သက်ရှိသက်မဲ့အရာခပ်သိမ်းကို အုတ်အော်သောင်းနင်းဖြစ်သွားစေသူ
Vol. 11 Ch. 1074
နတ်ဘုရားတစ်ပိုင်းအဆင့် ကျင့်ကြံသူတစ်ယောက်က ကောင်းကင်ဧကရာဇ်အဆင့်သို့ တက်လှမ်းသွားချိန်တွင် စမ်းသပ်ချက်သုံးခုကို ကျော်လွှားရမည်ဖြစ်သည်။ ပထမစမ်းသပ်ချက်က ရင်းမြစ်ပစ္စည်း အမြောက်အမြားပိုင်ဆိုင်ထားသည့် နတ်ဘုရားတစ်ပိုင်းအဆင့် ကျင့်ကြံသူများသာ အဆင့်တက်နိုင်သည့် ကောင်းကင်အဟန့်အတားတစ်ခုဖြစ်သော အသွင်မဲ့ အတားအဆီးတစ်ခု ဖြစ်သည်။ ကျရှုံးမှုတိုင်းက အန္တရာယ်များပြီး ကြိမ်ဖန်များစွာ ကျရှုံးပါက အောင်မြင်ရန်ပင် ဖြစ်နိုင်တော့မည် မဟုတ်ပေ။
လူအများစုမှာ ပိုင်ရှောင်ချန်းကဲ့သို့ အားအင်ပြန်လည်ဖြည့်နိုင်စွမ်းများ မရှိကြသလို ပိုင်ရှောင်ချန်းကဲ့သို့ ကြိမ်ဖန်များစွာ ကြိုးစားအားထုတ်နိုင်သော ဇွဲသတ္တိလည်း မရှိကြပေ။
ကြီးမားသော ကျောထောက်နောက်ခံနှင့် ရင်းမြစ်ပစ္စည်းများ ပိုင်ဆိုင်ထားကြသည့် နတ်ဘုရားတစ်ပိုင်းကျင့်ကြံသူအချို့မှာ ပထမစမ်းသပ်ချက်ကို အောင်မြင်နိုင်စွမ်းရှိပေသည်။
ပထမစမ်းသပ်ချက်ပြီးလျှင် ဒုတိယစမ်းသပ်ချက်မှာ ပို၍ လျှို့ဝှက်နက်နဲကာ ခဲယဥ်းပေသည်။ ၎င်းတွင် နာမည်အမျိုးမျိုးရှိသည်။ လူအချို့က ၎င်းအား ' စင်ကြယ်မှုနှင့် ရိုးရှင်းမှုအား ပြန်လည်ရယူခြင်း ' ဟုခေါ်ဆိုကြသည်။ အချို့မှာမူ ' အနှစ်သာရအား ခြေရာခံခြင်း ' ဟုခေါ်ကြသည်။ မည်သို့ပင်ခေါ်စေကာမူ ၎င်းမှာ ပေါင်းစည်းခြင်း လုပ်ငန်းစဥ်တစ်ခုသာ ဖြစ်သည်။
မရေမတွက်နိုင်လောက်အောင် များပြားသော ဒုဓလီစေ့များမှာ တစ်သားထဲဖြစ်သွားရမည်ဖြစ်သည်။
ထိုလုပ်ငန်းစဥ်မှာ ရိုးရှင်းသည်ဟု ထင်ရပါသော်လည်း ၎င်းအား စမ်းသပ်ချက်တစ်ခုဟု ခေါ်ဆိုကြသည့် အကြောင်းအရင်းမှာ ပထမစမ်းသပ်ချက်အား ကျော်ဖြတ်နိုင်သည့် ကျင့်ကြံသူများ၏ ကိုးဆယ်ရာခိုင်နှုန်းက ဤအဆင့်တွင် ကျရှုံးလေ့ရှိကြသောကြောင့် ဖြစ်သည်။
ထာဝရအင်မော်တယ်နယ်မြေများမှ ကျင့်ကြံသူများမှာ နှစ်ပေါင်းများစွာတိုင်အောင် ထိုဒုတိယစမ်းသပ်ချက်ကို နားမလည်ခဲ့ကြပေ။ သူတော်စင်ဧကရာဇ်က လောကနတ်ဘုရား ဖြစ်သွားခဲ့ပြီး အသက်ပြန်သွင်းခြင်းအစွမ်းကို ထိန်းချုပ်နိုင်ခဲ့သည့် အချိန်ရောက်မှသာ ထိုလျှို့ဝှက်ချက်များ ပေါ်ထွက်လာခဲ့ခြင်းဖြစ်သည်။
အနှီစမ်းသပ်ချက်မှာ နတ်ဘုရားစွမ်းရည်များကို စမ်းသပ်ခြင်းပင်ဖြစ်သည်။
ဤအသက်တမျှ အရေးကြီးသော အခိုက်အတန့်တွင် နတ်ဘုရားတစ်ပိုင်းအဆင့် ကျင့်ကြံသူမှာ သူ သို့မဟုတ် သူမ၏ဘဝတစ်လျှောက်လုံးတွင် ကျင့်ကြံထားခဲ့သည့် အတတ်များအားလုံးကို ထုတ်သုံး၍ တမူထူးခြားသော နည်းလမ်းတစ်ခုဖြင့် ပေါင်းစပ်ရမည်ဖြစ်သည်။ အသုံးပြုသည့် မှော်အတတ်များကိုလိုက်၍ ရလဒ်များမှာ တစ်ကြိမ်နှင့်တစ်ကြိမ် မတူညီပေ။
မိမိကျင့်ကြံထားသော ေမှာ်အတတ်များ၏ ငါးဆယ်ရာခိုင်နှုန်းခန့်ကို ပေါင်းစည်းနိုင်မှသာ ထိုအသက်တမျှအရေးကြီးသော အခိုက်အတန့်ကို ဖြတ်ကျော်နိုင်မည် ဖြစ်သည်။ ပထမစမ်းသပ်ချက်မှာ စွမ်းအင်လုံလုံလောက်လောက် စုစည်းထားခြင်းနှင့် သက်ဆိုင်ပြီး ဒုတိယစမ်းသပ်ချက်မှာမူ ထူးကဲသော ရင်းမြစ်ပစ္စည်းများ ပိုင်ဆိုင်ထားရုံနှင့် ကျော်ဖြတ်၍ မရနိုင်သည့် အဆင့်ဖြစ်သည်။ ထာဝရအင်မော်တယ်နယ်မြေများထဲတွင် ရှိသော အထွတ်အထိပ် တာအိုမှော်အတတ်အချို့ကို ကျင့်ကြံထားမှသာ အောင်မြင်နိုင်မည် ဖြစ်သည်။ ထိုသို့သော အခြေခံမရှိပါက တစ်ခုတည်းသော ရွေးချယ်စရာမှာ မိမိ၏ ကျင့်ကြံခြင်းအခြေခံကို ဖျက်ဆီး၍ ကျင့်ကြံခြင်းအား အစမှပြန်စရန်သာ ဖြစ်သည်။
ဤစမ်းသပ်ချက်နှစ်ခုမှာ ကျင့်ကြံသူ ကိုးဆယ်ရာခိုင်နှုန်းတိတိကို အသေသတ်လိုက်သည် မဟုတ်ပါသော်လည်း သုတ်သင်ဖယ်ရှားလိုက်သည်သာ ဖြစ်သည်။
သို့သော် တတိယစမ်းသပ်ချက်မှာ အသက်အန္တရာယ်ပြုနိုင်သည့် အဆင့်တွင် ရှိသည်။
ထိုအဆင့်ကို အောင်မြင်သွားပါက ကောင်းကင်ဧကရာဇ်အဆင့်သို့ ရောက်သွားမည်ဖြစ်သည်။ သို့သော် ကျရှုံးသွားမည်ဆိုပါက ပြာကျသွားပြီး ဒဏ္ဍာရီထဲကအတိုင်း ... ထာဝရပန်းပွင့်၏ အစိတ်အပိုင်းတစ်ခုအသွင် ပြောင်းလဲသွားမည်ဖြစ်သည်။
တတိယစမ်းသပ်ချက်မှာ ... ထောက်ခံချက်နှင့် သက်ဆိုင်သည်။
ထာဝရမယ်တော်ဟူ၍လည်းခေါ်ဆိုသော ထာဝရပန်းပွင့်၏ ထောက်ခံချက်ကို မလွဲမသွေ လိုအပ်ပေသည်။ ထိုအဆင့်မှာ ရင်းမြစ်ပစ္စည်းများ၊ ကျင့်ကြံထားသောအတတ်များနှင့် လုံးဝ မသက်ဆိုင်ပေ။ လောကနတ်ဘုရားများပင် ထိုလုပ်ငန်းစဥ်၏ အလုပ်လုပ်ပုံကို နားမလည်ကြသေးပေ။ သူတော်စင်ဧကရာဇ်မင်းဆက်နှင့် မိစ္ဆာဧကရာဇ်မင်းဆက်တို့အားလုံးမှာ မူလဧကရာဇ်များဆီမှ ဆင်းသက်လာကြသည်ဖြစ်ပြီး ဆင်တူသော အတတ်များကို ကျင့်ကြံထားကြသည်။ သို့သော်လည်း မင်းဆက်နှစ်ခုလုံးမှ လူများမှာ ရှေးယခင်က အနှီတတိယစမ်းသပ်ချက်တွင် ကျရှုံးခဲ့ရသည်။
ယခုတွင် ဂူထျန်ကျွင်း၊ ချိန်စုနှင့် ပညာရှိ ကောင်းကင်ဧကရာဇ်တို့မှာ ထိုစမ်းသပ်ချက်အမျိုးမျိုးအကြောင်းကို တွေးတောကာ ပိုင်ရှောင်ချန်းအားဝန်းရံနေသည့် လေပွေကြီးကို ကြည့်နေကြသည်။ သူတော်စင်ဧကရာဇ်မှာလည်း ထိုနည်းတူပင်။
ပိုင်ရှောင်ချန်းက ပထမစမ်းသပ်ချက်အား ကျော်လွှားသွားနိုင်ခဲ့သည်မှာ သူတို့အတွက် မထူးဆန်းပေ။ ပိုင်ရှောင်ချန်းမှာ သူတော်စင်ဧကရာဇ်မင်းဆက်သို့ ရောက်ရှိလာပြီးနောက် ကောင်းကင်နဂါးတူငါများနှင့် ကြာစေ့များကို စားသုံးခဲ့သည် မဟုတ်ပါလော။ ကြာမြစ်များ၏ တချို့တဝက်ကိုပါ သူစားသုံးခဲ့လိမ့်မည်ဟု သူတို့အားလုံးက ယုံကြည်ထားကြသည်။
ထိုသို့သော ရင်းမြစ်ပစ္စည်းများရှိနေသောကြောင့် ပထမစမ်းသပ်ချက်ကို သူ ကျော်လွှားနိုင်သည်မှာ သဘာဝကျပေသည်။
ယခုတွင် သူတော်စင်ဧကရာဇ်မှာ မပျော်ရွှင်နေနိုင်တော့ပေ။ အခြေအနေများမှာ ဤကဲ့သို့ ဖြစ်ပျက်သွားမည်ဟု ယခင်ထဲက သူ ကြိုသိနေခဲ့ပါက ပိုင်ရှောင်ချန်းအား သူတော်စင်ဧကရာဇ်မြို့တော်ထဲတွင် လုံးဝနေခဲ့ခိုင်းမည် မဟုတ်ပေ။
" ငါဝင်နှောင့်ယှက်ဖို့က သင့်တော်မှာမဟုတ်ဘူး။ ပိုင်ရှောင်ချန်းရဲ့ ကံကြမ္မာအပေါ်မှာပဲ မူတည်မှာပဲ "
အကယ်၍ ပိုင်ရှောင်ချန်းသာ အခြားနေရာတွင် ကြိုးစားအားထုတ်နေသည်ဆိုပါက သူတော်စင်ဧကရာဇ်မှာ နှောင့်ယှက်လျှင် နှောင့်ယှက်နိုင်သေးသည်။ သို့သော် ယခုမှာ သူတော်စင်ဧကရာဇ်မြို့တော်ထဲတွင်ဖြစ်ပြီး လူပေါင်းများစွာ ဝိုင်းကြည့်နေကြသဖြင့် သူ အလွယ်တကူ ဝင်ရောက်စွက်ဖက်ရန် မဖြစ်နိုင်ပေ။
ထိုသို့ဖြင့် မြို့တော်ထဲရှိ မျက်ဝန်းများအားလုံးက ပိုင်ရှောင်ချန်း၏ မြင့်မြတ်သောနယ်မြေနှင့် ၎င်းကိုဝန်းရံနေသည့် ဧရာမလေပွေကြီးကို မခွာတမ်းကြည့်နေကြသည်။
ရုတ်တရက် ထိုလေပွေထဲမှ အော်ဟစ်သံတစ်သံ ပေါ်ထွက်လာသည်။ ၎င်းမှာ ပိုင်ရှောင်ချန်း၏အသံဖြစ်ပြီး အမြင့်မားဆုံးသောကောင်းကင်ယံအထိ ပဲ့တင်ထပ်နေသော နဂါးတစ်ကောင်၏ ဟိန်းဟောက်သံနှင့်ပင် တူနေ၏။ တစ်မြို့လုံး တုန်ရီသွားပြီး ကောင်းကင်ရေအိုင်ထဲရှိ ကောင်းကင်နဂါးတူငါးများမှာလည်း အသားများတုန်ရီသွားကြကာ ရေအောက်သို့ ငုပ်လျှိုးသွားကြတော့သည်။
ထို့နောက် ထိုလေပွေကြီးမှာ စိတ်ကူးနှင့်ပင် မှန်းဆ၍မရနိုင်လောက်သည့် အမြန်နှုန်းဖြင့် လည်ပတ်ကာ ကြီးမားလာသဖြင့် သူတော်စင်ဧကရာဇ်နှင့် ကောင်းကင်ဧကရာဇ်အဆင့် ကျင့်ကြံသူများမှာ အံ့အားသင့်သွားတော့သည်။ ထို့နောက် ထိုလေပွေကြီးမှာ သူတော်စင်ဧကရာဇ်မြို့တော်ကိုသာမက ၎င်း၏ပတ်ပတ်လည်ရှိ စီရင်စုနယ်မြေဆယ်ခုကိုပါ လွှမ်းခြုံတော့မည့်အလား ကြီးမားလာသဖြင့် ကောင်းကင်ကြီးမှာ ဆုတ်ပြဲသွားတော့မည့်အလား ဖြစ်နေတော့သည်။
ထာဝရနယ်မြေတစ်ခုချင်းစီတိုင်းမှာ ကောင်းကင်တံတားနယ်မြေထက် များစွာပို၍ ကြီးမားကျယ်ပြန့်သည်။ ယခု လေပွေကြီးက ကောင်းကင်ယံ၌ ပြည့်နှက်လာသည့်အချိန်တွင် ထိုနေရာများရှိ ကျင့်ကြံသူများနှင့် သက်ရှိများအားလုံး မည်သည့် အရာများပင်လုပ်နေကြစေကာမူ သူတို့၏ ဝိညာဥ်များအထိပင် တုန်လှုပ်သွားကြတော့သည်။
၎င်းတို့နှင့် ကပ်လျက်ဖြစ်သော အင်မော်တယ်နယ်မြေများမှ လူများပင် ဖြစ်ပျက်နေသည်များကို မြင်နေရသဖြင့် အလန့်တကြား အော်ဟစ်ကုန်ကြတော့သည်။
ကောင်းကင်ဧကရာဇ်အဆင့် ကျင့်ကြံသူအားလုံး ထိုအံ့ဩဘနန်းဖြစ်ရပ်ကြောင့် ပင့်သက်များရှိုက်သွားကြတော့သည်။
" မဖြစ်နိုင်တာ "
" သူ ဒုတိယစမ်းသပ်ချက်ကို ဘယ်လိုနည်းနဲ့များ ဒီလောက် မြန်မြန်ကြီး ကျော်ဖြတ်လိုက်တာတုန်း "
" သူက ဗဟိုဧကရာဇ်တွေရဲ့ အတတ်တွေကို ကျင့်ကြံထားတယ်ဆိုရင်တောင် အဲဒီအတတ်တွေကို ဒီလောက်မြန်မြန်ကြီး ပေါင်းစည်းနိုင်စရာအကြောင်း လုံးဝမရှိဘူး "
ရုတ်တရက် သူတော်စင်ဧကရာဇ်က တော်ဝင်နန်းတော်ထဲမှ ပျောက်ကွယ်သွားပြီးနောက် မည်းမှောင်နေသော အမူအရာဖြင့် မြို့တော်အထက်ရှိ လေထဲတွင်ပြန်ပေါ်လာကာ ပိုင်ရှောင်ချန်းရှိရာ မြင့်မြတ်ေသာနယ်မြေဘက်သို့ လှမ်းကြည့်နေတော့သည်။
" ငါ ကောင်းကင်ဧကရာဇ်အဆင့်ကို ရောက်တုံးက ဒုတိယစမ်းသပ်ချက်ကိုကျော်ဖြတ်ဖို့ အမွှေးတိုင်တစ်တိုင် လောင်ကျွမ်းစာအချိန် ကြာခဲ့တာ။ တတိယစမ်းသပ်ချက်ကို ကျော်ဖြတ်ဖို့က သုံးရက်တိတိကြာခဲ့တာ ... ဒါပေမဲ့ ပိုင်ရှောင်ချန်းက အသက်ရှူကြိမ်ဆယ်ကြိမ်ထဲနဲ့ အောင်မြင်သွားတာပါလာ။ ထာဝရအသက်ရှည်အတတ်ဆိုပဲ... သူတတိယစမ်းသပ်ချက်ကို ကျော်ဖြတ်ဖို့ရော အချိန်ဘယ်လောက် ကြာမလဲမသိဘူး "
သူတော်စင်မြို့တော်ထဲရှိ အခြားမှူးမတ်များနှင့် စွမ်းအားကြီးကျင့်ကြံသူများ မည်သို့ခံစားနေရမည်ကို ဖော်ပြရန်မလိုတော့ပေ။ သို့သော် ပို၍အံ့သြတုန်လှုပ်ဖွယ်ကောင်းသည့်အချက်မှာ ... သူတို့၏နားထဲတွင် တီးတိုးပြောနေသည့် စကားသံတစ်သံကို ကြားလိုက်ရခြင်းပင်။
သက်ရှိအစုအဝေးတစ်ခု တပြိုင်နက်ထဲ စကားပြောနေကြသည့်အတိုင်းပင်။ ထာဝရမယ်တော်ကြီးမှာ သူတို့အား လှမ်းခေါ်နေပြီး လွန်ခဲ့သော နှစ်ပေါင်းမြောက်မြားစွာက ကောင်းကင်နှင့်ကမ္ဘာမြေကြီးတို့ကို စကားပြောနေသည့်အလားပင်။
၎င်းမှာ ဒုတိယစမ်းသပ်ချက်ကို အောင်မြင်စွာကျော်ဖြတ်နိုင်လျှင် ဖြစ်ပေါ်လာသည့်အရာဖြစ်သည်။ တာအိုသစ်စေ့ အောင်မြင်စွာ ပေါ်ထွက်လာပြီဖြစ်ကြောင်းကို ဖော်ပြနေသည့် ထာဝရရေရွတ်သံ တစ်သံပင်ဖြစ်သည်။
သူတော်စင်ဧကရာဇ်မြို့တော်မှ ကျင့်ကြံသူများသာ ထိုသို့ကြားလိုက်ရသည် မဟုတ်ပေ။ ထိုဧရာမလေပွေကြီး၏ အောက်ဘက်ရှိ လူတိုင်းမှာလည်း ထိုအသံကြီးကို ကြားလိုက်ရပေသည်။
သူတော်စင်ဧကရာဇ်မင်းဆက်ထဲတွင် ရှိနေသည့် ကောင်းကင်တံတားဒေသမှ လူများလည်းအပါအဝင်ဖြစ်ပြီး သူတို့အားလုံး တုန်လှုပ်သွားရတော့သည်။
လူအများစုမှာ မည်သည့်အချင်းအရာများ ဖြစ်ပျက်နေကြသည်ကို မသိပါသော်လည်း အတိတ်က ၎င်းနှင့် ဆင်တူသော ဖြစ်ရပ်ကို မြင်ခဲ့ဖူးသည့် လူအချို့ရှိသဖြင့် သူတို့မှာ ချက်ချင်းပင် ရိပ်မိလိုက်ကြသည်။
" တစ်ယောက်ယောက်က ... ကောင်းကင်ဧကရာဇ်အဆင့်ကို တက်လှမ်းနေတာပဲ "
ထိုသတင်းများမှာ သူတော်စင်ဧကရာဇ်မင်းဆက်၏ စီရင်စုနယ်မြေများထဲတွင် အလျင်အမြန် ပျံ့နှံ့သွားကြသဖြင့် လူပေါင်းများစွာ အံ့အားသင့်သွားရတော့သည်။
မိစ္တာဧကရာဇ်မင်းဆက်ထဲတွင် ထိုဖြစ်ရပ်များကို နားလည်သွားသည့် ပထမဆုံးလူမှာ မိစ္တာဧကရာဇ်ကိုယ်တိုင်ဖြစ်သည်။ သူသည် အလွန်အမင်းတုန်လှုပ်သွားပြီး အံ့အားသင့်သော အရိပ်အယောင်များထင်ဟပ်နေသည့် မျက်ဝန်းများဖြင့် သူတော်စင်ဧကရာဇ်မြို့တော် ရှိရာဘက်သို့ လှမ်းကြည့်လိုက်သည်။ ကုန်းစွန်းဝမ်အာမှာလည်း မိစ္ဆာဧကရာဇ် မြို့တော်ထဲတွင်ရှိနေပြီး သူမ၏အရိုးသင်္ဘောမှ စစ်တပ်ကြီးတစ်တပ်ကို ဦးဆောင်နေသည်။ သူမသည် ဖြစ်ပျက်နေသည့် အချင်းအရာများကို နားလည်သွားသောအခါ အံ့အားသင့်သွားသောအမူအရာဖြင့် သူတော်စင်ဧကရာဇ်မြို့တော်ဘက်သို့ လှမ်းကြည့်လိုက်၏။
" ငါ့အချစ်လေးပဲ ... "
ကောင်းကင်ဧကရာဇ်အဆင့် ကျင့်ကြံသူ အသစ်တစ်ယောက် ပေါ်ထွက်လာခြင်းမှာ ကျင့်ကြံခြင်းလောကကြီးတစ်ခုလုံးကို လှုပ်ယမ်းပစ်နိုင်စွမ်းရှိသော ဖြစ်ရပ်ကြီးတစ်ခုဖြစ်သည်။
ပိုင်ရှောင်ချန်းကမူ ထိုအချင်းအရာများကို လုံးဝမသိပေ။ လက်ရှိတွင် သူ၏အသိစိတ်မှာ ဗလာနတ္ထိဖြစ်ကာ ငြိမ်သက်နေပြီး သူသည် ပင်ကိုအသိစိတ်အတိုင်း ဆောင်ရွက်နေသည်သာ ဖြစ်သည်။
သူတော်စင်ဧကရာဇ်နှင့် အခြားကောင်းကင်ဧကရာဇ်အဆင့် ကျင့်ကြံသူတို့ အံ့အားသင့်သွားရလောက်သည့်အထိ အလျင်အမြန်ပြီးဆုံးသွားခဲ့သည့် ပေါင်းစည်းခြင်းလုပ်ငန်းစဥ်မှာ ပိုင်ရှောင်ချန်းအတွက်မူ စိတ်ပူစရာပင် မဟုတ်ခဲ့ပေ။ သူ၏ခန္ဓာကိုယ်က မရေမတွက်နိုင်သော ဒုဓလီအစေ့ပေါင်းများစွာအသွင် ခွဲထွက်သွားပြီး ဦးတည်ရာမဲ့စွာ မျောလွင့်နေသည်ဟု သူ ခံစားခဲ့ရသည်။ တချိန်ထဲမှာပင် သူ၏ဝိညာဥ်ထဲတွင် ပုန်းလျှိုးကွယ်လျှိုး စကားပြောသံနှင့်တူသော အသံတစ်သံကို အာရုံခံမိခဲ့သည်။
ထိုအသံမှာ သူ့အား စကားပြောနေသည်ဟုထင်ရပြီး သေသေချာချာ မကြားရပါသော်လည်း ထိုအသံကြောင့် သူ ဘေးကင်းလုံခြုံမှုရှိသည်ဟု ခံစားခဲ့ရသည်။ မိခင်တစ်ယောက်က သူမ၏ကလေးငယ်ကို စကားပြောနေသည့် အတိုင်းပင်။ သူသည် အရာအားလုံးကို မေ့ပျောက်သွားပြီး ဟင်းလင်းပြင်ကြီးတစ်ခုထဲတွင် မျောလွင့်နေသည့် ဒုဓလီစေ့များအဖြစ် အမှန်တကယ် ပြောင်းလဲသွားခဲ့သည့်အလားပင်။
သူသည် အချိန်မည်မျှပင် ကုန်ဆုံးသွားကြောင်းကို သတိမထားမိလိုက်ပေ။ တစ်နှစ်လား ... နှစ်ပေါင်းတစ်ရာလား ... သို့မဟုတ် နှစ်ပေါင်းတစ်သောင်းလားပင် မသိနိုင်ပေ။ ထိုဟင်းလင်ပြင်ကြီးထဲတွင် မည်သည့်အချိန် သို့မဟုတ် မည်သည့်အတွေးစမှ ရှိမနေခဲ့ပေ။ သို့သော် တစ်နေ့တွင် သူသည် အလွန်ကြည်လင်ပြတ်သားသော အသံတစ်သံကို ကြားလိုက်ရတော့သည်။
" သားလေး … သားနာမည်ကိုပြော "
" သားနာမည်က ... ပိုင်ရှောင်ချန်းပါ "
သူ၏စကားသံများမှာ မိုးခြိမ်းသံကဲ့သို့ ပဲ့တင်ထပ်၍ ဟင်းလင်းပြင်ကြီးအားဖျက်ဆီးလိုက်ပြီး သူ၏ပတ်ပတ်လည်ရှိ ကမ္ဘာကြီးအား ချေမှုန်းလိုက်တော့သည်။ ပိုင်ရှောင်ချန်းမှာ ဒုဓလီအစေ့များအကြားမှ နိုးထလာခဲ့ပြီး သူတော်စင်ဧကရာဇ်မင်းဆက်ထဲရှိ သူ၏မြင့်မြတ်သောနယ်မြေထဲတွင် ပြန်ရောက်နေကြောင်း သိလိုက်ရသည်။
သူ၏ မှတ်ဉာဏ်များမှာ ခေါင်းထဲသို့ ပြန်ဝင်လာပြီးနောက် သူ၏ရှေ့တည့်တည့်တွင် ဒုဓလီအစေ့တစ်စေ့နှင့်တူသော အရာတစ်ခု ပေါ်ထွက်လာတော့သည်။
၎င်းသည်ကား သူ၏တာအိုသစ်စေ့ပင်ဖြစ်သည်။
ထိုအချိန်တွင် ကောင်းကင်ပေါ်ရှိ တိမ်တိုက်များမှာ ပလုံစီ ထလာ၏။ ထို့နောက် မိစ္ဆာဧကရာဇ်မင်းဆက်ရှိ လူတိုင်းနှင့် သူတော်စင်ဧကရာဇ်မင်းဆက်ရှိ လူတိုင်းမှာ မည်သည့်ကျင့်ကြံခြင်းအဆင့်တွင် ရောက်နေစေကာမူ၊ မည်သူပင်ဖြစ်စေကာမူ ... သူတို့၏အတွေးထဲတွင် ရေရွတ်သံတစ်သံကို ကြားလိုက်ရတော့သည်။
ဒီကမ္ဘာကြီးထဲမှာ ဆယ့်တစ်ယောက်မြောက် ကောင်းကင်ဧကရာဇ်အဆင့် ကျင့်ကြံသူတစ်ယောက်ပေါ်လာပြီ။ သူ့နာမည်က ပိုင်ရှောင်ချန်း ...
ထိုစဥ် ထာဝရအင်မော်တယ်နယ်မြေအပြင်ဘက်၊ ဧရာမ မိုးမြေဧကရာဇ်ကြီး၏ဘေးရှိ ကြယ်တာရာများစုံလင်နေသည့် မိုးကောင်ကင်ကြီး၏ အမှောင်ထုထဲ၌ ကုန်းမြေထုကြီးတစ်ခုနှင့်ဆင်တူသော ဧရာမအရာဝတ္တုကြီးတစ်ခု ပေါ်လာသည်။ သေသေချာချာကြည့်လိုက်မည်ဆိုပါက ၎င်းမှာ ယပ်တောင်တစ်ချောင်း၏တစ်ဝက် ဖြစ်နေကြောင်း တွေ့နိုင်သည်။
ယပ်တောင်ကြီးမှာ ပျက်စီးနေပြီဖြစ်ပါသော်လည်း ကြယ်တာရာများစုံလင်နေသည့် မိုးကောင်ကင်ကြီးထဲတွင် ချောမွေ့စွာ ဝဲပျံနေသည်။
ယပ်တောင်အစုတ်ကြီးက အစပိုင်းက ထာဝရအင်မော်တယ်နယ်မြေများဆီသို့ ဦးတည်လာနေသည် မဟုတ်ပေ။ သို့သော် ပိုင်ရှောင်ချန်းက အဆင့်တက်ပြီးနောက် ထိုအသံကြီးက သက်ရှိအားလုံးကို စကားပြောလိုက်သည့်အခါ လေပွေတစ်ခုပေါ်ထွက်လာပြီး ထိုယပ်တောင်စုတ်ကြီး၏ လမ်းကြောင်းကို ပြောင်းလဲသွားစေတော့သည်။ ယခုအခါ ထိုယပ်တောင်အစုတ်ကြီးမှာ မကြာမီအချိန်အတွင်း ထာဝရအင်မော်တယ်နယ်မြေများ၏ဘေးမှ ဖြတ်သွားတော့မည်မှာ အသေအချာပင်ဖြစ်သည်။
#ဘာသာပြန်မှတ်စု။ ယပ်တောင်အစုတ်ကြီးဆိုတော့ ကျိကုန်းရဲ့ ယပ်တောင်ဖြစ်မယ်။ တကယ် ဟုတ်/မဟုတ်ကတော့ ဇာတ်လမ်းကို ဆက်ဖတ်ကြည့်ကြတာပေါ့။