိပ်ကလေးကို ကြည့်၍ အတန်ကြာ ရယ်မောလိုက်ပြန်သည်။

သူက လောကနတ်ဘုရားတစ်ပါးဖြစ်၍ ယခုကဲ့သို့ စိတ်လှုပ်ရှားနေသောအသွင်ဖြင့် ပြုမူနေခြင်းအား မြင်ရလေ့မရှိပေ။ လူတိုင်း တုန်လှုပ်သွားပြီး ကောင်းကင်ဧကရာဇ်သုံးပါးမှလွဲ၍ မည်သူမှ ဖြစ်ပျက်နေသည်များအား မသိတော့ပေ။ ကောင်းကင်ဧကရာဇ်သုံးပါးက လိပ်ကလေးကို ကြည့်လိုက်စဥ် မျက်လုံးများ ဖျတ်ခနဲ လက်သွားပြီး တခဏကြာသော် အံအားသင့်သွားသော အရိပ်အယောင်များ သူတို့မျက်နှာများအပေါ်တွင် အထင်းသား ပေါ်လွင်လာသည်။

" ထာဝရလိပ် "

သူတော်စင်ဧကရာဇ်က အတန်ငယ်အဖျားခတ်သွားသောလေသံဖြင့် ပြော၏။

" ထာဝရလိပ်။ ဒါက ထာဝရလိပ်ပဲ။ ဒဏ္ဍာရီလာ တစ်ကောင်ပဲရှိတဲ့ ထာဝရပန်းရဲ့ ထူးဆန်းတဲ့အဖော်ဝိညာဥ် … "

" သူတော်စင်ဧကရာဇ်မြို့မှာ ထာဝရလိပ်တစ်ကောင်ရှိရတာ ကောင်းတဲ့နိမိတ်တစ်ခုပေပဲ။ ဒါက သူတော်စင်ဧကရာဇ်နိုင်ငံတော်ဟာ ထာဝရနယ်မြေထဲမှာ နှစ်ပဋိစ္ဆေဒကြာမြင့်စွာ ထာဝစဥ်တည်တံ့နေမယ့် စစ်မှန်ရိုးသားတဲ့ အင်အားစုဖြစ်တယ်ဆိုတာ ပြသနေတာပဲ "

ပိုင်ရှောင်ချန်းမှာ မှင်သက်သွား၏။ သချိုင်းစောင့်ကြီးက ပိုင်ရှောင်ချန်းကို ကူညီရန် လိပ်ကလေးဆီမှ သွေးထုတ်ယူခဲ့တုန်းက ထာဝရလိပ်အကြောင်းနှင့်ပတ်သက်သည့် တစ်ခုခုကို ကြားခဲ့သော်လည်း သူ အသိစိတ်ကင်းမဲ့နေခဲ့၍ ထိုအကြောင်း တစ်ခါမှ မတွေးခဲ့မိပေ။

နောက်ဆုံးတွင် သူတော်စင်ဧကရာဇ်က အင်္ကျီလက်စကို ခါယမ်းပြီး ကြေညာချက်တစ်ခု ထုတ်ပြန်လိုက်သည်။

" ထာဝရလိပ်ကို သူတော်စင်ဧကရာဇ်နိုင်ငံတော်ရဲ့ သူတော်စင်လိပ်လို့ ခေါ်တွင်စေ။ အခုကစပြီး ဒီလိပ်က ငါတို့နိုင်ငံရဲ့ သင်္ကတဖြစ်ပြီး သူ ဘယ်နေရာသွားသွား ငါ့ကို ကိုယ်စားပြုတယ်။ ဒီလိပ်ကို လက်ဆောင်အဖြစ်ပေးအပ်တဲ့အတွက် ပိုင်ရှောင်ချန်းက ခုနစ်ရောင်ခြယ်ခါးပတ်နဲ့ အင်မော်တယ်ဆေးလုံးဆယ်လုံး ချီးမြှင့်ခံရမယ် "

စုဝေးနေကြသော ကျင့်ကြံသူများထဲမှ ပင့်သက်ရှိုက်သံများ ကြားလိုက်ရပြီး သူတို့က ပိုင်ရှောင်ချန်းကို လှမ်းကြည့်လိုက်ကြလေသည်။

All Chapters