← Chapters

လာပါ၊ ကျုပ်ကို ရိုက်ကြစမ်းပါ

Vol. 11 Ch. 1082

လာပါ၊ ကျုပ်ကို ရိုက်ကြစမ်းပါ

Vol. 11 Ch. 1082

ဂူထျန်ကျွင်း၏ ' ကောင်းကင်ဧကရာဇ်ဝိရူပက္ခ ' ဆိုသော နာမည်ကို ထုတ်ဖော်ပြောဆိုလိုက်ခြင်းကြောင့် ပိုင်ရှောင်ချန်း၏ မျက်လုံးများ တဖျပ်ဖျပ်လက်သွားသည်။ သူသည် ယခင်က ကောင်းကင်ဧကရာဇ်ဝိရူပက္ခအကြောင်း ကြားခဲ့ဖူး၏။ မိစ္ဆာဧကရာဇ်နိုင်ငံတော်တွင် ပိုင်ရှောင်ချန်းနေထိုင်ခဲ့သည့် မြို့လေးသည် သူ ကြီးကြပ်အုပ်ချုပ်သည့် အင်မော်တယ်နယ်မြေတွင် ဖြစ်ခဲ့လေသည်။

နောက်ပိုင်းတွင် သရဲမယ်တော်က ထိုအင်မော်တယ်နယ်မြေကို လွှဲပြောင်းယူလိုက်သည်။ အကြောင်းကိစ္စများသာ ရုတ်တရက် ပြောင်းလဲမသွားခဲ့ပါက သူက ကောင်းကင်ဧကရာဇ်ဝိရူပက္ခနှင့် တိုက်ခိုက်ရလောက်မည်ဖြစ်၏။ ထို့ပြင် ထိုအချိန်က သူ၏ကျင့်ကြံခြင်းအဆင့်ကို စဥ်းစားကြည့်လျှင် ပိုင်ရှောင်ချန်းအတွက် သူ့ကို ပြန်ပေးဆွဲရန် ခက်ခဲမည် ဖြစ်သည်။

ထိုလူသည် မျှော်စင်ကြီးသဖွယ် ထောင်ထောင်မောင်းမောင်းဖြင့် ရပ်နေပြီး ပြင်းထန်သောဖိအားများ ထုတ်လွှတ်နေရာ ဂူထျန်ကျွင်းနှင့် စီမာယွမ်ဟွာတို့၏မျက်လုံးအိမ်များ ကျဥ်းမြောင်းသွားတော့သည်။

" မိစ္ဆာဧကရာဇ်နိုင်ငံတော်က ကောင်းကင်ဧကရာဇ်သုံးပါး လွှတ်လိုက်တာလား ... "

ပိုင်ရှောင်ချန်းက မျက်တော်ပုတ်ခတ်ပုတ်ခတ်ဖြင့် တွေးလိုက်သည်။

" စုစုပေါင်း ခြောက်ယောက်ပဲ လွှတ်နိုင်တယ် ထင်တယ် "

ဧကရာဇ်နှစ်ပါးသည် လူမည်မျှစေလွှတ်ရမည်နှင့်ပတ်သက်၍ သဘောတူညီချက် ပြုလုပ်ခဲ့မှန်း သိသာထင်ရှားသည်။

ပိုင်ရှောင်ချန်းက ထိုကိစ္စအား တွေးတောနေချိန်မှာပင် ကောင်းကင်ဧကရာဇ်ဝိရူပက္ခက သူ့ကို လှမ်းကြည့်လိုက်၏။ ထို့နောက် သူက ကြားလိုက်ရသည့်မည်သူမဆိုထံမှ အဖြေများကို တောင်းဆိုသော အေးစက်စက်လေသံဖြင့် ပြောလေသည်။

" မင်းက ဟိုအသုံးမကျတဲ့ ခွေးလေခွေးလွင့် ပိုင်ရှောင်ချန်းလား "

ထိုလူက သူ့ တစ်ယောက်တည်းအား ကွက်ရွေးလိုက်သည်ကို ကြည့်ရသည်မှာ သူ့အပေါ် မကောင်းကြံစိတ်များရှိနေကြောင်း သူ ပြောနိုင်သည်။ ထိုမျှသာမက ထိုလူကား တကယ့်တိုက်ပွဲတစ်ပွဲအဖြစ် အရှိန်မြှင့်သွားစေမည့် ရန်ပွဲတစ်ပွဲစတင်ရန် မျှော်လင့်နေဟန်တူသည်။

ထိုသို့မဟုတ်လျှင် မည်သည့်အတွက်ကြောင့် ပေါ်တင်စော်ကားမည်နည်း။

" သူ ငါ့ကို တကယ်ကြီး ကိုယ်တိုင်ကိုယ်ကျ တိုက်ခိုက်ချင်နေတာလား။ အခြားသူတွေ ဖိအားများအောင် ငါ့ကိုသုံးချင်နေတာများလား "

သူသည် အထိတ်တလန့်ဖြစ်ကာ ဘာလုပ်ရမည်ကို ဆုံးဖြတ်ရန် ေတွးတောလိုက်သည်။ သူ မဆုံးဖြတ်နိုင်ခင် မူလနတ်ဆိုးမင်းသားက ရှေ့တက်လာပြီး ထူးဆန်းသောအလင်းများဖြင့် မျက်ဝန်းများ တောက်ပနေလျက် ပိုင်ရှောင်ချန်းကို ကြည့်လိုက်သည်။

" ငါကြားတာတော့ ကောင်းကင်တံတားဒေသကလူတွေရဲ့ သွေးထဲမှာ စိတ်စွမ်းအင်အဆင့်မြှင့်တင်ခြင်း လျှို့ဝှက်ချက် ပိတ်လှောင်ထားတယ်ဆိုပဲ။ နည်းနည်းပါးပါး မြည်းစမ်းကြည့်ဖို့ မင်းရဲ့သွေး ... ငါ့ကို ပေးနိုင်မလား "

ပိုင်ရှောင်ချန်းမှာ အသက်ရှူရပ်သွား၏။ ပထမ ကောင်းကင်ဧကရာဇ်ဝိရူပက္ခက ပြဿနာရှာပြီး ယခု သိသိသာသာ ယုတ်မာသော မူလနတ်ဆိုးမင်းသားက ဝင်ပါလာလေသည်။ ပိုင်ရှောင်ချန်းမှာ မကောင်းသောခံစားချက်တစ်ခုရနေပြီ ဖြစ်သည်။

သို့သော် ထိုမကောင်းသောခံစားချက် မလွင့်ပျယ်စေရန် မစတင်နိုင်ခင် ဝိညာဥ်ဝါးမျိုသခင်က ခပ်အက်အက်ရယ်၍ ပိုင်ရှောင်ချန်းကိုကြည့်ပြီးနောက် နှုတ်ခမ်းသပ်လိုက်လေသည်။

" ကောင်းကင်တံတားနယ်မြေတွေရဲ့ စိတ်စွမ်းအင်အဆင့်မြှင့်တင်ခြင်းအကြောင်းတွေတင်မကဘူး၊ ပြိုင်ဘက်ကင်းမီးတောက် ဖန်တီးနည်းတွေကိုလဲ ငါ သိချင်နေတာ။ ကြည့်ရတာ မင်းတို့က ဝိညာဥ်တွေကို အဓိကပါဝင်ပစ္စည်းအဖြစ် သုံးတဲ့ပုံပဲ။ ငါ လျှောက်မေးကြည့်တော့ လူတိုင်းက ပြောတယ်ကွ။ မင်းက ရှိသမျှလူတွေထဲ တစ်ဦးတည်းသော အာကာသအောက်လမ်းဆရာတဲ့ "

ဝိညာဥ်ဝါးမျိုသခင်၏ မျက်လုံးများထဲတွင် လောဘကြီးသောအလင်းတစ်ခု တဖျပ်ဖျပ်လက်နေတော့သည်။

ဤအချိန်တွင် ပိုင်ရှောင်ချန်းမှာ ခါတိုင်းထက်ပို၍ ရင်တဒိန်းဒိန်းခုန်နေပြီး သူ၏ဦးရေခွံမှာ ပြင်းပြင်းထန်ထန် ကြိမ်းစပ်လာလေသည်။ ရက်စက်သည့်ပုံပေါက်သော ဝိညာဥ်ဝါးမျိုသခင်အပါအဝင် ယခုတွင် ကောင်းကင်ဧကရာဇ်သုံးပါးက သူ့ကို အာရုံစိုက်နေပြီဖြစ်သည်။

" မင်းမေဘ … ငါ ဘာမှတောင် မပြောရဘူး။ ငါ သိုသိုသိပ်သိပ်နေဖို့ ကြိုစားနေတာလေ။ ဒီအရူးတစ်သိုက်ကို ငါ ရန်လဲရန်မစဘဲ သူတို့ကပေါင်းပြီး ငါ့ကို ပစ်မှတ်ထားနေပါလား "

ပိုင်ရှောင်ချန်းမှာ စိတ်လှုပ်ရှားနေပြီး ယခုကဲ့သို့ ပြုသမျှနုရသောအခြေအနေအတွင်း ရောက်နေသည့်အတွက် ကြောက်လန့်နေတော့သည်။ ဂူထျန်ကျွင်းနှင့် စီမာယွမ်ဟွာတို့ကို လှမ်းကြည့်လိုက်ရာ သူတို့က သေချာပေါက် သူ့နောက်တွင် ရပ်တည်ပေးမည် မဟုတ်ကြောင်း မြင်လိုက်ရသည်။

သူတို့၏အမြင်အရ ဤသည်မှာ ပိုင်ရှောင်ချန်းက ဖောက်ထွက်ခဲ့ပြီး ကောင်းကင်ဧကရာဇ်တစ်ပါးဖြစ်လာသည့်အတွက် သူ၏အတိုက်အခိုက်စွမ်းရည်က မည်သည်နှင့်တူမည်ကို ကြည့်ရန် ပြီးပြည့်စုံသောအခွင့်အရေး ဖြစ်သည်။

သူတို့ တွေးနေသည့်အရာအား သဘောပေါက်လိုက်ချိန်တွင် ပိုင်ရှောင်ချန်း၏ စိုးရိမ်သောကများ မြင့်တက်လာတော့သည်။ သူက ဘာလုပ်ရမည်ကို ကြိုးစားဆုံးဖြတ်ရန် ဖြစ်ညှစ်စဥ်းစားနေပါသော်လည်း အသက်ရှူချိန်အနည်းငယ်မျှသာ ကုန်ဆုံးသွားခဲ့သည်။ ကောင်းကင်ဧကရာဇ်သုံးပါးလုံး သူ့ကို စူးစိုက်ကြည့်နေသည်အား သူ မြင်သဖြင့် အသက်ပြင်းပြင်းတစ်ချက်ရှူသွင်းပြီး ရှေ့တက်လိုက်သည်။

" သူဌေးဖြစ်ဖြစ် ခွေးဖြစ်ဖြစ် ပုံအောဖို့ အချိန်ကျပြီ " သူက တွေးလိုက်၏။

" ငါ ကြောက်နေလို့မရဘူး။ အမှန်က သူတို့နှလုံးသားထဲကို အကြောက်တရားတွေ ရိုက်ထည့်လိုက်ဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုလုပ်ရမလဲ။ သူတို့ပူးပေါင်းလိုက်ရင် ငါ့ကိုသတ်လောက်မှာ မဟုတ်ပေမယ့် တော်တော်ဆိုးဆိုးဝါးဝါးတော့ ထိုးကြိတ်ကြမှာပဲ။ ဒီနေရာမှာ တစ်ခုကောင်းတာက နတ်ဘုရားအာရုံဖြစ်ဖြစ်၊ သာမန်အာရုံတွေဖြစ်ဖြစ် တစ်ခုမှ ကောင်းကောင်းအလုပ်မလုပ်တာပဲ။ ငါ သူတို့အဆင့်နဲ့ပတ်သက်ပြီး တစ်ခုမှ မမြင်ရသလို သူတို့လဲ ငါနဲ့ပတ်သက်ပြီး တစ်ခုမှ မမြင်နိုင်ဘူး "

သူသည် ရင်ထဲတွင် စိုးရိမ်ထိတ်လန့်ေနပါသော်လည်း ခေါင်းနောက်ပစ်၍ အားပါးတရ အော်ဟစ်ရယ်မောလိုက်သည်။ သူက အင်္ကျီလက်စကို ခါယမ်းကာ သူ၏မျက်လုံးများထဲတွင် တိုက်ခိုက်လိုသည့်အားမာန်နှင့်အတူ ပြက်ရယ်မှုအနည်းငယ်ဖြင့် တဖျပ်ဖျပ်လက်နေစေလျက် အခြားကောင်းကင်ဧကရာဇ်များကို စိုက်ကြည့်လိုက်သည်။

သူက သရော်အပြုံးဖြင့် ပြော၏။

" ကျုပ်မျက်စိေရှ့မှောက်မှာ အဲဒီလိုစကားတွေ မကြားရတာတောင် အတော်လေး ကြာခဲ့ပြီပဲ "

သူက သူ ငယ်စဥ်က အံ့သြဖွယ်ကောင်းသောအရာများကို ပြန်စဥ်းစားနေသည့်အလား နောင်တနေဟန်တူသည်။

" အခု ကျုပ်တွေးကြည့်မှ ကျုပ်ကို အဲဒီလိုစကားမျိုး ပြောခဲ့တဲ့ နောက်ဆုံးတစ်ယောက်က မိစ္ဆာဧကရာဇ်နိုင်ငံတော်က ကောင်းကင်ဧကရာဇ်တစ်ယောက်ပဲ။ ဘယ်သူပါလိမ့် … ေဩာ် ဟုတ်သားပဲ။ သရဲမယ်တော် "

သူက ရယ်မောလိုက်ပြီး တိုက်ခိုက်လိုသည့်အားမာန်အပြည့်ဖြင့် တဟုန်းဟုန်းတောက်နေလျက် သူ၏ရယ်သံကို ဖိနှိပ်ရန်အလား နှုတ်ခမ်းကိုကိုက်၍ ကောင်းကင်ဧကရာဇ်သုံးပါးကို ကြည့်လိုက်သည်။ သူသည် စိုးရိမ်ကြောင့်ကြစိတ်များဖြင့် ရင်တဒိန်းဒိန်းခုန်နေပါသော်လည်း သူ၏မျက်လုံးများကား မီးဝင်းဝင်းတောက်နေသည်။

" ကျုပ် အခုအထိ ကျုပ်ကိုကျုပ် ချုပ်တည်းနေရတာ " သူက သက်ပြင်းချလိုက်သည်။

" ကျုပ် ဒီ ထာဝရအင်မော်တယ်နယ်မြေမှာ သိုသိုသိပ်သိပ်နေဖို့ မျှော်လင့်ထားပေမယ့် အာ ထားတော့ .... လာ လာစမ်းပါ ခင်ဗျားတို့ကို ကျုပ်ကို သွေးနည်းနည်းပါးပါး အန်အောင် လုပ်ခွင့်ပေးမယ်။ တစ်စက်လေးပဲ ထွက်လာရင်တောင် ခင်ဗျားတို့ သိမ်းထားလိုက်ဗျာ "

ကောင်းကင်ဧကရာဇ်ဝိရူပက္ခသည် ပိုင်ရှောင်ချန်း၏စကားလုံးများကို ကြားသောအခါ သူ၏မျက်လုံးများမှာ အေးစက်သောအလင်းများဖြင့် လက်ခနဲဖြစ်သွား၏။ သူက ရက်စက်ကြမ်းကြုတ်စွာပြုံး၍ လှစ်ခနဲလှုပ်ရှားကာ ပိုင်ရှောင်ချန်း ရှေ့တည့်တည့်ရောက်သွားပြီး လက်သီးတစ်လုံး ပစ်သွင်းလိုက်သည်။

ပိုင်ရှောင်ချန်းက ရှောင်တိမ်းရန်ပင် မကြိုးစားပေ။ သူသည် မိစ္ဆာဧကရာဇ်မြို့တော်မှ ကောင်းကင်ဧကရာဇ်သုံးပါး၏နှလုံးသားထဲ အကြောက်တရားများ ရိုက်ထည့်ပေးရမည်ကို သိ၏။ ဤလက်သီးချက်ကို သူ ရှောင်ရန်ကြိုးစားလိုက်လျှင် သူတို့ သုံးယောက်က သူ့ကို ပူးပေါင်းတိုက်ကြမည်မှာ အသေအချာပင်။

ခွေးကောင်ဂူထျန်ကျွင်းနှင့် စီမာယွမ်ဟွာမှာမူ စိတ်လှုပ်ရှားစရာကို စောင့်ကြည့်ရမည့်အတွက် ကျေနပ်နေဟန်တူသည်။ သူတို့ ကို မခြိမ်းခြောက်လာသရွေ့ သူတို့က ရပ်တန့်ရန် ဘာမှ လုပ်မည် မဟုတ်ပေ။ သူ့အတွက် တွေးတောနေရန်ဖြစ်စေ၊ အစီအစဥ်ချရန်ဖြစ်စေ အချိန်မရှိပေ။ သို့သော် သူလုပ်ရန်လည်း မလိုအပ်။ သူသည် မရေမတွက်နိုင်သော သားရေချပ်ဝတ်တန်ဆာအထပ်ထပ်ကို ဝတ်ဆင်ထားပြီးဖြစ်ကာ ထိုအဝတ်အထည်များအောက်တွင် သူ၏လိပ်ဒယ်အိုးကို ဝှက်ထားခဲ့သည် မဟုတ်ပါလော။

လက်သီးက သူ၏ခန္ဓာကိုယ်ထံ ဦးတည်မလာခဲ့လျှင်တော့ ရှောင်တိမ်းရန် ပြင်ဆင်ထားခဲ့သည်။

သို့သော် လက်သီးကား သူတွေးဆထားသည့်အတိုင်း ရောက်လာခဲ့ေပသည်။ ပေါက်ကွဲသံများတရစပ် ထွက်ပေါ်လျက် အနားရောက်လာသည့် ကောင်းကင်ဧကရာဇ်ဝိရူပက္ခ၏လက်သီးက သူ၏ရင်ဘတ် တည့်တည့်ကို ထိုးနှက်လိုက်တော့သည်။

ပိုင်ရှောင်ချန်းက ရှောင်တိမ်းရန်ပင် မကြိုးစားသည်ဖြစ်၍ အခြားကောင်းကင်ဧကရာဇ်ငါးဦး၏ မျက်လုံးများ ဝိုင်းစက်ပြူးကျယ်သွားသည်။

အမှန်တကယ်တော့ ကျန်ရှိသောကျင့်ကြံသူများ၏ မျက်နှာထက်ရှိအမူအရာကား ဆိုဖွယ်ရာ မရှိတော့ပြီ။ လက်သီးကြီး ကျရောက်လာသောအခါ ပိုင်ရှောင်ချန်းက မရှောင်တိမ်းပေ။ ဝုန်းခနဲ ပေါက်ကွဲသံကြီး မြည်ဟည်းသွားပြီး သူ၏သားရေချပ်ဝတ်တန်ဆာအများစုပျက်စီးသွားသော်လည်း သူကိုယ်တိုင် မထိခိုက်လိုက်ပေ။ သူ့ပါးစပ်မှ သွေးတစ်စက်ပင် စီးကျမလာချေ။

ဆန့်ကျင်ဘက်အနေဖြင့် ထောင်ထောင်မောင်းမောင်း တုတ်ခိုင်သန်မာသော ကောင်းကင်ဧကရာဇ်ဝိရူပက္ခကား နာနာကျင်ကျင် ငြီးတွားလိုက်သည်။ သူ့အတွက် မရွေ့နိုင်သောတောင်ကြီးတစ်လုံးကို ထိုးနှက်မိသည့်အလား ခံစားလိုက်ရလေသည်။ သူ၏ယင်အင်္ဂါငါးခု၊ ယန်အင်္ဂါခြောက်ခုမှာ ပြင်းထန်စွာ တုန်ခါသွားပြီး သူ့မျက်လုံးများသည် ကြောက်စရာကောင်းသော သရဲသဘက်တစ်ကောင်ကို မြင်ခဲ့ရသည့်အလား ပြူးကျယ်သွား၏။

" ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ "

ကောင်းကင်ဧကရာဇ်ဝိရူပက္ခက အံ့သြတကြီး လွှတ်ခနဲ ပြောလိုက်လေသည်။

" မင်းက အခုမှ ကောင်းကင်ဧကရာဇ်တစ်ပါးဖြစ်လာတာပါ။ မင်းမှာ သန်မာတဲ့ အပြင်ခန္ဓာကိုယ်ရှိရင်တောင်မှ လက်သီးချက်ကို အခုလိုမျိုး ခံနိုင်မှာမဟုတ်ဘူး။ မင်းမှာ အဖိုးတန်ရတနာ နည်းနည်းပါးပါးရှိတယ်မလား "

သူ့အတွက် ကံဆိုးစွာပင် သူ၏နတ်ဘုရားအာရုံကို အသုံးမပြုနိုင်သောကြောင့် ယခုလေးတင် ဖြစ်ပျက်သွားခဲ့သည့်အခြင်းအရာကို သိရှိရန် သဲလွန်စများအား ဘယ်နည်းနှင့်မှ မရှာဖွေနိုင်ပေ။

" အားပျော့လွန်းတယ် "

ပိုင်ရှောင်ချန်းက လှောင်ပြုံးပြုံးလိုက်၏။

" ခင်ဗျားမှာ တန်ပြန်အားကို ကာကွယ်ဖို့ အကာအကွယ်အဖိုးတန်ရတနာတစ်ခုမှ မရှိဘူးလား"

သူ၏မျက်ဝန်းများက ဒေါသများ တဝင်းဝင်းတောက်ပလာကာ သူက ဝမ်းသာအားရပင် ရယ်လိုက်သေးသည်။ ထိုဝမ်းသာမှုက အစစ်အမှန်ဖြစ်သည်။ သူ၏ကြောက်မက်ဖွယ် ပြန်လည်ကုစားခြင်းစွမ်းအားကြောင့် အစောပိုင်းက သူရရှိခဲ့သည့် ဒဏ်ရာများမှာ ကုသပြီးသွားလေပြီ။ လိပ်ဒယ်အိုးမှာမူ သူ၏ခန္ဓာကိုယ်အတွင်း ပြန်စုပ်ယူရန် လွယ်ကူသော်လည်း အလွန်လွယ်ကူစွာ ပြန်မထုတ်နိုင်ပေ။

သူက အလွန်ဂုဏ်ယူကာ သူ၏သားရေချပ်ဝန်တန်ဆာ အစုတ်အပြဲများအား ဖြဲပစ်ပြီး ဘေးသို့လွှင့်ပစ်လိုက်သည်။ သူက ဂုဏ်ယူဝင့်ကြွားစွာ လှမ်းကာ ကြောက်အမ်းအမ်းဖြစ်နေသည့် ကောင်းကင်ဧကရာဇ်ဝိရူပက္ခကို ကြည့်ပြီးနောက် ဟားတိုက်ရယ်လေသည်။

" လာ လုပ်စမ်းပါ ကျုပ်ကို ထပ်ရိုက်ပါဦး "

သူက ထိုအကြောင်းကိုပင် တွေးတောနိုင်ခြင်း မရှိသေးသည့် ဝိရူပက္ခထံ ခြိမ်းခြောက်သောခြေလှမ်း ထပ်လှမ်းလိုက်သည်။ ဝိရူပက္ခကား သူ၏ညာလက်မှ လုံးဝဖျက်စီးခံလိုက်ရသည်ဖြစ်၍ ပြိုင်ဘက်ကင်း ကောင်းကင်ဧကရာဇ်တာအိုမှော်ပညာတစ်ရပ်ကို မဆင့်ခေါ်သရွေ့ ပိုင်ရှောင်ချန်း၏အပြင်ခန္ဓာကို ဘာမှလုပ်နိုင်မည်မဟုတ်ပေ။ သာမန်မှော်အတတ်များနှင့် အပြင်အားများက ပိုင်ရှောင်ချန်းအပေါ်တွင် အသုံးဝင်မည် မဟုတ်ပေ။

ထို့ပြင် ကြောက်စရာကောင်းသောတန်ပြန်အားက ကောင်းကင်ဧကရာဇ်ဝိရူပက္ခကို ကြောက်ကြောက်လန့်လန့် တုန်ရီသွားစေတော့သည်။

ပိုင်ရှောင်ချန်းက သူ၏ပြိုင်ဘက် နောက်ဆုတ်သွားသည်ကို ကြည့်၍ အရူးသဖွယ် တဟားဟား ရယ်မောလိုက်သည်။ သူ၏လက်ကို အထင်သေးသလိုဝှေ့ယမ်းကာ မူလနတ်ဆိုးမင်းသားနှင့် ဝိညာဥ်ဝါးမျိုသခင်ဘက် လှည့်လိုက်သည်။

" မင်းက မူလနတ်ဆိုးမင်းသားမလား။ ကျုပ်ဆီက သွေးနည်းနည်းပါးပါး လိုချင်တာမလား။ ကဲ လာပါ ကျုပ်ကို ရိုက်ပြီး နည်းနည်းယူလေ “

" ပြီးတော့ ခင်ဗျားကော ဘယ်လိုလဲ ဝိညာဥ်ဝါးမျိုသခင်။ လာ ကျုပ်ကို ရိုက်သွားဗျာ။ မြန်မြန်လာရိုက်လိုက်စမ်းပါ "

မူလနတ်ဆိုးမင်းသား

" ........ "

ဝိညာဥ်ဝါးမျိုသခင်

" ........ "

All Chapters