ဖီးနစ်လော၊ လင်းယုန်လော ( ၃ )
Vol. 11 Ch. 157
ဝိညာဉ်ကျောက်တုံးများနှင့် ပတ်သက်၍ လေးထောင်ခန့်ရှိမည်ဖြစ်ကြောင်း ရွှီချင်း တွက်ထားခဲ့ပြီး ဖြစ်သည်။
လေလွင့်ကျင့်ကြံသူအများစုက ဆင်းရဲကြသည်။ ထိုမျှပမာဏအထိ ရွှီချင်း ရခဲ့ခြင်းမှာ ကျွန်းပေါ်ရှိ လူတစ်ယောက်မကျန် သူ သတ်ဖြတ်ခဲ့သည့်အတွက်ကြောင့်သာ ဖြစ်သည်။ ထိုလူများအနက် ဝိညာဉ်ကျောက်တုံးအများဆုံး ရှိသူများမှာ ပင်လယ်တစ္ဆေဂိုဏ်းဖြစ်သည်။
လီထူဂိုဏ်းဝင်များ၏ အိတ်များကို သူ စစ်ဆေးကြည့်ခဲ့ပါသော်လည်း မည်သည့်အတွက်ကြောင့်မသိ သူတို့အားလုံး အမှန်တကယ် ဆင်းရဲကြသည်ကို သူ တွေ့ခဲ့ရသည်။
ထို့အတွက် သူ နောင်တရသလိုလို ဖြစ်သွားရပါသော်လည်း ယခုတစ်ခေါက် ရခဲ့သည့် အကျိုးအမြတ်များကို ပြန်တွေးကြည့်မိသောအခါ လီထူဂိုဏ်းမှ အကျိုးအမြတ်အနည်းငယ်သာ ရခဲ့သည်ကို ဂရုစိုက်မနေတော့ပေ။
“ နတ်ပင်လယ်ဖွတ်အရေခွံတွေကို ထည့်မတွက်ရင်တောင် ငါ ဝိညာဉ်ကျောက်တုံး နှစ်သောင်းနီးနီး စုမိသေးတာပဲ ”
ရွှီချင်းက ထိုင်ချလိုက်ပြီး လှေမြန်လေးကို ချီရွှဲ့ထုံဂိုဏ်းအရပ်သို့ ဦးတည်ထားလိုက်ရင်း သုံ့ပန်းပစ္စည်းများကို ရေတွက်လိုက်သည်။
ယခုတစ်ခေါက် ကျင့်ကြံခြင်းအဆင့်တက်လာခြင်းနှင့် ရရှိခဲ့သော အကျိုးအမြတ်များကြောင့် လှေမြန်လေးအတွက် ဝိညာဉ်ကျောက်တုံးများ သုံးစွဲရသည်ကို သူ ဂရုစိုက်မနေတော့ပေ။
ဤခရီးစဉ်မှအစပြု၍ ရွှီချင်းမှာ ပင်လယ်ကြီးကို ပို၍ လေးစားကြည်ညိုလာရသည်။ သူ့အိတ်လည်း ဖောင်းကားသွားခဲ့သည် မဟုတ်ပါလား။
သို့ဖြစ်၍ တတ်နိုင်သလောက် ပင်လယ်ထဲသို့ ပြန်သွားရန်သာ သူ တွေးနေမိတော့သည်။
လှေမြန်ကလေးသည် ဝိညာဉ်ကျောက်တုံးများစွာ ထည့်သွားထားခြင်းကြောင့် ၎င်း၏ အကန့်အသတ်အထိ သွားနေပြီး မှော်လှေ၏ နှစ်ဆအမြန်နှုန်းထက်ပင် မြန်နေသည်။ ရွှီချင်း ခန့်မှန်းကြည့်ရသရွေ့ အလွန်ဆုံး သုံးရက်အတွင်း ဂိုဏ်းသို့ သူ ပြန်ရောက်သွားမည်ဖြစ်သည်။
လက်ကျန်ခရီးစဉ်တစ်လျှောက် ရွှီချင်းသည် နန်းဟွမ်ကျွန်းကမ်းရိုးတန်းနှင့် နီးကပ်လာသည့်အတွက်ကြောင့် အန္တရာယ်ကြီးကြီးမားမား မကြုံခဲ့ရပေ။ ချီရွှဲ့ထုံဂိုဏ်းဆိပ်ကမ်းနှင့် နေ့ဝက်သာ ကျန်တော့သည့်အချိန်တွင် ဂိုဏ်းမှလှေတစ်စီးကို သူ မြင်လိုက်ရသည်။
ယင်းသည် သူ့ထံသို့ ခုတ်မောင်းလာသော တိုက်ပွဲဝင်သင်္ဘောကြီး ဖြစ်သည်။
ထိုတိုက်ပွဲဝင်သင်္ဘောကြီးကို ချီရွှဲ့ထုံဂိုဏ်း ကမ်းရိုးတန်းစောင့်ဌာနက ပိုင်ဆိုင်ပါသော်လည်း ရွှီချင်းမှာ သတိထားနေ၏။ ပင်လယ်ပြင်အောက်ရှိ ရှဲကျင်းလုံသည်လည်း အချိန်မရွေးတိုက်ခိုက်ရန် အသင့်ပြင်ထားသည်။ တချိန်တည်းမှာပင် တိုက်ပွဲဝင်သင်္ဘောအောက်ရှိ ဝေလနဂါးငါးကောင်ကို သူ သတိထားမိလိုက်သည်။
ယင်းအပြင် တစ်ကောင်က အနည်းငယ် ကွဲပြားသည်။ ၎င်းက ဝေလငါးတစ်နှင့် ဆင်တူသလို ရှိသော်လည်း ငါးမန်းရိုင်းကြီးတစ်ကောင်နှင့် ပို၍ တူသည်။
ရွှီချင်းမှာ ထိတ်ခနဲ ဖြစ်သွားရပြီး ပို၍ပင် သတိထားလိုက်သည်။
မကြာခင် သင်္ဘောက တဖြည်းဖြည်း နီးသည်ထက် နီးလာပြီး ရွှီချင်းမှာ ပို၍ ရှင်းလင်းစွာ မြင်လာရသည်။
ဧရာမသင်္ဘောကြီးကို ကြောက်မက်ဖွယ် အငွေ့အသက်များ ထွက်ပေါ်နေသော မန္တန်အစီအရင်များ ထွင်းထားသည်။ သင်္ဘောပတ်လည်တွင် ကြောက်ခမန်းလိလိ စွမ်းအားများ ထုတ်လွှတ်နိုင်ဟန်တူသော မှော်ဆူးချွန်ရှစ်ဆယ်ကျော်ရှိသည်။ သင်္ဘောကုန်းပတ်ပေါ်တွင် ချီရွှဲ့ထုံဂိုဏ်းသားသုံးဆယ်ကျော်ရှိ၏။
သို့ဖြစ်၍ အားလုံးခြုံကြည့်ပါက ထိုစစ်သင်္ဘောကြီးသည် ဖြုံလောက်သော တိုက်ပွဲဝင်စွမ်းရည်ကို ပိုင်ဆိုင်ထားကြောင်း သိနိုင်သည်။
“ ချီရွှဲ့ထုံဂိုဏ်း ကမ်းရိုးတန်းစောင့်ဌာနရဲ့ တာဝန်အရ ရှေ့က လှေကလေး၊ ဘယ်သူပိုင်လဲဆိုတာ ပြောပါ ”
ကမ်းရိုးတန်းစောင့်ဌာန၏ စစ်သင်္ဘောက နီးကပ်လာသည်နှင့် အထဲမှ သြဇာအာဏာဖြင့် ပြည့်ဝသော အသံတစ်သံ ထွက်ပေါ်လာသည်။
“ သတ္တမမြောက်တောင်ထိပ်၊ လူဆိုးထိန်းဌာနက ရွှီချင်း ”
ရွှီချင်းက ကမ်းရိုးတန်းစောင့်ဌာန၏ စစ်သင်္ဘောကိုကြည့်၍ တိုက်ခိုက်စွာ ပြောလိုက်သည်။
စစ်သင်္ဘောပေါ်ရှိ ကျင့်ကြံသူသုံးဆယ်ကျော်က လူတစ်ယောက်ကို ခြံရံထား၏။ ထိုလူသည် မီးခိုးရောင်တာအိုဝတ်ရုံကို ဝတ်ဆင်ထားသော လူငယ်ဖြစ်သည်။ သူ့အကြည့်က လျှပ်စီးလက်သည့်အလား ပြင်းထန်သော ဖိအားတစ်ရပ်ကို သယ်ဆောင်လာသည်။ သူ့ခန္ဓာကိုယ်မှ ချီစုစည်းခြင်းအဆင့် အထွတ်အထိပ် အငွေ့အသက်များက အတော်လေး ထူးခြားသည်။
သူက လှေမြန်လေးပေါ်ရှိ ရွှီချင်းကို ကြည့်၍ သူ့မျက်လုံးများ ဝင်းလက်သွားသည်။
“ ရွှီချင်းလား ”
ရွှီချင်းက သူ့နာမည်ကို တင်ပြပြီးနောက် ကမ်းရိုးတန်းစောင့်ဌာန စစ်သင်္ဘောပေါ်ရှိ လူသုံးဆယ်ကျော်ထဲမှ ရင်းနှီးသောအသံတစ်သံ ထွက်လာသည်။ မကြာခင် လူအုပ်ထဲမှ လူတစ်ယောက် ထွက်လာသည်။ ထိုလူသည် ကျိုးချင်ဖုန်းမှလွဲ၍ တခြားလူ မဟုတ်ချေ။
သူ၏ မျက်နှာပေါ်တွင် အံ့အားသင့်သည့်အရိပ်အယောင်များဖြင့် ပြည့်နှက်နေ၏။ သူက ရွှီချင်းကို နှုတ်ဆက်လိုက်ပြီးနောက် လူငယ်ဘက်သို့လှည့်၍ လေးစားစွာဖြင့် တီးတိုးပြောလိုက်သည်။
လူငယ်က အသက်မဲ့သည့်အမူအရာဖြင့် ခေါင်းညိတ်ပြလိုက်သည်။
ကျိုးချင်ဖုန်းက လက်နှစ်ဖက်ကို ဆုပ်လိုက်ပြီး စစ်သင်္ဘောပေါ်မှ ပျော်ရွှင်မြူးထူးစွာ ခုန်ချသွားပြီး ရွှီချင်း၏ လှေမြန်လေးပေါ် ဆင်းသက်ကာ အားရဝမ်းသာ ပြောလိုက်သည်။
“ ရွှီချင်း၊ မင်းကို ပင်လယ်ထဲ တွေ့ရမယ်လို့ ငါ မထင်ထားဘူး။ ပင်လယ်ထဲက မင်း ပြန်လာတာလား ”
“ ငါ ပင်လယ်ပြင်ထဲ ခဏလောက် ထွက်သွားတာ။ အခု ဂိုဏ်းကို ပြန်တော့မလို့ပဲ ”
ရွှီချင်းက စစ်သင်္ဘောပေါ်ရှိ လူငယ်ကို ကြည့်လိုက်သည်။
“ အဲဒါ ကမ်းရိုးတန်းစောင့်ဌာနက ငါ့ဆရာ တင်းရှောင်ဟိုင်လေ ”
ကျိုးချင်ဖုန်းက ဂုဏ်ယူဝင့်ကြွားစွာ ပြောသည်။ ပြောပြီးသည်နှင့် သူက ရွှီချင်း၏ လှေမြန်လေးကို တစ်ချက် ကြည့်လိုက်သည်။
“ မင်း ဘယ်လိုတွေဖြစ်ခဲ့တာတုံး။ ဘာလို့ မင်းလှေက ဒီလောက်စုတ်ပြတ်သွားရတာတုံး။ ကမ်းရိုးတန်းစောင့်ဌာနက လှေတွေကို စစ်ဆေးဖို့ တာဝန်ယူထားရတာ။ ဒါပေမဲ့ မင်းလှေကိုတော့ ငါတို့ လွှတ်ပေးလိုက်မယ် ”
ကျိုးချင်ဖုန်းက ပြုံး၍ ရွှီချင်းနှင့် ပျော်ရွှင်စွာ စကားစမြည်ပြောလိုက်သည်။ ရွှီချင်း၏ ဂုဏ်ယူစကားများကို သူ နားထောင်ပြီးနောက် လက်နှစ်ဖက်ဆုပ်၍ ပြန်ရန်ပြင်လိုက်သည်။
သူ မပြန်ခင် တစ်ခုခုကို တွေးမိသွားဟန်တူပြီး ရွှီချင်းကို ခပ်တိုးတိုး ပြောလိုက်သည်။
“ ဒါနဲ့ ရွှီချင်းရေ … မင်း ပြန်ရောက်ရင် ပင်လယ်ထဲကို ခဏလောက် ထွက်မသွားနဲ့ဦး။ သိပ်မကြာသေးခင်တုန်းက ပင်လယ်ကြမ်းပြင်မှာ အနည်းငယ် ရုန့်ရင်းဆန်ခတ်ဖြစ်သွားတယ်လို့ ငါတို့ ကမ်းရိုးတန်းစောင့်ဌာနကနေ သတိပေးစာ ရထားတယ်။ ငါ့ဆရာပြောတာတော့ ကြောက်စရာကောင်းတဲ့သတ္တဝါတွေ ပေါ်လာတယ်တဲ့ ”
ကျိုးချင်ဖုန်း၏အမူအရာအရ ကြောက်ရွံ့ထိတ်လန့်နေဟန်တူသည်။ သူက ထပ်မပြောတော့ဘဲ စစ်သင်္ဘောပေါ်သို့ ပြန်သွားသည်။
“ ကြောက်စရာကောင်းတဲ့သတ္တဝါတွေလား ”
ရွှီချင်း၏ မျက်လုံးများမှေးသွားပြီး လေးနက်တည်ကြည်သွားသည်။ သူက လက်နှစ်ဖက်ဆုပ်၍ ကျိုးချင်ဖုန်းကို ကျေးဇူးတင်စကားပြောလိုက်သည်။
မကြာခင် ကမ်းရိုးတန်းစောင့်သင်္ဘောကြီးက ဟွန်းသံပေး၍ ဦးတည်ချက်ပြောင်းကာ အဝေးသို့ တဖြည်းဖြည်း ထွက်ခွာသွားသည်။
ရွှီချင်းက စစ်သင်္ဘောကို ကြည့်နေစဉ် တင်းရှောင်ဟိုင်က အဝေးရှိ ရွှီချင်း၏လှေကို ငဲ့စောင်း၍ ကြည့်လိုက်သည်။ ထို့နောက် လှေမြန်လေးအောက်ရှိ ပင်လယ်ထဲမှ ဝိုးတဝါးမြင်ရသော ရှဲကျင်းလုံကို ကြည့်ကာ သူ့အား တင်ပြနေသည့် ကျိုးချင်ဖုန်းကို တည်ငြိမ်စွာ ပြောလိုက်သည်။
“ ကျိုးချင်ဖုန်း၊ မင်းကောင်က မင်း ထင်သလောက် မရိုးရှင်းဘူးကွ ”
ကျိုးချင်ဖုန်းမှာ အံ့အားသင့်သွားပြီး ခပ်တိုးတိုး ပြောလိုက်သည်။
“ ဂိုဏ်းတူအစ်ကိုတင်း၊ ညဉ့်ငှက်အဖွဲ့စစ်ဆင်ရေးတုန်းက သာမန်ဂိုဏ်းသားတစ်ယောက်က ရန်သူ့ခေါင်းဆောင်တစ်ယောက်ကို သတ်ခဲ့တယ်လို့ သတင်းတွေ ထွက်နေခဲ့တာတော့ ရှိတယ် ”
“ သူက အဲဒီလူပဲ ”
တင်းရှောင်ဟိုင်၏ မျက်လုံးများထဲတွင် လေးနက်သောအဓိပ္ပာယ်များ ရှိနေသည်။
ထိုစကားကို ကျိုးချင်ဖုန်း ကြားသောအခါ စကားမပြောနိုင်လောက်အောင် မှင်သက်သွားရသည်။ သူ ခေါင်းလှည့်၍ အဝေးရှိ ရွှီချင်း၏ လှေကလေးကို ကြည့်လိုက်သည်။
မှော်လှေပေါ်တွင် မတ်တတ်ရပ်နေသော လူငယ်တစ်ယောက်၏ပုံရိပ်ကို ဝိုးတဝါး မြင်နိုင်ပြီး လေတဟူးဟူး တိုက်ခတ်နေပြီး လှိုင်းထန်နေပါသော်ငြား လူငယ်ကို ယိမ်းယိုင်သွားအောင် မလုပ်နိုင်ကြချေ။