ယပ်တောင်အစုတ်ကြီး တိုက်မိခြင်း
Vol. 11 Ch. 1078
ဟင်းလင်းပြင်ကြီးမှ မြင်ကွင်းကို မြင်နိုင်သည့် မည်သူမဆို အရှိန်အဟုန်ပြင်းစွာ ဆင်းသက်လာသော မီးတဟုန်းဟုန်းတောက်လောင်နေသည့် ဥက္ကာခဲကြီးတစ်ခဲကဲ့သို့ အရာဝတ္ထုတစ်ခုကို မြင်နိုင်မည်ဖြစ်သည်။
အမြန်နှုန်းသည်ကား စိတ်ကူးယဥ်နိုင်စွမ်းကိုပင် ကျော်လွန်နေသည်။
ကနဦးက ယပ်တောင်အစုတ်ကြီးသည် ပိုင်ရှောင်ချန်းကြောင့် လမ်းကြောင်းပြောင်းလဲသွားခဲ့သည့်တိုင် ထာဝရအင်မော်တယ်နယ်မြေများကို တိုက်မိရန် လမ်းကြောင်းပေါ်တွင် မဟုတ်ပေ။ ထို့ပြင် ၄င်း၏ အမြန်နှုန်းသည်လည်း ယခုလို တုန်လှုပ်ချောက်ချားဖွယ်မကောင်းခဲ့ချေ။ ထို့ကြောင့်လည်း မိစ္ဆာဧကရာဇ်နှင့် သူတော်စင်ဧကရာဇ်တို့က ၄င်းအား သတိမထားမိခဲ့ကြခြင်း ဖြစ်သည်။ သို့သော် ယခုတွင် ...
ယပ်တောင်အစုတ်ကြီး၏ အရှိန်အဟုန်နှင့် ၄င်း၏လမ်းကြမ်းက တသမတ်တည်းဖြစ်လာသဖြင့် ထာဝရအင်မော်တယ်နယ်မြေများတွင် ထူးဆန်းသောလက္ခဏာများ ပေါ်လာတော့သည်။ ပထမဆုံးသက်ရောက်ခံရသည့်နေရာကား ထာဝရပင်လယ်ပင်။
ရေများမှာ ဒီရေလှိုင်းများြဖင့် ဆောင့်ဆွဲခံလိုက်ရသည့်အလား တဂျိန်းဂျိန်းထစ်ခြုန်းသံများ အရပ်မျက်နှာတစ်ခွင် ပဲ့တပ်ထပ်သွားသည်။ ပင်လယ်မှ မြူခိုးမြူငွေ့များ မြင့်တက်လာပြီး အင်မော်တယ်နယ်မြေ၏ ကမ်းခြေများမှာ ဧရာမလှိုင်းလုံးကြီးများဖြင့် ဝင်ဆောင့်ခံနေရတော့သည်။
ထာဝရအင်မော်တယ်နယ်မြေများရှိ သက်ရှိအရာအားလုံး တအံ့တဩဖြစ်သွားကြ၏။ ထိုအချိန်တွင် သူတော်စင်ဧကရာဇ်သည် ကောင်းကင်ယံသို့ ပျံတက်လာကာ ဂူထျန်ကျွင်းနှင့် အခြားကောင်းကင်ဧကရာဇ်နှစ်ပါးမှာ အံ့အားသင့်စွာ မော့ကြည့်လိုက်ကြသည်။ ပိုင်ရှောင်ချန်းမှာမူ ယခုလေးတင် သူ၏ အဆင့်တက်ခြင်း အောင်မြင်ပြီး အတိတ်စိတ်ဆန္ဒကို ဖန်တီးပြီးဖြစ်၍ မြင့်မြတ်သောနယ်မြေမှ ထွက်ခွာအံ့ဆဲဆဲ ဖြစ်၏။ ထိုအချိန်တွင် သူသည် ဖော်ပြ၍ပင်မရလောက်အောင် ပြင်းထန်သည့် အန္တရာယ်ကြီးကို အာရုံရလိုက်ကာ မယုံနိုင်စရာကောင်းသော ဖိအားတစ်ခုကို ခံစားလိုက်ရလေသည်။
" ကောင်းကင်ယံကနေ အန္တရာယ်ကြီးမားတဲ့အရာဝတ္ထုတစ်ခု ကျလာနေတယ် "
သူက ရိပ်ခနဲလှုပ်ရှား၍ ကောင်းကင်ယံ ပျံတက်လိုက်သည်။
သူတော်စင်ဧကရာဇ်နိုင်ငံတော်တွင်သာ ထိုကဲ့သို့အရာများ ဖြစ်ပွားနေခြင်းမဟုတ်။ မိစ္ဆာဧကရာဇ်မြို့တော်တွင် လောကနတ်ဘုရား မိစ္ဆာဧကရာဇ်က ရိပ်ခနဲလှုပ်ရှားကာ ကောင်းကင်ယံ၌ ပြန်ပေါ်လာကာ ကောင်းကင်အစွန်အဖျားထိ ဦးတည်သွားသည်။
သူ့နောက်တွင် သူ့နိုင်ငံ၏ ကောင်းကင်ဧကရာဇ်လေးပါးဖြစ်သော အလင်းတန်းလေးတန်းက ထပ်ကြပ်မကွာ လိုက်လာ၏။ သရဲမယ်တော်အပါအဝင် ကောင်းကင်ဧကရာဇ်နှစ်ပါးက လိုက်မလာပေ။ ထိုရှိသမျှလူအားလုံး မယုံကြည်နိုင်သောအသွင်များဖြင့် ကောင်းကင်ယံ ထိုးတက်သွားကြသည်။
မြို့တော်နှစ်မြို့လုံးရှိ လူအများသည် ဧကရာဇ်များနှင့်ကောင်းကင်ဧကရာဇ်များဖြင့် ပြည့်နှက်နေသော ခမ်းနားကြီးကျယ်သည့် မြင်ကွင်းကြီးကို မြင်သောအခါ သူတို့၏နှလုံးသားများထဲတွင် စိုးထိတ်သောအာရုံများဖြင့် ပြည့်နှက်သွား၏။
" ဒါ ... ဒါက ... "
" အဲဒါ ဘာကြီးလဲ "
လူများမှာ အထိတ်တန့်အော်ဟစ်ကာ ယခုတွင် မီးတဟုန်းဟုန်းတောက်လောင်နေသော ဥက္ကာခဲကြီးတစ်ခဲကဲ့သို့ အရာဝတ္ထုတစ်ခုမြင်သာလာသော ကောင်းကင်ကြီးကို မော့ကြည့်လာသည်။ သူတို့၏အမြင်အရ ၄င်းက အလွန်လျင်မြန်စွာ ရွေ့လျားနေပုံမရသော်လည်း ထိုသို့မဟုတ်ပေ။
သူတော်စင်ဧကရာဇ်နှင့် မိစ္ဆာဧကရာဇ်က ဟင်းလင်းပြင်ကြီးထဲတွင် ရပ်နေလုနီးပါးဖြစ်သည့်တိုင်အောင် ကမ္ဘာ၏နယ်အလွန်ကို တည်နေရာရွှေ့ပြောင်းလိုက်ကြသည်။ သူတို့၏အာရုံများသည် ကမ္ဘာပေါ်ရှိ အခြားမည်သူမဆိုထက် ပို၍စူးရှပြီး ချဥ်းကပ်လာနေသော ယပ်တောင်အစုတ်ကြီး၏ တောက်ပလင်းလက်နေသော အလင်းကို တပ်အပ်မြင်နိုင်လေသည်။ ၄င်းမှာ အလွန်မယုံနိုင်စရာကောင်းလောက်အောင် ရွေ့လျားနေသဖြင့် အသက်ရှူချိန်ဆယ်ကြိမ်လေးအတွင်း ရောက်ရှိလာမည်ဖြစ်သည်။
ထိုအရာဝတ္ထုကြီးမှာ အလွန်လျင်မြန်စွာ သွားနေသည့်အတွက် .... ၄င်းကို မည်သူမျှ ရပ်တန့်နိုင်လောက်မည် မဟုတ်ကြောင်း ဧကရာဇ်နှစ်ပါးလုံးပြောနိုင်လေသည်။
ဤအခိုက်အတန့်တွင် သူတို့နှစ်ယောက်လုံး စိတ်သက်သာရာရကာ သက်ပြင်းချလိုက်၏။ မည်သူမှ ယပ်တောင်အစုတ်ကြီးကို မြင်နိုင်လောက်မည် မဟုတ်သော်လည်း သူတို့နှစ်ဦး၏မယုံကြည်နိုင်ဖွယ် ကျင့်ကြံခြင်းအခြေခံကြောင့် ယပ်တောင်အစုတ်ကြီးက ထာဝရအင်မော်တယ်နယ်မြေကိုမဟုတ်ဘဲ ဧရာမမိုးမြေဧကရာဇ်ကြီးကို ဝင်တိုက်မည်ဖြစ်ကြောင်း ညွှန်ပြနေသော သဲလွန်စများ ရလိုက်သည်။
ယပ်တောင်အစုတ်ကြီး နီးကပ်လာစဥ် သူတို့၏နှလုံးသားများမှာ အတိုင်းအတာတစ်ခုအထိ တည်ငြိမ်သွားတော့သည်။ သူတို့သည် ယပ်တောင်ကြီး၏အရှိန်အဝါမှာ လောကနတ်ဘုရားတစ်ပါး၏အရှိန်အဝါဖြစ်ပုံရသည်ကို သဘောပေါက်လိုက်သဖြင့် အံ့သြတုန်လှုပ်နေသေးလေသည်။
အန္တရာယ်အခိုက်အတန့်ကြီး ကျော်လွန်သွားပုံရသည့်တိုင် သူတို့နှစ်ယောက်လုံးသည် မထင်မှားသောအရာတစ်ခုခုဖြစ်ပွားခဲ့မည်ကို စိတ်ပူသည့်အတွက် လိုရမည်ရ ရပ်နေကြသေးသည်။
မိစ္ဆာဧကရာဇ်က သူတော်စင်ဧကရာဇ်ထံလှည့်ပြီး ကြမ်းကြုတ်အေးစက်သောအသံဖြင့် ပြော၏။
" အဲဒါက ကြီးပေမယ့် ပျက်စီးနေတဲ့ လောကနတ်ဘုရားအဆင့်ယပ်တောင်ကြီးထက် မပိုဘူး။ ဘာပြဿနာမှတော့ ဖြစ်မှာ မဟုတ်ဘူး။ ဒါပေမယ့်လဲ အခု ဒီရောက်နေမှတော့ ကျုပ် ခြောက်နေရာ ယူလိုက်မယ်"
သူတော်စင်ဧကရာဇ်က ပြုံးပြီး မိစ္ဆာဧကရာဇ်၏ အေးစက်မှုကို တုံ့ပြန်သည့်အနေဖြင့် အနွေးထွေးဆုံးသောလေသံဖြင့် ပြောလေသည်။
" ပျက်စီးနေတဲ့ရတနာတွေ ဟင်းလင်းပြင်ကြီးကနေ ထာဝရအင်မော်တယ်နယ်မြေတွေဆီ ကျဆင်း မလာတာ အချိန်တောင် တော်တော်ကြာခဲ့ပြီပဲ။ ပိုင်ရှောင်ချန်း ကောင်းကင်ဧကရာဇ်တစ်ပါး ဖြစ်လာတုန်းက ဖန်တီးလိုက်တဲ့ လေဆင်နှာမောင်းကြောင့်သာ မဟုတ်ရင် ရောက်တောင်ရောက်လာမှာ မဟုတ်ဘူး။ သူတော်စင်ဧကရာဇ်နိုင်ငံတော်က ဒီယပ်တောင်အစုတ်အတွက် ဂုဏ်တက်နိုင်တယ်။ အဲဒီအပေါ်အခြေခံပြီး ကျုပ်က ခင်ဗျားကို ခြောက်နေရာယူခွင့်ပေးမယ် ထင်လား။ မဖြစ်နိုင်တာ "
မိစ္ဆာဧကရာဇ်က အေးတိအေးစက်ရယ်လိုက်၏။ သူတော်စင်ဧကရာဇ်ကိုလျစ်လျူရှုကာ ယခုတွင် အလင်းတန်းတစ်တန်းထက် မပိုတော့သည့် လာနေသော ယပ်တောင်ကြီးကို အာရုံစိုက်လိုက်သည်။
ဤနှစ်ယောက်ကလွဲ၍ ယပ်တောင်ကြီးနှင့် နီးသော အခြားမည်သူမဆို အသတ်ခံရလောက်မည်ဖြစ်သည်။ သို့သော် သူတို့က လောကနတ်ဘုရားများဖြစ်သောကြောင့် ၄င်းကို လွန်စွာ နီးကပ်သောအကွာအဝေးမှ လေ့လာရန် အရည်အချင်းပြည့်မှီလေသည်။
ယပ်တောင်အစုတ်ကြီးကား နီးသထက် နီးနီးလာလေပြီ။
အသက်ရှူချိန်အနည်းငယ်ကုန်ဆုံးပြီးနောက် ယပ်တောင်အစုတ်ကြီးက ဧရာမ မိုးမြေဧကရာဇ်ကြီး၏ နယ်မြေကြီးအရွယ်လက်သီးကို ဝင်ဆောင့်သွားရာ ပြင်းထန်သောထစ်ခြုန်းမြည်ဟည်းသံကြီးတစ်သံ ထာဝရအင်မော်တယ်နယ်မြေကို ပြည့်နှက်သွားလေသည်။
၄င်းက ကောင်းကင်မိုးကြိုးထက် ကျယ်လောင်ပြီး အင်မော်တယ်နယ်မြေငါးခုအား တသိမ့်သိမ့်တုန်ခါသွားစေတော့သည်။ ထာဝရပင်လယ်ကြီးမှာ တလိပ်လိပ်ထလျက် အထိန်းအကွပ်မဲ့စွာ လှုပ်ခတ်သွားသည်။
နားကွဲမတတ်အသံကြီး မြည်ဟည်းသွားစဥ် ပိုင်ရှောင်ချန်းသည် လေထဲတွင်ရပ်လျက် ဧရာမမိုးမြေဧကရာဇ်၏ညာလက်ကြီးရှိရာကို မော့ကြည့်နေသည်။ ထိုနေရာတွင် ရှေ့နောက် ယိမ်းထိုးလှုပ်ရှားနေသည်က.... ဧရာမယပ်တောင်အစုတ်ကြီးပင်။
သူသည် ယပ်တောင်အစုတ်ကြီးနှင့် ပတ်သက်၍ အခြားကမ္ဘာမှလာသော အရာတစ်ခုကို အာရုံရနေပြီး ၄င်းထံမှ ထာဝရအင်မော်တယ်နယ်မြေအတွင်းသို့ ပျံ့ထွက်သွားသည့် အရှိန်အဝါက သူ ခံစားခဲ့ရဖူးသည့် သူတော်စင်ဧကရာဇ်၏တည်ရှိမှုကို သတိရသွားစေ၏။
" ဒါက ... "
မနီးမဝေးမှ ဂူထျန်ကျွင်းနှင့် အခြားကောင်းကင်ဧကရာဇ်များသည်လည်း လေထဲမှနေ၍ ယပ်တောင်အစုတ်ကြီးကို စိုက်ကြည့်နေသည်။
" လောကနတ်ဘုရားအဆင့်မှော်ပစ္စည်းတစ်ခု ... "
" အဲဒီအရှိန်အဝါက ... ရှေးမှတ်တမ်းတွေမှာ ဖော်ပြခံရဖူးတယ်။ အဲဒါက မဟာပျက်စီးခြင်းမတိုင်ခင်က တန်ခိုးရှင်တစ်ဦးရဲ့ အရှိန်အဝါပဲ "
ဂူထျန်ကျွင်းနှင့် အခြားကောင်းကင်ဧကရာဇ်များသာ အံ့သြတုန်လှုပ်သွားကြသည် မဟုတ်။ မိစ္ဆာဧကရာဇ်နိုင်ငံတော်ရှိ ကောင်းကင်ဧကရာဇ်များသည်လည်း ထိုနည်းတူ အံ့သြသွားကြ၏။ လောလောဆယ်တွင် အလွန်ဝေးကွာသော နေရာတစ်နေရာရှိ ကုန်းစွန်းဝမ်အာပင် အံ့အားသင့်သွားလေသည်။
ယခုတွင် ဧရာမယပ်တောင်အစုတ်ကြီးကို တပ်မက်မှုများ တောက်လောင်နေသော မျက်လုံးများဖြင့် စူးစိုက်ကြည့်နေကြသော ထာဝရအင်မော်တယ်နယ်မြေများအတွင်းရှိ နတ်ဘုရားတစ်ပိုင်းပညာရှင်များစွာလည်း ရှိသည်။
ဧရာမလက်ကြီးက ယပ်တောင်အစုတ်ကြီး ဝင်တိုက်ခြင်းကြောင့် မထိခိုက်သွားသည့်အပြင် နည်းနည်းလေးပင် မလှုပ်ပေ။ သို့သော် ယပ်တောင်ကြီးမှာမူ တိုက်အားကြောင့် အကြီးအကျယ်ပျက်စီးသွား၏။ ၄င်း၏ပျက်စီးထားပြီးသောမျက်နှာပြင်ပေါ်တွင် အက်ကြောင်းများ ထလာပြီးနောက် အကျိုးအပဲ့၊ အပိုင်းအစများ စတင်ပြိုကျလာရာ ထာဝရအင်မော်တယ်မြေအပေါ်သို့ မီးဥက္ကာခဲများ တဝေါဝေါရွာကျလာသည့်အလား ဖြစ်လာတော့သည်။
ထိုကဲ့သို့ အကျိုးအပဲ့ အပိုင်းအစများ သန်းပေါင်းများစွာရှိပြီး အံသြတုန်လှုပ်ဖွယ် အမြန်နှုန်းနှင့် တဟုန်ထိုးကျလာလေသည်။
ထိုအခိုက်အတန့်တွင် သူတော်စင်ဧကရာဇ်နှင့် မိစ္ဆာဧကရာဇ်တို့နှစ်ယောက်လုံး လှုပ်ရှားလိုက်၏။ သူတို့လက်များသည် မန္တန်လက်ကွက်များဖြင့် ဝေဝါးသွားကာ ဧရာမအလင်းစက်ကွင်းနှစ်ခု တရှိန်ထိုးထွက်လာတော့သည်။
စက်ကွင်းတစ်ခုက ခရမ်းနက်ရောင်ဖြစ်၍ အခြားတစ်ခုက အရောင်ငါးရောင်ဖြင့် ပြုလုပ်ထားပြီး ၎င်းတို့သွားသည့်နေရာတိုင်း ပြိုကျလာသောအကျိုးအပဲ့များကို ပြာအဖြစ်ပြောင်းသွားစေသည်။ ထို့နောက် ဧကရာဇ်နှစ်ပါးလုံးက ဧရာမယပ်တောင်ကြီးကို ထိရန် နတ်ဘုရားအာရုံများ ပို့လွှတ်လိုက်ကြသည်။
ဧရာမယပ်တောင်အစုတ်ကြီးမှာ ဆိုးဆိုးရွားရွားထိခိုက်သွားသော်လည်း ယပ်တောင်၏ မျက်နှာပြင်နှင့် ကိုယ်ထည်သည် အကောင်းပကတိအတိုင်း ရှိသေး၏။ ယပ်တောင်ကြီး၏ မျက်နှာပေါ်တွင် ရေးထိုးထားသည့် ပုံရိပ်မှာမူ တစ်ကမ္ဘာလုံး၏ ပုံရိပ်ဖြစ်လေသည်။
" ကမ္ဘာရတနာတစ်ခု။ ဝမ်းနည်းစရာကောင်းတာက သူ့စွမ်းအင်က တစတစလွင့်ပျယ်နေပြီ။ ကြယ်တွေကို ဖြတ်လာတဲ့ သူ့ခရီးတစ်လျှောက် အရာဝတ္ထုဘယ်လောက်များများ ထိတိုက်ခဲ့ရတယ်ဆိုတာ ဘယ်သူသိမလဲ။ ပျက်စီးပြီးအလကားဖြစ်နေပြီ "
မိစ္ဆာဧကရာဇ်နှင့် သူတော်စင်ဧကရာဇ်တို့က ခေါင်းများခါယမ်းကာ ယပ်တောင်ကြီးကို ဆက်လက်စစ်ဆေးလိုက်သည်။
အဆုံးသတ်တွင် သူတို့သည် ယပ်တောင်ကြီး၌ တကယ်တမ်း မိုးမြေဧကရာဇ်တစ်ပါး၏ အရှိန်အဝါတစ်ခုမှ မရှိကြောင်း အတည်ပြုလိုက်သည်။ ၄င်းတွင် သူတို့နှစ်ယောက် ထုတ်လွှတ်နေသည်နှင့် အလွန်ဆင်တူသော လောကနတ်ဘုရားအဆင့်အခိုးအငွေ့များသာ ပါဝင်ခြင်းဖြစ်သည်။ အမှန်တကယ်ဆိုရလျှင် ၄င်းမှာ ထို့ထက်ပင် အတန်ငယ်အားနည်းသေးသည်။
ယပ်တောင်အစုတ်ကြီးသာ မိုးမြေဧကရာဇ်အဆင့်ရတနာတစ်ပါးဖြစ်ခဲ့လျှင် သူတို့မှာ အလွန်စိတ်လှုပ်ရှားပြီး သူတို့ကိုယ်တိုင် စစ်ဆေးလေ့လာမိမည်ဖြစ်သည်။ သို့သော် ၄င်းက ထိုကဲ့သို့ ရတနာတစ်ပါးမဟုတ်လေရာ ဧကရာဇ်နှစ်ပါးအတွက် စိတ်ဝင်စားဖွယ် သိပ်မကောင်းချေ။
သို့သော် သူတို့ နတ်ဘုရားအာရုံများ ပြန်နှုတ်ယူလိုက်သည့် အခိုက်အတန့်မှာပင် အခြားတစ်ခု ဖြစ်ပျက်သွား၏။ သူတို့ ယခုလေးတင် ထုတ်လွှတ်ခဲ့သည့် နတ်ဘုရားအာရုံများဖြင့် ဖျက်စီးခံရ၍ ပြိုကျလာသော အကျိုးအပဲ့များ၏ မရေမတွက်နိုင်သော အပိုင်းအစများအားလုံးကြားတွင် တောင်အရွယ်အစားရှိ အဆောက်အအုံတစ်ခု ရှိလေသည်။ အဆောက်အဦ အစိတ်စိတ်အမြွှာမြွာကွဲကြေသွားသောအခါ ဆွေးမြည့်နေသောအနက်ရောင်ကျောက်ခဲတစ်လုံး ၄င်းထံမှ တဟုန်ထိုး ထွက်ပေါ်လာ၏။