ဖီးနစ်လော၊ လင်းယုန်လော ( ၂ )
Vol. 11 Ch. 156
ထိုအချိန်၌ ရွှီချင်း၏ စိတ်ထဲ ချက်ချင်း တုန်ရီသွားသည်။ ကောင်းကင်ယံမှ ဖော်ပြ၍ မရသော ဖိအားတစ်ခု ဆင်းသက်လာပြီး ပင်လယ်ပြင်ကို လွှမ်းခြုံသွားသည်။
ပင်လယ်ပြင်ပေါ်ရှိ အခြေအနေကို ရွှီချင်း မမြင်နိုင်ပါသော်ငြား ထိုဖိအားက မည်မျှကြောက်မက်ဖွယ်ကောင်းသည်ကို ခံစားနိုင်သည်။
ယင်းသည် အခြေတည်အဆင့်ကျင့်ကြံသူတစ်ယောက်ထံမှ ဖြစ်ပေါ်လာသည့် ဖိအားမျိုး မဟုတ်ပေ။ တန်ခိုးရှင်တစ်ဦးက သူ၏အရှိန်အဝါများကို ဖြန့်ကျက်လိုက်သည်နှင့် ပိုဆင်သည်။ ထိုဖိအား ပေါ်လာသည့်တချိန်တည်းမှာပင် ရွှီချင်းကို အာရုံစိုက်နေသည့် အရှိန်အဝါများသည် သွေးရူးသွေးတန်းဖြင့် ထွက်ပြေးနေကြသည့်အလား ဝရုန်းသုန်းကား ဖြစ်သွားသည်။
သူ အံ့သြတုန်လှုပ်သွားပါသော်လည်း ထိုအခွင့်အရေးကို အသုံးချ၍ အရှိန်တင်ရန် တွေးမိလိုက်သည်။ ထို့နောက် သူ့အရှိန်အဝါအား စောင့်ကြည့်နေသူများကို သူ အာရုံမခံမိတော့သည့်အကွာအဝေးအထိ သူ ရောက်သွားသည်။ သူ တခဏအကြာ ချီတုံချတုံဖြစ်သွားပြီး ရှေ့ဆက်သွားလိုက်သည်။
သို့သော်လည်း ထိုသို့ သူ ကြာကြာ ဆက်မသွားနိုင်ကြောင်း ရှင်းရှင်းလင်းလင်း သိသည်။ ပင်လယ်အောက်၌ အန္တရာယ်များ ပေါ်မလာပါသော်လည်း သူ ရှေ့ဆက်သွားပါက ပို၍ အန္တရာယ်များလာမည်မှာ သေချာသည်။
ထို့ကြောင့် ပင်လယ်ပြင်ပေါ်တွင် မည်သည့်အန္တရာယ်မျှ မရှိကြောင်း အကြိမ်ကြိမ်အဖန်ဖန် အတည်ပြုပြီးနောက် သူ သတိထား၍ ပင်လယ်ပြင်ပေါ် တက်လိုက်သည်။ ပင်လယ်ရေမျက်နှာပြင်ပေါ်တွင် သူ့ခေါင်တစ်ဝက်ပေါ်လာသည်။ သူက ခေါင်းတစ်ဝက်ပေါ်လာသည်နှင့် ဘေးပတ်ဝန်းကို အလျင်အမြန် လှည့်ပတ်ကြည့်လိုက်သည်။ သို့သော်လည်း သူ၏စိတ်အာရုံကို ကောင်းကင်ရှိမြင်ကွင်းက ဖမ်းစားသွားသည်။
မနက်ခင်း ဖြစ်ပါသော်လည်း ကောင်းကင်ကြီးက မှောင်မည်းနေသည။်
ကောင်းကင်ကြီး မှောင်မည်းနေရသည့်အကြောင်းအရင်းမှာ ခံ့ညားထည်ဝါသော တိမ်မည်းတစ်အုပ်ကြောင့် ဖြစ်သည်။
ထိုတိမ်မည်းကြီးက မီတာရာချီအထိ ကြီးမားပြီး ကောင်းကင်ကြီးကို ဖုံးကွယ်ထားသည်။
ရွှီချင်း ရောက်နေသည့်နေရာက ထိုတိမ်မည်းအရိပ်ကြီး လွှမ်းခြုံထားသည့်နေရာဖြစ်သည်။
တိမ်မည်းကြီးထံမှ တဝုန်းဝုန်းမြည်ဟည်းသံများအပြင် တရွှီရွှီလေတိုက်သံများနှင့် မိုးကြိုးလျှပ်စီးများ ထွက်ပေါ်နေသည်။ ကောင်းကင်ဝေဟင်ပြင်၌ ကပ်ဘေးကြီး အစပျိုးနေသည့်အလား တိမ်မည်းကြီးထဲ၌ တဖျပ်ဖျပ်လက်နေသော ကြောက်မက်ဖွယ် လျှပ်စီးများပင် ရှိသည်။
ထိုတိမ်မည်းကြီး ဖြတ်သန်းသွားသည့်နေရာတိုင်း ကောင်းကင်ဝေဟင်ပြင်ရှိ ထိုဖြစ်တည်မှုကို ဂါရဝပြုသည့်အလား ပင်လယ်ပြင်တစ်ခုလုံး လှိုင်းထန်သွားသည်။
ထိုမျှသာဆိုပါက အဆင်ပြေသေးသည်။ ရွှီချင်းကို တုန်လှုပ်သွားစေသည့်အရာမှာ ထိုရွေ့လျားနေသော တိမ်မည်းကြီးထဲ၌ စိတ်ကူးဖြင့်မှန်းဆမရနိုင်သော ဖြစ်တည်မှုတစ်ခု ရှိနေခြင်းဖြစ်သည်။ မြင်နေရသော ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခု၌ သက်ရှိသတ္တဝါအားလုံးကို ဖိနှိပ်ချုပ်ချယ်နိုင်သည့် စွမ်းအားမျိုး ရှိနေဟန်တူပြီး ရွှီချင်း၏ အသွေးအသားများကို တောင့်တင်းသွားစေသည်။ သူ့ဝိညာဉ်မှာ တဝုန်းဝုန်းမြည်ဟည်းနေပြီး သူ့စိတ်မှာ ဗလာကျင်းသွားသည်။
သူ့မျက်လုံးများသည်သာ လှုပ်ရှားနိုင်ပြီး ထိုတိမ်မည်းကြီးထဲရှိ ကြောက်မက်ဖွယ် သတ္တဝါကြီး၏ ရုပ်သွင်ကို ဝိုးတဝါး မြင်လိုက်ရသည်။
၎င်းသည် ခန္ဓာကိုယ်တစ်ခုလုံး အနက်ရောင်မီးတောက်များ တဟုန်းဟုန်း တောက်လောင်နေသည့် ဖီးနစ်ငှက် သို့မဟုတ် လင်းယုန်ငှက်နှင့်ဆင်တူသော ဧရာမသတ္တဝါကြီး ဖြစ်သည်။
ဖီးနစ်ခေါင်း၊ မြွေလည်ပင်း၊ ပျံလွှားမေးရိုး၊ လိပ်ကျောကုန်းနှင့် ငါးအမြီး ရှိသည်။
အနက်ရောင်မီးတောက်များအတွင်းရှိ ၎င်း၏တစ်ကိုယ်လုံးမှာ အရောင်ငါးမျိုးဖြင့် ပြိုးပြိုးပြက်ပြက် ဝင်းလက်နေပြီး အနက်ရောင်မီးတောက်များသည်ပင် ဖုံးကွယ်ထားခြင်းငှာ မစွမ်းသာချေ။ ၎င်းက နတ်အဆင်းကိုဆောင်၍ ကောင်းကင်ယံရှိ တိမ်မည်းကြီးထဲတွင် ပျံသန်းနေသည်။
အမှန်စင်စစ် ၎င်း၌ နတ်ဘုရားမျက်နှာပျက်ကြီးကဲ့သို့ တူညီသော အရှိန်အဝါတစ်ခုပင် ရှိနေသည်။
၎င်း ပေါ်ပေါက်လာခြင်းကြောင့် ရွှီချင်းအပေါ် စိတ်ယုတ်မွေးနေကြသည့် အမည်မသိကျင့်ကြံသူများမှာ နောက်ယောင်ခံလိုက်ခြင်းမှ လက်လျော့လိုက်ရုံမှတစ်ပါး တခြားရွေးချယ်စရာမရှိအောင် ဖြစ်သွားစေသည်။
ကမ္ဘာကြီးတစ်ခုလုံး တဝုန်းဝုန်းမြည်ဟည်းနေသည်။ တိမ်မည်းကြီး အဝေးသို့ လွင့်မျောသွားစဉ် ၎င်းနောက်တွင် ကြည်လင်တောက်ပသော ကောင်းကင်ကြီး ပြန်လည်ပေါ်ထွက်လာသည်။ ရွှီချင်းသည်လည်း မလှုပ်မယှက်အခြေအနေမှ တဖြည်းဖြည်း သက်သာလာခဲ့ပြီး အလိုလို အသက်ရှူသွင်းလိုက်မိသည်။
သို့သော်လည်း သူ အသက်ရှူလိုက်သည့်အခိုက် အဝေးသို့ ရောက်နေပြီဖြစ်သော ကြောက်မက်ဖွယ် သတ္တဝါကြီးက ချက်ချင်း ခေါင်းလှည့်၍ ပင်လယ်ပြင်တစ်နေရာကို ကြည့်လိုက်သည်။
ထိုအကြည့်တစ်ချက်ဖြင့် ရွှီချင်းနှင့် မီတာဒါဇင်ကျော်ဝေးကွာသော ပင်လယ်ပြင်၌ ဆူနာမီအလား လှိုင်းလုံးကြီးများ မြင့်တက်လာသည်။ ၎င်းနေရာသို့ ဓာတ်နှောများ စုစည်းလိုက်သည့်အလား ထူထပ်သိပ်သည်းလာသည်။
ရွှီချင်းသည် အလွန်ဝေးကွာသော နေရာသို့ ရောက်နေပြီး ရှင်းရှင်းလင်းလင်း မမြင်ရသည့်တိုင်အောင် သူ့ခန္ဓာကိုယ်ကို လှိုင်းများ ရိုက်ခတ်လာပြီး သူ့စိတ်ထဲတွင်လည်း ထစ်ချုန်းမြည်ဟည်းသွားသည်။
ထိုဖီးနှစ်လင်းယုန်ကြီးက အကြည့်ကို ပြန်လည်ရုတ်သိမ်း၍ တိမ်မည်းများထဲ ပြန်ဝင်သွားသည်။ တဝုန်းဝုန်းမြည်ဟည်းသံများနှင့်အတူ ၎င်းမှာ မိုးကုတ်စက်ဝိုင်းဆီသို့ ဝင်ရောက်ပျောက်ကွယ်သွား၏။
အချိန်အတော်ကြာပြီးနောက် လှိုင်းများ ငြိမ်သက်သွားသောအခါမှသာ ရွှီချင်းမှာ အသက်ဝဝရှူသွင်းလိုက်ရသည်။ သူ့စိတ်အစဉ် ပရမ်းပတာဖြစ်နေပြီး သူ့မျက်နှာသည်လည်း ဖြူဖပ်ဖြူရော်ဖြစ်နေကာ မိုးကုတ်စက်ဝိုင်းဆီသို့ လှမ်းကြည့်လိုက်သည်။
ထိုနတ်ငှက်ကြီးက သူ့ကို မကြုံစဖူးသော ခံစားချက်များ ပေးစွမ်းနေပြီး ပင်လယ်ကြမ်းပြင်အောက်၌ မြင်ခဲ့ရသော ကြေးနဂါးလှည်းသည်ပင် နိမ့်ကျနေသလို သူ ထင်နေမိသည်။
“ အဲဒါ ဘာကြီးတုံး။ နန်းဟွမ်ကျွန်းကို ပျံသွားတာလား ”
ရွှီချင်း တီးတိုးရေရွတ်လိုက်ပြီး ရုတ်တရက် တစ်စုံတစ်ခုကို သတိရသွားသည်။
“ နန်းဟွမ်ကျွန်းရဲ့ ဖီးနစ်တားမြစ်နယ်မြေ …”
ရွှီချင်းသည် လူဆိုးထိန်းဌာနရှိ အမှုတွဲများနှင့် စာအုပ်ပေါင်းများစွာ ဖတ်ထားခဲ့ဖူးပြီး နန်းဟွမ်ဒေသကြီး၏ ခုနစ်ဆယ်ရာခိုင်နှုန်းကျော်ရှိသော အမှန်တရားတောင်တန်းကြီး၏ တစ်ဖက်ခြမ်းရှိ တားမြစ်နယ်မြေအမည်ကို တွေးမိလိုက်သည်။
“ နန်းဟွမ်ဒေသကြီးထဲက အကြီးဆုံးတားမြစ်နယ်မြေက ဖီးနစ်တားမြစ်နယ်မြေပဲ ”
ရွှီချင်းသည် အဖြေတစ်ခုကို ခန့်မှန်းမိလိုက်ပြီး စိတ်ထဲတုန်ရီသွားရသည်။ ခဏအကြာ သူ အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး ထိုခန့်မှန်းချက်ကို မေ့ဖျောက်ထားလိုက်သည်။ ထိုအချက် မှန်၊ မမှန် ပြန်ရောက်သောအခါမှသာ သတင်းအချက်အလက်များကို ရှာဖွေဖတ်ရှု၍ အတည်ပြုရပေမည်။
ထိုအတွေးကို စိတ်ထဲထားပြီးနောက် ရွှီချင်းက ပင်လယ်ထဲ ပြန်လည်ငုပ်လျှိုးလိုက်သည်။ နာရီပေါင်းများစွာ သူ သွားလာပြီးနောက် သူ့နောက်သို့ တစ်ယောက်မှ နောက်ယောင်ခံမလိုက်ကြောင်း အာရုံခံမိလိုက်သည်။ ထိုအခါမှသာ ပင်လယ်ရေမျက်နှာပြင်သို့ သူ ပြန်လည်ပေါ်ထွက်လာပြီး လှေမြန်လေးကို ထုတ်၍ အပေါ်သို့ ခုန်တက်လိုက်သည်။ ထို့နောက် လှေမြန်ကို ထိန်းချုပ်ကာ အမြန်မောင်းလိုက်သည်။
မကြာခင် သုံးရက်တာ ကုန်လွန်သွားသည်။ ရွှီချင်းသည် လမ်းတစ်လျှောက် အလွန် သတိထားနေ၏။ သူ ကြိမ်ဖန်များစွာ စစ်ဆေးကြည့်ခဲ့ပြီး နောက်ဆုံးတွင် ထိုနောက်ယောင်ခံလိုက်နေသည့် အရှိန်အဝါများ အမှန်တကယ် ပျောက်ကွယ်သွားခဲ့ပြီကို အတည်ပြုလိုက်သည်။ ထိုအခါမှသာ သူ စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချလိုက်သည်။
ဖီးနစ်ငှက်ပေါ်ပေါက်လာခြင်းက သူ့ကို မသိမသာ အကူအညီပေးသွားခဲ့ပြီး ထိုကောက်ကျစ်သော ကျင့်ကြံသူများအား သူ့ကို ရှာမရဖြစ်သွားစေခဲ့ကြောင်း သူ ခန့်မှန်းမိလိုက်သည်။
သို့သော်လည်း သူ သတိလက်လွတ်မနေပေ။ ပင်လယ်ပြင်အောက်သို့ သူ ထပ်မသွားတော့ပါသော်လည်း လှေကို အရှိန်တင်ရန် သေချာထိန်းချုပ်လိုက်၏။ ဝိညာဉ်ကျောက်တုံးများစွာကိုလည်း သူ တွေဝေတွန့်ဆုတ်မနေဘဲ သုံးစွဲလိုက်သည်။
ထိုသုံးရက်တာအတောအတွင်း သူ၏ဒဏ်ရာတစ်ဝက်ကျော်လည်း ပျောက်ကင်းသွားခဲ့၏။ သူ့မျက်နှာက ဖြူဖပ်ဖြူရော်ဖြစ်မနေတော့ဘဲ လူသတ်ပွဲကြောင့် မောပန်းနွမ်းနယ်ခြင်းများသည်လည်း လွင့်ပျယ်သွားခဲ့ပြီဖြစ်သည်။
ကျွန်းပေါ်မှ လူသတ်ပွဲနှင့် ပတ်သက်၍ သူ၏ကျင့်ကြံခြင်းနှင့် အပြင်အားတို့ တိုးတက်လာခဲ့ပါသော်လည်း အချိန်အတော်ကြာသည်အထိ သူ မောဟိုက်သွားရသေးသည်။ ကံကောင်းထောက်မ၍ ယခုတစ်ခေါက် အကျိုးအမြတ်များက ကြောက်ခမန်းလိလိ ဖြစ်နေပေရာ သူ ကျေနပ်နေသည်။
နတ်အရေခွံသုံးခုအပြင် ချီစုစည်းခြင်းအဆင့်ရှစ် သို့မဟုတ် အဆင့်ကိုး ဖွတ်အရေခံများကိုလည်း သူ ရခဲ့သည်။ အဆင့်နိမ့်ဖွတ်အရေခွံများမှာ ပို၍ များသည်။
ယင်းအပြင် ရတနာများစွာလည်း သူ ရခဲ့သည်။
အဆောင်သုံးခုကိုပင် သူ ရခဲ့၏။ အဆောင်များပေါ်ရှိ ကမ္ပည်းစာများက မှေးမှိန်နေပြီဖြစ်ပြီး ကြိမ်ဖန်များစွာ မသုံးနိုင်တော့သော်လည်း ၎င်းတို့က အဖိုးတန်နေဆဲပင်။