ပဝေသဏီအတွဲ
Vol. 11 Ch. 1077
" ထာဝရအပိုင်းနဲ့ အသက်ရှည်အပိုင်းက ဘယ်လိုမှ ဆက်စပ်မနေပေမယ့် …. "
ပိုင်ရှောင်ချန်းက ခပ်တိုးတိုးရေရွတ်သည်။
" တူညီတဲ့ ယေဘုယျအတွေးအမြင်ရှိတယ်။ အဲဒီတော့ ငါ့ တတိယအပိုင်းက ... “
" အတိတ်မှတ်ဉာဏ်တွေဟာ အတိတ်ဆန္ဒဖြစ်မယ် “
" လက်ရှိတာအိုက ပစ္စုပ္ပန်စိတ်ဆန္ဒဖြစ်မယ် “
" ငါ့ဖြစ်လတ္တံ့ကံကြမ္မာက အနာဂတ်စိတ်ဆန္ဒဖြစ်မယ် "
သူသည် ထိုစကားလုံးများအား ဖွင့်ဟပြောနေစဥ် သူ၏မျက်လုံးများထဲရှိ ဉာဏ်အလင်းက ပို၍ထင်ရှားပြတ်သားလာပြီး တွေဝေမှုများ တစတစပျောက်ကွယ်သွား၏။ ကြည်လင်ပြတ်သားခြင်းက စတင်နေရာယူလာတော့သည်။
သူ၏အသံက သဘာဝနိယာမ၏ စွမ်းအားအလား ထူးဆန်းသောအသွင်ဖြင့် ထွက်ပေါ်နေသည်။ သူ၏အသံသည် သူ၏ပတ်ပတ်လည်၊ ကောင်းကင်၏အလွန်၊ အတိတ်နှင့် အနာဂတ်တွင် တည်ရှိနေသည့်အလား ဖြစ်နေတော့သည်။
ပတ်ဝန်းကျင်တွင် လေပွေကြီးများ အစီအရီ လည်ပတ်လာသည်နှင့်အတူ အက်ကြောင်းများ ပွင့်ထွက်လာသည်။ ၎င်းက လေဆင်နှာမောင်းကြီးသဖွယ် ဖြစ်နေသည့်တိုင် အပြင်ဘက်ရှိ မည်သည့်နေရာတွင်မှ မမြင်ရဘဲ မြင့်မြတ်သောနယ်မြေအတွင်းသာ မြင်ရသည်။
မြင့်မြတ်သောနယ်မြေအတွင်းသို့ အမြင်အာရုံများကို စူးစိုက်နိုင်လောက်သော မည်သူမဆို အပြင်ဘက်ကမ္ဘာထက် မတူညီသောပုံစံဖြင့် စီးဆင်းနေသော အချိန်ကာလကြီး လိမ်ဖယ်ရှုံ့တွပုံပျက်နေသည်ကို အာရုံရနိုင်မည် ဖြစ်သည်။
တိကျမှန်ကန်စွာ ဖော်ပြရန် သို့တည်းမဟုတ် နားလည်ရန် မဖြစ်နိုင်ဘဲ နက်ရှိုင်းစွာ တုန်လှုပ်သွားကြမည်ဖြစ်သည်။
အမှန်မှာ ပိုင်ရှောင်ချန်း ဖန်တီးနေသည့်ကျင့်စဥ်သည် လူသားပုဂ္ဂိုလ်တစ်ယောက် စိတ်ကူးယဥ်နိုင်သော မည်သည့်အရာမဆိုထက် ကျော်လွန်နေ၏။ ထို့ပြင် တစ်စုံတစ်ယောက်သာ လူများကို ဖော်ပြရှင်းလင်းနိုင်ပါက နားလည်သွားကြသည့်လူတိုင်း လေးလေးနက်နက် တုန်လှုပ်သွားကြမည် ဖြစ်သည်။
ကောင်းကင်ဧကရာဇ်များမှာ အချိန်ကို ခေတ္တပြောင်းပြန်သွားနိုင်ပါသော်လည်း အစွမ်းထက် တာအိုမှော်ပညာများဖြင့်သာ လုပ်နိုင်သည်။ အချို့သောအခြေအနေများတွင် လောကနတ်ဘုရားဧကရာဇ်တစ်ပါး၏အကူအညီဖြင့်သာ ဖြစ်နိုင်သည်။ သို့သော် ပိုင်ရှောင်ချန်းကား ... အချိန်တာအိုကို စူးစမ်းဆင်ခြင်နေပေသည်။
အက်ကြောင်းများ သူ၏မြင့်မြတ်သောနယ်မြေတွင် ပြည့်နှက်သွားပြီး လေဆင်နှာမောင်ကြီးက သဲသဲမဲမဲတိုက်ခတ်နေစဥ် ပိုင်ရှောင်ချန်းက ရေရွတ်လိုက်သည်။
" အတိတ်စိတ်ဆန္ဒ။ ပစ္စုပ္ပန်စိတ်ဆန္ဒ။ အနာဂတ်စိတ်ဆန္ဒ ... ငါ အဲဒီစိတ်ဆန္ဒသုံးမျိုးကို ပိုင်နိုင်ရင် ကောင်းကင်ဧကရာဇ်အဆင့်ကို ဖောက်ထွက်ပြီး လောကနတ်ဘုရားအဆင့်ဆီ ရောက်ရှိလိမ့်မယ် "
" ဒီအတွဲက ရှေးပဝေသဏီအချိန်ကာလကို ဖော်ပြတယ်။ ဒါကြောင့် ပဝေသဏီအတွဲလို့ ခေါ်တွင်မယ် "
ပိုင်ရှောင်ချန်း၏ မျက်လုံးများမှာ လျှပ်စီးမိုးကြိုးများဖြင့် တဖျပ်ဖျပ်လက်နေသည့်အလား တောက်ပစွာ လင်းလက်နေတော့သည်။ တဂျိန်းဂျိန်းထစ်ခြုန်းသံများ မြင့်မြတ်သောနယ်မြေတွင် ပြည့်နှက်သွားပြီး ပိုင်ရှောင်ချန်းကိုကြည့်ရသည်မှာ ဧရာမတွင်းနက်ကြီးအလား ဖြစ်နေသည်။
တွင်းနက်ကြီးက ထာဝရအင်မော်တယ်နယ်မြေများနှင့် မတူညီသောအရပ်တွင် တည်ရှိနေသည်။ ၎င်းက ပျံ့နှံ့လာစဥ် မြင့်မြတ်သောနယ်မြေကို စိုးစဥ်းမျှ မထိခိုက်ပေ။
" ဒီနေ့ကစပြီး ကျုပ် ... ထာဝရအသက်ရှည်ပဝေသဏီကျမ်းကို ကျင့်ကြံတယ် "
သူက လက်ကိုဝှေ့ယမ်းလိုက်ပြီး ယခင်က ငြိမ်သက်နေသော ဝေဟင်ပြင်တွင် ပြိုးပြိုးပြက်ပြက်လက်နေသော အရောင်များ ပြည့်နှက်သွား၏။ အင်မော်တယ်နန်းတော်တွင် တောင်းဆိုချက်များ တင်သွင်းနေသော မှူးမတ်များသော်လည်းကောင်း၊ ကောင်းကင်ဧကရာဇ်သုံးပါးသော်လည်းကောင်း၊ သူတော်စင်ဧကရာဇ်သော်လည်းကောင်း သူတို့အားလုံး ရုတ်တရက် ကောင်းကင်ကို မော့ကြည့်လိုက်ကြ၏။
မှူးမတ်များမှာ ရုတ်ချည်း စိတ်လေးလာကြပြီး ကောင်းကင်ဧကရာဇ်များမှာမူ တအံ့တသြဖြစ်ကာ ရင်တဒိန်းဒိန်းခုန်လာတော့သည်။
" အဲဒီအရှိန်အဝါ ... ပိုင်ရှောင်ချန်းက ဘယ်ကျင့်စဥ်ကို ဖန်တီးနေတာလဲ"
သူတော်စင်ဧကရာဇ်၏မျက်လုံးများသည် စူးရှတောက်ပနေပြီး တည်ငြိမ်အောင်နေနိုင်ပါသော်လည်း သူ၏နှလုံးသားထဲတွင် သတ်ဖြတ်လိုသည့်အရိပ်အယောင်အနည်းငယ် ပေါ်ပေါက်လာတော့သည်။
" အချိန်တာအို ... "
အမှန်တော့ ပိုင်ရှောင်ချန်းမှာ ထိုအရာအားလုံးကို သတိမထားမိပေ။ သူက သူ၏ကျင့်စဥ်ကို ဖန်တီးရာကိစ္စတွင် လုံးထွေးနေသည်။ သူသည် ယခု ကျမ်း၏ သဘောသဘာဝကို ကြည်လင်ပြတ်သားလာသော်လည်း ခွဲခြားစိတ်ဖြာခြင်း၊ အတိတ်နိမိတ်ကောင်ခြင်းများနှင့်ပတ်သက်၍ လုပ်စရာများစွာ ရှိသေးသည်။
" ပဝေသဏီအတွဲမှာ တစ်ဆက်တည်းဖန်တီးလို့မရတဲ့ စိတ်ဆန္ဒသုံးခုရှိတယ်။ အခု အတိတ်ကလာတဲ့အရာတွေအတွက် အလုပ်လုပ်ရမယ်။ ငါ့ဘဝရဲ့မရေမတွက်နိုင်တဲ့ မှတ်ဉာဏ်တွေကို ငါ့တာအိုသစ်စေ့ကို ကျွေးဖို့ ငါ အသုံးပြုမယ်။ အဲဒီဖြစ်စဥ်ပြီးမြောက်သွားတဲ့အခါ စစ်မှန်တဲ့အတိတ်ဆန္ဒဖြစ်လာမယ် "
" အဲဒီလိုဖြစ်ရင် ငါအသတ်ခံရရင်တောင်မှ ငါ့တာအိုသစ်စေ့က ငါ့မှတ်ဉာဏ်တွေ၊ ငါ့စွဲလမ်းမှုတွေနဲ့အတူ ကျန်ရှိနေလိမ့်မယ် "
သူ၏မျက်နှာပေါ်တွင် အပြုံးတစ်စ ပေါက်ဖွားလာတော့သည်။
" သူတော်စင်ဧကရာဇ်ကို တာအိုသစ်စေ့ မပေးရင် အသက်ပြန်သွင်းဖို့ မျှော်လင့်ချက်မရှိဘူး။ ဒါပေမဲ့ အတိတ်ဆန္ဒနဲ့ဆိုရင်တော့ ... အတိုင်းအတာတစ်ခုအထိ ငါ့တာအို အောင်မြင်ပြီး ထာဝရတည်ရှိနိုင်တဲ့အဆင့်ထိ ရောက်လိမ့်မယ် “
" ကောင်းကင်တံတားဒေသမှာ ငါ သေခြင်းတရားကို ကြုံတွေ့ဖူးတာကြောင့် တစ်နည်းဆိုရရင် ငါ ပြန်လည်ဝင်စားခြင်းကိုလဲ တွေ့ကြုံဖူးခဲ့တယ်။ ဒါကြောင့် ငါ့အတိတ်ဆန္ဒနဲ့ ဆက်စပ်နေတဲ့ နတ်ဘုရားအတတ်က ... “
" အတိတ်ပြန်လည်ဝင်စားခြင်း သုတ္တန် "
ရုတ်တရက် ဟူတောင်မှစ၍ ကောင်းကင်တံတားဒေသပျက်စီးခြင်းအထိ လမ်းတစ်လျှောက် အရာအားလုံးကို မြင်ယောင်လာသဖြင့် သူ၏မျက်ဝန်းထဲက အတိတ်နိမိတ်အလင်းမှာ တစတစပျောက်ကွယ်လာတော့သည်။
" စိတ်စွမ်းအင်၊ နတ်ဘုရားအတတ်တွေ၊ စိတ်စွမ်းအား၊ ငါ့မှတ်ဉာဏ်တွေ ... အဲဒါအားလုံးက စွမ်းအားရဲ့ ထုတ်ဖော်ပြသမှုတွေပဲ “
" အခုကစပြီး ဒီသုတ္တန်ကို ကျယ်ကျယ်လောင်လောင်ရွတ်ဖတ်သံ ကြားတဲ့ ဘယ်သူမဆို သူတို့ဘဝရဲ့ မှတ်ဉာဏ်တွေက မှော်စည်းတံဆိပ်တွေအဖြစ် ပြောင်းလဲသွားတာကို တွေ့လိမ့်မယ်။ ဒါနဲ့ ပိုပြီး ရှေးကျတဲ့မှတ်ဥာဏ်တွေနဲ့ဆိုရင် ကြောက်ခမန်းလိလိ မှော်သင်္ကတစွမ်းအားတွေကို တွေ့ရလိမ့်မယ် “
" အတိတ်ပြန်လည်ဝင်စားခြင်းသုတ္တန်က မှတ်ဉာဏ်တွေကို ဖျက်စီးပြီး စိတ်တွေကို ဖယ်ရှားနိုင်တယ် "
ပိုင်ရှောင်ချန်းက ထရပ်လိုက်ပြီး ထိုအခိုက်အတန့်တွင် တခြားဖြစ်တည်မှုတွင် တည်ရှိနေဟန်တူသည့် တွင်းနက်ကြီးသည် ကျယ်ပြန့်လာ၏။ မျက်စိတစ်မှိတ်အတွင်းမှာပင် သူ၏မြင့်မြတ်သောနယ်မြေမှာ အံ့သြတုန်လှုပ်ဖွယ်စွမ်းအားတစ်ခုက လုံးဝဖယ်ရှားတော့မည့်အလား တစတစပျောက်ကွယ်လာတော့သည်။ တခဏကြာသော် လေထုကြီး ပုံပျက်ရှုံ့တွလာပြီး အရာအားလုံး ပုံမှန်ပြန်ဖြစ်သွား၏။
တလိပ်လိပ်ထနေသောအခိုးအငွေ့များ အရပ်မျက်နှာတစ်ခွင်ပျံ့နှံ့လာကာ ဖြတ်သွားရာ လမ်းတစ်လျှောက်ရှိ သက်ရှိဖြစ်တည်မှုများနှင့် အဆောက်အအုံများကဲ့သို့ သက်မဲ့အရာဝတ္ထုများပင် မှုန်ဝါးခြင်းနှင့် ပြတ်သားခြင်းကြား၌ တဖျပ်ဖျပ်လှုပ်လာတော့သည်။
ဂူထျန်ကျွင်းနှင့် အခြားကောင်းကင်ဧကရာဇ်နှစ်ပါးမှာ နေရာတွင် မလှုပ်မယှက်ရပ်နေကြပြီး အခိုးအငွေ့များဖြင့် အထိခံလိုက်ရလေသည်။ သူတို့သည် အစက ရှောင်ရန်ပြင်လိုက်သော်လည်း ပိုင်ရှောင်ချန်းဖန်တီးခဲ့သည့် နတ်ဘုရားအတတ်နှင့် ကျင့်စဥ်ကို စစ်ဆေးရန် နည်းလမ်းကောင်းတစ်ခုဖြစ်၍ သူ၏အတိုက်အခိုက်စွမ်းရည်ကို အာရုံရလောက်မည်ဟု ဆုံးဖြတ်လိုက်သည်။ .
သို့သော် အခိုးအငွေ့များ သူတို့ထံ ရောက်လာသည်နှင့်တစ်ပြိုင်နက် သူတို့၏အမူအရာများ ရိပ်ခနဲဖြစ်သွားပြီး အရှိန်အပြည့်ဖြင့် နောက်ဆုတ်လိုက်ကြသည်။ အခိုးအငွေ့ရပ်ဝန်းမှ ထွက်ခွာပြီးနောက် သူတို့ခံစားနေရသည့် အံသြတုန်လှုပ်ခြင်းများအား ဖုံးကွယ်ရန် မဖြစ်နိုင်ပေ။
" အင်အားအရ သာမန်ဆိုပေမယ့် ပါဝင်တဲ့ တာအိုမှော်အစွမ်းက အင်မတန် တမူထူးခြားတယ်။ ငါ့အတိတ်ငါပြန်ကြည့်နေရတဲ့အတိုင်းပဲ... "
" ငါ အခု ဘာကိုမြင်လိုက်တာလဲ။ ငါ့ကိုယ်ပိုင်မှတ်ဉာဏ်တွေက ငါ့ရှေ့မှာ အသက်ဝင်လာသလိုပဲ "
ကောင်းကင်ဧကရာဇ်သုံးပါးမှာ အလွန်လေးနက်သောအကြည့်များဖြင့် အကြည့်ချင်းဖလှယ်လိုက်ကြသည်။
မြို့ေတာ်တစ်ခွင်ရှိ မရေမတွက်နိုင်သောကျင့်ကြံသူများမှာ အထိတ်တလန့်ဖြစ်ကယ ရင်တဒိန်းဒိန်းခုန်နေသည်။ သူတော်စင်ဧကရာဇ်မှာမူ သူ၏အမြင်အာရုံကို သိမ်းဆည်း၍ တခဏကြာတွေးတောပြီးနောက် ကြေညာချက်တစ်ခုထုတ်ပြန်ရန် ပြင်လိုက်သည်။
ထိုစဥ် အကန့်အသတ်မဲ့ စွမ်းအင်တစ်ခုသည် ရုတ်တရက် ထာဝရအင်မော်တယ်နယ်မြေများပေါ်သို့ ကျရောက်လာတော့သည်။
သူတော်စင်ဧကရာဇ်၏မျက်နှာအမူအရာ တဖျပ်ဖျပ်လက်သွားပြီး ရုတ်တရက် ပျောက်ကွယ်သွားကာ ကောင်းကင်ယံတွင် ပြန်ပေါ်လာ၏။ သူက ထိုနေရာတွင်သာ ရပ်နေခြင်းမဟုတ်ဘဲ မြင့်သထက် မြင့်အောင် ဆက်တက်သွားလေသည်။
သူ့အတွက် ပိုင်ရှောင်ချန်း၏ ကျင့်ကြံခြင်းအခြအဆင့်တက်ခြင်းထက် သို့မဟုတ် အချိန်တာအိုအပေါ် မူတည်၍ ဖန်တီးနေသော ကျင့်စဥ်ထက် ပို၍အံ့သြတုန်လှုပ်ဖွယ်ကောင်းသော အရာတစ်ခု ဖြစ်ပျက်လာသည်။ အခြားလူများက ခပ်ပျော့ပျော့ဖိအားအချို့ကိုသာ အာရုံရနိုင်သော်လည်း လောကနတ်ဘုရားတစ်ပါးဖြစ်၍ သူသည် အလွန်ဖိနှိပ်ချုပ်ချယ်သောစွမ်းအင်တစ်ခု ကြယ်တာရာကောင်းကင်မှ ချဥ်းကပ်လာနေကြောင်း တပ်အပ်ပြောနိုင်သည်။
ထာဝရအင်မော်တယ်နယ်မြေ၏ အပြင်ဘက်၊ ဧရာမမိုးမြေဧကရာဇ်ကိုယ်ကြီး၏ အနောက်ရှိ အကန့်အသတ်မရှိသော ဟင်းလင်းပြင်ကြီးတွင် ပိုင်ရှောင်ချန်းက ကောင်းကင်ဧကရာဇ်တစ်ပါးဖြစ်သည်နှင့် ဖန်တီးခဲ့သော လေဆင်နှာမောင်းကြီးကို တုံ့ပြန်ခဲ့သည့် ဧရာမယပ်တောင်အစုတ်ကြီးသည် မယုံကြည်နိုင်ဖွယ် အမြန်နှုန်းဖြင့် ချဥ်းကပ်လာနေသည်။
ဤအခိုက်အတန့်တွင် ယပ်တောင်အစုတ်ကြီးသည် ထာဝရအင်မော်တယ်နယ်မြေ၏ အစွန်အဖျားဟု သတ်မှတ်နိုင်သော နယ်စပ်ဒေသများထံ ဝင်ရောက်လာ၏။ ယပ်တောင်အစုတ်ကြီး နီးကပ်လာသည်နှင့် ပိုင်ရှောင်ချန်းဖန်တီးထားသည့် ပုံသဏ္ဍာန်မရှိသော လေဆင်နှာမောင်းကြီးက ယပ်တောင်အစုတ်ကြီးကို ဆွဲငင်နေသည့်အလား လမ်းကြောင်းကို ထပ်မံထိန်းညှိလိုက်ပြန်သည်။
ထိုထိန်းညှိခြင်းများပြီးနောက် ယပ်တောင်အစုတ်ကြီးမှာ ထာဝရအင်မော်တယ်နယ်မြေများကို ပွတ်တိုက်သွားရုံတင်မဟုတ်ဘဲ ... ထိပ်တိုက်တိုးဝင်သွားတော့မည် ဖြစ်သည်။
ပို၍ တိကျစွာပြောရလျှင် ယပ်တောင်အစုတ်ကြီးကား သူတို့အပေါ်တည့်တည့်ရှိ ဧရာမမိုးမြေဧကရာဇ်ခန္ဓာကိုယ်ကြီးကို ထိပေတော့မည်။
ယပ်တောင်အစုတ်ကြီးက စွမ်းအားကြီးအခိုးအငွေ့များကို ထုတ်လွှတ်ကာ မယုံကြည်နိုင်ဖွယ် အမြန်နှုန်းဖြင့် ရွေ့လျားလာ၏။ ထိုမျှသာမက ၄င်းသည် အလွန်လျင်မြန်စွာ ရွေ့လျားနေသောကြောင့် မီးတောက်များ ကပ်ပါလာတော့သည်။
အချိန်များ တရွေ့ရွေ့ကုန်လွန်လာသည်နှင့်အမျှ ယပ်တောင်အစုတ်ကြီးကား ထာဝရအင်မော်တယ်နယ်မြေများထံ နီးသထက် နီးလာတော့သည်။