ယပ်တောင်ကို အဆင့်မြှင့်တင်လိုက်ရမလား
Vol. 11 Ch. 1086
" ကလိမ်ကကျစ်ကျပြီး နိုင်တာ ဘာအဓိပ္ပါယ်ရှိတော့မှာလဲ "
ပိုင်ရှောင်ချန်းမှာ တစ်ယောက်ထဲ ဒေါသတကြီး ငြီးတွားနေသည်။
" ပိုင်ရှောင်ချန်းဆိုတဲ့ငါက ဘာလုပ်လုပ် ရိုးရိုးသားသားပဲ လုပ်တတ်တဲ့ ကောင်းကင်ဧကရာဇ်အဆင့် ကျင့်ကြံသူတစ်ယောက်ကွ။ လူလိမ်တွေဆို အင်မတန် မုန်းတယ် "
သူ့ပြိုင်ဘက်၏ နည်းလမ်းများအပေါ်ထားရှိသည့် မနာလိုမှုများမှာ တဖြည်းဖြည်းနှင့် ဒေါသများအဖြစ်သို့ ပြောင်းလဲလာတော့သည်။
ပို၍ဆိုးသည်မှာ သူ အထင်အသေးခံနေရခြင်း ဖြစ်သည်။ ထို့အပြင် ကောင်းကင်ဧကရာဇ်ဝိရူပက္ခကလည်း သူ့အား ခြိမ်းခြောက်သွားသေးသည် မဟုတ်ပါလော။
" မဖြစ်ဘူး " သူက အံကြိတ်၍ ရေရွတ်လိုက်သည်။
" တဖြည်းဖြည်း အန္တရာယ်များလာပြီ။ ကောင်းကင်ဧကရာဇ်ဝိရူပက္ခကို အောင်မြင်ခွင့် ပေးလို့မဖြစ်ဘူး။ "
သူသည် မျက်ထောင့်နီကြီးများဖြင့် မည်သို့ဆောင်ရွက်ရမည်ကို တွေးတောနေတော့သည်။ သို့သော် သူတို့အားလုံး ကောင်းကင်ဧကရာဇ်များ ဖြစ်ကြပြီး သူကိုယ်တိုင် အလွန်အစွမ်းထက်ကြောင်း သူ သိထားပါသော်လည်း သူက မကြာသေးမီကမှ ကောင်းကင်ဧကရာဇ်အဆင့်သို့ ရောက်ရှိခဲ့သည် မဟုတ်ပါလော။ ထို့အပြင် ကောင်းကင်ဧကရာဇ်ဝိရူပက္ခနှင့် အမှန်တကယ် တိုက်ခိုက်ရတော့မည်ဆိုပါက ထိုလူမှာ အသတ်ခံရမည်ကို ကြောက်ရွံ့နေမည်မဟုတ်ပေ။ သူ့အား မိစ္ဆာဧကရာဇ်က အသက်ပြန်သွင်းနိုင်သည် မဟုတ်ပါလော။
သို့သော် ပိုင်ရှောင်ချန်းမှာ သူ့တာအိုသစ်စေ့၏ တစ်စိတ်တစ်ပိုင်းကို သူတော်စင်ဧကရာဇ်အား မပေးထားပေ။ ထို့ကြောင့် တိုက်ပွဲဖြစ်ပွားမည်ဆိုပါက သူသည် ကြီးမားသောအန္တရာယ်ကြီးတစ်ခုနှင့် ရင်ဆိုင်နေရမည်သာ ဖြစ်သည်။
" အရှက်မရှိ အနိုင်ကျင့်နေတာပါလား "
ဤအခြေအနေနှင့်ပတ်သတ်၍ သူ ပို၍တွေးတောမိသည်နှင့်အမျှ ပို၍ဒေါသထွက်လာရလေ ဖြစ်နေတော့သည်။ အမွှေးတိုင်တစ်တိုင် လောင်ကျွမ်းစာအချိန် ကုန်ဆုံးသွားသည့်တိုင်အောင် သူသည် အကြံကောင်းတစ်ခုတစ်လေပင် မရသေးပေ။ ထိုစဥ် ကောင်းကင်ဧကရာဇ်ဝိရူပက္ခမှာ တရားထိုင်နေရာမှ ထလာသည်။ သူသည် ပိုင်ရှောင်ချန်းအား အေးစက်စက်ကြည့်လိုက်ပြီးနောက် ယပ်တောင်ရိုးဆီသို့ဦးတည်သွားကာ ဒဿမမြောက်အဆင့်ထဲသို့ ဝင်ရောက်သွားတော့သည်။
လူတိုင်း သူ့အား အားကျသော မျက်ဝန်းများဖြင့် ကြည့်နေကြသည်။ ကောင်းကင်ဧကရာဇ်ဝိရူပက္ခ ပျောက်ကွယ်သွားပြီးနောက် သူတို့မှာလည်း စိန်ခေါ်ပွဲများထဲသို့ အသီးသီးဝင်သွားကြသည်။
မကြာခင် အပြင်ဘက်၌ ပိုင်ရှောင်ချန်းအပါအဝင် လူလေးယောက် ငါးယောက်မျှသာ ကျန်ရှိတော့သည်။
" အဲဒီကောင်တွေကို တစ်ယောက်ချင်းစီ တိုက်ရမယ်ဆိုရင်က အဆင်ပြေနိုင်သေးတယ်။ ဒါပေမဲ့ အဲဒီလို ရမှာမဟုတ်ဘူး။ ပြီးတော့ ဂူထျန်ကျွင်းနဲ့ စီမာယွမ်ဟာတို့က ငါ့ကိုကူညီမှာလည်း မဟုတ်ဘူး... ကြည့်ရတာ ကောင်းကင်ဧကရာဇ်ဝိရူပက္ခ ဒီရတနာကို အနိုင်မရအောင် တားဆီးဖို့ တစ်နည်းပဲကျန်တော့တာပဲ။ အဲဒီလိုတားဆီးဖို့ကလည်း ငါက သူ့ထက်အရင် ဒီယပ်တောင်ကြီးရဲ့ ပိုင်ရှင်ဖြစ်သွားမှ ရမှာ "
အနည်းငယ်ဆက်လက်တွေးတောလိုက်ပြီးနောက် သူ၏အတွေးထဲတွင် အကြံအစည်ပေါင်းစုံထွက်လာပါသော်လည်း မည်သည့်အကြံအစည်မှ အောင်မြင်နိုင်သည့်အလားအလာ မရှိပေ။
" ငါလုပ်နိုင်တာ တစ်ခုပဲ ကျန်တော့တယ်။ အဆင့်တစ်ဆယ်အထိ စိတ်စွမ်းအင်အဆင့်မြှင့်တင်ခြင်းက ဘယ်ကိုယ်ပိုင်အမှတ်အသားကိုမဆို ဖျောက်ဖျက်ပစ်နိုင်တယ်။ ဒီယပ်တောင်ကို စိတ်စွမ်းအင်အဆင့်မြှင့်တင်လိုက်မယ်ဆိုရင် ငါ့ နတ်ဘုရားအာရုံနဲ့ ဒီယပ်တောင်ကို အမှတ်အသားလုပ်ရင် လုပ်လို့ရလောက်တယ် "
ထိုအခါ သူ၏နှလုံးသားမှာ အနည်းငယ် ခုန်လာတော့သည်။ ဤအချင်းအရာတစ်ခုလုံး၏ ရည်ရွယ်ချက်မှာ ကောင်းကင်ဧကရာဇ်ဝိရူပက္ခအား တားဆီးရန်ဖြစ်သည်ဆိုသော အချက်ကိုပင် သူက ချက်ချင်းပင် မေ့ပျောက်သွားတော့သည်။
" ငါသာ ဒီယပ်တောင်ကြီးရဲ့ ပိုင်ရှင်ဖြစ်သွားလို့ရှိရင်... "
သူ၏ အတွေးစများမှာ စိတ်လှုပ်ရှားမှုများကြောင့် ကဆုန်ပေါက်နေကြပြီး တစ်အောင့်လောက်ကြာမှ သူ့ကိုယ်သူ စိတ်ငြိမ်အောင်ပြန်လည်ထိန်းသိမ်းနိုင်လိုက်သည်။
သို့သော်လည်း ဤယပ်တောင်ကြီးမှာ ကြီးမားလွန်းနေသည်။ ပိုင်ရှောင်ချန်းသည် ပုံမှန်ဆိုလျှင် အရာဝတ္တုများကို လိပ်ပုံစံဒယ်အိုးထဲသို့ထည့်၍ စိတ်စွမ်းအင်မြှင့်တင်လေ့ရှိသည် မဟုတ်ပါလော။ ထို့ကြောင့် ယခုတွင်မူ မည်သည့်နည်းလမ်းဖြင့် ဤယပ်တောင်ကြီးကို စိတ်စွမ်းအင်မြှင့်တင်ရမည်ဖြစ်ကြောင်း မဝေခွဲနိုင်လောက်အောင် ဖြစ်နေရသည်။
" ယပ်တောင်ကြီးက အရွယ်အစား ကျုံ့သွားမှာလည်းမဟုတ်ဘူးကွ... ဒီပေါ်မှာပဲ ဒယ်အိုးကို မှောက်ထားလိုက်ရင် အလုပ်ဖြစ်မလားမသိဘူး... " သူ၏ နှလုံးသားမှာ စိတ်လှုပ်ရှားမှုများကြောင့် ယားကျိကျိဖြစ်နေပါသော်လည်း အကယ်၍တစ်စုံတစ်ယောက်သာ သူ ထိုသို့လုပ်နေသည်ကို မြင်သွားပါက ပြဿနာအကြီးအကျယ် တက်သွားမည်မှာ အမှန်ပင်။
ထို့ကြောင့် သူသည် ဟိတ်ဟန်အပြည့်ထုတ်၍ အေးစက်စက်နှာမှုတ်လိုက်ပြီး သတ္တမမြောက်အဆင့်ထဲသို့ ပြန်ဝင်ရန် သွားလိုက်သည်။ ဝင်္ကပါအတွင်းသို့ရောက်သွားသည်နှင့် သူသည် ဒယ်အိုးကိုထုတ်ယူလိုက်ပြီး မြေပြင်ပေါ်တွင် ပြောင်းပြန်လှန်၍ စိတ်စွမ်းအင်အဆင့်မြှင့်တင်ရန် ပြင်လိုက်သည်။
သို့သော်လည်း ဒယ်အိုးထဲသို့ တစ်ရောင်ခြယ်မီးတောက် ထည့်လိုက်ပြီးနောက် မည်သည့်တုံ့ပြန်မှုမှ ထွက်မလာသဖြင့် သူ မျက်မှောင်ကြုတ်သွားတော့သည်။ လိပ်ဒယ်အိုးလေးကို သူနှစ်ပေါင်းများစွာ အသုံးပြုခဲ့သဖြင့် ယခုတွင် စိတ်စွမ်းအင်အဆင့်မြှင့်တင်ခြင်း ကျရှုံးသွားပြီဖြစ်ကြောင်း သိလိုက်သည်။
သူသည် အလွန်အမင်း စိတ်ပျက်သွားပြီး လိပ်ဒယ်အိုးလေးကို ပြန်ကောက်ယူကာ မိန်းမောတွေဝေလျက် ထိုင်နေတော့သည်။
" စိန်ခေါ်ပွဲတွေထဲမှာမလို့ အလုပ်မဖြစ်တာလည်း ဖြစ်နိုင်တယ်။ အပြင်ဘက်မှာဆိုရင် အောင်မြင်လောက်တယ် ... "
သူသည် လက်မလျှော့ချင်သေးသဖြင့် သတ္တမမြောက်အဆင့်မှ ပြန်ထွက်လာပြီး ယပ်တောင်ရိုးပေါ်တွင် ထိုင်လိုက်သည်။
ထိုအချိန်တွင် ယပ်တောင်၏ ပင်မရင်ပြင်ပေါ်တွင် စိန်ခေါ်ပွဲများကို ကျရှုံးခဲ့သည့် လက်တစ်ဆုပ်စာသော ကျင့်ကြံသူများ ရှိနေသေးသည်။ ပိုင်ရှောင်ချန်းမှာ ခြောက်နာရီတိတိ စိတ်ရှည်စွာ စောင့်လိုက်ပြီးနောက် ထိုကျင့်ကြံသူများအားလုံး အနားယူပြီးသွားကြသဖြင့် စိန်ခေါ်ပွဲများထဲသို့ ပြန်ဝင်သွားကြသည်။ ယခုတွင် ရင်ပြင်ကြီးပေါ်တွင် မည်သူမှ မရှိတော့ပေ။ ထိုအချိန်တွင် သူသည် လိပ်ပုံစံဒယ်အိုးလေးကို ထုတ်လိုက်ပြီး သူ၏ရှေ့တွင် ချလိုက်သည်။
ထို့နောက် ဒယ်အိုးပေါ်တွင် သူ၏လက်တစ်ဖက်ကိုတင်၍ အခြားတစ်ဖက်ဖြင့် သူ၏ တစ်စတစ်စ လျှော့နည်းလာသော သူ၏ လက်ကျန်မီးတောက်များထဲမှ တစ်ရောင်ခြယ်မီးတောက်တစ်ခုကို ထုတ်ယူလိုက်သည်။
" အလုပ်ဖြစ်မှာပါ "
သူက စိုးရိမ်တကြီး ရေရွတ်လိုက်သည်။ သို့သော် တည်နေရာရွှေ့ပြောင်းခြင်း အလင်းရောင်ပေါ်ပေါက်လာပြီး လူတစ်ယောက် အဆင့်တစ်ဆင့်ထဲမှနေ၍ ပျံထွက်လာသဖြင့် အောင်မြင်မှုအခြေအနေကို စစ်ဆေးရန် အချိန်မရှိလိုက်ပေ။ ပိုင်ရှောင်ချန်းသည် လိပ်ဒယ်အိုးလေးကို အလျင်အမြန် သိမ်းဆည်းလိုက်ပြီး သတ္တမမြောက်အဆင့်ထဲသို့ အပြေးဝင်သွားလိုက်သည်။
သူသည် ဝင်္ကပါကြီးထဲမှ ထွက်နိုင်ရန် ကြိုးစားမနေပေ။ သူသည် အတွင်းထဲတွင် ခေတ္တမျှနေလိုက်ပြီးနောက် အဖြေရှာမရသည့် စိတ်ပျက်လက်ပျက်အမူအရာဖြင့် အပြင်သို့ပြန်ထွက်လာတော့သည်။
အမှန်မှာ သူ၏နှလုံးသားသည် တဒိန်းဒိန်းခုန်နေပြီဖြစ်သည်။ ဤရတနာယပ်တောင်ကြီး၏ ရုပ်ပိုင်းဆိုင်ရာမှာ မပြောင်းလဲသွားခဲ့ပါသော်လည်း သူသည် ငွေရောင်အလင်းတန်းကလေး ဖျတ်ခနဲ လင်းလက်သွားသည်ကို သေချာပေါက် မြင်လိုက်ရသည်။ စိန်ခေါ်ပွဲ၏အပြင်ဘက်တွင် ရှိနေသောသူများကို သေသေချာချာ အကဲခတ်လိုက်ပြီးနောက် မည်သူမှ သူ့ကိုကြည့်မနေသည့်အချိန်တွင် သူသည် လိပ်ပုံစံဒယ်အိုးလေးနှင့် နှစ်ရောင်ခြယ်မီးတောက်တစ်ခုကို ထုတ်လိုက်တော့သည်။
ချက်ချင်းပင် ငွေရောင်အလင်းတန်းတစ်ခု ဖျတ်ခနဲလက်သွားသည်ကို မြင်လိုက်ရသည်။ ပိုင်ရှောင်ချန်းမှာ တစ်ခဏလေးပင် ရပ်တန့်မနေပဲ သုံးဆင့်မြောက်နှင့် လေးဆင့်မြောက် စိတ်စွမ်းအင်အဆင့်မြှင့်တင်ခြင်းများကို လျင်မြန်စွာ ဆောင်ရွက်လိုက်တော့သည်။ အသက်ရှူကြိမ်တစ်ကြိမ်အတွင်း သူသည် အဆင့်ခြောက်အထိ စိတ်စွမ်းအင်အဆင့်မြှင့်တင်နိုင်လိုက်သည်။ ထိုအချိန်တွင် စမ်းသပ်ပွဲများထဲမှ လူများစွာ ထပ်၍ ထွက်ပေါ်လာသဖြင့် သူသည် ဒယ်အိုးလေးကို သိမ်းဆည်းလိုက်ပြီး သက်ပြင်းများချလျက် ထိုင်နေတော့သည်။
စိတ်ထဲတွင်မူ သူသည် ပြုံးရွှင်စွာရယ်မောနေပြီး လူအားလုံး စိန်ခေါ်ပွဲများထဲသို့ ပြန်ရောက်သွားမည့်အချိန်ကို စိတ်အားထက်သန်စွာဖြင့် စောင့်ဆိုင်းတော့သည်။ အမွှေးတိုင်တစ်တိုင် လောင်ကျွမ်းစာအချိန်အတွင်း သူသည် ကျန်ရှိနေသေးသော စိတ်စွမ်းအင် အဆင့်မြှင့်တင်ခြင်းများကို တစ်ကြိမ်ထဲနှင့် အပြီး လုပ်နိုင်လိမ့်မည်ဟု ယုံကြည်ထားသည်။
ခုနစ်ရက်တိတိ ကုန်ဆုံးသွားသည်။ ထိုအချိန်တွင် ကောင်းကင်ဧကရာဇ်ဝိရူပက္ခမှာ အဆင့်တစ်ဆယ့်ငါးသို့ ရောက်နေပြီဖြစ်သည်။ သူသည် အဆင့်တိုင်းကို ရွတ်ရွတ်ချွံချွံ အနိုင်ယူကာ အခြားသူများကို အပြတ်အသတ်ဦးဆောင်နေသည်။
အခြားကောင်းကင်ဧကရာဇ်အဆင့် ကျင့်ကြံသူများမှာ အဆင့်ကိုး၊ အဆင့်တစ်ဆယ်၊ အဆင့်တစ်ဆယ့်တစ်သို့ အသီးသီးရောက်နေကြပြီ ဖြစ်သည်။ နတ်ဘုရားတစ်ပိုင်းအဆင့်ကျင့်ကြံသူတစ်ယောက်ဖြစ်သော ပင်လက်နက်ဆရာမှာ အဆင့်ရှစ်သို့ရောက်နေပြီဖြစ်ပြီး ထိုအဆင့်ကို မကျော်လွှားနိုင်လောက်အောင် ဖြစ်နေသည်။ သို့သော် သူသည် အလျှော့ပေးရန်ဆန္ဒလုံးဝမရှိသဖြင့် အတွင်းထဲသို့ဝင်သွားကာ အဆက်မပြတ် ကြိုးစားအားထုတ်နေဆဲပင်။
အခြားလူတိုင်းမှာလည်း ထိုသို့ဖြစ်နေကြပြီး မည်သူမှ အဆင့်ခုနစ်ကို မကျော်လွှားနိုင်သေးပေ။ ပိုင်ရှောင်ချန်းမှာ အဆင့်လုံးဝမတက်ပဲ ရှိနေသဖြင့် လူအများ၏ ဟားစရာ ဖြစ်နေတော့သည်။
" ပိုင်ရှောင်ချန်းက ကောင်းကင်ဧကရာဇ်အဆင့်မှာရောက်နေပြီး ငါတို့လို အဆင့်ခုနစ်မှာ တစ်နေတုံးပဲဟ "
" အဲဒါကိုကြည့်ရင် ကောင်းကင်ဧကရာဇ်တွေထဲမှာ သူက စွမ်းအားအနည်းဆုံးဆိုတာ သိနိုင်တယ်။ ပင်လက်နက်ဆရာတောင် သူ့ထက်ပိုပြီးစွမ်းအားကြီးနေသေးတယ် "
" အေးပေါ့ သူက ခေတ်နောက်ကျနေတဲ့ ကောင်းကင်တံတားနယ်မြေက လာတာကိုးကွ။ အဲဒါမလို့ ကောင်းကင်ဧကရာဇ်အဆင့်ရောက်ပြီးတာတောင် ဒီလောက်ရှက်စရာကောင်းလောက်အောင် အစွမ်းနိမ့်နေတာ ဘာမှမဆန်းပါဘူး "
နတ်ဘုရားတစ်ပိုင်းအဆင့် ကျင့်ကြံသူများနှင့် နတ်အဆင့်ကျင့်ကြံသူများသာ ထိုသို့ လှောင်ပြောင်နေကြသည်မဟုတ်ပေ။ ဂူထျန်ကျွင်းနှင့် စီမာယွမ်ဟွာတို့က သူ့အားလုံးဝ လျစ်လျူရှုထားကြပြီး စိတ်ထဲတွင်ကြိတ်၍ သူ့အားအထင်သေးနေကြသည်။ မိစ္ဆာဧကရာဇ်မင်းဆက်မှ ကောင်းကင်ဧကရာဇ်များမှာလည်း ထိုနည်းတူပင်။
သို့သော် သူတို့က သူ့အားအာရုံစိုက်နေသလောက် ပိုင်ရှောင်ချန်းမှာ သူတို့ကို အာရုံပြန်မစိုက်နိုင်ပေ။ သူတို့၏မျက်ဝန်းများထဲမှ သရော်လှောင်ပြောင်မှုများကို သူက အတိုင်းသား မြင်နေရပါသော်လည်း ဂရုမစိုက်ပေ။ ယခုတွင် ဤရတနာယပ်တောင်ကြီးကို အဆင့်ခုနစ်အထိ စိတ်စွမ်းအင်အဆင့်မြှင့်တင်ပြီးသွားပြီဖြစ်သည်။
အဆင့်တစ်ဆယ်အထိ သူ စိတ်စွမ်းအင်အဆင့်မြှင့်တင်လိုက်သည့်အချိန်တွင် သူ အလွန်အမင်း စိတ်လှုပ်ရှားနေပါသော်လည်း မည်သည့်ရွှေရောင်အမှတ်အသားကိုမှ မမြင်လိုက်ရသလို ဤယပ်တောင်ကြီးကို ထိန်းချုပ်နေသည့် အမှတ်အသားပျောက်ကွယ်သွားသည့် အရိပ်အယောင်တစ်ခုတစ်လေလည်း ပေါ်မလာပေ။ သူက မည်သို့ဆက်လုပ်ရမည်ကို တွေဝေနေစဥ် အဆင့်နှစ်ဆယ်အထိ စိတ်စွမ်းအင်အဆင့်မြှင့်တင်မှ အဖြေပေါ်လာနိုင်ကြောင်း ဆုံးဖြတ်လိုက်သည်။
" အဆင့်သုံးဆယ်အထိပဲ အများဆုံး စိတ်စွမ်းအင်အဆင့်မြှင့်တင်လို့ရတာ။ ဒါပေမဲ့ ဒါက တမူထူးခြားတဲ့ မိုးမြေဧကရာဇ်အဆင့် မှော်ရတနာတစ်ခုကွ။ ကြည့်ရတာ ရှေ့ဆက်တိုးမှနဲ့တူတယ်။ ငါက အမှတ်အသားကိုပဲ ဖျောက်ချင်တာပါ။ အဲဒီလောက် မခက်လောက်ပါဘူး။ လူလိမ်တွေကို ငါကအရမ်းမုန်းတာဆိုတော့ နောက်ဆုံးရောက်ရင် ကြိုးစားသမျှ အရာထင်မှာပါ "
ပိုင်ရှောင်ချန်းမှာ နောက်သုံးရက်တိတိ အဆက်မပြတ် စိတ်ပူနေတော့သည်။ နောက်ဆုံးတွင် သူသည် စိတ်စွမ်းအင်အဆင့်မြှင့်တင်နိုင်မည့် အခွင့်အရေးတစ်ခုကို ရသွားတော့သည်။
အဆင့်ဆယ့်ရှစ် ... အဆင့်ဆယ့်ကိုး။
သူ၏ ထည့်စရာအိတ်ထဲတွင် နှစ်ဆယ်ရောင်ခြယ်မီးတောက်များ မရှိသလောက် နည်းပါးနေပြီဖြစ်သော်လည်း သူသည် တစ်ခုကိုထုတ်၍ လိပ်အိုးထဲသို့ ထည့်လိုက်သည်။ ဒယ်အိုးမှာ ပြင်းထန်စွာတုန်ရီသွားပြီး ယပ်တောင်ကြီးတစ်ခုလုံးမှာလည်း ထိုနည်းတူပင်။ ထိုအချိန်တွင် အလင်းရောင်မှာ ငွေရောင်မှ ရွှေရောင်သို့ ပြောင်းလဲသွားသည်။
ယပ်တောင်စောင့်ဝိညာဥ်၏ စွမ်းအားများ ပေါ်ထွက်လာသည်။ ထိုဝိညာဥ်ကား ယခင်က ကျင့်ကြံသူများ၏ စိတ်ထဲတွင် စကားပြောနေခဲ့သည့် ဝိညာဥ်ပင် ဖြစ်သည်။ သို့သော် ထိုဝိညာဥ်၏ စွမ်းအားများ လွင့်စင်ပျောက်ကွယ်နေသည်ဖြစ်ပြီး ၎င်းထက် သာလွန်သည့် အခြားစွမ်းအားကြီးတစ်ခုက ၎င်းကို ချေဖျက်နေပေသည်။