← Chapters

ကြာမြစ်

Vol. 11 Ch. 1071

ကြာမြစ်

Vol. 11 Ch. 1071

ပဒုမ္မာကြာစေ့ တနင့်တပိုး ခိုးစားခဲ့သော လိပ်ကလေးမှာ သူတော်စင်ဧကရာဇ်နိုင်ငံတော်၏ သူတော်စင်လိပ်အဖြစ် ခန့်အပ်ခံရလိမ့်မည်ဟု မည်သူမှ မခန့်မှန်းခဲ့ဖူးပေ။ ၄င်းမှာ ရယ်စရာကောင်းသော်လည်း ကြာစေ့ပြဿနာကို သေချာပေါက် ဖြေရှင်းလိုက်နိုင်သည်။

ပိုင်ရှောင်ချန်းကို ပေးအပ်ခဲ့သော ဆုလာဘ်များအရ ထိုကိစ္စသည် အတိတ်ကဖြစ်ရပ်များသာ ဖြစ်နေပြီ ဖြစ်ကြောင်း သေချာသွားစေတော့သည်။ သူတော်စင်ဧကရာဇ်က ဝမ်းမြောက်ဝမ်းသာ ထွက်ခွာသွားသည်ကို ကြည့်၍ လူတိုင်း နှုတ်ဆိတ်နေကြတော့သည်။ သို့သော် ယခင် မတော်တဆမှုများနှင့်မတူဘဲ မှူးမတ်များသည် ခံပြင်းဒေါသများအား မဖုံးကွယ်ဘဲ ပိုင်ရှောင်ချန်းအား စိန်းစိန်းဝါးဝါး စိုက်ကြည့်နေကြလေသည်။

သူတော်စင်ဧကရာဇ်မှာ တကယ်တမ်းဆိုရပါက အနှီမတော်တဆမှု၌ ဘာတစ်ခုမှ မဆုံးရှုံးခဲ့သည် မဟုတ်ပါလော။ သူတို့သာ ဆုံးရှုံးရလေသည်...

ပိုင်ရှောင်ချန်းမှာ လူတကာနည်းတူ အလှည့်အပြောင်းဖြစ်ရပ်ကြီးကြောင့် အံ့သြမှင်သက်နေတော့သည်။ သို့သော် သူ စေ့စေ့စပ်စပ် တွေးကြည့်ပြီးနောက် လိပ်ကလေးက အစကတည်းက ထိုသို့ကြံစည်ခဲ့မည်ဖြစ်ကြောင်း သဘောပေါက်လိုက်၏။ လိပ်ကလေးက သူတော်စင်ဧကရာဇ်ကိုယ်တိုင် သူ့ကို မြင်ပါက ချက်ချင်းသတိပြုမိလိမ့်မည်ဟူ၍ သိထားပေသည်။

ထိုကြောင့် သူက ကြာစေ့များကို မျက်နှာပြောင်တိုက်၍ စားရဲခြင်းဖြစ်ပြီး ပိုင်ရှောင်ချန်းနှင့် သူ၏ပတ်သက်မှုကို ပေါ်တင်ကြေညာခဲ့ခြင်းလည်း ဖြစ်သည်။

သူ လုံးလုံးမသေချာသည့် အကြောင်းအရာအချို့ရှိသေးသော်လည်း အဆုံးသတ်တွင် ယခု မတော်တဆမှုမှာ ပြီးဆုံးသွားပြီဖြစ်၍ အမှန်တကယ် အရေးမပါတော့ပေ။

သူက ချောင်းဟန့်ကာ မှူးမတ်များကို ဝေ့ဝိုက်ကြည့်လိုက်ပြီး ရင်ကိုကော့၍ နောက်ဆုံးတွင် နန်းတော်ထဲမှ လမ်းလျှောက်ထွက်သွားတော့သည်။

ကျင့်ကြံသူများ၏မျက်လုံးများတွင် အေးစက်သောအလင်းများဖြင့် တဖျပ်ဖျပ်လက်လျက် သူထွက်သွားသည်ကို စောင့်ကြည့်နေကြ၏။ ဤအချိန်တွင် လူအများစု နဖူးတွေ့ဒူးတွေ့ကြုံလိုက်ရလေပြီ ... မကြာသေးခင်က သူတို့မှာ ပိုင်ရှောင်ချန်းအပြစ်ပေးခံရစေရန် နည်းလမ်းများစွာ ကြံစည်နိုင်လောက်ခဲ့သော်လည်း ယခုတွင် ပြောင်းလဲသွားခဲ့ပြီဖြစ်သည်။

လိပ်ကလေးသည် သူတော်စင်လိပ်အဖြစ် ခန့်အပ်ခံခဲ့ရ၍ ပိုင်ရှောင်ချန်းက ယခင်ကထက်ပို၍ အရေးပါသွားပြီဟု ဆိုနိုင်သည်။ ယခုမှစပြီး သူ့အား တစ်ခုတလေ လုပ်နိုင်သည့်လူဟူ၍ သူတော်စင်ဧကရာဇ်မြို့တော်တွင် မရှိတော့ပေ။

သူတော်စင်ဧကရာဇ်မှာ စနိုးစနောင့်ဖြစ်နေသေးသော်လည်း အဖြစ်အပျက်များ ဖြစ်ပွားခဲ့ပုံက ထင်ထင်ရှားရှား သက်သေထူလျက် ရှိနေသည်။

အမှန်မှာ လိပ်ကလေး၏သရုပ်မှန်သာ ဖော်ထုတ်မခံခဲ့ရပါက သူတော်စင်ဧကရာဇ်က ကြာခွက်အလွတ်များကို မြင်သည့်အခိုက်အတန့်တွင် ပိုင်ရှောင်ချန်းအား စိစိညက်ညက် အမှုန့်ခြေပြီးလိမ့်မည်ဖြစ်သည်။

သူတော်စင်ဧကရာဇ်အတွက် သည်းမခံနိုင်သည်ကတော့ အမှန်ပင်။ ယခင်က သူတော်စင်ဧကရာဇ်မြို့တော်တွင် ပိုင်ရှောင်ချန်းကဲ့သို့ မည်သည့်ကျင့်ကြံသူမှ မလုပ်ရဲပေ။ သို့သော် လိပ်ကလေးက အရေးကြီးလွန်းသည်။ အထူးသဖြင့် ထာဝရလိပ်က ကျင့်ကြံသူများအား စိတ်စွမ်းအားကို ပို၍ကောင်းကောင်း ထိန်းချုပ်စေနိုင်သည်ဟု ကောလဟာလထွက်နေခြင်းကြောင့် ဖြစ်၏။ သူတော်စင်ဧကရာဇ်အတွက် ထိုသည်က အရေးပါသည်ထက်ပိုပြီး သူ့ကို လောကနတ်ဘုရားအဆင့်မှ ဖောက်ထွက်ရန် လိုအပ်သည့်အခြေအနေကို ပေးစွမ်းနိုင်လေသည်။

ထိုအကြောင်းလေးတွေးလိုက်ရုံနှင့် သူ့နှလုံးသားအား ပျော်ရွှင်မှုများဖြင့် တဒိန်းဒိန်းခုန်လာစေတော့သည်။

လိပ်ကလေးသည် စကားလုံးများကို အလွန်ပါးနပ်စွာ ပြောသွားခဲ့လေသည်။ အချို့လူများက စစချင်း စကားအကျအနကောက်မိလောက်မည် မဟုတ်သော်လည်း သူတော်စင်ဧကရာဇ်သည် သွယ်ဝိုက်သောအားဖြင့် ပါဝင်နေသူများအား ချက်ချင်း သဘောပေါက်နားလည်ခဲ့၏။

ထာဝရလိပ်ကား ပိုင်ရှောင်ချန်းနှင့် သက်ဆိုင်သည်။

ထာဝရလိပ်သည် သခင်တစ်ဦးနှင့် တစ်ကြိမ် နှောင်ဖွဲ့ပြီးသည်နှင့် ပြောင်းလဲ၍မရပေ။ ပိုင်ရှောင်ချန်းကို သတ်ခြင်းကပင် အကြောင်းထူးမည်မဟုတ်သည့်အပြင် အမှန်တကယ်ဆိုရပါက လိပ်ကလေးကို ဒေါသထွက်သွားစေမည်ဖြစ်သည်။

ထာဝရလိပ်ကို သူတော်စင်ဧကရာဇ်မြို့တော်တွင် လိုလိုချင်ချင်နေစေရန် တစ်ခုတည်းသောနည်းလမ်းမှာ ... ပိုင်ရှောင်ချန်း၏ ခွင့်ပြုမှုရရန် ဖြစ်သည်။

သူတော်စင်ဧကရာဇ်သည် လူတိုင်းတွင် တစ်နည်းနည်းဖြင့်တန်ဖိုးရှိကြောင်း သိ၏။ ကောင်းကင်ဧကရာဇ်များဖြစ်စေ၊ နတ်ဘုရားတစ်ပိုင်းများဖြစ်စေ အတူတူပင်။ ပိုင်ရှောင်ချန်းသည် သူ၏ ကောင်းကင်တံတားဒေသရှိ အဆင့်အတန်းကြောင့် တန်ဖိုးရှိလေသည်။ အမှန်တကယ်ဆိုရလျှင် အချို့ကိစ္စများတွင် သူက ကောင်းကင်ဧကရာဇ်များထက် ပိုရေးပါ၏။ ထာဝရလိပ်ကိစ္စကို ထည့်ပေါင်းပါက သူ့ကို ရှိရင်းစွဲထင် အရေးပါသွားစေသည့်အတွက် သူတော်စင်ဧကရာဇ်ပင် သူ့အား အတိုင်းအတာတစ်ခုထိ ကြောက်ပေသည်။

သူတော်စင်ဧကရာဇ်မြို့တော်ရှိ ကျန်မှူးမတ်များမှာ ထိုအကြောင်းအရာ အားလုံံးကို အတော်လေး နားမလည်သော်လည်း ခန့်မှန်းနိုင်သည်။

" ဒီခွေးမျိုးက ကောင်းကင်နဂါးတူငါးတစ်ပုံတခေါင်း၊ ကြာစေ့တနင့်တပိုး စားတာတောင်မှ နောက်ဆုံး သူ့အတွက် အကုန်အေးဆေးပါလား "

" သူက တကယ် ခြေထောက်ပေါက်နေတဲ့ ကပ်ဘေးကြီးပဲ။ ကောင်းကင်နဂါးတူငါးတွေကိုလဲ ညစ်ညမ်းစေတယ်၊ ကြာစေ့အားလုံးကိုလဲ အမြစ်ဖြုတ်လုနီးပါပဲ။ ဒါတောင်မှ သူ့ရဲ့ ကြံစည်ဖော်ကြံစည်ဖက်က သူတော်စင်လိပ်ဆိုပြီး ကင်ပွန်းတပ်ခံလိုက်ရသေးတယ် "

" သူ့ကို သူတော်စင်ဧကရာဇ်မြို့တော်မှာ ဘယ်တော့မှ နေခွင့်မပေးသင့်ဘူး"

လူအုပ်ကြီးသည် အပျက်သဘောဆောင်သောအတွေးများဖြင့် ပြည့်နှက်နေလျက် ပိုင်ရှောင်ချန်းတစ်ယောက်တည်း ရပ်ကျန်ခဲ့သည်အထိ အလျှိုအလျှို ပြန်သွားကြတော့သည်။

ကောင်းကင်မြို့စားလျှိုမှာမူ စိတ်ဓာတ်လုံးလုံးကျနေပြီဖြစ်၏။ သူက ပိုင်ရှောင်ချန်းကျူးလွန်ခဲ့သည့် ပြစ်မှု ၅၀၀ကို တရစပ်ပြောရန် ပြင်နေခဲ့သည့်အချိန်မှာပင် သူတော်စင်ဧကရာဇ်က ဝါးလုံးကွဲမတတ်ရယ်သံဖြင့် သူ့ကို စကားစပြတ်သွားစေခဲ့ငည်။ ယခုတွင် သူက သူ့ဘဝတစ်လျှောက်လုံးတွင် ဖြစ်ခဲ့ဖူးသမျှထက် ပို၍ မှင်သက်နေချေတော့သည်။

" မြေရိုင်းဒေသက အတိုင်းပဲ ... "

သူက တဆတ်ဆတ်တုန်နေလျက် တွေးလိုက်သည်။

နောက်ထပ်လဝက် ကုန်ဆုံးသွားပြန်၏။

ပဒုမ္မာကြာစေ့မတော်တဆမှုကား သူတော်စင်ဧကရာဇ်နိုင်ငံတော်တစ်ဝှမ်း ပျံ့နှံ့သွားလေသည်။ ထိုမျှသာမက မည့်သည့် ပဒုမ္မာကြာစေ့လေလံပွဲမှ မရှိတော့သည့်အချက်က သူတော်စင်ဧကရာဇ်နိုင်ငံတော်အုပ်ချုပ်သည့် အင်မော်တယ်နယ်မြေနှစ်ခုလုံးတွင် အဓိကဂယက်ရိုက်မှုကြီးဖြစ်နေတော့သည်။

သို့သော် ပို၍ အံသြတုန်လှုပ်ဖွယ်ကောင်းသည်က သူတော်စင်လိပ်သတင်းဖြစ်၍ မိစ္ဆာဧကရာဇ်နိုင်ငံတော်ကိုပင် အုတ်အော်သောင်းနင်းဖြစ်သွားစေတော့သည်။

ပိုင်ရှောင်ချန်းက ကောင်းကင်ဧကရာဇ်အဆင့်ရောက်သည်အထိ မဖောက်ထွက်နိုင်ခဲ့သော်လည်း ထိုနေရာသို့ နီးသထက် နီးကပ်လာပြီဖြစ်သည်။ ပဒုမ္မာကြာစေ့များနှင့် အင်မော်တယ်ဆေးလုံးများ အာနိသင်မရှိတော့ချိန်တွင် သူက မဟာစက်ဝန်း၏ အထွတ်အထိပ်သို့ ရောက်နေ၏။ ယခုတွင် သူသည် ကျော်လွှားနိုင်သည့်ပုံမပေါ်သော ဧရာမအတားအဆီးရှေ့တည့်တည့် ရောက်နေလေပြီ။

" နီးနေပြီ..."

သူက ဝမ်းနည်းစွာ ခပ်တိုးတိုးရေရွတ်လိုက်၏။ ဤအချိန်တွင် သူသည် ဖြေးဖြေးမှန်မှန်သွားခြင်းက ထိုတံတိုင်းကို ဘယ်နည်းနှင့်မှ ကျော်ဖြတ်စေနိုင်မည်မဟုတ်ကြောင်း သိနေသည်။ သူသည် ထိုအတားအဆီးကို တစ်ချက်တည်း ဖောက်ထွက်ရန် အံသြစရာကောင်းသောအရာတစ်ခု လိုအပ်နေသည်။

ထိုအချိန်တွင် အာရုံစူးစိုက်မှုများစွာက လိပ်ကလေးထံ ကျရောက်နေ၏။ လဝက်သည် သူ့အတွက် လျှပ်တပြက်အတွင်း ကုန်ဆုံးသွားသည်။ အမှန်ပင် သူတော်စင်ဧကရာဇ်က ပိုင်ရှောင်ချန်းကို မည်သည့်ပြဿနာမှမရှာပေ။ သူက လိပ်ကို ကျင့်ကြံအားထုတ်နေစဥ်အတောအတွင်း တစ်ရက်လျှင် သုံးလေးနာရီ အဖော်ပြုပေးရန်သာ တောင်းဆိုလေသည်။ ထိုသည်ကလွဲ၍ သူ့အပေါ်တွင် မည်သည့်ကန့်သတ်ချက်မှ မထားရှိထားပေ။

လိပ်ကလေးသည် သူတော်စင်ဧကရာဇ်မြို့တော်တွင် လွတ်လွတ်လပ်လပ်လျှောက်သွားနိုင်၏။ အမှန်တကယ်ဆိုရလျှင် သူလိုချင်သည့်အရာတိုင်း ရလည်းရနိုင်သလို၊ လုပ်လည်းလုပ်နိုင်လေသည်။ သူက စိတ်ရှိလျှင် ကောင်းကင်နဂါးတူငါးများကိုပင် စားနိုင်သေးသည်...

ကြာစေ့များကမူ လိပ်ကလေး၏စိတ်အခြေအနေပေါ် မူတည်၏။ နောက်ဆုံးတွင် သူသည် အစောပိုင်းက ဖြစ်ခဲ့သည်များနှင့်ပတ်သက်၍ ပိုင်ရှောင်ချန်းအား လာရောက်ပြောပြတော့သည်။ ပိုင်ရှောင်ချန်းက ဇာတ်လမ်းတစ်ပုဒ်လုံးကြားသောအခါ အတန်ငယ်မနာလိုသော်လည်း ဘာမှမပြောရဲပေ။ ပို၍ဆိုးသည်က လိပ်ကလေး၏အခွံမှာ သူလာရောက်လည်ပတ်သည့်အချိန်တိုင်း ပို၍ တောက်ပဝင်းပြောင်လာရာ သူ မည်မျှကောင်းကောင်းစားသောက်နေရကြောင်း ညွှန်ပြနေတော့သည်။

ထို့ပြင် လိပ်ကလေး မည်သို့ ဝဖြိုးလာသည်ကို ဖော်ပြရန်ပင် မလိုတော့ချေ...

" အီး ငါတကယ် ဘာမှမလုပ်နိုင်ဘူး ရှောင်ချန်းရေ။ ဘဝဆိုတာ ဘယ်လောက်ခက်ခဲကြမ်းတမ်းလဲ မင်းသိမှာမဟုတ်ဘူး “

" ငါ အင်မော်တယ်ဆေးလုံးတွေ အများကြီးစားထားလို့ အနံ့တောင်မခံနိုင်တော့ဘူး။ သူတော်စင်ဧကရာဇ်နဲ့ ချိန်စုလို့ခေါ်တဲ့ ဟိုကောင်းကင်ဧကရာဇ် ငါ့ကို အတင်းသွပ်နေတော့တာပဲကွာ “

" အဆိုးဆုံးကတော့ ဂူထျန်ကျွင်း … မင်းယုံနိုင်လား သူကလေ ငါ့ကို လိပ်မတစ်သိုက်လုံး ပေးခဲ့တာကွ။ သူတို့က သောက်ရှက်မရှိလိုက်တာဆိုတာ။ သူတို့အားလုံးကလေ ဘယ်သူက ပထမဆုံး ဥဥရမလဲ တိုက်ခိုက်နေဖို့ပဲ တတ်တယ် “

" စိတ်ပျက်ဖို့ကောင်းချက်ပဲ "

လိပ်မှာ သက်ပြင်းချနေသည့်တိုင် သူ၏အံ့သြစရာကောင်းသောဘဝအား မည်မျှကျေနပ်နေကြောင်း ဖုံးဖိရန် မဖြစ်နိုင်ပေ။

လိပ်ကလေးက ပိုင်ရှောင်ချန်းကို အင်မော်တယ်ဆေးလုံးများနှင့် ယင်းကဲ့သို့အခြားပစ္စည်းများဖြင့် ထောက်ပံ့ပေးနေသည့်တိုင် ယခုတွင် ပိုင်ရှောင်ချန်းမှာ မဟာစက်ဝန်းတွင် ဖြစ်သည့်အတွက် သူ့ကိုပိတ်ဆို့နေသည့် အတားအဆီးအား ဖြိုဖျက်ရန် မလုံလောက်ပေ။

ကြည့်ရသရွေ့ သူ့ကို ဖောက်ထွက်ရန် ကူညီပေးနိုင်သော မည်သည့်ပစ္စည်းဖြစ်စေ ထာဝရနယ်မြေများတွင် တည်ရှိသည့်ပုံမပေါ်ချေ။ အကယ်၍ ရှိခဲ့လျှင် သူတော်စင်ဧကရာဇ်နိုင်ငံတော်၌ ကောင်းကင်ဧကရာဇ်လေးပါးသာ ရှိလိမ့်မည်မဟုတ်ပေ။

လိပ်ကလေးက သူ့ကိုယ်သူ မည်မျှဂုဏ်ယူနေကြောင်း မြင်ပြီးနောက် ပိုင်ရှောင်ချန်း တခဏကြာတွေးလိုက်ပြီး အသံကိုနှိမ့်ကာ ပြော၏။

" ဟေး လိပ်ကလေး မင်း နဂါးတူငါးနဲ့ ကြာစေ့တွေ စားနိုင်တာ ငါ သိပေမယ့် ... ကန်အောက်က ကြာမြစ်တွေကော ဘယ်လိုလဲ။ အဲဒါတွေကော စားနိုင်လား"

" ကြာမြစ်တွေ … "

လိပ်ကလေး၏မျက်လုံးများကား ရုတ်ခြည်း တောက်ပလင်းလက်လာတော့သည်။

" အဲဒါတွေက တခြားဟာတွေထက် ပိုထိရောက်မှုရှိတာ ငါ လောင်းရဲတယ်" ပိုင်ရှောင်ချန်းက ထိုအကြောင်းတွေးကာ နှုတ်ခမ်းများသပ်နေ၏။

" မင်းသွားပြီး တစ်ခုလောက် ဆွဲလိုက်ပါလား။ ငါတို့ အတူစမ်းကြည့်လို့ရတာပေါ့ "

လိပ်ကလေးမှ ရှေ့ရေးမျှော်ကြည့်ကာ စိတ်လှုပ်ရှားနေပြီဖြစ်သည်။ ၄င်းမှာ ယခုအချိန်အထိ ကြာစေ့များသာ စားခဲ့ရသည် မဟုတ်ပါလော။

ဤအမူအရာကို မြင်ကာ ပိုင်ရှောင်ချန်းက ဖုတ်ပူမီးတိုက်လုပ်ရန် ဆုံးဖြတ်ပြီး ညှိနှိုင်းလေသည်။

" ၅၀/၅၀ "

လိပ်ကလေးက စိန်းစိန်းဝါးဝါးကြည့်ရင်း ပြော၏။

" မရဘူး ၉၀/၁၀ "

ပိုင်ရှောင်ချန်းက သက်ပြင်းချလိုက်သည်။

" နားထောင် လိပ်ကလေး မင်းနဲ့ငါ အခုထိ နှစ်ပေါင်းများစွာ သိကျွမ်းခဲ့ပြီးပြီ။ သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းကနေ အဏ္ဏဝါခေါ်သံဂိုဏ်းအထိ။ ပြီးတော့ မြေရိုင်းဒေသ။ ငါတို့ အသက်ရှင်သန်ဖို့ တစ်ယောက်ကိုတစ်ယောက် အားထားခဲ့တယ်။ ငါတို့က အပေါင်းအဖော်တွေ။ မင်းသိလား တကယ်ဆို ငါတို့က မိသားစုပဲ။ မင်း ကြာစေ့ထောင်ချီစားခဲ့တာကို ငါ ဘာမှမပြောခဲ့ဘူး။ အခု ငါ ကျင့်ကြံခြင်းအဆင့်တက်ဖို့ ကြိုးစားနေတာ။ မင်းဘာလို့ အရမ်းကပ်စေးနှဲရတာတုန်း "

ပိုင်ရှောင်ချန်းက ရဲရဲနီသောမျက်ဝန်းများဖြင့် စကားပြောနေစဥ် သူ၏မျက်လုံးများထဲတွင် နာကျင်သောအရိပ်အယောင်တစ်ခုကိုပင် ထည့်ကာ လိပ်ကလေး၏ စိတ်ခံစားချက်များကို ဆွဲဆောင်လိုက်သည်။

ပိုင်ရှောင်ချန်းက ဤနည်းဖြင့် စကားပြောပုံအား လိပ်ကလေးမှာ ပထမဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်၍ သိသိသာသာ တုန်လှုပ်သွားလေသည်။ ရုတ်တရက် အတန်ငယ်စိတ်မကောင်းဖြစ်သွားကာ သူက သက်ပြင်းချလိုက်သည်။

သူက နာကျင်နေသောအသံဖြင့် ပြော၏။

" အာ ဘာပဲဖြစ်ဖြစ်ကွာ ၉၀/၁၀ပဲ။ ၉၀က မင်းအတွက်၊ ၁၀က ငါ့အတွက်။ မင်း အဆင့်မတက်ခင်အထိ ငါအပိုမယူဘူး "

ထို့နောက် သူက လှည့်၍ ကောင်းကင်ရေကန်ထံသို့ လှစ်ခနဲဦးတည်သွားတော့သည်။

ထိုအချိန်တွင် ပိုင်ရှောင်ချန်း၏ မျက်လုံးများ ဝင်းလက်လာလေသည်။

" ဒါက လိပ်ကလေးနဲ့ရင်ဆိုင်တဲ့နည်းလမ်းလို့ ဘယ်သူက တွေးမိမှာတုန်း "

All Chapters