ကိုယ်ပိုင်တာအိုတစ်ခု ထုဆစ်ခြင်း
Vol. 11 Ch. 1076
" ထာဝရအသက်ရှည်နည်းကျင့်စဥ်က မြေကြီးလိုပဲ။ အဲ့ဒီမြေကြီးမှာ ဘာတွေ ပေါက်ရောက်ကြီးထွားလာမလဲဆိုတာ လူတစ်ယောက်ရဲ့ ကိုယ်ပိုင်တာအိုအပေါ်မူတည်တယ်... “
" နတ်ဘုရားတစ်ပိုင်းအဆင့်အထက်က ကောင်းကင်ဧကရာဇ်အဆင့်ဖြစ်ပြီး ကောင်းကင်ဧကရာဇ်တွေအပေါ်က လောကနတ်ဘုရားတွေပဲ။ ငါ လောကနတ်ဘုရားတစ်ပါးဖြစ်ချင်ရင်တော့ ကုန်းစွန်းဝမ်အာပြောခဲ့တဲ့အတိုင်း ငါ့တာအိုသစ်စေ့ အညှောင့်ထွက်ပြီး တာအိုစိတ်ဆန္ဒဖြစ်လာဖို့ လိုတယ်။ တာအိုစိတ်ဆန္ဒတွေရှိတဲ့လူတွေက လောကနတ်ဘုရားတွေပဲ “
" တာအိုသစ်စေ့၊ တာအိုစိတ်ဆန္ဒ။ ဒါက ကောင်းကင်ဧကရာဇ်တွေနဲ့ လောကနတ်ဘုရားတွေကြားက ခြားနားချက်ပဲ"
သူ၏ကျင့်ကြံခြင်းအဆင့်မတက်ခင်က သူ၏နားလည်သဘောပေါက်မှုသည် ဖရိုဖရဲ ကမောက်ကမ ဖြစ်နေခဲ့၏။ သို့သော် ယခုတွင် သူ့မှာ တာအိုသစ်စေ့တစ်စေ့ရှိပြီဖြစ်၍ ရုတ်တရက် လောကနတ်ဘုရားများ၏ တာအိုစိတ်ဆန္ဒနှင့်ပတ်သက်ပြီး များစွာပို၍ ထင်ရှားပြတ်သားလာကြောင်း ခံစားလိုက်ရသည်။
" ကောင်းကင်ဧကရာဇ်တွေက တာအိုသစ်စေ့ကို သက်ရှိအားလုံးဆီကနေ စိတ်ဆန္ဒကို ငှားယူပြီးတော့ သူတို့နဲ့ တစ်သားတည်းဖြစ်ဖို့ အသုံးပြုနိုင်တယ်။ ဒါပေမဲ့ လောကနတ်ဘုရားတွေက သူတို့ရဲ့ တာအိုစိတ်ဆန္ဒကို ... ကောင်းကင်နဲ့မြေကြီးကို လွှမ်းမိုးဖို့ အသုံးပြုနိုင်တယ်။ သူတို့က ကောင်းကင်ဧကရာဇ်တစ်ပါးတောင် ထိလို့မရတဲ့ အခြားဘယ်အရာမဆိုထက် မြင့်မားတဲ့ အဆင့်တစ်ခုမှာ တည်ရှိနိုင်တယ်။ လောကနတ်ဘုရားတစ်ပါးရဲ့ တာအိုက တစ်ကမ္ဘာလုံးကို ဖုံးလွှမ်းနိုင်တာပဲ “
" သူတို့စိတ်ဆန္ဒက ကံကြမ္မာကို ပုံသွင်းနိုင်တယ်။ ဒါကြောင့် သူက ကြေလွင့်သွားတဲ့ ကောင်းကင်ဧကရာဇ်တွေကို အသက်ပြန်သွင်းနိုင်တာပဲ… "
သူ၏ခွဲခြမ်းစိတ်ဖြာမှုက သေချာပေါက် ထောင့်စေ့အောင် မှန်သည်လား မသေချာသော်လည်း ခြုံငုံကြည့်လိုက်လျှင် နီးကပ်သင့်သလောက် နီးကပ်ကြောင်း ယုံကြည်ချက်ရှိသည်။
" အခြားနည်းနဲ့ ပြောရရင် ငါ့ ထာဝရအသက်ရှည်ကျင့်စဥ်ရဲ့ မူပိုင်တတိယအပိုင်းကို ... ဖန်တီးရမယ် "
ထိုနေရာအရောက်တွင် သူ့မျက်လုံးများ တောက်ပစွာ လင်းလက်လာသည်။
“ တတိယအပိုင်းရဲ့ ရည်ရွယ်ချက်က ငါ့တာအိုသစ်စေ့ကို အညှောင့်ပေါက်ပြီး ကြီးထွားလာအောင် လုပ်ဖို့ပဲ “
သူက ထိုအကြောင်းများကို ခပ်တိုးတိုးရေရွတ်လိုက်စဥ် သူ၏အရှိန်အဝါ၊ သူ၏ကျင့်ကြံခြင်းအခြေခံအခိုးအငွေ့များနှင့် သူနှင့်ပတ်သက်သည့် အခြားအရာအားလုံး သူ့ခန္ဓာကိုယ်ထဲတွင် စုစည်းလာသည်။ အပြင်ဘက်တွင် မည်သည့်အရာမှ မြင်သာခြင်းမရှိပေ။ တချိန်တည်းမှာပင် သူသည် ပျော်ရွှင်မှုဖြစ်စေ၊ ဝမ်းနည်းမှုဖြစ်စေ မည်သည့်အရိပ်အယောင်မှမရှိဘဲ တည်ငြိမ်အေးဆေးသော အခြေအနေတစ်ရပ်တစ်ခုထဲ နစ်မြောနေတော့သည်။
" ထာဝရ ဆိုတာ အခြေအနေတစ်ခုပဲ။ ပြန်လည်ကုစားခြင်းက အရေးကြီးတယ်လို့ ဆိုနိုင်ပေမဲ့ တကယ်က အချိန်နဲ့ ပိုသက်ဆိုင်တယ်။ နှစ်တွေမရေမတွက်နိုင်လောက်အောင် မပျက်စီးခဲ့ရင် စစ်မှန်တဲ့ ထာဝရ ဖြစ်တယ်လို့ သတ်မှတ်နိုင်တယ် “
" အသက်ရှည်တာက စိတ်အခြေအနေတစ်ခုဖြစ်ပေမဲ့ အချိန်နဲ့သက်ဆိုင်နေတာပဲ။ ထာဝရ အသက်ရှည်နေချင်ရင်တော့ …. အင်း အဲဒါဆို တတိယအပိုင်းက ဘာအကြောင်းဖြစ်သင့်လဲ… "
သူက မျက်လုံးများကို ပိတ်၍ တည်ငြိမ်စွာ ဆင်ခြင်သုံးသပ်နေတော့သည်။ သူက အတိတ်က နှစ်များကို ပြန်လည်တွေးနေသည်။ ထာဝရအပိုင်းကျင့်ကြံခဲ့သည့်အချိန်များကို ပြန်တွေးသည်။ အသက်ရှည်နည်းအပိုင်းရရှိခဲ့ပုံကို ပြန်တွေးသည်။ ကောင်းကင်တံတားဒေသနှင့် သူ၏ကိုယ်ပိုင်သမိုင်းကြောင်းကို ပြန်တွေးသည် ...
ထိုမှတ်ဉာဏ်များသည် သူ့ခေါင်းထဲတွင် နေ့အချိန်ကဲ့သို့ ရှင်းရှင်းလင်းလင်း ပြတ်ပြတ်သားသား တည်ရှိနေသည်။
သူသည် သူ၏မူပိုင်ကျင့်စဥ်အသစ်ကို ဖန်တီးရာ၌ အားထုတ်နေစဥ် သူ၏ကျင့်ကြံခြင်းအခြေခံသည် အတွင်းစိတ်သန္တန်တွင် အပြည့်အဝ အာရုံစိုက်နေ၏။ ထိုအချိန်တွင် သူ၏မြင့်မြတ်သောနယ်မြေအပြင်က လေဆင်နှာမောင်းကြီးတစ်ခုလုံး ပျောက်ကွယ်သွားခဲ့လေပြီ။
သက်ရှိအရာခပ်သိမ်း၏ နားအတွင်း တီးတိုးရေရွတ်သွားခဲ့သော အသံကား တစတစ အဝေးသို့ လွင့်ပါးပျောက်ကွယ်သွားပြီဖြစ်သည်။ ကမ္ဘာကြီး ပုံမှန်ပြန်ဖြစ်သွားလေပြီ။ ကောင်းကင်ဧကရာဇ်သုံးပါးမှာ လေထဲတွင် ရပ်နေဆဲ ဖြစ်ပြီး မြင့်မြတ်သောနယ်မြေကို တိတ်ဆိတ်စွာ ငုံ့ကြည့်နေသည်။ ပိုင်ရှောင်ချန်း ယခုအချိန် ပိုင်ရှောင်ချန်း လုပ်ဆောင်နေသောအရာအား သိသူရှားသော်လည်း ကောင်းကင်ဧကရာဇ်များကတော့ ဒိဋ္ဌသိပေသည်။
" သူက ကျင့်စဥ်အသစ်တစ်ခု ဖန်တီးနေတာ "
ချိန်စုက ခပ်တိုးတိုးရေရွတ်လိုက်၏။ ကောင်းကင်ဧကရာဇ်သုံးပါးလုံးသည် သူတို့အဆင့်တက်ခဲ့စဥ်က အလားတူအရာတစ်ခုကို လုပ်ဆောင်ခဲ့သည်။ ဤအဆင့်မည်မျှအရေးပါကြောင်း သူတို့ သိ၏။ ၄င်းက ကောင်းကင်ဧကရာဇ်တစ်ပါးဖြစ်သော ပိုင်ရှောင်ချန်း၏ အတိုက်အခိုက်စွမ်းရည်ကို ဆုံးဖြတ်ပေးမည်သာမက ... နောင်တစ်ချိန်တွင် ထာဝရအင်မော်တယ်နယ်မြေများ၌ တတိယမြောက် လောကနတ်ဘုရားဧကရာဇ်တစ်ပါး ပေါ်ထွက်လာလောက်မည့် အခြေအနေတစ်ရပ်ကိုလည်း ဦးတည်သွားနိုင်သည်။
သူတော်စင်ဧကရာဇ်မြို့တော်ရှိ မှူးမတ်များနှင့် အခြားအရေးပါသော ကျင့်ကြံသူများမှာမူ ယခုလောလောဆယ်တွင် ပိုင်ရှောင်ချန်း ဘာလုပ်နေသည်ကို မသိကြသည့်တိုင် သူတို့မျက်လုံးများက သူ၏မြင့်မြတ်သောနယ်မြေရှိရာကို လှမ်းကြည့်ကာ ကြောက်လန့်မှုအရိပ်အယောင်များဖြင့် ဝင်းလက်နေ၏။
မြင့်မြတ်သောနယ်မြေတွင် မည်သည့်စွမ်းအားကြီးအငွေ့အသက်များမှ တလိပ်လိပ်ထမနေတော့သော်လည်း တိတ်ဆိတ်ငြိမ်သက်နေရာမှ မျက်လုံးများဖွင့်လိုက်သည်နှင့် အနားကပ်လာသော မည်သည့်အရာကိုမဆို အငမ်းမရဝါးမြိုပစ်နိုင်သော မှေးစက်နေသော တောရိုင်းသားရဲကြီးတစ်ကောင်ကဲ့သို့ စွမ်းအားကြီးသော အရာတစ်ခုရှိကြောင်း လူအများ အာရုံရနိုင်သည်။
ပိုင်ရှောင်ချန်းက နတ်ဘုရားတစ်ပိုင်းအဖြစ်သာ ရှိခဲ့စဥ်က သူတို့သည် သူ့ကို လှောင်ပြောင်သရော်ရန် သိပ်မစိုးရိမ်ကြပေ။ သို့သော် ယခုတွင် ... သူက ကောင်းကင်ဧကရာဇ်တစ်ပါးဖြစ်လာခဲ့လေပြီ။ ထာဝရအင်မော်တယ်နယ်မြေများအားလုံးတွင် ဆယ်ဦးသာရှိသည် မဟုတ်ပါလော။ ယခုကစပြီး သူသည် သူတို့လက်ညှိုးထိုးလှောင်ပြောင်နိုင်သည့် လူမျိုးမဟုတ်တော့ပေ။
အင်ပါယာနိုင်ငံတစ်နိုင်ငံတွင် လူတိုင်းသည် စည်းမျဥ်းဥပဒေများဖြင့် နေထိုင်ကြသော်လည်း ဤကမ္ဘာကြီးက တန်ခိုးစွမ်းအားကြီးသည်ကို လေးစားရစမြဲဖြစ်သော တောတွင်းဥပဒေကြီးစိုးသည့် ကျင့်ကြံခြင်းကမ္ဘာလည်း ဖြစ်သည်။
ပိုင်ရှောင်ချန်းသာ ကောင်းကင်တံတားဒေသမှ မဟုတ်ခဲ့လျှင် လူတိုင်း အလွန်စိတ်လှုပ်ရှားပြီး ဂုဏ်ယူမည်ဖြစ်၏။ သို့သော် ပိုင်ရှောင်ချန်းက မတူသောကြောင့် သူတော်စင်ဧကရာဇ်မြို့တော်၏ ကျင့်ကြံသူများနှလုံးသားထဲတွင် ရောထွေးသော ခံစားချက်များစွာ ပေါက်ဖွားလာစေတော့သည်။
လူအတော်များများက ကောင်းကင်နဂါးတူငါးနှင့် ကြာစေ့ မတော်တဆမှုများတွင် သူတို့မည်မျှရိုင်းပျစွာ တုံ့ပြန်ခဲ့သည်ကို ကြောက်ကြောက်လန့်လန့် ပြန်တွေးနေတော့သည်။ အခြားလူများမှာ သူ့ကို ကွပ်မျက်ပေးရန် တရားဝင်တောင်းဆိုချက်များ တင်သွင်းခဲ့ကြသည်။
သူသည် နတ်ဘုရားတစ်ပိုင်းတစ်ယောက်သာ ဆက်ဖြစ်နေခဲ့ပါက ကိစ္စမရှိပေ။ သို့သော် ယခုတွင် သူက ကောင်းကင်ဧကရာဇ်တစ်ပါးဖြစ်သွားသည့်အတွက် ခါးသီးမှုများက မှူးမတ်များ၏ နှလုံးသားအား ဖြစ်ညှစ်ဆုပ်ကိုင်လိုက်လေသည်။ ယခုတွင် လူတစ်ယောက်မှ သူ့ကို သူတော်စင်ဧကရာဇ်မြို့တွင် မနေစေချင်ကြတော့ပေ။ အတိတ်က အဖြစ်အပျက်များကို အခြေခံ၍ သူတို့မှာ အနာဂတ်က မည်သည့်အရာတို့ သယ်ဆောင်လာမည်ကို စိတ်ကူးသာ ယဥ်နိုင်လေသည်...
" သူ နတ်ဘုရားတစ်ပိုင်းဖြစ်ခဲ့တုန်းက သူတော်စင်ဧကရာဇ်မြို့တော်ရဲ့ အခြေခံအုတ်မြစ်ကို ဖျက်စီးပစ်ခါနီးဆဲဆဲပဲ ... ရှေ့မျှော်ကြည့်ရင် မြို့တော်က စိုးရိမ်စရာကပ်ဘေးကြီးထဲ ကျရောက်နေပြီလို့ ဆိုနိုင်တယ် "
" ငါတို့ သူ့ကို ဒီက ပထုတ်ရမယ်။ ဒါက ရာဇဝတ်သားခေါင်းဆောင်လျှို မှန်တယ်ဆိုတာ ရှင်းလင်းသွားစေတာပဲ။ သူက ခြေထောက်ပေါက်နေတဲ့ ကပ်ဘေးကြီးကွ "
" သူက သူတော်စင်ဧကရာဇ်မြို့မှာ တစ်နှစ်လောက်ပဲရှိသေးပေမယ့် အဲဒီအတောအတွင်း ... ကောင်းကင်နဂါးတူငါးထက်ဝက်ကျော်လဲ မရှိ၊ ကြာစေ့ ခုနစ်ဆယ်ရာခိုင်နှုန်းလဲ ပျောက်၊ ကြာမြစ်တွေလဲ ... ပြင်းထန်တဲ့ထိုးနှက်ချက်ခံစားရပြန်ကော။ အရှင်မင်းမြတ် သူတော်စင်ဧကရာဇ်က ဒီကပ်ဘေးတွေကို ကျော်သွားနိုင်လောက်ပေမယ့် ငါတို့တော့ မခံနိုင်ဘူး "
" ဒီအတိုင်းသာ ဆက်သွားနေရင် ကောင်းကင်ဧကရာဇ်အဆင့်ကျင့်ကြံခြင်းအခြေခံ အားဖြည့်ထားတဲ့ ဒီကောင်ရဲ့ ကပ်ဘေးဆိုက်နိုင်စွမ်းက ငါတို့ကို လုံးဝအစွမ်းမဲ့သွားစေလိမ့်မယ်။ ပိုဆိုးတာက ဒီကောင်က ပြဿနာထဲကလွတ်အောင် ကတ်သီးကတ်သပ်ပြောတဲ့နေရာမှာ ဆရာတစ်ဆူပဲ။ ငါတို့တော့ တကယ်ဒုက္ခရောက်ပြီ "
လူတိုင်းအားလုံးနီးပါး တူညီသောအရာကို တွေးနေကြပြီး များစွာသောလူအပေါင်းမှာ သူတော်စင်ဧကရာဇ်ထံ အသနားခံစာများ ပေးပို့လာကြတော့သည်။
" အရှင်မင်းကြီး ကောင်းကင်တံတားနယ်စား ကောင်းကင်ဧကရာဇ်တစ်ပါးဖြစ်လာခြင်းက ကြီးကျယ်ခမ်းနားတဲ့ဖြစ်ရပ်တစ်ခုဖြစ်ပါတယ်။ ကျွန်တော်မျိုးအနေနဲ့ တရားခွင်ကို တရားဝင်တောင်းဆိုချက်တစ်ခု တင်သွင်းချင်ပါတယ်။ ကောင်းကင်တံတားနယ်စားရဲ့ ဂုဏ်အဆင့်အတန်းနဲ့ ပြောင်မြောက်တဲ့အသုံးဝင်မှုတွေအပေါ် အခြေခံပြီး သူ့ကို သူတော်စင်ဧကရာဇ်မြို့မှာ ဆက်ထားဖို့ မသင့်တော်ပါဘူး။ သူ့ကို ဒုတိယအင်မော်တယ်နယ်မြေရဲ့ အုပ်ချုပ်ခွင့်ကို လွှဲပြောင်းယူဖို့ စေလွှတ်သင့်ပါတယ် "
" အရှင်မင်းမြတ် ဒုတိယအင်မော်တယ်နယ်မြေက မိစ္ဆာဧကရာဇ်နိုင်ငံတော်နဲ့ အဆက်မပြတ်ပဋိပက္ခတွေ ဖြစ်ပွားနေပါတယ်။ ကောင်းကင်ဧကရာဇ်ကျောက်ယွမ်ဟန်ကလဲ သူတော်စင်ဧကရာဇ်နိုင်ငံတော်အတွက် ပြောင်မြောက်တဲ့ အမှုတော်တွေကို ထမ်းဆောင်ပြီး ပြင်းပြင်းထန်ထန် ကြိုးစားအားထုတ်နေခဲ့တာ အခုချိန်ထိ ရှိနေပါပြီ။ သူ့အတွက် အနားယူဖို့ သေချာပေါက် အချိန်ကျရောက်နေပါပြီ ဘုရား "
" မှန်ပါတယ် အရှင်မင်းကြီး။ ကျွန်တော်မျိုးလဲ ကောင်းကင်တံတားနယ်စားကို အဝေးပို့ဖို့ တရားခွင်ကို တရားဝင်တောင်းဆိုချက်တစ်ခု တင်သွင်းချင်ပါတယ်။ ကျွန်တော်မျိုးတို့ တကယ်ပဲ သူစိတ်ပျက်အောင် မလုပ်သင့်ပါဘူး။ သူက သွေးပဏ္ဍာအဖြစ်ပေးဖို့ ကောင်းကင်ဧကရာဇ်တစ်ပါးကို ပြန်ပေးဆွဲပေးခဲ့တယ် မဟုတ်ပါလား။ အဲဒီလိုမျိုး ပြောင်မြောက်တဲ့ လုပ်ဆောင်မှုဟာ အစစ်အမှန် အနှစ်သာရရှိတဲ့ဆုလာဘ်တစ်ခုနဲ့ ထိုက်တန်ပါတယ် "
တရားဝင်တောင်းဆိုချက်များမှာ သူတော်စင်ဧကရာဇ် အရှေ့တွင် ပုံလာတော့သည်။ လူအတော်များများမှာ ကိုယ်တိုင်ပင် အခစားဝင်ရောက်၍ လက်ခံချင်စဖွယ် အကြောင်းပြချက်မျိုးစုံအား လျှောက်လှဲကြလေသည်။ အဆုံးသတ်တွင် ဆိုလိုရင်းက အတူတူပင်။ မည်သူမှ ပိုင်ရှောင်ချန်းအား သူတော်စင်ဧကရာဇ်မြို့တော်တွင် မနေစေလိုကြပေ။
အမှန်တကယ်ဆိုရလျှင် ပိုင်ရှောင်ချန်းသည် သူတော်စင်ဧကရာဇ်အတွက် ခေါင်းကိုက်စရာကြီးပင် ဖြစ်လာခဲ့ပြီး သူ့ကို မြို့ထဲတွင် ထားမိခြင်းမှာ အမှားအကြီးကြီးဖြစ်ခဲ့သည်ဟုလည်း သဘောပေါက်လာခဲ့သည်။ သူက ဒုက္ခမည်မျှကြီးလိမ့်မည်ကို တစ်ခါမှ မတွေးခဲ့မိဖူးပေ။
ပိုင်ရှောင်ချန်းသည် သူ့အပေါ် မည်သည့်သက်သေတစ်ခုမှ အသုံးပြု၍မရအောင် လိမ္မာပါးနပ်စွာ လုပ်ခဲ့သည်သာမက သူ့ကိုယ်သူလည်း အရေးပါအောင် အဆင်မပြတ် လုပ်ဆောင်နိုင်ခဲ့လေသည်။ သူတော်စင်ဧကရာဇ်မှာ ကောင်းကင်နဂါးတူငါးများ၏ဆုံးရှုံးမှုနှင့် ပဒုမ္မာကြာစေ့များ ထပ်မံခူးနိုင်ရန် နှစ်ပေါင်းမည်မျှကြာမည်ဆိုသည်အတွက် မကြေကွဲဘဲ မနေနိုင်တော့ပေ။ ထို့နောက် အဝါရောင်သမ်းနေသော ကြာရွက်များနှင့် ညှိုးနွမ်းနေသောကြာပန်း ရှိသေးသည်။ သူတော်စင်ဧကရာဇ်မှာ ပိုင်ရှောင်ချန်းသာ ဆက်ရှိနေပါက သူသည် သူတို့အားလုံး၏ အဆုံးသတ်ဖြစ်လိမ့်မည်ကို သေချာပေါက်ယုံကြည်လေသည်။
သူသည် မြို့တော်ရှိ အခြားကျင့်ကြံသူများအားလုံးကိုလည်း သနားနေပြီး သူတို့မှာ ပိုင်ရှောင်ချန်းက တံခါးပိတ်ကျင့်ကြံရာမှ ထွက်လာသောအခါ မည်သည်တို့ဖြစ်ပျက်မည်နှင့်ပတ်သက်၍ ဘယ်လောက်ကြောက်လန့်နေကြသည်ကိုလည်း ကောင်းကင်းတွေးကြည့်နိုင်လေသည်။
" သောက်ခွေး ပိုင်ရှောင်ချန်း "
သူတော်စင်ဧကရာဇ်မှာ ထိုအခြေအနေအကြောင်းတွေးမိသည်နှင့်အမျှ အနာဂတ်အတွက် ပို၍စိုးရိမ်လာတော့သည်။ နောက်ဆုံးတွင် သူက ကျားတစ်ကောင်ကို တက်စီးမိပါက ဆင်းရခက်ကြောင်းကို နားလည်ကာ သက်ပြင်းချလိုက်သည်။ သူ မည်သည့်ဆုံးဖြတ်ချက်ချစေကာမူ အပျက်သဘောများသာ ရှိမည်ဖြစ်၏။ ထို့ပြင် မိစ္ဆာဧကရာဇ်နိုင်ငံတော်က ထိုအခြေအနေအပေါ် အခွင့်ကောင်းယူမည်ကိုပင် သူ ထည့်မတွက်ရသေးပေ။
" ခွေးကောင် ပိုင်ရှောင်ချန်း ။ ဒီကောင် ဘာလို့ ဒီလောက် နှိပ်စက်နိုင်ရတာတုန်း။ ဒီလိုဖြစ်မယ်ဆိုတာသာ ကြိုသိခဲ့ရင် သူ့ သွေးပဏ္ဍာကို ဘယ်တော့မှ လက်မခံခဲ့ပါဘူး "
သူက သက်ပြင်းချကာ ဆုံးဖြတ်ချက်ချတော့မည့်ဆဲဆဲ၊ အကယ်၍ လူတိုင်းတောင်းဆိုနေသည့်အတိုင်း ပိုင်ရှောင်ချန်းကို ပထုတ်လိုက်ပါက ... ဒုတိယအင်မော်တယ်နယ်မြေမှာ ဒုက္ခအကြီးအကျယ်ရောက်လိမ့်မည်ဖြစ်ကြောင်း သဘောပေါက်လိုက်သည်။
အတိတ်တုန်းက ဤသုံးသပ်ချက်ကို သူ ဘယ်တော့မှ တွေးမိမည်မဟုတ်ပေ။ သို့သော် လွန်ခဲ့သော နှစ်က အဖြစ်အပျက်များနှင့် ပိုင်ရှောင်ချန်း၏ ညှင်းပန်းနှိပ်စက်မှုဒဏ်ဖြင့် ကိုယ်တိုင်အတွေ့အကြုံက သူ၏နှလုံးသားကို အကြောက်တရားများ ကြီးစိုးသွားစေတော့သည်။ ကံဆိုးစွာပင် ယခုတွင် ပိုင်ရှောင်ချန်းက ကောင်းကင်ဧကရာဇ်တစ်ပါးဖြစ်လာသည့်အတွက် သူ့ကို စီရင်စုလေးတစ်ခုသာ တာဝန်ပေး၍မရပေ။ အင်မော်တယ်နယ်မြေတစ်ခုသာ ဖြစ်နိုင်သည်။
သူတော်စင်ဧကရာဇ်မှာ ထိုပြဿနာနှင့် နပန်းသတ်နေပြီး မှူးမတ်များက တောင်းဆိုချက်များ အဆက်မပြတ် တင်သွင်းနေသည့်အချိန်မှာပင် ပိုင်ရှောင်ချန်းသည် သူ၏မြင့်မြတ်သောနယ်မြေတွင် တင်ပျဥ်ခွေထိုင်နေလျက် သူ့ဘဝတစ်လျှောက်လုံး ဖြစ်ခဲ့သမျှအရာအားလုံးအကြောင်း စဥ်းစားနေသည်။
" ငါ မွေးဖွားခဲ့တဲ့အချိန်က စလို့ အရာအားလုံး အဆုံးသတ်သွားတဲ့အထိ ငါ့ရဲ့ ကောင်းကင်တံတားဒေသ မှတ်ဉာဏ်။ အတိတ်အကြောင်းအကုန်လုံး.... “
" တာအိုသစ်စေ့ အညှောင့်ပေါက်လာပြီး နောက်ဆုံး တာအိုစိတ်ဆန္ဒအဖြစ် ပွင့်သွားဖို့ လိုအပ်တယ်.... “
" အကုန်လုံး အတူတကွ ပေါင်းစပ်လိုက်ရင် မင်းမှာ ရှိတာက ... အတိတ်စိတ်ဆန္ဒပဲ "