လူလိမ်တွေကို မုန်းတယ်
Vol. 11 Ch. 1085
ပိုင်ရှောင်ချန်း၏ အမြင်အာရုံဝေဝါးသွားပြီး အဆင့်ခြောက်မှ ထွက်ခွာ၍ ယပ်တောင်အရိုးပေါ်က လမ်းကြောင်းပေါ် ပြန်ရောက်သွားသည်။ ရုပ်အသွင်ပြန်လည်ဖြစ်ပေါ်လာသည်နှင့် သူက အဆင့်ခြောက်ကို ကျော်ဖြတ်ပြီးဖြစ်၍ ဆုလာဘ်ဖြစ်သည့် လက်ထဲတွင် ငှက်မွှေးတစ်ချောင်းကို ကိုင်ထား၏။
၄င်းက သာမန်ငှက်မွှေးထက်ပိုပုံမရဘဲ အနီးကပ်စစ်ဆေးကြည့်သည့်တိုင် ထူးခြားသည့်အရာတစ်ခုမှ မတွေ့ရပေ။ ပိုင်ရှောင်ချန်းမှာ ပို၍ကြီးမားသော ဖွဲ့စည်းမှုတစ်ခုခု၏ အစိတ်အပိုင်းဖြစ်မည်ဟူ၍သာ ခန့်မှန်းနိုင်သည်။ ၄င်းကို ထည့်သိမ်းကာ သူက အဆင့်ခုနစ်ကို ဦးတည်လိုက်သည်။
အဆင့်ခုနစ်သည် ယခင်အဆင့်များထက် များစွာ ပို၍ ခက်ခဲ၏။ ကျင့်ကြံခြင်းအခြေခံကို စစ်ဆေးမှုမဟုတ်ဘဲ အလိုအလျောက် အသိစိတ်ကို စစ်ဆေးမှု ဖြစ်သည်။ ဤနေရာတွင် နတ်ဘုရားအာရုံအသုံးပြုရန် မဖြစ်နိုင်ဘဲ အဆင့်ခုနစ် တစ်ခုလုံးမှာ ... ဝင်္ကပါတစ်ခုဖြစ်နေသည်။
" ငါ ဝင်္ကပါတွေကို မုန်းတယ် ... "
နှစ်နာရီကြာသော် သူသည် ယပ်တောင်လက်ကိုင်မှ ဖြစ်ပေါ်လာသည့် ရင်ပြင်သို့ ပြန်လည်၍ တည်နေရာရွှေ့ပြောင်းခံလိုက်ရကြောင်း သိလိုက်ရ၏။ သူသည် ကျရှုံးခဲ့ပြီး လောလောဆယ်တွင် လမ်းမှန်ကို မရှာနိုင်ဘဲ ဝင်္ကပါထဲတွင် ဟိုဟိုသည်သည်လျှောက်သွားနေခဲ့ရသည်ဖြစ်၍ ခေါင်းမူးနေတော့သည်။
ဤအဆင့်နိမ့်များတွင် အချိန်အကန့်အသတ်ရှိသည်။ လူတစ်ယောက်က ပေးထားသောအချိန်အတွင်း နှစ်နာရီကုန်သွားလျှင် အလိုအလျောက် တည်နေရာရွှေ့ပြောင်းခံရမည် ဖြစ်သည်။
ရံဖန်ရံခါ နတ်အဆင့်ကျင့်ကြံသူများနှင့် နတ်ဘုရားတစ်ပိုင်းအဆင့်ကျင့်ကြံသူများ တည်နေရာရွှေ့ပြောင်းခံရတတ်ပြီး အများစုမှာ အဆင့်ခြောက်ကို မကျော်ဖြတ်နိုင်ကြပေ။ ယခုအချိန်အထိ ခုနစ်ယောက်သာ အဆင့်ခြောက်ကို ကျော်ဖြတ်ခဲ့ပြီး အဆင့်ခုနစ်ကို ရောက်နေသည်။
ပိုင်ရှောင်ချန်းနှင့် အခြားကောင်းကင်ဧကရာဇ်များအပြင် ထိုအဖွဲ့ထဲတွင် နတ်ဘုရားတစ်ပိုင်းအဆင့်ကျင့်ကြံသူတစ်ယောက်သာ ရှိသည်။ ထိုလူက ပင်လယ်နက် ဆရာကြီးပင်။
ပြိုင်ပွဲဝင်များ၏ ခေါင်းထဲတွင် အမျိုးမျိုးသော အတွေးများ ဖြတ်ပြေးသွားတော့သည်။
" မင်းမေဘ ခက်လိုက်တာကွာ။ အဆင့်ခြောက်က လုံးလုံး ကျော်ဖြတ်ဖို့ မဖြစ်နိုင်ဘူး "
" အဲဒီစမ်းသပ်မှုတွေက သေချာပေါက် နတ်အဆင့်ကျင့်ကြံသူတွေအတွက် မဟုတ်ဘူး။ အဆင့်ခြောက်က ... တကယ့်ကို ကောင်းကင်ဧကရာဇ်တွေအတွက်ပဲ သင့်တော်တာ။ နတ်ဘုရားတစ်ပိုင်းအဆင့်လဲ ဖြတ်နိုင်လောက်ပေမယ့် ... သိပ်များမှာမဟုတ်ဘူး "
" ငါ ကျော်ဖြတ်ရမယ်။ ဆုလာဘ်တွေက မယုံနိုင်အောင်ပဲ။ အထူးသဖြင့် အဆင့်ငါး အတွက် ဆုလာဘ်။ ငါ ထူးခြားတဲ့ အရည်အသွေးရှိတဲ့ သွေးကြောပြောင်းလဲဆေးရည် ပုလင်းတစ်ပုလင်း ရခဲ့တယ်။ အိမ်မှာတုန်းက အဲဒီလိုပုလင်းတွေက စိတ်စွမ်းအင်ကျောက်တုံး တစ်သောင်းကျော်ရှိတယ် "
နိုင်ငံတစ်နိုင်ငံ၏ ကျင့်ကြံသူများမှာ အခြားနိုင်ငံကလူများနှင့် မရောကြပေ။ သို့သော် အဆင့်တစ်ခုကျရှုံးပြီး သူတို့၏ရလဒ်များ ဆွေးနွေးရန်နှင့် အချက်အလက်များဝေမျှရန် စုဝေးလာကြသည်။ ဤအခိုက်တွင် လူတိုင်းသည် အခြေအနေနှင့်ပတ်သက်၍ စိတ်လှုပ်ရှားနေကြပြီး ရှုံးနိမ့်ခြင်းနှင့်ပတ်သက်၍ သိပ်မစိုးရိမ်ကြပေ။
" အဆင့်ငါးအတွက် ဆုလာဘ်က သွေးကြောပြောင်းလဲဆေးရည်ဆိုရင် အဆင့်ခြောက်နဲ့ အဆင့်ခုနစ် အတွက် ဆုလာဘ်တွေက ဘာဖြစ်မလဲ။ ဘာပဲဖြစ်ဖြစ် ... သွေးကြောပြောင်းလဲဆေးရည်ထက် ပိုအစွမ်းထက်ပြီး အဖိုးတန်လောက်မှာပဲ "
" ငါတို့မှာ ဘာလဲဆိုတာသိဖို့တောင် အရည်အချင်းမပြည့်မှီလောက်ဘူး။ ဒါပေမဲ့ ကောင်းကင်ဧကရာဇ်ဝိရူပက္ခက ငါတို့အားလုံးအထဲ အမြန်ဆုံးပဲဆိုတာ သတိထားမိတယ်။ သူက အဆင့်တစ်ဆယ်ကို ရောက်နေပြီ "
" အင်း ဟုတ်တယ် ကျုပ် သူ အဆင့်တစ်ဆယ်ကို သွားနေတာ မြင်ခဲ့တယ်။ ကျန်တဲ့ ကောင်းကင်ဧကရာဇ်တွေကတော့ အဆင့်ခုနစ် နဲ့ ရှစ် တွေမှာပဲ။ အခုထိတော့ တစ်ယောက်မှ ပြန်ရောက်မလာသေးဘူး "
ပိုင်ရှောင်ချန်းမှာ သူကြားနေရသည်အား သိပ်မပျော်ပိုက်ဘဲ ဖြစ်ပျက်နေသည်များနှင့် ပတ်သက်၍လည်း အလွန်စိတ်လေးလာလေသည်။
" ကောင်းကင်ဧကရာဇ် ဝိရူပက္ခ ဘာလို့ ဒီလောက် မြန်နေတာလဲ။ အဲဒီလိုကြွက်သားကြီးတွေနဲ့ သူ့ကြည့်ရတာလဲ သိပ်ထက်တဲ့ပုံမပေါ်ပါဘူး။ ဘယ်လိုလုပ် ဝင်္ကပါကို ဖြတ်သွားနိုင်တာလဲ "
ထိုအကြောင်းတွေးမိသည်နှင့်အမျှ သူ ပို၍ မသင်္ကါဖြစ်လာတော့သည်။
ဤနည်းအတိုင်း ဆက်သွားနေလျှင် ဝိရူပက္ခနှင့် သူ ယှဥ်ပြိုင်နိုင်လောက်မည်မဟုတ်ပေ။ သူက အဆုံးသတ်တွင် အလွယ်တကူ လက်မလျှော့လိုသော်လည်း သက်ပြင်းချလိုက်သည်။
" အာ ဘာပဲဖြစ်ဖြစ် … ရှေ့ဆက်သွားလေ ပိုခက်လာလေပဲ။ ပြီးတော့ ငါက အခုမှ ပူပူနွေးနွေး ကောင်းကင်ဧကရာဇ်တစ်ပါးဖြစ်လာခဲ့တာ။ သူက အတွေ့အကြုံအများရှိတော့ ငါသူ့ကို အနိုင်မယူနိုင်ရင်တောင် စိုးရိမ်မနေတော့ဘူး။ ငါ အဆင့်တွေကို တတ်နိုင်သမျှ အကောင်းဆုံးကျော်ဖြတ်သွားမယ် "
ဤနည်းဖြင့် သူက အခြေအနေနှင့်ပတ်သက်၍ မစိုးရိမ်ရန် သူ့ကိုယ်သူ လက်ခံနိုင်အောင် ကြိုးစားလိုက်သည်။ ထို့နောက် သူက ဝင်္ကပါမှ ထွက်ရန် နည်းလမ်းတစ်လမ်းကို ဖျစ်ညှစ်စဥ်းစားတော့သည်။
သို့သော် ဤအခိုက်တန့်တွင် အဆင့်ခုနစ် နှင့် ရှစ်တွင် တည်နေရာရွှေ့ပြောင်းခြင်းအလင်းများ ပေါ်လာ၏။ ထိုအလင်းသည် ယပ်တောင်၏လက်ကိုင်ဖြစ်သည့် ရင်ပြင်ကို ရောက်သောအခါ ဂူထျန်ကျွင်းနှင့် မူလနတ်ဆိုးမင်းသား ပေါ်လာလေသည်။
သူတို့နှစ်ယောက်လုံးတွင် အရုပ်ဆိုးသော အမူအရာများ ဆင်မြန်းထားပြီး စဥ်းစားတွေးတောရန် ထိုင်ချလိုက်ကြသည်။ ပိုင်ရှောင်ချန်း မြင်ခဲ့သည်မှာ ဂူထျန်ကျွင်းသည် အဆင့်ရှစ်တွင် မအောင်မြင်ခဲ့ဘဲ မူလနတ်ဆိုးမင်းသားမှာ အဆင့်ခုနစ် တွင် တစ်နေလေသည်။
" အဆင့်ရှစ် နဲ့ပတ်သက်ပြီး တစ်ခုခု ထူးဆန်းနေတယ် "
သူက တွေးလိုက်၏။ သူအခြေအနေကို စဥ်းစားနေချိန်မှာပင် အခြားကောင်းကင်ဧကရာဇ်များ တည်နေရာရွှေ့ပြောင်းခံလိုက်ကြရသည်။
တစ်ယောက်က အဆင့်ခုနစ်တွင် ပိတ်မိနေသည့် စီမာယွမ်ဟွာဖြစ်ပြီး နောက်တစ်ယောက်က အဆင့်ရှစ် မှ တည်နေရာရွှေ့ပြောင်းခံခဲ့ရသည့် ဝိညာဥ်ဝါးမျိုသခင်ပင်။
ပိုင်ရှောင်ချန်းမှာ သူ၏ တွေဝေမှုနှင့် သံသယများကို ခေါင်းထဲက မထုတ်နိုင်ပေ။ တခဏမျှ သူက ဂူထျန်ကျွင်းကို အကြံဉာဏ်အချို့သွားတောင်းရန် စဥ်းစားလိုက်သော်လည်း ထိုလူက သူ့အား မည်မျှသဘောမကျသည်ကို ထည့်တွက်ကာ အကြံကောင်းမဟုတ်လောက်ဟု ဆုံးဖြတ်လိုက်လေသည်။
ဤအချိန်တွင် စီမာယွမ်ဟွာက အံတင်းတင်းကြိတ်ပြီး လျှို့နည်းလမ်းအချို့သုံး၍ အဆင့်ခုနစ် အကြောင်း သတင်းနည်းနည်းပါးပါးရရန် ဂူထျန်ကျွင်းကို ဆယ်သွယ်လိုက်သည်။ ထို့နောက် သူ၏မျက်လုံးများ တဖျပ်ဖျပ်လက်သွားပြီး စိန်ခေါ်ပွဲများထဲ ပြန်ဦးတည်သွားလေသည်။
မူလနတ်ဆိုးမင်းသားသည်လည်း ဝိညာဥ်ဝါးမျိုသခင်နည်းတူပင်။ သူလိုအပ်သော အချက်အလက်ရပြီးနောက် သူသည် စီမာယွမ်ဟွာနည်းတူ စိန်ခေါ်ပွဲများထဲ ပြန်ဦးတည်သွား၏။
ပိုင်ရှောင်ချန်းက ဖြစ်ပျက်နေသည်များကို စိုးရိမ်တကြီးလှမ်းကြည့်ပြီး နှစ်ယောက်လုံးက အမွှေးတိုင်တစ်ဝက်လောင်ကျွမ်းချိန်အတွင်း အဆင့်ကို ကျော်ဖြတ်သွားသည်အား တွေ့လိုက်ရသဖြင့် မှင်သက်သွားလေသည်။ သူတို့က အားပါးတရရယ်မောကာ နောက်အဆင့်များကို ဆက်သွားလိုက်ကြသည်။
" မြန်လိုက်တာ "
ပိုင်ရှောင်ချန်းမှာ ဖြစ်ပျက်နေသည်များကို ခွဲခြမ်းစိတ်ဖြာရန် ကြိုးစားနေဆဲ ခေါင်းထဲတွင် အတွေးများ ပြေးလွှားနေတော့သည်။ ထိုအချိန်တွင် အဆင့်တစ်ဆယ်သည် ရုတ်တရက် စူးရှသောအလင်းများဖြင့် တောက်ပလာ၏။
ရုတ်တရက် အသံတစ်သံက ရှိသမျှလူအားလုံး၏ စိတ်အတွင်းသို့ စကားပြောလိုက်လေသည်။
" အဆင့်တစ်ဆယ်ကို ပထမဆုံး ကျော်ဖြတ်နိုင်တဲ့သူက ထိပ်တန်းပြိုင်ပွဲဝင်ရာထူးကို ရရှိသွားတာကြောင့် အခုကစပြီး အဆင့်တိုင်းကို ကျော်ဖြတ်ဖို့ အချိန်လေးနာရီရပါမယ် "
အသံက တစတစ ပျောက်ကွယ်သွားချိန် အပြင်ဘက်ရှိ စောင့်ကြည့်နေသော လူတိုင်းက တအံတသြ ဝေ့ကြည့်လိုက်ကြသည်။ ထိုအချိန်တွင် လူတိုင်းရပ်နေသည့် ရင်ပြင်တွင် တည်နေရာရွှေ့ပြောင်းခြင်းအလင်းတန်း ပေါ်ထွက်လာပြီးနောက် ကောင်းကင်ဧကရာဇ်ဝိရူပက္ခအဖြစ် ပြန်လည်ဖြစ်တည်သွားလေသည်။
သူ၏ မျှော်စင်ကြီးကဲ့သို့ တုတ်ခိုင်ထွားကြိုင်းသော ကိုယ်ထည်ကြီး မြင်သာလာချိန် ယပ်တောင်သည် တဆတ်ဆတ်တုန်ခါသွားပြီး တစ်နေရာလုံးကို ကာကွယ်ထားသည့် ဒိုင်းတွင် ရေကဲ့သို့ ဂယက်များ ထလာတော့သည်။
ထိုဂယက်များက ဝိရူပက္ခ၏ ကျင့်ကြံခြင်းအခြေခံကြောင့်မဟုတ်ဘဲ အဆင့်တစ်ဆယ်ကို ကျော်ဖြတ်ခြင်းဖြင့် ရရှိခဲ့သော ထိပ်တန်းပြိုင်ပွဲဝင်ရာထူးနှင့် မိုးမြေဧကရာဇ်၏ ယပ်တောင်အစုတ်ကြီး၏ အသိအမှတ်ပြုမှုကို ရရှိခြင်းကြောင့် ဖြစ်၏။
သို့သော် အံ့သြတုန်လှုပ်ဖွယ်အကောင်းဆုံးက ကောင်းကင်ဧကရာဇ်ဝိရူပက္ခသည် အဆင့်များကို ကျော်ဖြတ်ရန် အချိန်ပိုပေးခံခဲ့ရခြင်းပင်။
ထိုအကြောင်းကြောင့် အဆင့်ဆယ့်နှစ်ကို ကျော်ဖြတ်ပြီးသည်နှင့် အခြားသော အထူးအခွင့်အရေးများလည်း ပေးအပ်ခံရမည်ဖြစ်ရာ ကောင်းကင်ဧကရာဇ်အတွက် ပို၍ပင် လွယ်ကူသွားမည်ဖြစ်သည်။ ဤအတိုင်းဆက်သွားနေလျှင် သုံးလကုန်ဆုံးသည့်အချိန်ရောက်ပါက ဝိရူပက္ခသည် ယပ်တောင်၏ ပိုင်ရှင်အသစ် ဖြစ်နိုင်ချေများပေမည်။
ထိုသို့ဖြစ်သွားလျှင် မိစ္ဆာဧကရာဇ်ပင် ၄င်းကို သူ့ထံမှ အလွယ်တကူယူနိုင်မည်မဟုတ်ပေ။ ဝိရူပက္ခသည် သူ့ကို ငှားလျှင်ငှား၊ သို့မဟုတ် ရောင်းပင် ရောင်းနိုင်သော်လည်း မည်သို့ပင်ဖြစ်စေ ၄င်းသည် သူ့ကို လောကနတ်ဘုရားတစ်ပါးဖြစ်ရန် အခွင့်အရေးတစ်ခုပေးလောက်မည့် ကံကြမ္မာကောင်းဖြစ်လေသည်။
လူထုသည် ၄င်းကို သိပြီး ကောင်းကင်ဧကရာဇ်ဝိရူပက္ခသည်လည်း ထိုနည်းတူ သိသည်။ မျက်နှာပေါ်တွင် မပြသသော်လည်း သူ၏စိတ်ထဲတွင် ပျော်ရွှင်မှု၊စိတ်လှုပ်ရှားမှုများဖြင့် ပီတိဖြာနေလေသည်။ သို့သော် ယပ်တောင်၏ အသိအမှတ်ပြုမှုရခြင်းကို အလွန်ကျေနပ်နေသည်မှာ မေးခွန်းထုတ်စရာမလိုပေ။
ပိုင်ရှောင်ချန်း၏ နှလုံးသားထဲရှိ ရွစိရွစိခံစားချက်မှာ ယခုအခိုက်အတန့်ဝယ် ပို၍ပင် အားကောင်းလာတော့သည်။ သူက အေးစက်စက်နှာမှုတ်ကာ အကြည့်လွှဲရန်သာ ပြင်လိုက်သော်လည်း အလွန်နှေးသွားလေသည်။ ရုတ်တရက် ကောင်းကင်ဧကရာဇ်ဝိရူပက္ခက သူ့ကို အေးစက်စွာ တောက်ပနေသော မျက်ဝန်းများဖြင့် လှမ်းကြည့်နေသည်။
သူ ဘာတွေးနေသည်ကို အတိအကျပြောရန် မဖြစ်နိုင်သော်လည်း သူ့မျက်လုံးထဲတွင် နိမိတ်ဖတ်ခြင်းအလင်းကဲ့သို့ အရာတစ်ခု ရိပ်ခနဲဖြစ်သွားပြီး သူက ရုတ်တရက် ရယ်မောလိုက်သည်။
သူက အသံကိုမြှင့်၍ ပြော၏။
" မင်း အဆင့်ခုနစ် မှာ တစ်နေတာမလား ပိုင်ရှောင်ချန်း။ ငတုံးကောင် … ကောင်းကင်ဧကရာဇ်တွေထဲမှာ မင်းတစ်ယောက်ပဲ မကျော်နိုင်သေးတာ "
အခြားလူတိုင်း အံ့အားသင့်သွားကြ၏။ ဤသည်မှာ ကောင်းကင်ဧကရာဇ်ဝိရူပက္ခ၏ စိန်ခေါ်ပွဲများမှ ပထမဆုံးအကြိမ်ပြန်ရောက်လာခြင်းဖြစ်သည်မဟုတ်ပါလော။ သို့သော် ကြည့်ရသရွေ့ သူက အခြားသူများ မည်မျှဝေးဝေးရောက်နေခဲ့သည်ကို သိနေလေသည်။
သံသယများ မြင့်တက်လာချိန်မှာပင် ပိုင်ရှောင်ချန်းက သူစကား၏ သွယ်ဝိုက်သောအဓိပ္ပါယ်ကို ကောင်းကောင်းသတိထားမိကာ ကောင်းကင်ဧကရာဇ်ဝိရူပက္ခအား စူးရှစွာ စိုက်ကြည့်လိုက်သည်။
သိသာစွာပင် သူ့တွင် အခြားလူများ မည်မျှရောက်နေကြောင်း မြင်နိုင်သည့် နည်းလမ်းတစ်ခု ရှိနေသည်။
ကောင်းကင်ဧကရာဇ် ဝိရူပက္ခသည် ပိုင်ရှောင်ချန်းက သူ့ကို သံသယဝင်နေကြောင်း ပြောနိုင်သော်လည်း အေးစက်စက်သာ ရယ်လိုက်လေသည်။
" စောစောက မင်းက ငါ့ကို ရိုက်ခိုင်းခဲ့တာမလ ပိုင်ရှောင်ချန်း။ မစိုးရိမ်နဲ့ … ငါ ဒီယပ်တောင်ရဲ့ ပိုင်ရှင်ဖြစ်တာနဲ့ ပျော်ပျော်ကြီး ဖြည့်ဆည်းပေးမယ် "
ထို့နောက် သူက ရယ်ပြီး အသက်ရှူလေ့ကျင့်ခန်းအချို့လုပ်ရန် တင်ပျဥ်ခွေထိုင်လိုက်သည်။
ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်နေကြစဥ် မိစ္ဆာဧကရာဇ်နိုင်ငံတော်နှင့် သူတော်စင်ဧကရာဇ်နိုင်ငံတော်မှ ကျင့်ကြံသူများအားလုံး ထိပ်တန်းပြိုင်ပွဲဝင်ရာထူးမှာ အချိန်ပိုရုံလေးအပြင် အကျိုးအမြတ်များစွာပေးကြောင်း သဘောပေါက်လိုက်ကြသည်။
ပိုင်ရှောင်ချန်းမှာမူ ခါတိုင်းထက်ပို၍ စိတ်တိုနေတော့သည်။
" ဒါက ဘယ်လိုအမွေအနှစ်မျိုးလဲ။ သူ သေချာပေါက် မသမာနည်းသုံးနေတာကိုကွာ။ ငါ့လခွမ်းပဲ … ငါ့ဘဝမှာ လူလိမ်တွေလောက် မုန်းတာမရှိဘူး "