ညှိုးေရာ်နွမ်းလျလာသော ပဒုမ္မာကြာ
Vol. 11 Ch. 1072
လိပ်ကလေး တတ်နိုင်သောအမြန်နှုန်းနှင့် သူတော်စင်ဧကရာဇ်နိုင်ငံတွင် သူ၏လက်ရှိ အဆင့်အတန်းကို စဥ်းစားကြည့်ပါက သူတော်စင်ဧကရာဇ်ကိုယ်တိုင် နတ်ဘုရားအာရုံဖြင့် ဒေါက်ထောက်ကြည့်မနေသရွေ့ သူ့ကို မည်သူမှ ခြေရာခံနိုင်မည်မဟုတ်ပေ။
တစ်ယောက်မှ သတိပင်မထားမိလိုက်ခင် သူသည် ကောင်းကင်ရေကန်ထဲ လှစ်ခနဲ လျှိုဝင်သွားပြီး ကြာမြစ်များထံ ဦးတည်သွားလေသည်။။
ရေကန်ထဲတွင် အမြစ်အတော်လေးများသည်။ ကြာမြစ်များသည် အပေါ်ရှိ ကြာရွက်များနှင့်အတူ ဧရာမကြာပန်းပွင့်ကြီး၏အုတ်မြစ်လည်းဖြစ်၏။ အမြစ်အများစုက ရေကန်အောက်ခြေရှိ နုန်းမြေများထဲ မြုပ်နေကြသော်လည်း အတော်များများမှာ ရေပေါ်နေရာအနှံ့ ပေါလောပေါ်နေကြသည်။
လိပ်ကလေးမှာ ရှာဖွေနေရန်မလိုပေ။ သူ့အတွက် မီတာပေါင်းများစွာ ရှည်လျားသည့်် ကြာမြစ်တစ်ခုကို ရှာရန် အချိန်လုံးဝမလိုသလောက်ပင်။ သူမည်သို့ အောင်မြင်သွားသည်ကို အတိအကျ ပြောရခက်ပါသော်လည်း သူက အမြစ်ကို ရေထဲမှ အလွယ်တကူ ဆွဲနှုတ်လိုက်လေသည်။
ညနေခင်းဖြစ်၍ အပြင်ထွက်သူ များများစားစား မရှိပေ။ ထို့ကြောင့် သူက ပိုင်ရှောင်ချန်း၏ မြင့်မြတ်သောနယ်မြေထံ လှစ်ခနဲပြန်ရောက်သွားသည်ကို ဘယ်သူမှ မမြင်လိုက်ပေ။
စီခနဲအသံတစ်သံကို ကြားလိုက်ရပြီး သူက မျှော်လင့်ချက်များဖြင့် မျက်ဝန်းများ တောက်ပနေလျက် ပိုင်ရှောင်ချန်း၏ရှေ့တည့်တည့်တွင် ပေါ်လာသည်။
" ပြီးပြီ။ မင်းသိတဲ့အတိုင်း လိပ်ကိုယ်တော် ဝင်ပါရင် ဘယ်တော့မှ မရှုံးဘူး "
ခပ်ဝါးဝါးအရာတစ်ခုမြင်လိုက်ရပြီး ဧရာမအမြစ်ကြီးတစ်ခု သူတို့နှစ်ယောက်ကြားတွင် ပေါ်လာတော့သည်။
ချက်ချင်းပင် ကောင်းကင်နဂါးတူငါး သို့မဟုတ် ပဒုမ္မာကြာစေ့မှ မည်သည့်အရာမဆိုထက် အတိုင်းအဆများစွာ ကျော်လွန်သော အားကောင်းသည့်စိတ်စွမ်းအင်နှင့်အတူ ပိုင်ရှောင်ချန်း၏စိတ်ဝိညာဥ်ကို နိုးကြားသွားစေသော မွှေးပျံ့သင်းကြိုင်သောရနံ့တစ်ခု လေထဲ ပြည့်နှက်သွားတော့သည်။
ပိုင်ရှောင်ချန်းက စိတ်လှုပ်ရှားစွာဖြင့် အမြစ်များကို ကပျာကယာသန့်ရှင်းလိုက်ပြီးနောက် တစ်ကိုက်ကိုက်လိုက်သဖြင့် ဂျွတ်ခနဲအသံ ထွက်သွားသည်။
၄င်းက ချိုပြီး စေးကပ်ကာ အရသာရှိသည်။ ချက်ချင်းပင် ပိုင်ရှောင်ချန်း၏မျက်လုံးများ ဝင်းလက်သွားပြီး နွေးထွေးသောအပူစီးကြောင်းလေးတစ်ခုက သူ့ကို ဖြတ်စီးသွား၏။
ပိုင်ရှောင်ချန်းက စိတ်လှုပ်ရှားနေသည်ကို လိပ်ကလေးမြင်သောအခါ ချောင်းဟန့်ပြီး ပြော၏။
" အာ … ဘာပဲဖြစ်ဖြစ် ၊ လိပ်ကိုယ်တော်က ဒီတစ်ခုကို မင်းနဲ့ ဖက်လုမနေတော့ဘူး "
သူသည် ရေထဲမှာတုန်းက အခြားအမြစ်များကို တိတ်တိတ်လေး ဝါးစားခဲ့ပြီးပြီ မဟုတ်ပါလော။ သူက လှစ်ခနဲ လှုပ်ရှားကာ မြင့်မြတ်သောမြေကွက်မှ ထွက်ခွာပြီး ကောင်းကင်ရေကန်ထံ ပြန်လည်ဦးတည်သွားတော့သည်။
ပိုင်ရှောင်ချန်းသည် လိပ်ကလေးက ယခုကဲ့သို့ ပြုမူနေသည်ကို မြင်၍ အလွန်ဝမ်းမြောက်နေပြီး ကြာမြစ်အား အလျင်အမြန် တဂျွတ်ဂျွတ် ကိုက်ဝါးလိုက်သည်။ အချိန်တိုလေးအတွင်း သူက ကြာမြစ်တစ်ခုလုံးကို ဝါးစားလိုက်သဖြင့် အပူဓာတ်တစ်ခု သူ့ခန္ဓာကိုယ်ကိုဖြတ်၍ စီးဆင်းသွားတော့သည်။
ကြာမြစ်မှ စိတ်စွမ်းအင်များသည် ပထမတွင် စမ်းချောင်း၊ ထို့နောက် မြစ်ကြီးတစ်စင်း၊ များမကြာမီ ပင်လယ်တစ်စင်းသဖွယ် သူ၏ စွမ်းအင်ထွက်ပေါက်များကိုဖြတ်၍ အရှိန်အဟုန်ပြင်းစွာ စီးဆင်းနေတော့သည်။
သူတစ်ယောက်တည်းသာ ကြားရသည့် ထစ်ခြုန်းမြည်သံများ ပဲ့တင်ထပ်သွားရာ သူက အကန့်သတ်မရှိသော စိတ်စွမ်းအင်များဖြင့် ပြည့်နှက်နေသော ကိုယ်ပိုင်ကမ္ဘာထဲရောက်သွားသည့်အလားပင်။
ဤအချိန်တွင် သူ၏ကျင့်ကြံခြင်းအခြေခံက မမြင်နိုင်သောအတားအဆီးတစ်ခုကို ထုနှက်လာတော့သည်။
" အဲဒီ ကြာမြစ်တစ်မြစ်က ကြာစေ့နဲ့ ကောင်းကင်နဂါးတူငါးအကုန်ပေါင်းထားတာထက် သာတယ်။ မယုံနိုင်လောက်အောင်ပါလား " သူ၏မျက်နှာသည် နီမြန်းနေပြီး သူ၏မျက်လုံးများမှာ မျှော်လင့်ချက်ရောင်ခြည်များဖြင့် တောက်ပနေတော့သည်။
သူသည် နတ်ဘုရားတစ်ပိုင်းအဆင့်မှ ကောင်းကင်ဧကရာဇ်အဆင့်သို့ အလွန့်အမင်း ဖောက်ထွက်ချင်သည်။ သူလုပ်ဆောင်ခဲ့သည့် ဖြစ်စဥ်များ၏နောက်ဆုံးတွင် အဆင့်တက်ရန် ဆံချည်မျှင်တစ်ထောက်စာသာ လိုတော့ဟန်တူသည်။ သူက မျက်လုံးများကိုပိတ်ကာ ကျင့်ကြံခြင်းအခြေခံကို လှည့်ပတ်ပြီး စိတ်စွမ်းအင်စီးဆင်းမှုကို ထိန်းချုပ်၍ သူ၏နတ်ဘုရားအာရုံကို အာရုံစိုက်ကာ အတားအဆီးကို ထပ်ကာထပ်ကာ ထုနှက်လိုက်သည်။
မကြာမီ ပုံရိပ်ယောင်လေပွေကြီးတစ်ခု သူ့ပတ်ပတ်လည်တွင် လည်ပတ်လာသဖြင့် သူ့တစ်ကိုယ်လုံး တဆတ်ဆတ်တုန်ယင်လာသည်။
နတ်ဘုရားတစ်ပိုင်းအဆင့်မှ ကောင်းကင်ဧကရာဇ်အဆင့်ကို ပိုင်းခြားထားသည့် အတားအဆီးအား ဖောက်ထွက်ရန်မှာ အလွန်ခက်ခဲသောအရာတစ်ခု ဖြစ်၏။ ကြာမြစ်၏ စွမ်းအားဖြင့်ပင် သူသည် ဆယ်ကြိမ်ခန့်သာ မထိတထိထုနှက်နိုင်သည်။
အချိန်များကုန်ဆုံးသွားပြီး ဆယ်ကြိမ်မြောက်ကြိုးစားခြင်း မအောင်မြင်သောအခါ သူ့ပါးစပ်မှ သွေးများစီးကျလာပြီး သူ၏မျက်လုံးများ ဖျတ်ခနဲ ပွင့်သွားကာ အလျှော့မပေးနိုင်သော ခေါင်းမာသည့်အရိပ်အယောင်တစ်ခု ထင်ဟပ်လာတော့သည်။
" ထိုက်သင့်သလောက် အဆင်မပြေဘူး။ ဒါမှမဟုတ် ထာဝရအသက်ရှည်ကျင့်စဥ်ကြောင့် ထူးထူးခြားခြား ခက်ခဲနေတာလား... "
သူက မျက်လုံးများပိတ်ကာ ယင်ယန်ဝိညာဥ်အဆင့်မှ နတ်အဆင့်သို့ မည်သို့ဖောက်ထွက်ခဲ့သည်ကို ပြန်တွေးလိုက်ပြီး တဖြေးဖြေး အခြေအနေကို နားလည်လာလေသည်။
သူ၏ယခင်အဆင့်တက်ခြင်းများအားလုံးသည် ထာဝရအသက်ရှည်ကျင့်စဥ်ဖြင့် ပတ်သက်ခဲ့၏။ ထာဝရအသက်ရှည်နည်းကျမ်းစွမ်းအားများက တံခါးပေါက်တစ်ခုကို ချဥ်းကပ်သွားပြီးနောက် အလွယ်တကူဖွင့်လိုက်သည့်အလား ဖြစ်ခဲ့သည်။
သို့သော် ယခုတွင် သူ၏ထာဝရအသက်ရှည်နည်းကျင့်စဥ် အပိုင်းနှစ်ပိုင်းလုံး ပြီးမြောက်သွားလေပြီ။ သူက ထပ်ဖွင့်ရန် မည်သည့်နတ်ဘုရားသိုင်းများမရှိတော့သည့်အဆုံးကို ရောက်ရှိသွားခဲ့ပြီဖြစ်သည်။ ထို့ပြင် လမ်းတစ်လမ်း၏အဆုံးကို ရောက်လျှင် ဖွင့်ရန် တံခါးပေါက်တစ်ပေါက်မှ ရှိတော့မည်မဟုတ်ဘဲ အတားအဆီးတစ်ခုသာ ရှိတော့သည်။
" အတားအဆီးရှိလဲ ဘာဖြစ်တုန်း။ ငါ ဖျက်စီးပစ်မယ် "
သူက အံတင်းတင်းကြိတ်ပြီး တခဏကြာသော် သူ၏သွေးချင်းချင်းနီရဲနေသောမျက်လုံးများထဲတွင် ပြတ်သားသောအရိပ်အယောင်တစ်ခု ပေါ်လာ၏။
" ငါ ထပ်ကာထပ်ကာ ကြိုးစားနေလို့မရဘူး။ ပြန်လည်ကုသခြင်းစွမ်းအားရှိပေမယ့် အတားအဆီးအပေါ်မှာ အဆုံးမရှိ အဆက်မပြတ်တိုက်ခိုက်နေတာက အန္တရာယ်များလိမ့်မယ့်လို့ ငါအာရုံရတယ် "
သူက လိပ်ကလေးနှင့် ဆက်သွယ်ရန် နတ်ဘုရားအာရုံအချို့ပို့လွှတ်ပြီး ကြာမြစ်များထပ်ယူလာပေးရန် တောင်းဆိုလိုက်သည်။
"ငါ တစ်ချက်တည်းနဲ့ အောင်မြင်ဖို့လိုတယ်။ သိုေလှာင်စွမ်းအားတွေ စုပြီး အတားအဆီးကို တစ်ချက်တည်း တိကျတဲ့ တိုက်ကွက်တစ်ကွက် ပစ်သွင်းရမယ် "
သူက လိပ်ဒယ်အိုးကို သုံးကြည့်ရန် စဥ်းစားလိုက်သည်။ သူသည် ၄င်းအား ကောင်းကင်နဂါးတူငါးကိုြဖစ်စေ၊ ပဒုမ္မာကြာစေ့များကိုဖြစ်စေ မြှင့်တင်ရာတွင် အသုံးမပြုခဲ့ဖူးသည် မဟုတ်ပါလော။ သို့သော် သူက ကောင်းကင်တံတားဒေသတွင် မဟုတ်ပေ။ ဤသည်က ထာဝရနယ်မြေများဖြစ်ပြီး သူ၏လိပ်ဒယ်အိုးအကြောင်း လူအများသိသွားလျှင် ပြဿနာများစွာတက်နိုင်သည်။ ထို့ကြောင့် သူက မလိုအပ်သရွေ့မသုံးရန် ဆုံးဖြတ်ချက်ချခဲ့သည်။
အတားအဆီးအား ဖြိုဖျက်ရန် မည်သည့်အတွေးကိုမဆို လက်လျှော့ကာ သူက လိပ်ကလေးပြန်လာမည်ကို စောင့်လိုက်သည်။ လိပ်ကလေးက သူ့ပါးစပ်မှ စီးကျနေသော သွေးများကို မြင်သောအခါ ကြာမြစ်များက သူ့အတွက်မည်မျှ အရေးပါကြောင်း ချက်ချင်းအာရုံရလိုက်သည်။ သူက ဝေစုအတွက် စျေးဆစ်မနေတော့ဘဲ နောက်ထပ်ကြာမြစ်ပေးလိုက်သည်။
ပိုင်ရှောင်ချန်းက အတားအဆီးအား ဖျက်စီးရန် အားထုတ်မှုတစ်ခုမှ မလုပ်သည့်အတောအတွင်း လဝက်ဆိုသောကာလ ဖျတ်ခနဲကုန်ဆုံးသွား၏။ သူက စွမ်းအင်များ ဆက်လက်စုဆောင်းပြီး လိပ်ကလေးက ကြာမြစ်များ ဆက်တိုက်ပို့နေလေသည်။ တစ်ခါတရံ သူက ခုနစ်ခုရှစ်ခု ယူလာတတ်ပြီး တခါတလေ ဒါဇင်များစွာ ယူလာသည်။ ပိုင်ရှောင်ချန်းက ထပ်တောင်းတိုင်း ထပ်ရမည်ဖြစ်ပြီး နောက်ဆုံးတွင် သူ့ပတ်ပတ်လည်၌ အားကြီးသော လေပွေကြီးတစ်ခု ဖြစ်တည်လာတော့သည်။ သိသာထင်ရှားစွာပင် သူ၏စိတ်စွမ်းအင်စုဆောင်းမှုသည် ကြောက်ခမန်းလိလိဖြစ်လာခဲ့ပြီဖြစ်သည်။
သူသည် အချိန်မရွေးပေါက်ကွဲတော့မည့်အလားဖြစ်နေ၍ လိပ်ကလေးမှာ စိုးရိမ်စိတ်များဖြင့် ခေါင်းကျိမ်းလာတော့သည်။
" သတိထားရမယ်။ သူပေါက်ကွဲသွားရင် အကြော်အလှော်မခံချင်ဘူး "
ထိုနောက် လိပ်ကလေးက ပိုင်ရှောင်ချန်း၏ပတ်လည်တွင် ဒိုင်းတစ်မျိုးဖန်တီးကာ မှော်တံဆိပ်အမှတ်အသားအချို့ သွားရောက်နေရာချထားလိုက်သည်။ ၄င်းက မည်သည့်အလားအလာရှိသော ပေါက်ကွဲမှုအားကိုမဆို ကာကွယ်ပေးသည်သာမက အပြင်လူများမှ ပိုင်ရှောင်ချန်း၏အရှိန်အဝါကိုလည်း ဖုံးကွယ်ပေးထားသည်။
သို့သော် လိပ်ကလေးမှာ ပိုင်ရှောင်ချန်း၏ ခန္ဓာကိုယ် မတည်မငြိမ်ဖြစ်လာပုံရသည်ကို သဘောပေါက်လိုက်သောအခါ အတန်ငယ် စိုးထိတ်နေသေးလေသည်။
သူက အလွန်ကြောက်လန့်လွန်း၍ သူ၏အချိန်အများစုကို ကောင်းကင်ရေကန်ထဲတွင် ကြာမြစ်များ ဝါးစားရင်း ကုန်ဆုံးနေသည်။ သူက ရံဖန်ရံခါ ခေါင်းပြူထွက်ပြီး ပိုင်ရှောင်ချန်းကို အမြစ်များထပ်ပစ်ပေးသည်။
အမှန်တွင် လိပ်ကလေးမှာ အရသာရှိသော ကြာမြစ်များကို စွဲလမ်းနေသောကြောင့် တတ်နိုင်သမျှ များများမစားဘဲ မနေနိုင်ပေ။
ကံဆိုးစွာပင် ကောင်းကင်ရေကန်ထဲ၌ ပဒုမ္မာကြာပန်းတစ်ပွင့်သာရှိ၏။ ၄င်းတွင် အမြစ်များ၊ အရွက်များနှင့် ကြာခွက်များစွာရှိသော်လည်း တစ်ပင်သာ ဖြစ်သည်။
လိပ်ကလေးသာ အမြစ်နည်းနည်းပါးပါးစားခဲ့လျှင် ကိစ္စရှိမည်မဟုတ်ပေ။ ထို့ပြင် ပိုင်ရှောင်ချန်းက အတော်များများစားနေသော်လည်း စုစုပေါင်းပမာဏနှင့်ယှဥ်ပါက မပြောပလောက်ပေ။ သို့သော် .... လိပ်ကလေးမှာ စွဲလမ်းနေ၍ လဝက်ကြာသော် သူက ပိုင်ရှောင်ချန်းကို အမြစ်ရာဂဏန်းမျှသာပေးကာ ထောင်ချီ စားပစ်နေတော့သည်။
စိတ်စွမ်းအင်ထောက်ပံ့မှုလျော့နည်းလာခြင်းကြောင့်ကြာပွင့်ပေါ်တွင် သူတော်စင်ဧကရာဇ်မြို့တော်ကို တည်ဆောက်ထားသည့် ကြာရွက်များမှာ ... တဖြေးဖြေးနွမ်းကျရောဂါလက္ခဏာများ ပြလာသည်။ အချို့အရွက်အနားသတ်များမှာ အဝါရောင်ပင် ပြောင်းလာတော့သည်။
တုန်လှုပ် ချောက်ချား စရာအကောင်းဆုံးက ကောင်းကင်နဂါးတူငါးကိစ္စကြောင့် ဘေးစောင်းနေပြီဖြစ်သော အင်ပါယာနန်းတော်တည်ရှိသည့် ပဒုမ္မာကြာပန်းမှာ ယခုတွင် အခြေခံအုတ်မြစ် ဖယ်ရှားခံနေရသည်။
တဖြေးဖြေးနှင့် ကြာပန်းမှာ ညှိုးနွမ်းလာတော့သည်...