← Chapters

ကျုပ် အခုတလော နည်းနည်း မအီမသာ ဖြစ်နေလို့ပါ သူတော်စင်ဧကရာဇ်

Vol. 11 Ch. 1079

ကျုပ် အခုတလော နည်းနည်း မအီမသာ ဖြစ်နေလို့ပါ သူတော်စင်ဧကရာဇ်

Vol. 11 Ch. 1079

အနက်ရောင်ကျောက်ခဲမှာ ၄င်းပတ်လည်ရှိ အဆောက်အအုံထက် များစွာပို၍ သေးငယ်ညည်။ သို့သော် အဆောင်အအုံပျက်စီးသွားစဥ် ကျောက်ခဲသည် သူတော်စင်ဧကရာဇ်နှင့် မိစ္ဆာဧကရာဇ် ထုတ်လွှတ်လိုက်သည့် အလင်းတန်းများကို လျစ်လျူရှုကာ ထာဝရအင်မော်တယ်နယ်မြေများထံ ဆက်လက်ကျဆင်းလာတော့သည်။

ကျောက်ခဲက ဆင်းသက်လာချိန် ပြင်းပြင်းထန်ထန်ပူလောင်သော မီးတောက်မီးလျှံများ ပေါက်ကွဲထွက်လာသည်။

ထိုရုတ်တရက်ပြောင်းလဲမှုကြောင့် မိစ္ဆာဧကရာဇ်နှင့် သူတော်စင်ဧကရာဇ်တို့၏ မျက်နှာများ ကွက်ခနဲ ပျက်သွားတော့သည်။ ကျောက်ခဲက ယပ်တောင်မှ လာခြင်းမဟုတ်ဘဲ ... ထာဝရအင်မော်တယ်နယ်မြေများပေါ်တွင် စိုးမိုးနေသော ဧရာမမိုးမြေဧကရာဇ်ကြီးထံမှ လာကြောင်း သူတို့နှစ်ယောက်လုံး ပြောနိုင်လေသည်။

" မင်းမေဘ "

သူတော်စင်ဧကရာဇ်၏မျက်လုံးများတွင် စိုးရိမ်မှုအရိပ်အယောင်များဖြတ်ပြေးသွားကာ သူက ရိပ်ခနဲလှုပ်ရှားလိုက်ပြီး အနက်ရောင်ကျောက်ခဲထံ ဦးတည်လိုက်သည်။ မိစ္ဆာဧကရာဇ်သည်လည်း စတင်ချီတက်လိုက်၏။ သို့သော် တချိန်တည်းမှာပင် သူက ညာလက်ဖြင့် မန္တန်လက်ကွက်တစ်ကွက်ဖော်ပြီးနောက် သူတော်စင်ဧကရာဇ်ထံ တွန်းပို့လိုက်လေသည်။

သူတော်စင်ဧကရာဇ်မှာ ချက်ချင်း ပျောက်ကွယ်သွားပြီး သူ့မျက်နှာပေါ်တွင် ဒေါသအရိပ်အယောင်တစ်ခု ယှက်သမ်းလျက် ခပ်လှမ်းလှမ်းတွင် ပြန်ပေါ်လာ၏။

" ဘာလုပ်နေတာတုန်း မိစ္ဆာဧကရာဇ် "

" ငါ ဘာလုပ်နေတာလဲ ဟုတ်စ။ အဲဒီမိုးမြေဧကရာဇ်ရဲ့အသားတုံးကို ငါတို့တစ်ယောက်ယောက် နိမိတ်ဖတ်ဖို့ ရည်ရွယ်ချက်အတွက် အသုံးပြုနိုင်တယ်လေ။ အဲဒီမှာ မိုးမြေဧကရာဇ်အဆင့်ကို ဘယ်လိုဖောက်ထွက်ရမလဲ လျှို့ဝှက်ချက်တွေ ပါလာနိုင်တယ်။ မင်း စဥ်းစားကြည့်လေ မင်းက ငါ့ကို ဒီအတိုင်း ယူခွင့် ပေးနိုင်မလား "

သူက အေးတိအေးစက်ရယ်မောကာ အနက်ရောင်ကျောက်ခဲထံ အပြေးအလွှားဦးတည်လိုက်တော့သည်။

သူတော်စင်ဧကရာဇ်၏ မျက်လုံးများထဲတွင် သတ်ဖြတ်လိုစိတ်များ တောက်လောင်လာပြီး သူသည်လည်း ကျောက်ခဲထံ နောက်တစ်ဖန် အပြေးအလွှားသွားလိုက်သည်။ တခဏကြာသော် သူတို့နှစ်ယောက်လုံးသည် အနက်ရောက်ကျောက်ခဲ အောက်သို့ဆက်လက်ကျနေစဥ်အတွင်း တစ်ယောက်တစ်ပြန် တာအိုမှော်ပညာများအား ပစ်လွှတ်နေကြတော့သည်။ ကျောက်ခဲသည် ကျဆင်းလာချိန် ရုတ်တရက် ကွဲထွက်သွားပြီး ဟိန်းဟောက်သံကဲ့သို့ အသံတစ်သံနှင့်အတူ အနက်ရောင်အရည်များ ပန်းထွက်လာသည်။

ထို့နောက် ကျောက်ခဲနှင့် အရည်က ထာဝရပင်လယ်၏ မျက်နှာပြင်ကို ရိုက်ခတ်လိုက်သဖြင့် ဝုန်းခနဲ ပေါက်ကွဲသံတစ်သံ မြည်ဟည်းသွားတော့သည်။ ဧရာမလှိုင်းလုံးကြီးတစ်လုံး တလိပ်လိပ်တက်လာကာ ကျောက်ခဲကား ပင်လယ်၏အောက်ခြေသို့ နစ်မြုပ်လာတော့သည်။

မိစ္ဆာဧကရာဇ်နှင့် သူတော်စင်ဧကရာဇ်က ကျောက်ခဲနောက်လိုက်ရန် ပင်လယ်ထဲ အပြေးအလွှားဝင်ရောက်သွားရာ ပို၍ကြီးမားသောလှိုင်းလုံးကြီးများ ရေမျက်နှာတစ်လျှောက် တလိပ်လိပ်ထသွားတော့သည်။ အင်မော်တယ်နယ်မြေများပင် ဖြစ်ပျက်နေသည်များကြောင့် တသိမ့်သိမ့်တုန်သွား၏။

ကံကောင်းထောက်မစွာ ဖြစ်စဥ်ကား သိပ်မကြာလိုက်ပေ။ အချိန်အနည်းငယ်ကြာသော် ဧကရာဇ်နှစ်ပါးလုံး တင်းမာသောမျက်နှာထားများဖြင့် ပင်လယ်ထဲမှ ထွက်လာကြပြီး သတ်ဖြတ်လိုသည့်အကြည့်များ ဖလှယ်လိုက်ကြသည်။

" ဒါအတွက် မင်း ငါ့ကို လျော်ကြေးပေးတာ ကောင်းမယ် သူတော်စင်ဧကရာဇ် "

" မင်းကသာ ငါ့ကို လျော်ကြေးပေးသင့်တာကွ "

သူတို့သည် တစ်ယောက်နှင့်တစ်ယောက် အသက်ရှူချိန်အနည်းငယ်ကြာသည်အထိ အေးတိအေးစက် စိုက်ကြည့်ပြီးနောက် အနက်ရောင်ကျောက်ခဲက မည်သည့်နေရာတွင်ရှိကြောင်းနှင့် ပတ်သက်သော သဲလွန်စများအား ရှာဖွေရန် ထာဝရပင်လယ်မှ ထွက်ခွာ၍ သူတို့၏သက်ဆိုင်ရာအင်မော်တယ်နယ်မြေများထံသို့ လှည့်ပြန်သွားကြသည်။

ဧကရာဇ်နှစ်ပါးမှလွဲ၍ သူတို့မည်သည့်အရာကို ရှာနေကြောင်း ဘယ်သူမှ အတိအကျ မသိပေ။ လူအနည်းစုသာ အနက်ရောင်ဥက္ကာခဲနှင့်ပတ်သက်သည့် အဖြစ်အပျက်များကို လေ့လာနိုင်ရန် အရည်အချင်းပြည့်မှီသည် မဟုတ်ပါလော။ ထိုမျှသာမက အပေါ်တွင် ယိမ်းယိုးနေသော ယပ်တောင်ကြီးထံမှ အရှိန်အဝါက ကောင်းကင်ဧကရာဇ်များနှင့် နတ်ဘုရားတစ်ပိုင်းများ၏အာရုံကို ဆွဲဆောင်နေသည်။

နောက်ရက်သတ္တပတ်များအတောအတွင်း နိုင်ငံနှစ်နိုင်ငံ၏ အင်မော်တယ်နယ်မြေများတစ်လျှောက် စကားသံများ ပျံ့နှံ့လာတော့သည်။

" သူတော်စင်ဧကရာဇ်နိုင်ငံက မိစ္ဆာဧကရာဇ်နိုင်ငံရဲ့အဝိုင်းခံရပြီး အနိုင်ယူခံရခါနီးတုန်းက သူတော်စင်ဧကရာဇ်က ရုတ်တရက် လောကနတ်ဘုရားအဆင့် ရောက်သွားခဲ့တယ်။ အဲဒါ ဟင်းလင်းပြင်ထဲမှာ နှစ်ပေါင်း မရေမတွက်နိုင်အောင် လွင့်မျောနေခဲ့တဲ့ နန်းတော်တစ်ခုကို ရှာတွေ့ခဲ့လို့ပဲ "

" ဘယ်သူမှ သူ အဲဒီ နန်းတော်ထဲမှာ ဘာရှာတွေ့လဲ အသေအချာ မသိဘူး။ ဒါပေမဲ့ အဲဒီထဲက ထွက်လာတဲ့နောက် သူက လောကနတ်ဘုရားအဆင့်မှာ ဖြစ်နေတော့တာပဲ "

" ကျုပ် ဖတ်ဖူးတဲ့ ရှေးမှတ်တမ်းတွေအရ နှစ်တစ်သောင်းတိုင်း ဒါမှမဟုတ် နှစ်တစ်သောင်းကျော်တိုင်းမှာ ကောင်းကင်ဘုံအလွန်ကနေ ပျက်စီးနေတဲ့အရာဝတ္ထုတွေ ထာဝရအင်မော်တယ်နယ်မြေထဲကို ကျလာလိမ့်မယ်တဲ့။ အဲဒါတွေက အမြဲတမ်း ကျုပ်တို့လို ကျင့်ကြံသူတွေအတွက် ကံကောင်းတဲ့ပစ္စည်းတွေပဲ "

ကျင့်ကြံသူအတော်များများမှာ ယပ်တောင်အစုတ်ကြီးကို မျှော်လင့်ချက်အပြည့်ဖြင့် ကြည့်လာကြတော့သည်။

နတ်ဘုရားတစ်ပိုင်းကျင့်ကြံသူများနှင့် ကောင်းကင်ဧကရာဇ်များအားလုံးက ယပ်တောင်ကြီးထဲတွင် လောကနတ်ဘုရားအဆင့်ရောက်အောင် အထောက်အပံ့ပေးနိုင်သည့် မြင့်မားသောဖြစ်နိုင်ခြေတစ်ခုရှိကြောင်း ညွှန်ပြနေသော လောကနတ်ဘုရားအဆင့်အရှိန်အဝါတစ်ခုရှိကြောင်း လက်ခံယုံကြည်ကြသည်။

ပိုင်ရှောင်ချန်းသည် ယပ်တောင်အကြောင်းပြောစကားများစွာကို ကြား၏။ ထိုမျှသာမက ယခုတွင် သူသည် ကောင်းကင်ဧကရာဇ်တစ်ပါးဖြစ်၍ အခြားကျင့်ကြံသူအများစု ဘယ်တော့မှ ဖတ်ရှုနိုင်မည်မဟုတ်သည့် ရှေးမှတ်တမ်းများကို ဝင်ရောက်ကြည့်ရှုနိုင်လေသည်။

" ဒဏ္ဍာရီအရ အဲဒီဧရာမမိုးမြေဧကရာဇ်ကြီးက ကြယ်တာရာကောင်းကင်မှာ တစ်ခါက တည်ရှိခဲ့ဖူးတဲ့ ဒေသတစ်သောင်းလုံးကို ဖျက်စီးပစ်ခဲ့တယ်… “

" အဲဒီအခိုက်အတန့်မှာ မရေမတွက်နိုင်တဲ့ကမ္ဘာတွေ သုတ်သင်ဖယ်ရှားခံလိုက်ရလို့ ကြယ်တာရာကောင်းကင်တစ်ပြင်လုံး မှောင်မိုက်သွားခဲ့တယ်။ ဘယ်အရာမှ အသက်ရှင်မကျန်ခဲ့ဘူး။ အဆုံးမရှိတဲ့မြေရိုင်းတွေနဲ့ အပျက်အစီးတွေ၊ ဘယ်တော့မှအတောမသတ်နိုင်တဲ့ ဖုန်တွေ အရိုးအရေတွေပဲ ကျန်ရစ်ခဲ့တယ်... “

" ရံဖန်ရံခါ အဲဒီအပျက်အစီးတချို့က ထာဝရအင်မော်တယ်နယ်မြေကို ဖြတ်ပြီး မျောပါသွားကြမယ် ... ခဏခဏတော့ မဖြစ်ပေမယ့် အဲဒီလိုဖြစ်ပျက်လာတိုင်း ထာဝရအင်မော်တယ်နယ်မြေရဲ့ ကျင့်ကြံသူတွေအတွက် ကံကြမ္မာကောင်းဖြစ်လာတယ် "

ကျောက်စိမ်းပုရပိုက်အား ဂရုတစိုက်လေ့လာပြီးနောက် ပိုင်ရှောင်ချန်းသည် ယပ်တောင်အစုတ်ကြီး၏ မူလအစနှင့် သဘောသဘာဝကို အတော်လေး သေချာသွားသည်။

" လောကနတ်ဘုရားအရှိန်အဝါ ... ပျက်စီးနေသောကမ္ဘာရတနာ "

သူက ယပ်တောင်အစုတ်ကြီးကို စိတ်လှုပ်ရှားစွာ မော့ကြည့်လိုက်သည်။ ၄င်းက သိသာစွာ ရှေ့နောက်ယိမ်းထိုးနေသည်ကို ကြည့်ရသည်မှာ မကြာခင် မိုးမြေဧကရာဇ်၏လက်မှ ပြုတ်ကျပြီး ကြယ်တာရာကောင်းကင်ကိုဖြတ်၍ ဆက်သွားမည်ဖြစ်ကြောင်း မည်သူမဆို မြင်နိုင်သည်။

မည်သည့်အကြောင်းပြချက်ကြောင့်မသိ၊ သူတော်စင်ဧကရာဇ်ဖြစ်စေ မိစ္ဆာဧကရာဇ်ဖြစ်စေ ယပ်တောင်အစုတ်ကြီးအား သိမ်းထားလိုစိတ်ရှိပုံမရပေ။ သူတို့က သူတို့၏လက်အောင်ငယ်သားများကို စူးစမ်းပြီး ကံကြမ္မာကောင်းရှာဖွေရန်လည်း အမိန့်မထုတ်ပြန်ပေ။ ထို့အပြင် သူတို့၏အကူအညီမပါဘဲ ကောင်းကင်ဧကရာဇ်များပင် ယပ်တောင်ကြီးထံ မရောက်နိုင်လောက်ပေ။

နိုင်ငံနှစ်နိုင်ငံ၏ ကောင်းကင်ဧကရာဇ်များမှာ ပြင်းပြသောမျှော်လင့်ချက်များဖြင့် လဝက်ကြာစောင့်နေခဲ့သည့်အတောအတွင်း သူတော်စင်ဧကရာဇ်သော်လည်းကောင်း၊ မိစ္ဆာဧကရာဇ်သော်လည်းကောင်း လူရိပ်ပင်မမြင်ရပေ။

ရက်အနည်းငယ်ထပ်မံကုန်ဆုံးသွားပြီးနောက်ဆုံး သူတော်စင်ဧကရာဇ်ပြန်ရောက်လာ၏။ သူ ပြန်ရောက်လာသောအခါ သူက သူ၏နတ်ဘုရားအာရုံများကို သူတော်စင်ဧကရာဇ်မြို့တော်ထဲ စေလွှတ်ပြီး မှူးမတ်များကို အခစားဝင်ရောက်ရန် ဆင့်ခေါ်လိုက်သည်။

သူတွေးနေသည်ကို ပြောရန် မဖြစ်နိုင်သော်လည်း သူ၏အမူအရာကိုကြည့်ရသည်မှာ တစ်ခုခုကို အလိုမကျဖြစ်နေဟန်ရှိသည်။ မှူးမတ်များ အင်ပါယာနန်းတော်ထဲတွင် စုဝေးလာကြချိန် ထိုသည်ကို မြင်ရ၍ စိုးထိတ်လာကြတော့သည်။

ပိုင်ရှောင်ချန်းပင် သတိကြီးကြီးထားနေ၏။ ကံကောင်းထောက်မစွာ မကြာသေးမီက လူထုဒေါသကို ဆွရန် မည်သည့်အရာမှမလုပ်ခဲ့သဖြင့် သူ အတန်ငယ်ယုံကြည်ချက်ရှိနေလေသည်။

သူတော်စင်ဧကရာဇ်သည် လောလောဆယ်တွင် နဂါးပလ္လင်၏ရှေ့တွင် မတ်တပ်ရပ်နေ၏။ သူက ခါတိုင်းကဲ့သို့ နွေးထွေးသောအမူအရာကို လွှမ်းခြုံမထားပေ။ ယင်းမှာ သူ၏အမူအရာအစစ်အမှန်ကို ဖော်ထုတ်ရန် မျက်နှာဖုံးအား ချွတ်ထားသည့်အလားပင်။ သူ၏မျက်လုံးများမှာ အေးစက်နေပြီး သူ၏ကျင့်ကြံခြင်းအခြေခံသည် အင်ပါယာနန်းတော်ရှိ ကျင့်ကြံသူများအားလုံးအပေါ်သို့ ပြင်းထန်ဖိစီးစွာ သက်ရောက်နေသည့် စွမ်းအားကြီးအခိုးအငွေ့များကို ထုတ်လွှတ်နေလေသည်။

ဂူထျန်ကျွင်းနှင့် အခြားကောင်းကင်ဧကရာဇ်များက စိတ်ထင့်နေကာ ရင်တဒိန်းဒိန်းခုန်နေလျက် အကြည့်များဖလှယ်လိုက်ကြ၏။

သူတော်စင်ဧကရာဇ်က သူ၏လက်အောင်ငယ်သားများကို ကြည့်ပြီး စိတ်ထဲတွင် လွန်ခဲ့သောလဝက်က သူလုပ်ဆောင်ခဲ့သည့်အရာအားလုံးကို ပြန်လည်တွေးဆနေသဖြင့် အင်ပါယာနန်းတော်တစ်ခုလုံး အပ်ကျသံပင်မကြားရအောင် တိတ်ဆိတ်နေ၏။ ကံဆိုးစွာပင် သူ မည်သို့လုပ်စေကာမူ မည်သည့်သဲလွန်စမှ ထွက်မလာခဲ့ပေ။

ယပ်တောင်အစုတ်ကြီးမှာမူ ကံကြမ္မာကောင်းပါဝင်သော်လည်း သူတော်စင်ဧကရာဇ် သိပ်အာရုံထားရမည့်အရာ မဟုတ်ပေ။ ထိုမျှသာမက အနက်ရောင်ကျောက်ခဲသည် ၄င်းနှင့်ပတ်သက်၍ သူ သိပ်များများစားစား မလုပ်ချင်သည့် နိမိတ်ဆိုးတစ်ခု ဖြစ်သည်။

သို့သော် စုံစမ်းစစ်ဆေးမှုတစ်ခုတော့ လိုအပ်ခဲ့သည်။ ထိုသို့စစ်ဆေးမှုဆောင်ရွက်ပြီးမှသာ သူက ပြန်လာပြီး ယပ်တောင်အစုတ်ကြီးထံ လူအများအား စေလွှတ်ရန် သူ၏လက်အောင်ငယ်သားများကို ဆင့်ခေါ်လိုက်လေသည်။

" ဂူထျန်ကျွင်း ၊ စီမာယွမ်ဟွာ "

သူ၏စကားကြောင့် ဂူထျန်ကျွင်းနှင့် စာပေသမား ကောင်းကင်ဧကရာဇ်နှစ်ယောက်လုံး ရှေ့တက်၍ လေးလေးစားစား လက်ယှက်လိုက်ကြသည်။

" ငါ မင်းတို့နှစ်ယောက်ကို ကောင်းကင်ကြီးထဲက ယပ်တောင်အစုတ်ကြီးဆီ ခရီးထွက်စေချင်တယ်။ ကံကြမ္မာကောင်းတွေရှိရင် မင်းတို့နှစ်ယောက် အဲဒါကိုရခွင့်ရှိမယ် "

ဂူထျန်ကျွင်းနှင့် စီမာယွမ်ဟွာနှစ်ယောက်လုံး သူတော်စင်ဧကရာဇ်ကို မော့ကြည့်လိုက်စဥ် သူတော်စင်ဧကရာဇ်က သူတို့နှစ်ယောက်သာကြားနိုင်သည့် စကားလုံးအချို့ကို သူတို့ခေါင်းထဲ ရုတ်တရက် ပို့လွှတ်လိုက်လေသည်။

" ဒါ့အပြင် ယပ်တောင်အစုတ်ကြီးက ဧရာမမိုးမြေဧကရာဇ်ကြီးနဲ့ တစ်ခုခုဆက်စပ်နေလား မင်းတို့စစ်ကြည့်ရမယ်။ မိုးမြေဧကရာဇ်ရဲ့ အသားတုံးနဲ့ သွေးက ကျောက်ခဲတစ်ခဲအသွင် ကျလာပြီး ထာဝရပင်လယ်ထဲ သက်ဆင်းပျောက်ကွယ်သွားခဲ့တယ် "

သူ၏စကားလုံးများကြောင့် ဂူထျန်ကျွင်းနှင့် စီမာယွမ်ဟွာ၏ မျက်နှာများကို လေးနက်သောအမူအရာများ ဖုံးလွှမ်းသွား၏။

ပိုင်ရှောင်ချန်းက ဤသို့ဖြစ်ပျက်သွားသည်နှင့် သတိအပြည့်ရှိသွားလေသည်။ သူသည် သူတော်စင်ဧကရာဇ်က ဂူထျန်ကျွင်းနှင့် စီမာယွမ်ဟွာအား မည်သည်တို့ပြောခဲ့သည်ကို မသေချာသည့်တိုင် ပို၍ လျှို့ဝှက်ဆန်းကြယ်လာသည့် ယပ်တောင်အစုတ်ကြီးနှင့် တစ်ခုခုပတ်သက်နေမည်ဟု ခံစားရလေသည်။

သူ အခြေအနေကို စဥ်းစားနေစဥ် သူတော်စင်ဧကရာဇ်က ဂူထျန်ကျွင်းနှင့် စီမာယွမ်ဟွာတို့ကို သူတို့၏စွန့်စားခန်းတွင် အကူအညီပေးမည့် နတ်ဘုရားတစ်ပိုင်းကျင့်ကြံသူအချို့၏ အမည်များကို စာရင်းထုတ်ပြန်လေသည်။ နောက်ဆုံးတွင် သူ၏အကြည့်က လူအုပ်ကြီး၏နောက်တွင် ပုန်းကွယ်ရန် ကြိုးစားနေသည့် ပိုင်ရှောင်ချန်းထံ ရောက်ရှိလာ၏။ လွန်ခဲ့သော လဝက်က တရားဝင်တောင်းဆိုချက်များအားလုံးကို ပြန်စဥ်းစားကာ သူတော်စင်ဧကရာဇ်က နှလုံးသားထဲတွင် အေးတိအေးစက်နှာမှုတ်လိုက်သည်။

" ကောင်းကင်တံတားနယ်စားက ကောင်းကင်ဧကရာဇ်တစ်ပါးဖြစ်လာတာကြောင့် ကောင်းကင်တံတားဘုရင်ဆိုတဲ့ ဘွဲ့အပ်နှင်းတယ်။ သူလဲ ဒီတာဝန်မှာ ပါဝင်ရမယ် "

ပိုင်ရှောင်ချန်းမှာ ဒိန်းခနဲ ရင်ထိတ်သွားလေသည်။ လွန်ခဲ့သောရက်အနည်းငယ်က ဤအခွင့်အရေးကို ရခဲ့လျှင် သူ စိတ်လှုပ်ရှားနေမည်ဖြစ်သော်လည်း ယခုတွင် သူ စိတ်ထင့်ေနသည်။

" သူတော်စင်ဧကရာဇ်၊ အရှင်မင်းမြတ် … အမ် ကျုပ် အခုတလော နည်းနည်းမအီမသာဖြစ်နေလို့ ... "

ဤအချိန်တွင် သူတော်စင်ဧကရာဇ်က လှည့်၍ လမ်းလျှောက်ထွက်သွားလေသည်။

" ဒီကိစ္စက သတ်မှတ်ပြီးပြီ "

သူက သံချောင်းများပျက်စီး၍ သံမဏိကို ဖြတ်တောက်နိုင်သော ပြတ်သားမှုများဖြင့် ပြော၏။

" သုံးရက်ကြာရင် ငါကိုယ်တိုင် မင်းတို့ကို လိုက်ပို့မယ် "

All Chapters