တာအိုသစ်စေ့
Vol. 11 Ch. 1075
မကြာမီရောက်လာတော့မည် ဖြစ်သောဧရာမယပ်တောင်အစုတ်ကြီးကို တစ်ယောက်မှ သတိမထားမိကြပေ။ လောကနတ်ဘုရားအဆင့် ဧကရာဇ်များပင် အပါအဝင်ဖြစ်သည်။
သို့သော် ပိုင်ရှောင်ချန်းက ကောင်းကင်ဧကရာဇ်အဆင့်သို့ ရောက်သွားသည့်အခိုက်အတန့်တွင် မင်းဆက်နှစ်ဆက်လုံးတွင် နေထိုင်နေကြသည့် သက်ရှိများအားလုံး၏ နားထဲတွင် ပိုင်ရှောင်ချန်း၏ အမည်ကို ကြားလိုက်ရတော့သည်။
ကောင်းကင်နှင့် ကမ္ဘာမြေကြီးတို့၏ ဝိညာဥ်မှာ ကောင်းကင်ဧကရာဇ်အဆင့်ကျင့်ကြံသူတစ်ယောက် ပေါ်ထွက်လာခြင်းကို သက်ရှိများအားလုံးဆီသို့ ကြေငြာနေသည့်အတိုင်းပင်။
အတိတ်က ကုန်းစွန်းဝမ်အာ ရှင်းပြခဲ့ဖူးသည့် အတိုင်းပင်။ သက်ရှိများအားလုံးသည် မိမိတို့၏ဘဝကို လှေကားတစ်စင်းကို တက်သကဲ့သို့ ဖြတ်သန်းရသည်။ လူတိုင်းတွင် စိတ်ဆန္ဒရှိကြပြီး ၎င်း၏အလွန်တွင် တာအိုသစ်စေ့ရှိသည်။ ထိုအရာနှစ်ခုလုံးက ဤကျယ်ပြန့်သောကမ္ဘာကြီးအပေါ်တွင် သက်ရောက်မှုရှိသည်။
သူတော်စင်ဧကရာဇ်မြို့တော်အတွင်း ကောင်းကင်ဧကရာဇ်အဆင့်ကျင့်ကြံသူသုံးယောက်မှာ တဖိတ်ဖိတ်တောက်ပနေသည့် မျက်ဝန်းများဖြင့် ပိုင်ရှောင်ချန်း၏ မြင့်မြတ်သောနယ်မြေနှင့် ၎င်းဆီမှ ကမ္ဘာကြီးထဲသို့ ပျံ့လွင့်နေသည့် အဆုံးအစမဲ့စွမ်းအင်များကို လှမ်းကြည့်နေကြသည်။
သူတော်စင်ဧကရာဇ်၏ မျက်ဝန်းများထဲတွင် ခံစားချက်ပေါင်းစုံ ရောယှက်နေသည်။ ပိုင်ရှောင်ချန်းက ယခု သူ၏ကိုယ်ပိုင်တာအို လမ်းစဥ်တွင် ခြေလှမ်းကြီးတစ်လှမ်းကို လှမ်းနိုင်လိုက်ပြီဖြစ်ကြောင်း သူ သိသည်။ ထို့အပြင် ယခင်က သူတော်စင်ဧကရာဇ်အတွက် သူ အရေးပါသည့် အဓိကအကြောင်းအရင်း နှစ်ခုသာရှိခဲ့ရာမှာ ယခု သုံးခုအထိ ရှိသွားပြီဖြစ်သည်။
ယခု သူက ကောင်းကင်ဧကရာဇ်အဆင့် ကျင့်ကြံသူတစ်ယောက် ဖြစ်သွားပြီမဟုတ်ပါလော။
သူတော်စင်ဧကရာဇ်သည် ကြာမြစ်များနှင့်ပတ်သတ်၍ သူ ခံစားနေခဲ့ရသော ဒေါသများနှင့် အားမလိုအားမရမှုများကို သတိရှိရှိဖြင့် ချုပ်တည်းလိုက်သည်။
ပိုင်ရှောင်ချန်းတစ်ယောက် ကောင်းကင်ဧကရာဇ်အဆင့်သို့ ချောမွေ့စွာတက်လှမ်းသွားသည်ကို ကောင်းကင်မြို့စားလျှိုအပါဝင် သူတော်စင်ဧကရာဇ်မင်းဆက်ထဲရှိ မှူးမတ်များအားလုံး တိတ်ဆိတ်ငြိမ်သက်စွာဖြင့် တအံ့တသြ ကြည့်နေကြတော့သည်။
မိစ္တာဧကရာဇ်မှာမူ သူတော်စင်ဧကရာဇ်ကဲ့သို့ တုန်လှုပ်သွားရသည်။ ထို့နောက် မင်းဆက်နှစ်ခုလုံးတွင် ပျံ့နှံ့နေကြသည့် ကောင်းကင်တံတားနယ်မြေမှ ကျင့်ကြံသူများမှာမူ ထိုလျှို့ဝှက်ဆန်းကြယ်သော စကားသံကြီးကို ကြားလိုက်ရသောအခါ သူတို့၏နှလုံးသားထဲတွင် စိတ်လှုပ်ရှားမှုများ ပေါက်ဖွားလာကြတော့သည်။
တာကျန်းစီရင်စုနယ်မြေတွင် သရဲကြီးဘုရင်က စံအိမ်ကြီးထဲတွင် မှုန်ကုပ်ကုပ်နှင့်ထိုင်၍ သူနှင့် သူ၏နောက်လိုက်များမှာ မည်မျှပင် ဆင်းရဲမွဲတေနေကြောင်း ငြီးတွားနေ၏။ ရုတ်တရက် သူသည် မတ်တတ်ထရပ်လိုက်ပြီး သူ၏မျက်ဝန်းများမှာ ယခင်ကနှင့်မတူလောက်အောင် စူးရှတောက်ပလာတော့သည်။
" ပိုင်ရှောင်ချန်းက ကောင်းကင်ဧကရာဇ်အဆင့် ကျင့်ကြံသူတစ်ယောက် ဖြစ်သွားပြီတဲ့လား "
သူက ခေါင်းကိုနောက်ပစ်၍ အားပါးတရ ရယ်မောလိုက်တော့သည်။
မဟာကောင်းကင်သခင်သည် တာကျန်းစီရင်စုနယ်မြေနှင့် ထိစပ်နေသော အခြား စီရင်စုနယ်မြေတစ်ခုထဲရှိ မြေရိုင်းများပေါ်တွင် ဖြတ်သွားနေစဥ် ရုတ်တရက် သူတော်စင်ဧကရာဇ်မြို့တော်ရှိရာဘက်သို့ လှမ်းကြည့်လိုက်သည်။ သူ၏မျက်ဝန်းများထဲတွင် စိတ်သက်သာရာရသွားခြင်း၊ ပျော်ရွှင်ခြင်းနှင့် ပြတ်သားခြင်းတို့အပါအဝင် အခြားသောခံစားချက်ပေါင်းစုံ ရောထွေးနေသည်ကို မြင်နိုင်သည်။
" ငါ သရဲကြီးဘုရင်နဲ့ တွေ့မှရမယ် ... "
သူက ရေရွတ်လိုက်သည်။ ထို့နောက် သူသည် ဦးတည်ချက်ပြောင်းလိုက်ပြီး တာကျန်းစီရင်စုနယ်မြေဆီသို့ ဦးတည်လိုက်တော့သည်။
သရဲကြီးဘုရင်နှင့် မဟာကောင်းကင်သခင်တို့သာ စိတ်လှုပ်ရှားကြနေကြသည်တော့ မဟုတ်ပေ။ မိစ္ဆာဧကရာဇ်မင်းဆက်ထဲတွင် ဘရူဆာမှာ စုန့်ကျင်းဝမ်ကို တာဝန်ယူစောင့်ရှောက်နေသည်။ လူများမှာ မည်မျှပင် အန္တရာယ်ပြုလိုပါစေ ဘရူဆာရှိနေသဖြင့် သူမက ဘေးကင်းနေ၏။
ဘရူဆာ၏ တိုက်ပွဲစွမ်းရည်မှာ ဖြည်းဖြည်းချင်းတိုးတက်နေပြီး နတ်အဆင့်သို့ ရောက်နေပြီဖြစ်သည်။ သူတို့နှစ်ယောက်မှာ လမ်းခုလတ်တစ်နေရာတွင် စကားသံတစ်သံကို ကြားလိုက်ရတော့သည်။
စုန့်ကျင်းဝမ်မှာ တုန်ရီသွားပြီး ဘရူဆာက သူတော်စင်ဧကရာဇ်မြို့တော်ဘက်သို့ လှမ်းကြည့်လိုက်သည်။
" ဘရူဆာရေ … ရှောင်ချန်းက ကောင်းကင်ဧကရာဇ်အဆင့် ရောက်သွားပြီတဲ့ "
စုန့်ကျင်းဝမ်မှာ လွန်စွာ ဝမ်းသာရွှင်မြူးဖြစ်နေတော့သည်။ ထာဝရအင်မော်တယ်နယ်မြေများထဲသို့ ရောက်ရှိခဲ့ပြီးချိန်မှစ၍ သူမသည် သတင်းသုံးခုကြောင့် အလွန်အမင်း ပျော်မြူးခဲ့ရသည်။
ပထမသတင်းမှာ သူတော်စင်ဧကရာဇ်က ပိုင်ရှောင်ချန်းအား ကောင်းကင်တံတားနယ်စားအဖြစ် သတ်မှတ်လိုက်သည့် သတင်းဖြစ်သည်။ ဒုတိယသတင်းမှာ ပထမသတင်းပြီးနောက် သိပ်မကြာခင် ရောက်ရှိခဲ့သည်။ သူမသည် စိတ်စွမ်းအင်နတ်ရေစင်ခေါင်းဆောင်ကြီးထံမှ သူ၊ လီချင်းဟောက်နှင့် အချို့သောလူများ စုစည်းနေကြသည် ဆိုသောသတင်းပင် ဖြစ်သည်။ အဏ္ဏဝါခေါ်သံဂိုဏ်းကို ပြန်လည်ဖွဲ့စည်းနေပြီဆိုသည့် သတင်းပင်။ သူမနှင့် ဘရူဆာတို့မှာ ထိုနေရာသို့ သွားနေခြင်း ဖြစ်သည်။
သူမသည် သူတော်စင်ဧကရာဇ်မြို့တော်သို့ သွားဖို့ကြိုးစားရန် မတွေးမိသည်တော့ မဟုတ်ပေ။ ထိုခရီးမှာ ဝေးကွာလွန်းနေသည်သာ ဖြစ်သည်။ ယခုလောလောဆယ်တွင် အနီးဆုံးရှိ ဘေးကင်းသောနေရာမှာ စိတ်စွမ်းအင်နတ်ရေစင် ခေါင်းဆောင်ကြီးနှင့် အတူရှိနေရန်ပင်ဖြစ်သည်။
မိစ္တာဧကရာဇ်မင်းဆက်ထဲတွင် စိတ်စွမ်းအင်နတ်ရေစင်ခေါင်းဆောင်ကြီး၊ လီချင်းဟောက်နှင့် စုဝေးနေကြပြီးဖြစ်သော အခြားသူများမှာ အလွန်အမင်း စိတ်လှုပ်ရှားနေကြသည်။ သူတို့၏ ယခုလက်ရှိဘဝကြီးမှာ ခါးသီးလွန်းလှပါသော်လည်း လောလောဆယ်တွင်မူ သူတို့၏မျှော်လင့်ချက်များမှာ ပို၍သာ ခိုင်မာလာတော့သည်။
" ရှောင်ချန်း ကောင်းကင်ဧကရာဇ်အဆင့်ရောက်သွားတဲ့ကိစ္စရပ်က ကောင်းကင်တံတားနယ်မြေထဲကလူတိုင်းကို လှုံ့ဆော်ပေးမှာ အသေအချာပဲ "
စိတ်စွမ်းအင်နတ်ရေစင်ခေါင်းဆောင်ကြီးက ခေါင်းကိုနောက်ပစ်၍ စိတ်အေးမှုများ၊ မျှော်လင့်ချက်များ ပြည့်နှက်နေသည့် အသံဖြင့် အားပါးတရ ရယ်မောလိုက်တော့သည်။
" ချင်းဟောက်ရေ … ငါတို့တွေ အဏ္ဏဝါခေါ်သံဂိုဏ်းသားတွေ အများကြီးကို စုဝေးခဲ့တာ မမှားဘူးပဲ။ နောက်ရက်တွေကြရင် ငါတို့ဆီလာပူးပေါင်းတဲ့လူတွေ ပိုတောင် များလာတော့မှာ။ သူတော်စင်ဧကရာဇ်မြို့တော်က ငါတို့နဲ့ အလှမ်းဝေးလွန်းပေမဲ့ ရှောင်ချန်းက ငါတို့ကို အနှေးနဲ့အမြန် လာရှာလိမ့်မယ်လို့ ငါယုံကြည်တယ် "
လီချင်းဟောက်၏ မျက်နှာပေါ်တွင် အပြုံးစတစ်ခု ပေါ်ပေါက်လာသဖြင့် ဟူတောင်ပေါ်တွင် ထိုလူငယ်ကလေးကို ပထမဆုံး စမြင်တွေ့ခဲ့ရသည့် အချိန်ကအတိုင်း သူ ပြန်၍နုပျိုသွားသည်ဟုပင် ထင်မှတ်ရသည်။
စုန့်ချွဲမှာ လွန်ခဲ့သောနှစ်အတွင်း မိစ္ဆာဧကရာဇ်မင်းဆက်ထဲ၌ နေထိုင်ရင်း များစွာတိုးတက်လာခဲ့သည်။ သူသည် ခက်ထန်ကြမ်းတမ်းသော တိုက်ပွဲပေါင်းများစွာတွင် ဝင်ရောက်တိုက်ခိုက်ခဲ့သဖြင့် သူ၏အရိုးများထဲတွင် အားပြင်းသောသတ်ဖြတ်လိုစိတ်များ ကိန်းအောင်းနေပြီဖြစ်သည်။ သူသည် စိတ်စွမ်းအင်နတ်ရေစင်ခေါင်းဆောင်ကြီးထံသို့ မသွားခဲ့ပေ။ သူသည် သင်းကွဲ ဝံပုလွေတစ်ကောင်အလား ကျယ်ပြန့်လှသော မိစ္ဆာဧကရာဇ်မင်းဆက်၏ နယ်မြေများတွင် ချောင်းမြောင်းလှည့်လည်ကာ ပို၍စွမ်းအားကြီးမားလာစေရန် ကြိုးစားနေတော့သည်။
ယခု သူသည် အဆင့်တက်နိုင်တော့မည်ဖြစ်ပြီး နတ်တစ်ပိုင်းအဆင့်သို့ ရောက်ရှိနေပြီဖြစ်သည်။
ပိုင်ရှောင်ချန်းက ကောင်းကင်ဧကရာဇ်အဆင့်သို့ ရောက်သွားကြောင်း အသံကြီးကို ကြားလိုက်ရသောအခါ စုန့်ချွဲမှာ ရပ်တန့်သွား၏။ အနည်းငယ်မျှ တိတ်ဆိတ်သွားပြီးနောက် သူ ပြုံးလိုက်တော့သည်။ သို့သော် သူ၏မျက်ဝန်းထဲမှ ပြတ်သားမှုများမှာ ပျောက်ကွယ်မသွားပေ။ သူသည် အခြားတစ်ဖက်သို့လှည့်လိုက်ပြီး ညအမှောင်ထုထဲသို့ ဝင်ရောက်ပျောက်ကွယ်သွားတော့သည်။
စုန့်ချွဲကဲ့သို့ သင်းကွဲဝံပုလွေ အနည်းငယ် ထပ်ရှိသေးသည်။ ဥပမာဆိုရလျှင် ကျိုးကျစ်မို ဖြစ်သည်။ သူမ၏ နတ်အဆင့်ကျင့်ကြံခြင်းအခြေခံနှင့် သတိကြီးကြီးထားနိုင်စွမ်းတို့ကြောင့် မည်သူမှ သူမ၏သရုပ်အမှန်ကို မသိကြပေ။ ထို့အပြင် သူမသည် စုန့်ချွဲကဲ့သို့ လှည့်လည်သွားလာကာ လူများကိုသတ်ဖြတ်နေသည်မဟုတ်ပေ။ သူမက အင်အားများကိုသာ စုစည်းနေခဲ့သည်။
လွန်ခဲ့သောနှစ်အတွင်း သူမသည် ဂိုဏ်းငါးဂိုဏ်းကို ထိန်းချုပ်နိုင်ခဲ့သည်။ သို့သော်လည်း မည်သူကမှ သူမနှင့် ပတ်သတ်သည့် သဲလွန်စတစ်ခုတစ်လေကိုပင် မသိကြချေ။
ကျိုးကျစ်မိုမှာ ဂိုဏ်းငါးဂိုဏ်းကို ထိန်းချုပ်ထားနိုင်ပြီဖြစ်၍ ကောင်းကင်တံတားနယ်မြေမှ အခြား သင်းကွဲဝံပုလွေများထက် အခြေအနေများစွာ ပိုကောင်းပေသည်။ သူမသည် ကျင့်ကြံခြင်းအပိုင်းတွင်ဖြစ်စေ၊ သတင်းအချက်အလက်အပိုင်းတွင်ဖြစ်စေ အများစုထက် သာလွန်နေသည်။ ပိုင်ရှောင်ချန်း၏ နာမည်ကို ရေရွတ်နေသည့် စကားသံကြီးကိုကြားလိုက်ရသောအချိန်တွင် သူမသည် မကြာမီ ထိန်းချုပ်နိုင်တော့မည်ဟု ယုံကြည်ထားသည့် ဆဋ္ဌမမြောက်ဂိုဏ်းတွင် သူလျှိုလုပ်နေခဲ့သည်။ သူမမှာ တုန်ရီသွားရပြီးနောက် ဗိုက်ကိုပွတ်ကာ သူမ၏မျက်နှာပေါ်တွင် ဝင်းလက်သောအပြုံးတစ်စ ပေါ်ထွက်လာတော့သည်။
" ဟေးကောင်လေး … မင်းရဲ့ အသုံးမကျတဲ့ အဖေကြီးက တော်တော့်ကို အံ့သြဖို့ကောင်းတယ်မလား "
မိစ္ဆာဧကရာဇ်မြို့တော်ထဲတွင် အစောင့်များစွာချထားသည့် အင်မော်တယ်ဂူတစ်ဂူရှိသည်။ ထိုဂူထဲတွင် သက်လတ်ပိုင်းအရွယ်လူတစ်ယောက်က တင်ပျဥ်ခွေထိုင်လျက် ပိုင်ရှောင်ချန်း၏နာမည်ကို ရေရွတ်နေသည့်အသံကြီးကို နားထောင်နေသည်။ ရုတ်တရက် သူ၏မျက်လုံးများမှာ ဖျတ်ခနဲပွင့်လာတော့သည်။
" ပိုင်ရှောင်ချန်း ... မင်းငါ့ထက် တစ်လှမ်းသာရင်သာနေလိမ့်မယ်။ ဒါပေမဲ့ နောက်ဆုံးရောက်ရင် ထူးခြားသွားမှာမဟုတ်ဘူးကွ "
သူသည် အသက်ပြင်းပြင်းရှူသွင်းလိုက်သောအခါ စွမ်းအင်တစ်မျိုးက သူ၏ခန္ဓာကိုယ်ထဲရှိ အကာအရံတစ်ခုကို ချိုးဖျက်ရန်အတွက် စတင်စုဝေးလာတော့သည်။
ထာဝရအင်မော်တယ်နယ်မြေများမှာ ထိုသို့တုန်လှုပ်နေကြစဥ် သူတော်စင်ဧကရာဇ်မြို့တော်ထဲရှိ မြင့်မြတ်သောနယ်မြေထဲတွင် ရှိနေသည့် ပိုင်ရှောင်ချန်းမှာ သူ၏ခန္ဓာကိုယ်ထဲရှိ ဒုဓလီအစေ့နှင့်တူသော တာအိုသစ်စေ့ကြောင့် အလွန်အမင်း စိတ်လှုပ်ရှားနေ၏။
" နောက်ဆုံးတော့ ငါဖောက်ထွက်နိုင်ခဲ့ပြီ "
အချိန်အတော်အတန်ကြာအောင် ကုန်ဆုံးသွားပြီးနောက် သူသည် လက်ကိုဝှေ့ယမ်းလိုက်သောအခါ ထိုတာအိုသစ်စေ့က သူ၏ခန္ဓာကိုယ်ထဲမှနေ၍ အပြင်သို့ပျံထွက်လာပြီး သူ၏ရှေ့တွင် ရစ်ဝဲနေတော့သည်။ သူသည် ထူးဆန်းစွာတောက်ပနေသည့် မျက်ဝန်းများဖြင့် ၎င်းအား အသေးစိတ် လေ့လာကြည့်လိုက်သည်။
" တာအိုသစ်စေ့ဆိုတာ ဒါကိုးကွ... "
၎င်းမှာ မရေမတွက်နိုင်သော မှော်သင်္တေများစွာ ဖုံးအုပ်နေပြီး အဆုံးစမဲ့သော စိတ်ဆန္ဒများ ပါဝင်နေသည်။ သူသည် ဟန်ဇောင်ကျောင်းတော်စိတ်ဆန္ဒမန္တန်တော်ကို ကျင့်ကြံဖူးခဲ့သဖြင့် သူ၏ခန္ဓာကိုယ်ထဲတွင် ဟိုးရှေးကတည်းက ရှိနေခဲ့သည်ဖြစ်ပြီး ယခုတွင် တာအိုသစ်စေ့၏ တစ်စိတ်တစ်ပိုင်းဖြစ်နေပြီဖြစ်သော စိတ်ဆန္ဒစွမ်းအား အမျှင်အတန်းလေးကို အလွယ်တကူ အာရုံခံနိုင်ခဲ့သည်။
အချိန်အတော်အတန်ကြာမြင့်သွားပြီးနောက် သူက အကြည့်လွှဲလိုက်သောအခါ ထိုတာအိုသစ်စေ့မှာ သူ၏ခန္ဓာကိုယ်ထဲသို့ ပြန်ရောက်သွားသည်။ ထိုအချိန်တွင် သူသည် အသက်ပြင်းပြင်းရှူလိုက်ပြီး သူ၏ကျင့်ကြံခြင်းအခြေခံစွမ်းအားကို အကဲခတ်ကြည့်လိုက်သောအခါ နတ်ဘုရားတစ်ပိုင်းအဆင့်ထက် များစွာသာလွန်နေပြီဖြစ်ကြောင်း သိလိုက်ရသည်။
အကယ်၍ ယခု သူသာ သရဲမယ်တော်နှင့် ရင်ဆိုင်ရမည်ဆိုပါက သူမအား တဖြည်းဖြည်းချင်း အားအင်နည်းပါးသွားအောင် လုပ်စရာလိုတော့မည်မဟုတ်ပေ။ သူ၏လက်ရှိ ကျင့်ကြံခြင်းအခြေခံနှင့်ဆိုပါက စစ်သင်္ဘောကြီး၏ အကာအကွယ် ဒိုင်းကာများကို တစ်ချက်ထဲနှင့် ဖောက်ထွင်းနိုင်မည်သာ ဖြစ်သည်။
ထို့အပြင် သူ၏စိတ်ဆန္ဒကို ထိန်းချုပ်နိုင်မှုအဆင့်အတန်းကြောင့် သူသည် သက်ရှိများအားလုံး၏ ထိပ်ဆုံးတွင် ရောက်နေသကဲ့သို့ ခံစားနေရပြီး သူ တစ်ချက်တွေးလိုက်ရုံနှင့် သက်ရှိများအားလုံး၏ အသိစိတ်များကို လွှမ်းမိုးသွားနိုင်သည့်အလားပင်။
သူသည် ထာဝရပင်လယ်ပေါ်တွင် ကုန်းစွန်းဝမ်အာက သူမ၏ စိတ်ဆန္ဒတာအိုမှော်အတတ်အား အသုံးပြုခဲ့သည့်အချိန်ကို ပြန်၍အမှတ်ရသွားသည်။ ထိုစဥ်က သက်ရှိအားလုံးမှာ သူမအား လုံးဝပြန်၍ မခုခံနိုင်တော့သည့်အလား ဖြစ်သွားခဲ့သည်။ ထိုအချိန်က သူ ပိုင်ဆိုင်ထားခဲ့သည့် စိတ်ဆန္ဒအနည်းငယ်ကြောင့်သာ မဟုတ်ပါက ကောင်းကင်ချီးမြှင့်ထားသော သူ၏ ပြန်လည်ကုစားနိုင်စွမ်းများပင် သူ့ကို ကယ်တင်နိုင်ခဲ့မည်မဟုတ်ပေ။
ယခု ပိုင်ရှောင်ချန်းမှာ တစ်စုံတစ်ခုသောအရာကို သူ စွမ်းဆောင်နိုင်သွားပြီဟု အပြည့်အဝယုံကြည်နေပြီ ဖြစ်သည်။
သူ့အတွက် ခက်ခဲမည်ဖြစ်သော်လည်း သူ၏ပတ်ပတ်လည်ရှိ သက်ရှိများ၏ စိတ်ဆန္ဒများကို ထိန်းချုပ်နိုင်မည် ဖြစ်သည်။
သူသည် မျက်လုံးများကို အချိန်အတော်အတန်ကြာအောင် မှိတ်ထားလိုက်ပြီး ပြန်ဖွင့်လိုက်သည်။
" အရင်တုံးက ကောင်းကင်ဧကရာဇ်အဆင့်ကိုရောက်ပြီးရင် ဘာဖြစ်လို့ ထာဝရအသက်ရှည်နည်းအတတ်ကို ဆက်ကျင့်လို့မရတော့တာလဲဆိုတာကို ငါနားမလည်ခဲ့ဘူး ... "
" ဒါပေမဲ့အခုတော့ ငါသိသွားပြီ ... "
" လူသားခန္ဓာကိုယ်မှာ ထာဝရအသက်ရှည်နည်းအတတ်ကို ဖြစ်စေတဲ့ အတားအဆီးငါးခု၊ နှောင်ကြိုးငါးကြိုး ရှိတယ်။ အဲဒီအတတ်က မဟာယနအဆင့်ရောက်ရင် ပြီးသွားပြီလို့ ထင်ရပေမဲ့ အမှန်က ... ပထမဆုံးတည်ဆောက်ထားခဲ့တဲ့ အခြေခံကို ပိုမိုနက်ရှိုင်းအောင်လုပ်မှ နောက်ဆုံးအဆင့်ကို ရောက်တာ။ အခြေအနေ တိုးတက်ချင်ရင် တစ်ခြားလူတွေလျှောက်ပြီးတဲ့ လမ်းအရှည်ကြီးကိုလျှောက်ရတာမဟုတ်ဘဲ ... ကိုယ်ပိုင် တာအိုတစ်ခုကို ဖန်တီးရတာပဲ "
" စွမ်းအားကြီးလှပါတယ်ဆိုတဲ့ ဗဟိုသခင်ကြီးတောင် ကောင်းကင်အလွန်က မိုးမြေသခင်ကြီးရဲ့လက်အောက်မှာ ရှုံးနိမ့်ခဲ့ရတယ်။ အဲဒါကိုကြည့်ရင် တစ်ခြားလူတွေ သုံးပြီးသား နည်းလမ်းတွေကိုလိုက်သုံးမယ်ဆိုရင် နောက်ဆုံးမှာ လမ်းပိတ်သွားမှာပဲဆိုတာကို သိနိုင်တယ် "
" မှန်ကန်တဲ့ အခြေခံတစ်ခုရှိရင် ကိုယ့်ရဲ့ ကိုယ်ပိုင်အတွေ့အကြုံ၊ အတွေးစ၊ ဆုံးဖြတ်ချက်တွေအပေါ်လိုက်နာပြီး တိုးတက်လာမှာပဲ။ ဒီနည်းလမ်းက ကောင်းကင်တံတားနယ်မြေက တော်ဝင်မျိုးနွယ်စုအတွက်တင်မကဘူး ... မိစ္ဆာဧကရာဇ်နဲ့ သူတော်စင်ဧကရာဇ်အတွက်လည်း အတူတူပဲ နေမှာ "
ပိုင်ရှောင်ချန်းမှာ နောက်ဆုံးတွင် နားလည်သွားတော့သည်။