← Chapters

ထွက်ခွာလာခြင်း

Vol. 11 Ch. 1081

ထွက်ခွာလာခြင်း

Vol. 11 Ch. 1081

ပိုင်ရှောင်ချန်းမှာ တုန်ရီသွားပြီး သူ၏နှလုံးသားမှာလည်း ပေါက်ကွဲလုမတတ် တဒိန်းဒိန်း ခုန်နေ၏။

ယခုအကြိမ်မှာ ကြယ်တာရာများစုံလင်နေသည့် ကောင်းကင်ကြီးကို သူ မြင်တွေ့ဖူးသည့် ပထမဆုံးအကြိမ်ဖြစ်သည်။ သို့သော် ၎င်းမှာ ကြယ်တာရာများစုံလင်နေသည့် ကောင်းကင်ကြီးတစ်ခု မဟုတ်ပေ။

ဗဟိုမိုးမြေဧကရာဇ်ကြီး၏ခန္ဓာကိုယ်ထဲရှိ ကမ္ဘာထဲမှနေ၍ ကောင်းကင်ပေါ်သို့ မော့ကြည့်လျှင် မြင်ရသည့်မြင်ကွင်းနှင့် ယခုမြင်ကွင်းမှာ လုံးဝမတူပေ။ ထာဝရအင်မော်တယ်နယ်မြေများထဲတွင် ရှိခဲ့စဥ်က မြင်ခဲ့ရသည့် မြင်ကွင်းနှင့်လည်း မတူပေ။ ယခု သူမြင်နေရသည်မှာ အဆုံးမရှိသော အနက်ရောင်ဟင်လင်းပြင်ကြီးတစ်ခုသာ ဖြစ်သည်။

သူသည် ကောင်းကင်တံတားနယ်မြေမှာ အကြီးမားဆုံးဖြစ်သည်ဟု ယခင်က တွေးခဲ့ဖူးသည်။ နောက်ပိုင်းတွင် ထိုနယ်မြေမှာ ထာဝရအင်မော်တယ်နယ်မြေများထဲရှိ စီရင်စုနယ်မြေတစ်ခုလောက်သာ ကြီးမားကျယ်ဝန်းကြောင်း သိခဲ့ရသည်။

ယခင်က ထာဝရအင်မော်တယ်နယ်မြေများထဲမှနေ၍ သူ မြင်ခဲ့ရသည်မှာ စစ်မှန်သော ကြယ်တာရာများစုံလင်နေသည့် ကောင်းကင်ကြီးဖြစ်မည်ဟု ယူဆခဲ့သည်။ ထိုကောင်းကင်ကြီးမှာ ကြီးများကျယ်ပြန့်နေမည်ဖြစ်ကြောင်းကို သူက သိပါသော်လည်း ယခု သူ၏မျက်လုံးများနှင့် တပ်အပ်မြင်နေရသည့်အခါတွင်မူ ထာဝရအင်မော်တယ်နယ်မြေများမှာ ထိုကောင်းကင်ကြီးနှင့် လုံးဝမယှဥ်နိုင်ကြောင်း သိလိုက်ရသည်။

သူသည် အလွန်အမင်း အံ့သြတုန်လှုပ်သွားသဖြင့် ကြုံတွေ့လာနိုင်သည့် အန္တရာယ်များကိုပင် လုံးဝ မေ့ပျောက်သွားတော့သည်။ သူသည် အဆုံးမဲ့လောက်အောင် ကျယ်ပြန့်နေသည့် ဟင်းလင်းပြင်ကြီးနှင့် တုန်လှုပ်ဖွယ်ကောင်းလောက်အောင် ကြီးမားလှသည့် မိုးမြေဧကရာဇ်ကြီးမှလွဲ၍ အခြားအရာများအားလုံးကို မေ့ပျောက်သွားတော့သည်။

သူတစ်ယောက်သာ ထိုသို့ဖြစ်နေသည်မဟုတ်။ ဂူထျန်ကျွင်း၊ စီမာယွမ်ဟွာ၊ ပင်လယ်နက်ဆရာနှင့် အခြားလူတိုင်းမှာလည်း အလွန်အမင်း တုန်လှုပ်နေကြသည်။

မည်သူမှ စကားမပြောကြပေ။ သူတို့သည် သူတော်စင်ဧကရာဇ် ဖန်တီးပေးထားသည့် အလင်းရောင်လှိုဏ်ခေါင်းထဲတွင် ဖြတ်၍ ဘေးဘီဝဲယာကို လှည့်ပတ်ကြည့်ရှုနေကြသည်။

သူတို့ ထာဝရအင်မော်တယ်နယ်မြေများထဲတွင် ရှိခဲ့စဥ်က မိုးမြေဧကရာဇ်ကြီး၏ စစ်မှန်သော ဖိအားကိုမခံစားခဲ့ရပါသော်လည်း ယခုတွင်မူ ၎င်းနှင့်နီးကပ်လာပြီဖြစ်၍ ထိုစဥ်ကနှင့် မတူတော့ပေ။

ထိုဖိအားကြီးမှာ နှလုံးသားကိုပင် တုန်ရီသွားစေနိုင်သည့် ဖိအားမျိုးဖြစ်သည်။ ၎င်းမှာ အဆုံးအစမဲ့လောက်အောက် မိစ္ဆာဆန်လှပြီး အတောမသတ်နိုင်သော ဒေါသများဖြင့် ပြည့်နှက်နေသည်။

ကြောက်မက်ဖွယ် လူသတ်သမားတစ်ယောက်၏ ရှေ့သို့ ရောက်နေသည့်အလားပင်။ ထိုဖိအားကြီးမှာ ပြင်းထန်လွန်းလှသည့်အတွက် အကယ်၍ ထိုဘီလူးကြီးသာ မျက်လုံးများဖွင့်၍ သူတို့အား ကြည့်လိုက်မည်ဆိုပါက သူတို့အားလုံး ချက်ချင်းပင် ပြာပုံဘဝရောက်သွားမည်ဟု ယုံကြည်နေကြသည်။

သူ၏အပြင်ခန္ဓာကိုယ်မှ စွမ်းအားနှင့်စွမ်းအင်များ ထွက်ပေါ်နေပြီး သူ၏မျက်နှာပေါ်တွင် ခပ်ရေးရေး မြင်ရသည့် သရော်ပြုံးတစ်ခုကြောင့် လူတိုင်း ရိုးတွင်းချဥ်ဆီထဲအထိပင် တုန်လှုပ်သွားကြတော့သည်။

ဂူထျန်ကျွင်းနှင့် စီမာယွမ်ဟွာတို့ပင် မသိစိတ်ထဲမှနေ၍ ပို၍သတိကြီးကြီးထားရန် ဆုံးဖြတ်လိုက်မိကြသည်။

ထိုမျှသာမက ထာဝရအင်မော်တယ်နယ်မြေများ၏ အပြင်ဘက်တွင် တည်ရှိနေသည့် ဤ ဧရာမ မိုးမြေဧကရာဇ်ကြီးမှာ အလွန်အန္တရာယ်ကြီးမားကြောင်းကို သူတို့က သိထားသည်။ သူသာ သေနေခဲ့သည်ဆိုလျှင်တော့ ကိစ္စမရှိပေ။ သို့သော် ဒဏ္ဍာရီများမှာ မှန်ကန်နေပြီး သူသည် အိပ်ရုံတင် အိပ်ပျော်နေခဲ့သည်ဆိုပါက သူနိုးထလာမည့်အချိန်တွင် သူတို့နေထိုင်နေသည့် ကမ္ဘာကြီးကို ချေမှုန်းပစ်မည်သာဖြစ်သည်။

ထိုဖိအားမှာ တဖြည်းဖြည်း ပို၍အားပြင်းလာပါသော်လည်း သူတို့အဖွဲ့၏ ပန်းတိုင်မှာ ထိုမိုးမြေဧကရာဇ်ကြီးဆီသို့ မဟုတ်ပေ။ သူတော်စင်ဧကရာဇ် ဖန်တီးထားသည့် အလင်းရောင်လှိုဏ်ခေါင်းမှာ ဤဟင်းလင်းပြင်ကြီးထဲတွင် အတိအကျသတ်မှတ်ရန် မဖြစ်နိုင်သော အချိန်အပိုင်းအခြားတစ်ခုအထိ ပျံဝဲနေခဲ့ပြီး ဤမိုးမြေဧရာဇ်ကြီး၏ လက်ပေါ်သို့ရောက်လာခဲ့သော ပျက်စီးနေသည့် ယပ်တောင်ကြီးဆီသို့ လမ်းပေါက်နေသည်။

ယခုတွင် သူတို့မှာ ထိုယပ်တောင်ကြီးအနီးသို့ ရောက်လာပြီဖြစ်ရာ ၎င်းမှာ သူတို့ ထာဝရအင်မော်တယ်နယ်မြေများမှနေ၍ ကြည့်ရှုခဲ့စဥ်ကထက်ပင် ပို၍ကြီးမားနေသည့်ပုံ ပေါက်နေသည်။ ထိုယပ်တောင်မှာ ပွင့်နေသည်ဖြစ်ပြီး တစ်ဝက်မျှသာ ကျန်ရှိတော့သည်။ သို့သော် ထိုတစ်ဝက်ပင် အလွန်ကြီးမားလှပေသည်။ ယပ်တောင်ရိုးများမှာ အချောင်းတစ်ရာကျော်အထိရှိပြီး တစ်ချောင်းချင်းစီမှာ တောင်တန်းတစ်ခုပုံစံရှိပြီး ယပ်တောင်၏ အပြင်ဘက်အစွန်းနှင့် ချိတ်ဆက်ထားသည်။

ယပ်တောင်၏ မျက်နှာပြင်ကို တောင်တစ်လုံး၊မြစ်တစ်စင်းနှင့် အခြားသောအရာများပါဝင်သည့် ပုံတစ်ခုဖြင့် အလှဆင်ထားသဖြင့် ၎င်း၏အသွင်အပြင်မှာ အခြားကမ္ဘာတစ်ခုနှင့်ပင် တူနေသည်။

ထိုမြင်ကွင်းမှာ ကြီးကျယ်ခမ်းနားလွန်းလှပြီး သူတို့မှာ အနီးသို့ရောက်လာသည်နှင့်အမျှ သူတို့၏မျက်ဝန်းများထဲတွင် မျှော်လင့်ချက်ရောင်ခြည်များမှာလည်း ပို၍တောက်ပစွာ လင်းလက်လာတော့သည်။

သူတို့က ဧရာမ မိုးမြေဧကရာဇ်ကြီးနှင့် အတော်အတန်ဝေးကွာနေဆဲဖြစ်ပါသော်လည်း ဖိအားမှာမူ အံ့သြဖွယ်ရာကောင်းနေဆဲပင်။ ကံကောင်းသည်မှာ သူတော်စင်ဧကရာဇ် အသုံးပြုထားသည့် နတ်ဘုရားအစွမ်းမှာ သူတို့ကို အတိုင်းအတာတစ်ခုအထိ ကာကွယ်ပေးနေခြင်းပင်ဖြစ်သည်။

ပိုင်ရှောင်ချန်းနှင့် အခြားလူများမှာ အဆုံးသတ်တွင် လှိုင်ခေါင်း၏အဆုံးသို့ ရောက်ရှိသွားသည်။ ထိုနေရာတွင် ယပ်တောင်ရိုးများအားလုံး စုဆုံနေကြပြီး စက်ဝိုင်းခြမ်းတစ်ခုသဏ္ဍာန်ရှိသော လက်ကိုင်တစ်ခုကို ဖန်တီးထားကြသည်။

ထိုယပ်တောင်အစုတ်ကြီး၏ ဖိအားမှာ ဧရာမ မိုးမြေဧကရာဇ်ကြီး၏ဖိအားအချို့ကို တွန်းလှန်ပေးနေသည်။ ထို့ကြောင့် သူတော်စင်ဧကရာဇ်၏ အလင်းရောင်မှပေးစွမ်းသော အကာအကွယ်အောက်မှ ထွက်လိုက်သည့်တိုင်အောင် သူတို့မှာ အန္တရာယ်နှင့် မကြုံရပေ။

သို့သော် ထိုဖိအားကြီးမှာ သူတို့အပေါ်သို့ တောင်ပေါင်းများစွာ ပိကျနေသကဲ့သို့ နေရခက်လောက်အောင် အားပြင်းနေဆဲဖြစ်သည်။ သို့သော် ထိုဖိအားပမာဏမှာ ကျင့်ကြံသူတစ်ယောက်ချင်း၏ ကျင့်ကြံခြင်းအခြေခံပေါ်တွင်လိုက်၍ ကွာခြားပေသည်။

မည်သည့်အတွက်ကြောင့်မှန်းမသိ ထိုဖိအားမှာ အနီးရှိ မိုးမြေဧကရာဇ်ကြီးကြောင့် မဟုတ်ပဲ ယပ်တောင်၏ အံ့သြဖွယ်ကောင်းသော ဖိအားကြောင့်သာ ဖြစ်နေသည်။ ထိုဖိအားမှာ ပြင်းထန်လွန်းလှသဖြင့် မည်သူမျှ နတ်ဘုရားအာရုံများကိုပင် မထုတ်လွှတ်နိုင်ကြပေ။

သူတို့၏ သာမန်အာရုံခံနိုင်စွမ်းများပင် အတိုင်းအတာတစ်ခုအထိ ကန့်သတ်ခံထားရသဖြင့် အခြားလူများ၏ ကျင့်ကြံခြင်းအခြေခံအငွေ့အသက်များကို မမြင်နိုင် လောက်အောင် ဖြစ်နေတော့သည်။

မည်သူမှ စကားမပြောကြပေ။ သူတို့က ဘေးဘီဝဲယာကိုလှည့်ပတ်ကြည့်၍ ပတ်ဝန်းကျင်ကိုသာ အကဲခတ်နေကြသည်။

ပိုင်ရှောင်ချန်း၏ အမြင်တွင် ယပ်တောင်ရိုးများစုဝေးနေကြသည့် လက်ကိုင်နေရာမှာ လူအများစုဝေးရာ ရင်ပြင်တစ်မျိုးနှင့် တူနေသည်။

ယပ်တောင်ရိုးများမှာမူ သေသေချာချာ ကြည့်ရှုလိုက်မည်ဆိုပါက တောင်စဥ်တန်းများနှင့် မတူပဲ လမ်းများနှင့် တူနေသည်။

" ဒီယပ်တောင်အစုတ်ကြီးက ထူးဆန်းလှပါလား... ယပ်တောင်ရိုးတွေက လမ်းတွေလိုဖြစ်နေတာ။ ဒီရတနာကို ဘာလုပ်တဲ့နေရာမှာ သုံးတာပါလိမ့် "

ယူဆချက် အမျိုးမျိုးရှိနေပြီး လူများစွာမှာလည်း အရောင်လက်နေသည့် မျက်ဝန်းများဖြင့် သူတို့၏ ကိုယ်ပိုင်အကြံအစည်များနှင့် ရည်မှန်းချက်များကို တွေးတောနေကြတော့သည်။ သို့သော် မည်သူကမှ သူတို့၏အတွေးများကို ထုတ်မပြောကြပေ။

ခဏအကြာတွင် လူများမှာ ယပ်တောင်၏ ကမ္ဘာထဲသို့ ဝင်ရောက်နိုင်ရန်အတွက် ယပ်တောင်ရိုးများဆီသို့ စတင်သွားလိုက်ကြသည်။ သို့သော် သူတို့စတင် မလှုပ်ရှားနိုင်ခင် သူတို့၏ပတ်ပတ်လည်တွင် ရုတ်တရက် တုန်ရီနေသည့် အငွေ့အသက်များပေါ်ထွက်လာသဖြင့် သူတို့ တုန်လှုပ်ခြောက်ခြားသွားရသည်။

ယပ်တောင်အစုတ်ကြီးပေါ်ရှိ လောကနတ်ဘုရားအဆင့်ရှိသော အငွေ့အသက်တစ်ခုကြောင့် ဂူထျန်ကျွင်းနှင့် စီမာယွမ်ဟာတို့၏ မျက်ဝန်းများမှာ မျှော်လင့်ချက်များနှင့်အတူ တောက်လောင်လာကြပါသော်လည်း သူတို့က သူတော်စင်ဧကရာဇ်၏ ညွှန်ကြားချက်များကို မမေ့သေးပေ။ သူတို့မှာ ထိုယပ်တောင်အစုတ်ကြီးအား အကဲခတ်နေစဥ် ၎င်း၏အဆုံးကို ကြည့်မိလိုက်သောအခါ ဧရာမမိုးမြေဧကရာဇ်ကြီး၏ ညာလက်ကို မြင်လိုက်ရသည်။

" ငါတို့ကို ဝင်ခွင့်မပေးပါလား "

ပိုင်ရှောင်ချန်းက ယပ်တောင်ရိုးများကိုကြည့်၍ တွေးလိုက်သည်။ သူသည် ဘေးဘီဝဲယာသို့ သတိကြီးကြီးထားကာ လှည့်ပတ်ကြည့်ရှုလိုက်ပြီးနောက် မည်သည်ကိုဆက်လုပ်ရန် ဆုံးဖြတ်လိုက်သည်။ ထိုအချိန်တွင် ရုတ်တရက် ထာဝရအင်မော်တယ်နယ်မြေများနေ၍ သူတို့ရှိရာဘက်သို့ ဦးတည်လာနေသည့် အလင်းတန်းတစ်တန်းကို တွေ့လိုက်ရသည်။

ထိုအလင်းတန်း၏ လားရာကို သိလိုက်ရသောအခါ သူတော်စင်ဧကရာဇ်မင်းဆက်မှ ကျင့်ကြံသူများမှာ မျက်လုံးများပြူးသွားကြသည်။ ၎င်းမှာ ... မိစ္ဆာဧကရာဇ်မင်းဆက်ပင်ဖြစ်သည်။

ပိုင်ရှောင်ချန်းကမူ လုံးဝမအံ့သြပေ။ သူတော်စင်ဧကရာဇ်မှာ ယပ်တောင်ဆီသို့ လူများစေလွှတ်ခဲ့သဖြင့် မိစ္ဆာဧကရာဇ်သည်လည်း စေလွှတ်မည်မှာ သဘာဝကျပေသည်။ ထိုနေရာတွင် လူရိပ်များပေါ်လာသဖြင့် သူတော်စင်ဧကရာဇ်မင်းဆင်မှ ကျင့်ကြံသူများ၏ မျက်ဝန်းများထဲတွင် အေးစက်ပြီး နိုးကြားမှုအပြည့်ရှိနေသည့် အကြည့်များ ပေါ်ထွက်လာတော့သည်။

ပထမဆုံးပေါ်ပေါက်လာသည်မှာ ကောင်းကင်ဧကရာဇ်အဆင့် ကျင့်ကြံသူ သုံးယောက်ဖြစ်သည်။

သူတို့ထဲမှတစ်ယောက်မှာ အဘိုးကြီးတစ်ယောက်ဖြစ်ပြီး သူ၏မျက်နှာပေါ်ရှိ အနီရောင်အကြိတ်ကြီးတစ်ခုကြောင့် သူသည် ရက်စက်ကြမ်းကြုတ်ပြီး မိစ္ဆာဆန်သော လူသတ်သမားတစ်ယောက်နှင့် တူနေသည်။ သူသည် အရင်ရောက်နှင့်ပြီးသား ကျင့်ကြံသူများကို လှမ်းကြည့်လိုက်ပြီးနောက် သူ၏မျက်ဝန်းများမှာ အန္တရာယ်ပြုလိုသော အရိပ်အယောင်များ ထင်ဟပ်လာတော့သည်။

" စီမာယွမ်ဟွာ "

သူက သတ်ဖြတ်လိုစိတ်များ အထင်အရှားပေါ်နေသည့် မျက်ဝန်းများဖြင့် စီမာယွမ်ဟွာကို စိုက်ကြည့်ရင်း ဆိုလိုက်သည်။

" ဝိညာဥ်ဝါးမျိုသခင် "

စီမာယွမ်ဟာ၏မျက်လုံးများမှေးသွားပြီး အေးစက်စက်ဖြင့် ဆိုလိုက်သည်။

သူတို့နှစ်ယောက်စလုံး စကားမပြောနိုင်ခင်မှာပင် ဒုတိယလူရိပ်မှာ ကြည်လင်ပြတ်သားလာသည်။ သူသည် စီမာယွမ်ဟာနှင့် အနည်းငယ်ဆင်တူသော လူငယ်တစ်ယောက်ဖြစ်ပြီး ပညာရှိတစ်ယောက်အလား ဝတ်စားဆင်ယင်ထားသည်။ သူသည် ကျက်သရေရှိလှပြီး ရုပ်ရည်ချောမောလှသဖြင့် အမျိုးသမီးတစ်ယောက်နှင့်ပင် တူပေသည်။ သူ၏မျက်နှာပေါ်တွင် အပြုံးတစ်ပွင့်ကိုမြင်နိုင်ပါသော်လည်း ထိုအပြုံးကြောင့် သူသည် အလွန်ရက်စက်ကြမ်းကြုတ်မည့်ပုံသာ ပေါ်နေသည်။

ထိုလူငယ်လေးက ရယ်မောရင်း ဘေးဘီဝဲယာကို လှည့်ပတ်ကြည့်ရှုလိုက်သည်။ သူက ပိုင်ရှောင်ချန်းကို မြင်လိုက်ရသောအခါ သူ့အားအချိန်အတော်အတန်ကြာအောင်စိုက်ကြည့်ပြီးနောက် ဆိုလိုက်သည်။

" ဂူထျန်ကျွင်းနဲ့ စီမာယွမ်ဟွာပါလား။ ခင်ဗျားတို့နှစ်ယောက် ဒီကိုရောက်နေလိမ့်မယ်လို့ ဘယ်သူကထင်မှာလဲ။ ကျုပ်ဆရာဟောင်း ချိန်စု ပါမလာတာ ဆိုးတာပဲ။ ကျုပ်က သူ့ကိုတွေ့ချင်နေတာ "

သူ့အား တုံ့ပြန်စကားပြန်ပြောလိုက်သူမှာ ဂူထျန်ကျွင်းမဟုတ်သလို စီမာယွမ်ဟာလည်း မဟုတ်ပဲ ပင်လယ်နက်ဆရာသာဖြစ်သည်။

" ဟမ့် … မူလနတ်ဆိုးမင်းသား။ မင်း သူတော်စင်ဧကရာဇ်မင်းဆက်ကို သစ္စာဖောက်ခဲ့တဲ့အချိန်ထဲက ချိန်စုကို မင်းရဲ့ဆရာလို့ ခေါ်ပိုင်ခွင့် မရှိတော့ဘူးကွ "

ထိုအခါ မူလနတ်ဆိုးမင်းသားမှာ နားရွက်တက်ချိတ်မတတ် ပြုံးနေပါသော်လည်း ရေခဲတမျှအေးစက်လှသော မျက်ဝန်းများဖြင့် ပင်လယ်နက်ဆရာကို ပြန်ကြည့်လိုက်သည်။

" ေဩာ် ... ဆရာဘိုးဘိုးလည်း ပါတာကိုး။ ဒီမှာ ကျုပ်စကားနားထောင်စမ်း သောက်သုံးမကျတဲ့ အရူးကြီး။ ကျုပ်လို တော်ဝင်မျိုးနွယ်တွေ စကားပြောနေရင် ခင်ဗျားလိုလူတွေက ပါးစပ်ပိတ်ထားရတယ် "

သူ၏ အကြည့်ကြောင့် ပင်လက်နက်ဆရာမှာ ရိုးတွင်းချဥ်ဆီထဲအထိ တုန်လှုပ်သွားရပြီး နောက်သို့ဒယိမ်းဒယိုင်ဖြစ်သွားကာ ပါးစပ်ထောင့်စွန်းမှ သွေးများစီးကျလာတော့သည်။ မူလနတ်ဆိုးမင်းသားမှာ အတိတ်က သူသိခဲ့သည့်ပုံစံနှင့် လုံးဝမတူတော့သဖြင့် သူ အလွန်အမင်းတုန်လှုပ်သွားရတော့သည်။

မူလနတ်ဆိုးမင်းသားမှာ ဂူထျန်ကျွင်းနှင့် စီမာယွမ်ဟာတို့၏ တင်းမာသောအကြည့်များကို လျစ်လျူရှုကာ ပိုင်ရှောင်ချန်းအား ပြန်ကြည့်လိုက်ပြီး စကားထပ်ပြောရန် ပြင်လိုက်စဥ် မိစ္ဆာဧကရာဇ်မင်းဆက်မှ တတိယမြောက် ကောင်းကင်ဧကရာဇ်အဆင့် ကျင့်ကြံသူ ရောက်ရှိလာတော့သည်။

မိုးထိုးလောက်အောင် အရပ်မြင့်မားလှပြီး ကြီးထွားသန်မာသော လူကြီးတစ်ယောက် ပေါ်ထွက်လာသဖြင့် တဂျိန်းဂျိန်း မြည်ဟည်းသွားတော့သည်။ ဂူထျန်ကျွင်းနှင့် စီမာယွမ်ဟာတို့မှာ အနှီလူသစ်ကို မြင်လိုက်ရသောအခါ သူတို့၏မျက်နှာအမူအရာများမှာ လှစ်ခနဲ ပြောင်းလဲသွားကြသည်။

" ကောင်းကင်ဧကရာဇ် ဝိရူပက္ခ "

All Chapters