ယပ်တောင်စုတ်ကြီးထံ ဆိုက်ရောက်ခြင်း
Vol. 11 Ch. 1080
သူတော်စင်ဧကရာဇ် ထွက်ခွာသွားစဥ် ပိုင်ရှောင်ချန်းမှာ စိတ်ပျက်လက်ပျက်ဖြင့် စူပုတ်ပုတ်လုပ်နေတော့သည်။ ယခုတွင်မူ ဤ ယပ်တောင်အစုတ်ကြီးနှင့်ပတ်သတ်သည့် တာဝန်မှာ ထင်ထားသလောက် ရိုးရှင်းမည် မဟုတ်ကြောင်း သူ သိသွားပြီဖြစ်သည်။
သူတော်စင်ဧကရာဇ်မှာ လဝက်တိတိ ပျောက်ကွယ်သွားခဲ့သဖြင့် ပို၍ သေချာနေတော့သည်။ ထိုယပ်တောင်အစုတ်ကြီးနှင့် ပတ်သတ်၍ ကိစ္စကြီးတစ်ခုခု ဖြစ်နေမည်မှာ ဧကန်ပင်။ သူတော်စင်ဧကရာဇ်၏ မျက်ဝန်းများထဲရှိ တင်းမာနေသော အကြည့်များကြောင့် ပိုင်ရှောင်ချန်းမှာ အလွန်စိုးထိတ်နေရတော့သည်။
ပိုင်ရှောင်ချန်းမှာ မကြာမီ အန္တရာယ်များနှင့် ကြုံတွေ့ရတော့မည်ဖြစ်၍ ဘေးပတ်ပတ်လည်ရှိ မှူးမတ်များအားလုံး ကျေနပ်နေကြသည်။ ယခုတွင် ပိုင်ရှောင်ချန်းက အကြီးအကျယ် ပြဿနာရှာနိုင်ကြောင်းကို သူတို့ ယုံကြည်သွားကြပြီဖြစ်သည်။ ကောင်းကင်နဂါးတူငါးများဖြစ်စေ၊ ကြာစေ့များဖြစ်စေ၊ ကြာမြစ်များဖြစ်စေ ... ထိုဖြစ်ရပ်များအားလုံးကြောင့် ပိုင်ရှောင်ချန်းသာ သူတော်စင်ဧကရာဇ်မြို့တော်ထဲတွင် ဆက်၍ရှိနေပါက ပရမ်းပတာဖြစ်ကုန်တော့မည်ဖြစ်ကြောင်း သူတို့အားလုံး ယုံကြည်ထားကြသည်။
သူတို့၏ အမြင်တွင် သူတော်စင်ဧကရာဇ်က ပိုင်ရှောင်ချန်းအား အဝေးသို့နှင်လွှတ်လိုက်ခြင်းမှာ အမြော်အမြင်ကြီးမားပြီး ရဲရင့်သော လုပ်ရပ်တစ်ခုဖြစ်သည်ဟု မှတ်ယူထားသည်။
သို့သော် သူတို့အားလုံး ထိုခံစားချက်များကို မျက်နှာများပေါ်တွင် လုံးဝမထင်ဟပ်စေပေ။ အချို့ဆိုလျှင် သူတို့ဘက်မှစ၍ ပိုင်ရှောင်ချန်းအား နှုတ်ဆက်လိုက်ကြပြီး သူနှင့် စကားစမြည်များပင် ပြောလိုက်သေးသည်။
" ဂုဏ်ယူပါတယ် ကောင်းကင်တံတားဘုရင်။ ခင်ဗျားက အခု ကောင်းကင်ဧကရာဇ်အဆင့် ကျင့်ကြံသူတစ်ယောက်ဖြစ်သွားပြီပဲ။ ဟားဟား ကျုပ် မေ့နေလိုက်တာ။ ခင်ဗျားကို စောစောစီးစီး ဂုဏ်မပြုခဲ့ရဘူး။ ဗွေမယူပါနဲ့ဗျာ "
" သူတော်စင်ဧကရာဇ်က ခင်ဗျားကို တော်တော် သဘောကျပြီး အလေးပေးတာပဲ ကောင်းကင်တံတားဘုရင်ရ။ ကောင်းကင်အလွန်က ရတနာတွေကို ခင်ဗျားသွားရှာခွင့်ရတာ ကျုပ်ဖြင့် မနာလိုလိုက်တာ "
" ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ် ကောင်းကင်တံတားဘုရင်ရေ။ ခင်ဗျား အောင်မြင်မှုတွေ ချက်ချင်းရပြီး အကျိုးအများကြီးဖြစ်ထွန်းမယ်လို့ ကျုပ် ယုံပါတယ် "
ကျင့်ကြံသူများမှာ လက်ယှက်၍ ထိုသို့စကားများပြောဆိုပြီးနောက် စိတ်ထဲတွင် ထေ့ငေါ့စွာ ရယ်မော၍ ထွက်သွားကြတော့သည်။
ကောင်းကင်မြို့စားလျှိုသည်သာ ပိုင်ရှောင်ချန်းအကြောင်း ကောင်းကောင်းသိထားသဖြင့် သူတော်စင်ဧကရာဇ်မှာ အလွန်မှားယွင်းသောဆုံးဖြတ်ချက်တစ်ခုကို ချလိုက်မိပြီဖြစ်ကြောင်း ယူဆနေသည်။ သို့သော်လည်း ယခုကိစ္စနှင့်ပတ်သတ်၍ သူ နားမလည်သည့်အရာများရှိနေသေးကြောင်း သိထားသဖြင့် အဆုံးသတ်တွင် သက်ပြင်းချ၍ ထွက်ခွာသွားတော့သည်။
အမှန်မှာ လိပ်ကလေးသည် အလွန် မခံမရပ်နိုင်ဖြစ်နေပြီဖြစ်သည်။ သူသည် ကြာမြစ်များနှင့် ပတ်သတ်သောဖြစ်ရပ်ကြောင့် စိတ်ဓာတ်တက်ကြွနေခဲ့ပါသော်လည်း ပိုင်ရှောင်ချန်းအပြစ်ရှိကြောင်း အခိုင်အမာပြောဆိုနိုင်ရန်အတွက် သက်သေအထောက်အထားမရှိသဖြင့် မည်သည့်စကားကိုမှ လူသိရှင်ကြား မပြောရဲပေ။
လူတိုင်းထွက်ခွာသွားပြီးနောက် ပိုင်ရှောင်ချန်းမှာ အချိန်အတော်အတန်ကြာအောင် စိတ်မသက်မသာဖြင့် ထိုင်နေပြီး နောက်ဆုံးတွင် ခေါင်းခါ၍ သူ၏မြင့်မြတ်သောနယ်မြေဆီသို့ ပြန်သွားတော့သည်။ ထိုသို့ရောက်သော် သူကထိုင်ချလိုက်ပြီး လက်ရှိအခြေအနေကို ထပ်၍ အချိန်ယူစဥ်းစားလိုက်သည်။
" ငါက ကောင်းကင်ဧကရာဇ်အဆင့် ကျင့်ကြံသူတစ်ယောက် ဖြစ်သွားပြီဆိုတော့ အရင်ကထက် ပိုပြီးအစွမ်းထက်လာပြီ။ ဒါပေမဲ့ ဘာလို့လဲတော့မသိဘူး သူတော်စင်ဧကရာဇ်က တော်တော်ကို စိတ်မကြည်မလင်ဖြစ်နေတာ။ ပြီးတော့ အဲဒီယပ်တောင်အစုတ်ကြီးက အရမ်းအန္တရာယ်များနေမှာ သေချာတယ် "
သူသည် လက်ရှိအခြေအနေကို တွေးတောမိလာသည်နှင့်အမျှ သူတော်စင်ဧကရာဇ်၏ အမိန့်များအပေါ် ပို၍ စိတ်မသက်မသာ ဖြစ်လာတော့သည်။ ထို့အပြင် သူ၏နောက်ဆုံးစကားများမှာ ပြတ်သားမှုအပြည့်၊ ခြိမ်းခြောက်မှုအပြည့်ဖြင့် ဆိုခဲ့ခြင်းဖြစ်သည်။ ပိုင်ရှောင်ချန်းသာ ထိုအမိန့်များကို မလိုက်နာပါက အပြင်းအထန် အပြစ်ပေးခံရမည်မှာ အမှန်ပင်။
" ဒီလိုမျိုး သတိကြီးကြီးထားနေမဲ့အစား စစချင်းထဲက ဖြစ်ချင်ရာဖြစ် လုပ်လိုက်ရင်ကောင်းမလား "
သူသည် အနည်းငယ်ထပ်မံ တွေးတောလိုက်ပြီးနောက် အံကြိတ်၍ ခေါင်းညိတ်လိုက်တော့သည်။ သူသည် ရုတ်တရက် သေခြင်းတရားကို မကြောက်လန့်လာသည်တော့ မဟုတ်ပေ။ လူအုပ်ကြီးတစ်ခု၏ တစ်စိတ်တစ်ပိုင်းအဖြစ် သူ သွားရောက်ရမည်ဖြစ်သဖြင့် သတိအနည်းငယ်ထားပြီး လောဘမကြီးလျှင် သူ၏ကောင်းကင်ဧကရာဇ်အဆင့် ကျင့်ကြံခြင်းအခြေခံက သူ့အား ကာကွယ်ပေးနိုင်လောက်ပေသည်။
အကယ်၍ သူသာ တစ်ယောက်ထဲစေလွှတ်ခံခဲ့ရမည်ဆိုပါက မည်သို့ပင်ဖြစ်စေကာမူ လက်ခံမည်မဟုတ်ပေ။
" အေးကွာ သွားရမယ်ဆိုမှတော့လည်း သေသေချာချာ ပြင်ဆင်ထားရမှာပေါ့ "
သူသည် တစိမ့်စိမ့်တွေးတောနေကာ ပူပန်လွန်းနေသဖြင့် သူ၏ဆံပင်များမှာ ရှုပ်ယှက်ခတ်နေပြီဖြစ်သည်။ ထို့နောက် သူသည် အချိန်လုံးဝမဖြုန်းချင်တော့သဖြင့် သူတော်စင်ဧကရာဇ်မြို့တော်ထဲတွင် သူစုစည်းမိခဲ့သမျှ ရင်းမြစ်ပစ္စည်းအားလုံးကိုအသုံးချ၍ လိုအပ်သော ပြင်ဆင်မှုများကို လုပ်လိုက်တော့သည်။ သူသည် လက်ဖွဲ့အဆောင်များ၊ မှော်ပစ္စည်းများ၊ ဆေးလုံးများ အပါအဝင် ပစ္စည်းအစုံအလင်ကို ဝယ်ယူလိုက်၏။
ထိုစဥ် သူတော်စင်ဧကရာဇ်သည် ကောင်းကင်ဧကရာဇ်အဆင့် ကျင့်ကြံသူသုံးယောက်အား ယပ်တောင်စုတ်ကြီးဆီသို့ စေလွှတ်မည်ဟူသော သတင်းများမှာ သူတော်စင်ဧကရာဇ်မြို့တော်ထဲတွင်သာမက မင်းဆက်ကြီးတစ်ခုလုံးတွင်ပါ ပျံ့နှံ့နေပြီဖြစ်သည်။ ထိုကိစ္စအကြောင်းကို မသိခဲ့ကြသည့်လူများစွာမှာ ယပ်တောင်စုတ်ကြီးပေါ်သို့ လိုက်ပါမည့် ကောင်းကင်ဧကရာဇ်အဆင့်ကျင့်ကြံသူများ၏ နာမည်များကို သိလိုက်ရသောအခါ သူတို့ပါ လိုက်ပါနိုင်ရန် ကြိုးစားနေကြတော့သည်။ သူတော်စင်ဧကရာဇ်မှာ ထိုအချင်းအရာကို မတားဆီးပေ။ ကောင်းကင်ဧကရာဇ်အဆင့် ကျင့်ကြံသူများသာ ထိုသို့ဖြစ်နေသည် မဟုတ်ပေ။ ပင်လက်နက်ဆရာကဲ့သို့ နတ်ဘုရားတစ်ပိုင်းအဆင့် ကျင့်ကြံသူများပင် နောက်လိုက်အုပ်စုပေါင်းများစွာ ရရှိသွားကြသည်။ ထိုနောက်လိုက်အားလုံးမှာ ဤတာဝန်ကို ထမ်းဆောင်ရင်း အကျိုးကျေးဇူးများ ဖြစ်ထွန်းနိုင်ခြေရှိပေသည်။
ထိုသတင်းများမှာ ပျံ့နှံ့သွားပြီး ထမ်းဆောင်ရမည့်တာဝန်မှာ အလွန်အန္တရာယ်များသည်ဆိုသည့် ကောလာဟလများမှာလည်း လူအနည်းငယ်လောက်ကိုသာ စိတ်ဝင်စားမှုလျှော့နည်းသွားအောင် ပြုလုပ်နိုင်ခဲ့သည်။ ကျင့်ကြံခြင်းလောကမှ လူများစွာမှာ `` အနာခံမှ အသာစံရမည် ‘’ ဟု ယုံကြည်လက်ခံထားကြသည် မဟုတ်ပါလော။ ထို့ကြောင့် ရက်အနည်းငယ်အကြာ တော်ဝင်နန်းတော်ထဲတွင် ခေါင်းလောင်းများထိုးသောအခါတွင် ဂူထျန်ကျွင်း၊ စီမာယွမ်ဟွာနှင့် ပင်လက်နက်ဆရာအပါအဝင် နတ်ဘုရားတစ်ပိုင်းအဆင့် ကျင့်ကြံသူခြောက်ယောက်မှာ နတ်အဆင့်ကျင့်ကြံသူ ဒါဇင်ပေါင်းများစွာပါဝင်သည့် နောက်လိုက်အဖွဲ့ကိုယ်စီဖြင့် ရောက်လာကြသည်။
ပိုင်ရှောင်ချန်းမှလွဲ၍ လူတိုင်းရောက်လာပြီဖြစ်သည်။
ပိုင်ရှောင်ချန်းမှာ သူ၏မြင့်မြတ်သော နယ်မြေထဲမှ ယခုမှ ပြေးထွက်လာသည်။ သူသည် နောက်ကိုလှည့်ကာ သူ တစ်နှစ်ကျော် နေထိုင်ခဲ့သည့် နေရာကိုကြည့်၍ သက်ပြင်းချလိုက်သည်။
" ဘယ်အချိန်မှ ငါပြန်ရောက်လာမလဲဆိုတာ ငါလည်းမသိဘူး... "
သူသည် ထည့်စရာအိတ်ကို ပုတ်လိုက်ပြီး သားရေချပ်ဝတ်တန်ဆာပေါင်းများစွာကို ထုတ်ယူလိုက်သည်။ သူ့ထံတွင် ရောင်စုံမီးတောက်များ ပိုရှိနေခဲ့ပါက စိတ်စွမ်းအင်အဆင့်မြှင့်တင်ခြင်းများ ထပ်လုပ်ခဲ့မည်သာဖြစ်သည်။ သို့သော် ယခုတွင်မူ သူသည် ပစ္စည်းအားလုံးကို အဆင့်နှစ်ဆယ်အထိပင် စိတ်စွမ်းအင်အဆင့်မမြှင့်နိုင်တော့ပေ။
သူသည် လမ်းတစ်လျှောက်တွင် အကာအကွယ် မှော်သင်္ကေတတစ်ခုစီ ရေးထိုးထားသော ချပ်ဝတ်တန်ဆာများကိုဝတ်ဆင်နေတော့သည်။
ထိုမျှလောက်နှင့်ပင် မကျေနပ်သေးသဖြင့် သူသည် ဘေးဘီဝဲယာကိုကြည့်၍ သူ့အားစောင့်ကြည့်နေသည့်လူရှိ၊ မရှိ အကဲခတ်ကာ သူ၏လိပ်ဒယ်အိုးလေးကို ထုတ်လိုက်ပြီး သူ၏ရင်ဘတ်ရှေ့တွင် ရင်အုပ်ကာတစ်ခုအဖြစ် ချိတ်ဆွဲလိုက်တော့သည်။ ထို့နောက် သူသည် ၎င်းကိုသားရေချပ်ဝတ်တန်ဆာဖြင့် အုပ်မိုးလိုက်သည်။ အဝေးမှကြည့်ပါက သူ၏ ပိန်ပါးသော ခန္ဓာကိုယ်လေးမှာ ဆန့်ကျင်ဘက်ဖြစ်နေပြီဖြစ်သည်။ သူသည် ဘောလုံကြီးတစ်လုံး လိမ့်လာသည်နှင့်တူနေသည်။ ထိုအရာများအပြင် သူ့ထံတွင် အကာအကွယ်မန္တန်အစီအရင်တစ်ခု၏ အလင်းရောင်များဖြင့်တောက်ပနေသည့် အနက်ရောင်ခေါင်းဆောင်ကြီးတစ်ခုအပြင် သူ၏နောက်ကျောတွင် ကြိုးဖြင့်ပတ်ထားသည့် အရွယ်အစားပို၍ကြီးမားသော ဒုတိယမြောက် ဒယ်အိုးတစ်လုံးလည်း ရှိနေသေးသည်။
ဤမြင်ကွင်းကို အဏ္ဏဝါခေါ်သံဂိုဏ်းမှ ရင်းနှီးနေကြမည်ဖြစ်သည်။ သို့သော် ယခုမှာ ထာဝရနယ်မြေများထဲတွင် ရောက်နေသည်ဖြစ်၍ သူ့အားမြင်လိုက်ရသည့် လူတိုင်း အံ့အားသင့်သွားကြတော့သည်။ တော်ဝင်နန်းတော်အပြင်ဘက်မှ အစောင့်များဆိုလျှင် သူ့ကို လုံးဝနီးပါး မမှတ်မိပေ။
သူက နန်းတော်ရင်ပြင်ထဲသို့ ရောက်လာသောအခါ ဂူထျန်ကျွင်း၊ စီမာယွမ်ဟွာနှင့် ပင်လက်နက်ဆရာ အပါအဝင် ထိုနေရာတွင်စောင့်နေကြသည့် အခြားလူအားလုံး ဆွံ့အသွားကြ၏။ သူတို့၏ဘေးသို့ အိပဲ့အိပဲ့နှင့် ရောက်လာသောအခါမှ သူတို့မှာ သတိပြန်လည်လာကြတော့သည်။
" ဟင် ... ဘာလို့သူက ဒီလောက်အများကြီး ဝတ်ထားရတာတုန်း "
" မင်းမေဘ … ဒီပိုင်ရှောင်ချန်းဆိုတဲ့ကောင်က လူအယောက်တစ်ရာရှိတဲ့ စစ်တပ်တစ်တပ်ကိုတောင် ထောက်ပံ့ပေးနိုင်လောက်တဲ့ အကာအကွယ်မှော်ပစ္စည်းတွေကို ယူလာတာပဲဟ "
" အဲဒီခေါင်းဆောင်းကြီးကို ကြည့်ပါဦး။ ဒီနေ့ ဒီလောက်ပူနေတာကို သူနေရထိုင်ရ မခက်ဘူးလား မသိပါဘူး "
" ခေါင်းဆောင်းက ဘာဟုတ်သေးလို့လဲ။ အဲဒီဒယ်အိုးကြီးကို ကြည့်ဦး။ ဘယ်ကနေများ သွားရှာလာတုန်း မသိဘူး "
ဂူထျန်ကျွင်းနှင့် သူကဲ့သို့ စွမ်းအားကြီးကျင့်ကြံသူများပင် ဆွံ့အနေသည်ဖြစ်ရာ နတ်အဆင့်ကျင့်ကြံသူများကိုမူ ဖော်ပြနေရန်မလိုတော့ပေ။ တချိန်ထဲမှာပင် သူတို့အများစုမှာ ဤတာဝန်ကြီးမည်မျှအထိ အန္တရာယ်များနိုင်ကြောင်း သိချင်သွားကြတော့သည်။ သူရသတ္တိနှင့် ပြည့်စုံလှသော ကောင်းကင်ဧကရာဇ်အဆင့် ကျင့်ကြံသူတစ်ယောက်ပင် ယခုကဲ့သို့ လွန်လွန်ကျူးကျုး ပြင်ဆင်ရလောက်အောင် ဤတာဝန်က ကြောက်စရာကောင်းနေသည်လော...
လူအုပ်ကြီး၏ အမူအရာကိုမြင်လိုက်ရသောအခါ ပိုင်ရှောင်ချန်းက ဂုဏ်ယူဝင့်ကြွားစွာ ချောင်းဟန့်လိုက်သည်။ အကယ်၍ သူသာ ကောင်းကင်တံတားနယ်မြေထဲတွင် ဤကဲ့သို့ မဝတ်စားမဆင်ယင်ခဲ့ပါက သူ၏ သနားစရာ အသက်ကလေး ပျောက်နေသည်မှာ ကြာလှနေမည် မဟုတ်ပါလော။
" ငါက အခု ကောင်းကင်ဧကရာဇ်အဆင့် ကျင့်ကြံသူတစ်ယောက်ဖြစ်နေလို့ဆိုပြီး အန္တရာယ်တွေကို လျစ်လျူရှုထားလို့မှမရပဲ။ သတိကပ်ရင် နှစ်ထောင်ပေါင်းများစွာ အသက်ရှင်နေနိုင်တယ်ကွ "
သူသည် သက်ပြင်းချ၍ စကားပြောရန် ပြင်လိုက်စဥ်မှာပင် ဂူထျန်ကျွင်းနှင့် စီမာယွမ်ဟွာတို့အပါအဝင် လူတိုင်း၏နှလုံးသားများကို တုန်ရီသွားစေနိုင်သည့် အေးစက်စက်နှာမှုတ်သံတစ်သံ ပေါ်ထွက်လာသည်။ လူတိုင်း အလိုအလျောက် လက်ယှက်သွားကြပြီး တရိုတသေဦးညွှတ်လိုက်ကြသည်။
သူတော်စင်ဧကရာဇ်က ရှေ့သို့ထွက်လာပြီး လူအုပ်ကြီးအား တစ်ချက်ဝေ့ကြည့်လိုက်သည်။ ပိုင်ရှောင်ချန်းနှင့် သူ၏ အဝတ်အစားများကို မြင်လိုက်ရသောအခါ သူပင် အံ့အားသင့်သွားရသည်။
" .... "
သူသည် သတိမထားမိဟန်ဆောင်လိုက်ပြီး အသက်ပြင်းပြင်းရှူကာ သူ၏ညာလက်ကို လေထဲတွင် ဝှေ့ယမ်းလိုက်သည်။ ချက်ချင်းပင် လောကနတ်ဘုရားအဆင့် ကျင့်ကြံခြင်းအခြေခံစွမ်းအားများ ကောင်းကင်နှင့် ကမ္ဘာမြေကြီးထဲသို့ ပေါ်ထွက်လာကြသည်။ ကောင်းကင်ကြီး မှေးမှိန်သွားပြီး ၎င်းဆီမှမဟုတ်ပဲ ၎င်း၏အထက်တစ်နေရာမှ မြင့်မြတ်သောအလင်းရောင်တစ်ရောင် ပေါ်ထွက်လာ၏။
ထိုအလင်းရောင်များ အလွန်လျင်မြန်စွာရွေ့လျားနေပြီး ကောင်းကင်နှင့် ကမ္ဘာမြေကြီးကို ထပ်ခြမ်းခွဲရန် ဆန္ဒရှိနေသည့်အလားပင်။ တချိန်ထဲမှာပင် အားပြင်းသော အငွေ့အသက်များမှာလည်း အရပ်မျက်နှာအနှံ့သို့ ပြန့်ထွက်သွားသည်။
မျက်စိတစ်မှိတ်အတွင်း ထိုအလင်းရောင်မှာ သူတို့နှင့် အထက်ရှိ ယပ်တောင်စုတ်ကြီးတို့အား ချိတ်ဆက်ပေးထားသည့် လမ်းကြောင်းတစ်ခုကဲ့သို့ ဖြစ်သွားသည်။
" ကဲ သွားကြတော့ "
သူတော်စင်ဧကရာဇ်က အမိန့်ပေးလိုက်သည်။ ဂူထျန်ကျွင်းနှင့် စီမာယွမ်ဟွာတို့မှာ သက်ပြင်းများချလိုက်ကြပြီး ထိုလှိုဏ်ခေါင်းထဲသို့ ဝင်သွားကြတော့သည်။
အခြားလူများမှာလည်း ပျံတက်ကာ သူတို့နောက်သို့ လိုက်သွားကြသည်။ ပိုင်ရှောင်ချန်းမှာမူ အသက်ပြင်းပြင်းရှူလိုက်ပြီး နောက်ဆုံးမှ လိုက်သွားတော့သည်။
ယပ်တောင်စုတ်ကြီးနှင့် တဖြည်းဖြည်း နီးကပ်လာချိန်တွင် ပိုင်ရှောင်ချန်းက အောက်သို့ငုံ့ကြည့်လိုက်သောအခါ သူတော်စင်ဧကရာဇ်မြို့တော်မှာ တဖြည်းဖြည်း အရွယ်အစား သေးငယ်သွားသည်ကို မြင်လိုက်ရသည်။ ခဏအကြာတွင် ၎င်းကို သဲသဲကွဲကွဲပင် မမြင်နိုင်တော့လောက်အောင် သေးငယ်သွားတော့သည်။ တချိန်ထဲမှာပင် ဧရာမ မိုးမြေဧကရာဇ်ကြီးမှာ အရွယ်အစား ပို၍ကြီးမားလာပြီး ကောင်းကင်ဧကရာဇ်အဆင့် ကျင့်ကြံသူများပင် တောင့်မခံနိုင်သည့် ဖိအားများကို ထုတ်လွှတ်နေတော့သည်။ ထိုဖိအားများကြောင့် လူတိုင်းမှာ ဆန္ဒရှိလျှင်တောင်မှ ထာဝရအင်မော်တယ်နယ်မြေများထဲမှ ထွက်သွားရန် မဖြစ်နိုင်ကြောင်း သိနိုင်ပေသည်။
လောကနတ်ဘုရားအဆင့် ကျင့်ကြံသူများသာ ထိုဖိအားကို ခုခံနိုင်မည်ဖြစ်ပြီး သူတို့၏ ကျင့်ကြံခြင်းအခြေခံအစွမ်းကိုအသုံးပြု၍ လူများအား ထိုဖိအားကိုဖြတ်၍ ခေါ်ဆောင်နိုင်မည်ဖြစ်သည်။
ကျယ်လောင်သော ထစ်ချုန်းသံများကိုကြားနေရပြီး ပိုင်ရှောင်ချန်းမှာ သူ၏ခန္ဓာကိုယ်ကြီး တုန်ခါနေသည်ကို ခံစားမိနေသည်။ ထို့နောက် သူသည် သူ့အား ဆွဲငင်ထားသည့် အားကြီးတစ်ခုထံမှ လွတ်မြောက်သွားသည့်အလား ရုတ်တရက် ပေါ့ပါးသွားတော့သည်။ ထိုအချိန်တွင် သူသည် ဘေးဘီဝဲယာသို့ လှည့်ပတ်ကြည့်လိုက်သောအခါ ...
အနက်ရောင် ဟင်းလင်းပြင်ကြီးတစ်ခုကို မြင်လိုက်ရတော့သည်။