ကောင်းကင်ဧကရာဇ် စမ်းသပ်ချက်
Vol. 11 Ch. 1073
ကြာရွက်များ အဝါရောင်သမ်းလာပြီး ကြာပန်းကြီး ညှိုးနွမ်းလာသည်။ သူတော်စင်ဧကရာဇ်တစ်မြို့လုံး အမြုတေအထိ တုန်လှုပ်သွားကြတော့သည်။
" အရွက်တွေ အဝါရောင်သမ်းနေတယ် "
" ဘုရားရေ၊ ဒီကပ်ဘေးဘယ်လိုကြောင့် ဖြစ်တာတုန်း။ ငါ့လခွမ်း … ဒီနှစ် သူတော်စင်ဧကရာဇ်မြို့က ဘာဖြစ်နေတာလဲကွာ "
" ပိုင်ရှောင်ချန်းပဲလို့ မပြောနဲ့နော် "
" ကြည့်ပါဦး … အရွက်တွေပဲ ဖြစ်နေတာမဟုတ်ဘူး။ ပန်းကို ကြည့်။ သေချာပေါက် တစ်ခုခုတော့ ဖြစ်နေပြီ "
မှူးမတ်များအားလုံး တုန်လှုပ်သွားကြပြီး ကောင်းကင်ဧကရာဇ်သုံးပါးမှာ တချိန်တည်းမှာပင် ဒေါသလည်းထွက်၊ ရင်လည်းမောသွားတော့သည်။
ဤနှစ်မှာ အဓိကအဖြစ်အပျက်ကြီးများ တစ်ခုပြီးတစ်ခုဖြင့် ပြည့်နှက်ခဲ့သည် မဟုတ်ပါလော။ သို့သော် ကောင်းကင်ဧကရာဇ်သုံးပါးမှာ လိပ်ကလေးအပြစ်ဖြစ်ကြောင်းသိနေပြီး တစ်ခုခုလုပ်ရန် အားကိုးရာမဲ့နေတော့သည်။
" ဟိုထာဝရလိပ်စုတ်လိပ်ပျက်။ သူ ငါတို့ရဲ့ သူတော်စင်ကြာပန်းကို ချိန်နေတာလား။ မင်း ကြိုက်တာအကုန်စား။ အေး ဒါပေမဲ့ ကြာပန်းကိုတော့ မထိနဲ့လေ။ ကောင်းကင်နဂါးတူငါးတွေတောင် စားတာ မဟုတ်ဘူးကွ "
" ကြာစေ့တွေကို စားရင်ထားဦး။ ဒါပေမဲ့ ဟိုလိပ်က အမြစ်တွေစားနေတာ "
" သေလိုက်ပါတော့။ အဲဒီလိုသာ ဆက်ဖြစ်နေရင် တစ်နေ့နေ့ကျ သူပန်းပွင့်တစ်ပွင့်လုံးစားပစ်တော့မှာ "
သူတော်စင်ဧကရာဇ်အတွက် လိပ်ကလေးမှာ အဖိုးထိုက်ရတနာတစ်ပါးဖြစ်သောကြောင့် နိုင်ငံရှိ မည်သူတစ်ဦးတစ်ယောက်မှ ၄င်းကို ကြိမ်းမောင်းရန် အရည်အချင်းမပြည့်မှီပေ။ ထို့ပြင် ကံဆိုးစွာ သူက တံခါးပိတ်ကျင့်ကြံနေ၍ သေရင်းရှင်ရေးတမျှ အရေးအကြီးဆုံးအချိန်အခါမှလွဲ၍ နှောင့်ယှက်၍မရပေ။
နောက်ဆုံးတွင် သူထွက်လာပြီး အဝါရောင်ကြာရွက်များနှင့် ညှိုးနွမ်းနေသော ပန်းကို တွေ့သောအခါ သူပင် ငုတ်တုတ်မေ့သွားတော့သည်။
ယခုတွင် သူနှင့် လိပ်ကလေးအကြားဆက်ဆံရေးက ချစ်လိုက်မုန်းလိုက်ဆက်ဆံရေး ဖြစ်နေတော့သည်။ လိပ်ကလေးကိုလည်း သူ အပြစ်ပေးနိုင်ပေ။ သူ့အနေဖြင့် လိပ်ကလေးကို နန်းတော်ကိုသာခေါ်ပြီး စကားလုံးများဖြင့် ဖျောင်းဖျရန်သာ ကြိုးစားနိုင်တော့သည်။
သူက သူ့လက်ဝါးပေါ်တွင် ရပ်နေသော လိပ်ကလေးကို ကြည့်ကာ ပြော၏။
" မင်း ... မင်း ကြာမြစ်တွေ စားလို့မရဘူးလေ "
" ဘယ်လို … "
လိပ်ကလေးက အပြစ်ရှိသလိုခံစားရသော လေသံနှင့် အပြစ်ကင်းမှု၏ပြယုဂ်တစ်ခုအလား ပြောလိုက်သည်။ " တကယ်လား "
သူတော်စင်ဧကရာဇ်မှာ စိတ်တိုနေသော်လည်း ထုတ်ဖော်မပြသပေ။ ပိုင်ရှောင်ချန်းအတွက် ချန်ထားလိုက်၏။ သူက လိပ်ကလေး၏ နည်းလမ်းအမှားများကို ဖျောင်းဖျပြောဆိုပြီးနောက် ပိုင်ရှောင်ချန်းကို နန်းတော်သို့လာရောက်ရန် ဆင့်ခေါ်လိုက်သည်။
ထိုအခိုက်အတန့်တွင် ပိုင်ရှောင်ချန်းက မြင့်မြတ်သောမြေကွက်တွင် သူ၏မျက်လုံးများ ဖျတ်ခနဲ ပွင့်လာ၏။
" ကြာမြစ်တစ်ရာကျော်ကနေ စိတ်စွမ်းအင်တွေ လပေါင်းများစွာ စုဆောင်းပြီးတဲ့နောက် ဖောက်ထွက်ဖို့ အဆင်သင့်ဖြစ်ပြီ "
သူက ကောင်းကင်ယံသို့ရောက်သည့်တိုင်အောင် အားပါးတရ ရယ်မောကာ သူ၏ကျင့်ကြံခြင်းအခြေခံစွမ်းအားကို သူ၏စွမ်းအင်ထွက်ပေါက်များကို ဖြတ်၍ နတ်ဘုရားဝိညာဥ်ထံ စီးဆင်းသွားစေလိုက်သည်။
အမြစ်တစ်ရာကျော်၏ စိတ်စွမ်းအင်များ ပေါ်ထွက်လာရာ စွမ်းအားသမုဒ္ဒရာကြီးတစ်စင်းက သူ့ကိုဖြတ်၍ မမြင်နိုင်သောအတားအဆီးထံ စီးဆင်းသွားတော့သည်။
သူ့ခန္ဓာကိုယ်ထဲတွင် ဝုန်းခနဲပေါက်ကွဲသံတစ်သံ ပဲ့တင်ထပ်သွားပြီး သူ လွန်စွာ စိတ်လှုပ်ရှားသွားတော့သည်။ ထိုအသံကား ... အတားအဆီးအက်ကွဲသံပင်။
" ပျက်စီးစေ "
သူက သူ၏ခန္ဓာကိုယ်ထဲတွင်ရှိသမျှ သိုလှောင်စွမ်းအင်များအားလုံးအား အတားအဆီးကိုတိုက်ခိုက်ရန်အားထုတ်မှုတွင် ထည့်လိုက်သဖြင့် သွေးကြောများထောင်ထလာကာ ခေါင်းကို နိမ့်လိုက်သည်။
သူ့အတွက် ဝင်ရန် မည်သည့်တံခါးပေါက်မှမရှိသလို၊ လျှောက်လှမ်းရန် လမ်းကြောင်းလည်း မရှိပေ။ သူသည် ... ကောင်းကင်ဧကရာဇ်မဟာလမ်းကြောင်းပေါ်သို့ သူ့လမ်းကြောင်းကို တွန်းသာပို့နိုင်သည်။
သူ၏နတ်ဘုရားဝိညာဥ် အက်ကွဲပြီး အစိတ်စိတ်အမြွှာမြွှာပဲ့ထွက်သွားသဖြင့် သူ့ခန္ဓာကိုယ်ထဲတွင် နာကျင်မှုများ ပြည့်နှက်သွားတော့သည်။ သို့သော် သူက ရက်စက်ကြမ်းကြုတ်သောမျက်နှာအမူအရာဖြင့် နာကျင်မှုဒဏ်ကို ကြိတ်မှိတ်ခံ၍ သူ၏အစီအစဥ်ကို မလွှတ်တမ်း ဆုပ်ကိုင်ထားသည်။
သူ၏ကျင့်ကြံခြင်းအခြေခံသည် ယခု နတ်ဘုရားတစ်ပိုင်းအဆင့်၏ ပကတိထိပ်ဆုံးသို့ ရောက်နေလေပြီ။ မျက်တောင်တစ်ခတ်အတွင်းမှာပင် သူ၏နတ်ဘုရားဝိညာဥ် အစိတ်စိတ်အမြွှာမြွာကွဲကြေသွားပြီး သူ၏အပြင်အားကိုယ် တစစီပဲ့လာတော့သည်။ တချိန်တည်းမှာပင် ချိုးဖောက်၍မရနိုင်ပုံရသော အတားအဆီးသည်လည်း စတင်ပြိုကျလာတော့သည်။
ဤအချိန်တွင် ပိုင်ရှောင်ချန်း၏စိတ်အစဥ်သည် အတွေးလည်းမရှိ၊ ခံစားချက်လည်းကင်းမဲ့လျက် ဗလာနတ္ထိဖြစ်နေသည်။ သူက ဖြစ်ပျက်နေသည်များကို မြင်နိုင်သော်လည်း အပြင်မှစောင့်ကြည်နေသူအလားပင်။ သူ့ပတ်ပတ်လည်ရှိ အရာအားလုံး သူ့ကိုယ်တွင်းမှ လာနေသော အလင်းမှတစ်ပါး တဖြေးဖြေးမည်းမှောင်လာတော့သည်။
အစေ့ပျံသေးသေးလေးများနှင့် အလားသဏ္ဍာန်တူသော အလင်းပြောက်လေးများဖြစ်သည့် အလင်းမြုမှူန်များ မရေမတွက်နိုင်အောင် ပေါ်ပေါက်လာကာ ထိုအလင်းက လင်းသထက် လင်းလာတော့သည်။
၄င်းမှာ ဒုဓလီအစေ့တိမ်တိုက်တစ်ခုအလားပင် ... ပတ်ဝန်းကျင်တစ်ခွင် ပြည့်နှက်ကာ သူ့ခန္ဓာကိုယ်ထဲရှိ တစ်ခုတည်းသော အစေ့ပျံထံ မျောလွင့်လာသည်။
ပိုင်ရှောင်ချန်းအတွက် အရာအားလုံး အနှေးပြကွက်ဖြင့် သွားနေသည့်အလားပင်။ ထိုအချိန် အတားအဆီး ပြိုကျလာသည့်အခိုက်အတန့်၌ သူ၏မြင့်မြတ်သောမြေကွက်ထံမှ အားကြီးသောထစ်ခြုန်းသံများနှင့်အတူ အငွေ့အသက်များ ကြောက်မခန်းလိလိ တလိပ်လိပ်ထွက်လာသည်။
သူ့ပတ်ပတ်လည်ကို ဝန်းရံလာခဲ့သည့် လေဆင်နှာမောင်းကြီးသည် မိုးကောင်းကင်သို့တိုင် မြင့်တက်သွားပြီး အရပ်မျက်နှာတစ်ခွင် ပျံ့နှံလာ၏။ သူတော်စင်ဧကရာဇ်မြို့သူမြို့သားများအားလုံး သတိထားမိသွားကြပြီး လုံးလုံးလျားလျား အံ့သြတုန်လှုပ်သွားတော့သည်။
တခဏကြာတိတ်ဆိတ်သွားပြီးနောက် လူအများ အော်ဟစ်လိုက်ကြတော့သည်။
" အဲဒီအငွေ့အသက်တွေ... "
" အဲဒီအရှိန်အဝါ ..."
" တစ်ယောက်ယောက် နတ်ဘုရားတစ်ပိုင်းအဆင့်ကနေ ကောင်းကင်ဧကရာဇ်အဆင့်ကို တက်နေပြီ "
လေထဲသို့ မရေမတွက်နိုင်သော အလင်းတန်းများ ထိုးတက်သွားကြပြီး မရေမတွက်နိုင်သော နတ်ဘုရားအာရုံစီးကြောင်းများက ပိုင်ရှောင်ချန်း၏ မြင့်မြတ်သောမြေကွက်အပေါ် အာရုံစူးစိုက်လာကြသည်။
ထာဝရနယ်မြေများအားလုံးတွင် ... စုစုပေါင်း ကောင်းကင်ဧကရာဇ်ဆယ်ဦးသာရှိသည် မဟုတ်ပါလော။
ထိုအချက်ကြောင့် နတ်ဘုရားတစ်ပိုင်းတန်ခိုးရှင်များ အဆင့်တက်ရန် မည်မျှခက်ခဲကြောင်း မြင်သာသည်။ ဤအခိုက်အတန့်တွင် သူတော်စင်ဧကရာဇ်သည် လိပ်ကလေးကို ခေါင်းထဲကထုတ်ပြီး ပိုင်ရှောင်ချန်း၏ မြင့်မြတ်သောနယ်မြေထံ နတ်ဘုရားအာရုံအချို့ပို့လွှတ်နေသည့် လမ်းခုလတ်တွင် ဖြစ်၏။
ယခု လူတိုင်းသည် ပိုင်ရှောင်ချန်းနှင့် သူရှိရာမှလာနေသော ပြင်းထန်သောစွမ်းအင်အခိုးအငွေ့များအပေါ် တစိုက်မတ်မတ် အာရုံစိုက်နေကြသည်။
လေဆင်နှာမောင်းကြီးမှာမူ ဆက်လက်လည်ပတ်နေရာ ကောင်းကင်နှင့်မြေကြီးတွင် ထူးဆန်းသော သင်္ကတများနှင့် နိမိတ်လက္ခါဏာများပေါ်လာတော့သည်။ တချိန်လုံး ပိုင်ရှောင်ချန်း၏ အရှိန်အဝါသည် ဝုန်းဒိုင်းကြဲ တလိပ်လိပ်ထွက်နေသည်။
သူတော်စင်ဧကရာဇ်မြို့ရှိ လူတိုင်း တုန်လှုပ်သွားကြသော်လည်း ပထမဆုံးတုံ့ပြန်သည့်လူက ဂူထျန်ကျွင်းဖြစ်၏။ သူက ရိပ်ခနဲလှုပ်ရှားပြီး ပိုင်ရှောင်ချန်းကို ဝန်းရံနေသည့် လေဆင်နှာမောင်းကြီးအနားတွင် ပေါ်လာသည်။ ၄င်းအား စစ်ဆေးလိုက်သည်နှင့်တစ်ပြိုင်နက် သူ၏မျက်နှာအမူအရာ လက်ခနဲဖြစ်သွား၏။
" ပိုင်ရှောင်ချန်း အဆင့်တက်တော့မှာ "
ချိန်စုနှင့် ကောင်းကင်ဧကရာဇ်စာပေသမားသည် သူတော်စင်ဧကရာဇ်နိုင်ငံတော်၌ ကောင်းကင်ဧကရာဇ်အသစ်တစ်ပါး ပေါ်ခဲ့သည့်အချိန်မှစ၍ မည်မျှကြာခဲ့ပြီဖြစ်သည်ကို တွေးနေလျက် ဘွားခနဲပေါ်လာပြီး မျက်လုံးများ တဖျပ်ဖျပ်လက်နေသည်။
ပိုင်ရှောင်ချန်းမှလွဲ၍ အခြားလူတစ်ယောက်သာ အဆင့်တက်နေပါက နိုင်ငံသူနိုင်ငံသားများအားလုံးအတွက် အုတ်အော်သောင်းနင်း ဂယက်ရိုက်စေမည့် ဝမ်းသာစရာကိစ္စကြီးတစ်ရပ် ဖြစ်ခဲ့ပေမည်။ မိစ္ဆာဧကရာဇ်နိုင်ငံတော်ကိုလည်း အတော်လေးတုန်လှုပ်သွားစေမည် ဖြစ်သည်။
အခြားကောင်းကင်ဧကရာဇ်သာဆိုပါက သူတော်စင်ဧကရာဇ်နိုင်ငံတော်၏အင်အားက သုံးဆယ်ရာခိုင်နှုန်းတိုးမည်ဖြစ်သည်။
သို့သော် အဆင့်တက်နေသော ပုဂ္ဂိုလ်က သူတော်စင်ဧကရာဇ်နိုင်ငံတော်သားအစစ်မဟုတ်ဘဲ ပိုင်ရှောင်ချန်း ဖြစ်နေသည်။
ထိုအချက်၏အဓိပ္ပာယ်ကို လူအများ သဘောပေါက်လာကြသဖြင့် ရောထွေးသောခံစားချက်များဖြင့် မှင်သက်နေတော့သည်။ အထူးသဖြင့် အလွန်တင်းမာခက်ထန်သွားသည့် ကောင်းကင်ဧကရာဇ်သုံးပါးမှာ ပိုဆိုးသည်။
ဤအခိုက်တွင် ကောင်းကင်ဧကရာဇ်စာပေသမားက ပြော၏။
" တစ်ယောက်ယောက် ကောင်းကင်ဧကရာဇ်တစ်ပါးဖြစ်လာရင် ထာဝရမယ်တော် ဝင်ပါတယ်။ လောကနတ်ဘုရားတစ်ပါး မလှုပ်ရှားသရွေ့ ... ဘယ်သူမှ မစွက်ဖက်နိုင်လောက်ဘူး "
" ဒီကောင်ပိုင်ရှောင်ချန်းက ကောက်ကျစ်စဥ်းလဲတဲ့ မြေခွေးတစ်ကောင်ပဲ "
ချိန်စုက မျက်ဝန်းများ တဖျပ်ဖျက်လက်နေလျက် ပြော၏။
" သူက သူတော်စင်ဧကရာဇ်မြို့မှာဆိုတော့ သူတော်စင်ဧကရာဇ် ကူညီမှာကို သိတယ်။ ပြီးတော့ မိစ္ဆာဧကရာဇ်လဲ သေချာပေါက် ပြဿနာရှာလာမှာ မဟုတ်ဘူး။ ဒီထက် ပိုလုံခြုံတဲ့နေရာ မရှိနိုင်တော့ဘူး "
" အဲဒါ တကယ် အရေးမကြီးဘူး "
ဂူထျန်ကျွင်းက အေးစက်စက်ပြောသည်။
" သမိုင်းတစ်လျှောက် ကျင့်ကြံသူတော်တော်များများက ဒီအဆင့်ကို ရောက်ဖူးတယ်။ ဒါပေမဲ့ ကောင်းကင်စမ်းသပ်ချက်သုံးခါကို ရင်ဆိုင်ရင်း ဘယ်နှယောက် သေသွားလဲ ဘယ်သူများ ရေတွက်နိုင်လို့တုန်း။ သူက အတားအဆီးကို ဖျက်စီးလိုက်ပြီး ပထမစမ်းသပ်ချက်စတင်တာပဲ ရှိသေးတယ်။ ကျန်တဲ့နှစ်ခုကို အသာထားဦး သူ ပထမအဆင့်ကိုတောင် ခံနိုင်မှာ မဟုတ်ဘူး "
သူတော်စင်ဧကရာဇ်မြို့တော်တစ်ခုလုံး တုန်လှုပ်နေကြပြီး ကောင်းကင်ဧကရာဇ်သုံးပါးနည်းတူ သူတော်စင်ဧကရာဇ်က အနီးကပ်စောင့်ကြည့်နေလေသည်။ ထိုအခိုက်အတန့်တွင် ဧရာမလေဆင်နှာမောင်းကြီးက အဆတစ်ရာကြီးထွားလာသဖြင့် မယုံကြည်နိုင်ဖွယ်ကောင်းသော ထစ်ခြုန်းသံများပဲ့တင်ထပ်လာတော့သည်။
မိုးကောင်းကင်တစ်ဝက်နီးပါး မရေမတွက်နိုင်အောင် ပြိုးပြိုးပြက်ပြက် ကခုန်နေသော လျှပ်စီးတန်းများဖြင့် ပြည့်နှက်နေသော လေဆင်နှာမောင်းကြီးတစ်ခု ဖြစ်တည်လာတော့သည်။ သူတော်စင်ဧကရာဇ်မြို့တော်ကား တလိပ်လိပ်ထကာ ပတ်ပတ်လည်အင်မော်တယ်နယ်မြေကို ပြည့်နှက်သွားသော စမ်းသပ်ချက်တိမ်တိုက်ကြီး၏ ဖုံးလွှမ်းခြင်းခံနေရတော့သည်။
" ဒုတိယစမ်းသပ်ချက်စနေပြီ "
ဂူထျန်ကျွင်း၏မျက်လုံးများ ကျဥ်းမြောင်းသွားကာ ပြော၏။
လေဆင်နှာမောင်းကြီး၏ အလယ်ဗဟိုချက်အောက်ဘက်တွင်ကား အမှောင်ကမ္ဘာထဲတွင် တုန်ရီနေလျက် တင်ပျဥ်ခွေထိုင်နေသည့် ပိုင်ရှောင်ချန်း ရှိသည်။ သူ မြင်ရသည့် တစ်ခုတည်းသောအရာမှာ အလွန်နှေးကွေးစွာ တစ်ခုတည်းအဖြစ် အတူတကွ ဖြစ်ပေါ်နေသော မရေမတွက်နိုင်အောင် လွင့်မျောနေသောအစေ့များ ဖြစ်သည်။
ထိုဖြစ်စဥ်ကား ဂူထျန်ကျွင်း ညွှန်းဆိုသည့် ဒုတိယစမ်းသပ်ချက် ဖြစ်ပေသည်။