ငါ့ကို အတင်းအကြပ် ဖိအားပေးနေတာပဲ
Vol. 11 Ch. 1087
ပိုင်ရှောင်ချန်းသည် စိတ်လှုပ်ရှားမှုများ၊ စိုးရိမ်ထိတ်လန့်မှုများအပြည့်ဖြင့် အသက်ပြင်းပြင်း ရှူသွင်းလိုက်သည်။
ထိုအားနှစ်ခု ရုန်းကန်နေကြပါသော်လည်း စိတ်စွမ်းအင်အဆင့်မြှင့်တင်ခြင်း၏ စွမ်းအားက အဆင့်ပိုမြင့်နေသောကြောင့် အသာစီးရစပြုလာတော့သည်။
သို့သော် အစောင့်အရှောက်ဝိညာဥ်မှာလည်း ခေသူတော့မဟုတ်ပေ။ ကျားပေါက်ကလေးတစ်ကောင်နှင့် ထွားကြိုင်းသော ခွေးတစ်ကောင် ပြိုင်ကိုက်နေကြသည့်အလားပင်။ ၎င်းမှာ ခက်ထန်ကြမ်းတမ်းစွာ တိုက်ခိုက်နေသဖြင့် စိတ်စွမ်းအင်အဆင့်မြှင့်တင်ခြင်း၏ စွမ်းအားမှာ အားလျော့လာရပြီး တဖြည်းဖြည်း ဖယ်ရှားခံနေရတော့သည်။
ပိုင်ရှောင်ချန်းမှာ စိုးရိမ်တကြီးနှင့် အံကြိတ်လိုက်ပြီး သူ၏အိတ်ထဲမှ နှစ်ဆယ့်တစ်ရောင်ခြယ်မီးတောက်တစ်ခုကို ထုတ်ယူလိုက်သည်။ သူ့ထံတွင် ထိုမီးတောက် နှစ်ခုသာ ကျန်တော့သည်ဖြစ်၍ သူသည် နာကျည်းစွာဖြင့် ထိုမီးတောက်အား လိပ်ဒယ်အိုးထဲသို့ ပစ်ထည့်လိုက်သည်။
ရွှေရောင်အလင်းတန်းများ ဖြာထွက်လာပြီး တဂျိန်းဂျိန်းမြည်ဟည်းသံများနှင့်အတူ မြေပြင်ကိုတုန်ရီသွားစေနိုင်ပြီး တောင်များကို ခါယမ်းသွားစေနိုင်သည့် စွမ်းအားတစ်မျိုး ပေါ်ထွက်လာသည်။ စိတ်စွမ်းအင်အဆင့်မြှင့်တင်ခြင်း၏အစွမ်းမှာ ယပ်တောင်ထဲရှိ အမှတ်အသားကို ဖျောက်ဖျက်နိုင်ရန် နောက်ထပ်တစ်ကြိမ် ကြိုးစားနေတော့သည်။ အစောင့်အရှောက်ဝိညာဥ်နှင့် စိတ်စွမ်းအင်အဆင့်မြှင့်တင်ခြင်းတို့၏ အကြားမှ တိုက်ပွဲမှာ တစ်ဖန်ပြန်လည် ဖြစ်ပွားလာတော့သည်။
အစောင့်အရှောက်ဝိညာဥ်ကအကြာကြီး တောင့်မခံထားနိုင်မည်မှာ သေချာနေပါသော်လည်း ကြိးစားရုန်းကန်နေဆဲပင်။ တချိန်ထဲမှာပင် စိတ်စွမ်းအင်အဆင့်မြှင့်တင်ခြင်းသည်လည်း အရေးကြီးသော အခိုက်အတန့်တစ်ခုကို ရောက်ရှိသွား၏။
ယခု ယပ်တောင်ထဲရှိ အမှတ်အသား၏ နှစ်ဆယ်ရာခိုင်နှုန်း ပျောက်ပျက်သွားခဲ့ပြီဖြစ်သည်။ ထို့ကြောင့် နတ်ဘုရားအာရုံများအပေါ်တွင် ရှိနေသော အတားအဆီးများမှာ အနည်းငယ်မျှ လျော့နည်းသွားသည်။
အချိန်မှာ အသက်တမျှ အရေးကြီးနေပြီဖြစ်ကြောင်း ပိုင်ရှောင်ချန်းက သိသည်။ တစ်ဖက်တွင် လူများမှာ ယပ်တောင်ထဲမှ အချိန်မရွေးပြန်ထွက်လာနိုင်ပြီး အခြားတစ်ဖက်တွင်လည်း နှစ်ဆယ့်တစ်ရောင်ခြယ်မီးတောက်၏ စွမ်းအားများ လျော့နည်းစပြုလာပြီဖြစ်သည်။
" မင်းမေဘ … ဖြစ်ချင်ရာဖြစ် လုပ်ရတော့မှာပဲ "
သူသည် နတ်ဘုရားအာရုံအပေါ်တွင်ရှိသော အတားအဆီးများပြေလျော့သွားသည်ကို အခွင့်ကောင်းယူလိုက်ပြီး သူ၏နတ်ဘုရားအာရုံကို ထုတ်လွှတ်လိုက်သည်။
အစောင့်အရှောက်ဝိညာဥ်နှင့် စိတ်စွမ်းအင်အဆင့်မြှင့်တင်ခြင်းတို့၏စွမ်းအားတို့ အပြင်းအထန် ရုန်းကန်နေကြစဥ် သူသည် သူ၏နတ်ဘုရားအာရုံကို ယပ်တောင်၏ လွတ်နေသောအပိုင်းဆီသို့ စေလွှတ်လိုက်သည်။
သာမန်ဆိုလျှင် သူသည် ယခုကဲ့သို့ လုပ်နိုင်မည် မဟုတ်ပေ။ လောကနတ်ဘုရားအဆင့်ရှိသော ဧကရာဇ်များပင် ဤကဲ့သို့ လုပ်နိုင်မည်မဟုတ်ပေ။ အခြား မိုးမြေဧကရာဇ်အဆင့်ရှိသော ကျင့်ကြံသူတစ်ယောက်သာ ယခုလို လုပ်နိုင်စွမ်းရှိမည်ဖြစ်သည်။
သို့သော် ယခု သူ ဤသို့လုပ်နိုင်ရခြင်းမှာ သူ၏ လိပ်ဒယ်အိုးလေးပိုင်ဆိုင်ထားသော ကောင်းကင်မှချီးမြှင့်ထားသည့် စွမ်းအားများကြောင့်ဖြစ်သည်။ ဤယပ်တောင်ကြီးကို ဖန်တီးခဲ့သည့် မိုးမြေဧကရာဇ်မှာ သူ၏ရတနာကို ဤနည်းလမ်းဖြင့် ခိုးယူနိုင်လိမ့်မည်ဟု လုံးဝတွေးခဲ့မိမည် မဟုတ်ပေ။
ပိုင်ရှောင်ချန်းမှာ လည်ပင်းနှင့် မျက်နှာပေါ်တွင် သွေးကြောကြီးများထောင်လာသည့်အထိ အော်ဟစ်မြည်တမ်းလိုက်တော့သည်။ သူ၏ နတ်ဘုရားအာရုံကို အရူးအမူးထုတ်လွှတ်လိုက်သောအခါ သူ၏ကိုယ်ပိုင် အမှတ်အသားမှာ တဖြည်းဖြည်းနှင့် ပုံစံပေါ်လာသည်။
အစောင့်အရှောက်ဝိညာဥ်မှာ ရုန်းကန်နေပြီး စိတ်စွမ်းအင်အဆင့်မြှင့်တင်ခြင်း၏ စွမ်းအားများ လျော့ကျလာပါသော်လည်း ပိုင်ရှောင်ချန်းမှာ ရသမျှအခွင့်အရေးတိုင်းကို ကောင်းကောင်းအသုံးချနေသည်။
ထိုကိစ္စကြီးမှာ ပြီးဆုံးခါနီးဖြစ်နေပါသော်လည်း အစောင့်အရှောက်ဝိညာဥ်မှာ အလျှော့မပေးသေးပဲ စိတ်စွမ်းအင်အဆင့်မြှင့်တင်ခြင်း၏ စွမ်းအားကို ဖယ်ရှားနေဆဲပင်။ သို့သော် ပိုင်ရှောင်ချန်းမှာ ယပ်တောင်၏ နှစ်ဆယ်ရာခိုင်နှုန်းအပေါ်တွင် သြဇာအာဏာရှိသွားပြီဖြစ်သောကြောင့် ရွတ်ရွတ်ချွံချွံ ပြန်လည်တိုက်ခိုက်နေ၏။ အဆုံးသတ်တွင် အစောင့်အရှောက်ဝိညာဥ်မှာ လက်လျှော့လိုက်ရတော့သည်။
အမှတ်အသား ပျောက်ကွယ်သွားပြီး ယပ်တောင်ကြီး ငြိမ်ကျသွားသည်။ မည်သည့်အချင်းအရာမှ မဖြစ်ပျက်ခဲ့သည့်အတိုင်းပင်။ ပိုင်ရှောင်ချန်းမှာ အနည်းငယ်လေးမျှ အားမလျှော့ပဲ ကြိုးစားခဲ့သဖြင့် ယခုတွင် တစ်ကိုယ်လုံး ချွေးများဖြင့် စိုရွှဲနေပြီဖြစ်သည်။ သူသည် သူ၏လိပ်ဒယ်အိုးလေးကို အလျင်အမြန် ကောက်သိမ်းလိုက်ပြီး အသက်ပြင်းပြင်းရှူ၍ ထိုင်နေတော့သည်။
ထိုအချိန်တွင် သူသည် ဤယပ်တောင်နှင့် ချိတ်ဆက်မှုရှိနေသည်ကို ခပ်ရေးရေး ခံစားမိလိုက်သည်။ ထိုခံစားချက်မှာ အိပ်မက်တစ်ခုကဲ့သို့ပင်။
" ငါအောင်မြင်သွားတာပါလား။ မယုံနိုင်စရာပဲ။ ဟားဟားဟား … ငါ့ကိုယ်ပိုင် နတ်ဘုရားအာရုံ အမှတ်အသားကို ဒီယပ်တောင်ပေါ်မှာ ထားနိုင်ခဲ့ပြီကွ။ ကလိမ်ကကျစ်ကောင် ဝိရူပက္ခ … မင်းဒါကို ဘယ်လိုရင်ဆိုင်မလဲ ကြည့်ကြသေးတာပေါ့ "
သူသည် အလွန်စိတ်လှုပ်ရှားလွန်းနေသဖြင့် အသံကျယ်ကြီး အော်ဟစ်ရယ်မောလိုက်သောကြောင့် စိန်ခေါ်ပွဲများမှ ပြန်လာသည့် ကျင့်ကြံသူများ သတိထားမိလိုက်ကြပြီး သူ့အား တအံ့တသြကြည့်လိုက်ကြသည်။
သူတို့၏အမြင်တွင် ပိုင်ရှောင်ချန်းမှာ အနည်းငယ်ရူးနေပြီဟုပင် ယူဆထားကြသည်။
" သူ အဆင့်ခုနစ်မှာ အကြာကြီးတစ်နေလို့များ ရူးသွားတာလား "
သူတို့ အေးစက်စွာရယ်မောနေကြစဥ် ပိုင်ရှောင်ချန်းမှာ အမောပြန်ပြေလာတော့သည်။ သူသည် စူးရှတောက်ပနေသောမျက်ဝန်းများဖြင့် တင်ပျဥ်ခွေထိုင်ကာ လက်ရှိအခြေအနေကို တစ်ခဏမျှ သုံးသပ်ကြည့်လိုက်သည်။ သူသည် ယပ်တောင်တစ်ခုလုံးကိုမဟုတ်ပဲ နှစ်ဆယ်ရာခိုင်နှုန်းကျော်ကိုသာ ခြယ်လှယ်နိုင်ကြောင်း သူကသိထားသည်။
သူ ခြယ်လှယ်နိုင်သည့် ယပ်တောင်ကြီး၏ အစိတ်အပိုင်းမှာ ပထမအဆင့်မှ အဆင့်နှစ်ဆယ်အထိ ဖြစ်ပေသည်။
ယခု ကောင်းကင်ဧကရာဇ်ဝိရူပက္ခက အဆင့်နှစ်ဆယ်အထိ ရောက်ရှိနေလျှင်တောင် သူရရှိထားမည့် ဆုလာဒ်များမှာ ပိုင်ရှောင်ချန်း ပိုင်ဆိုင်ထားသည့် ဆုလာဘ်များနှင့် လုံးဝယှဥ်နိုင်မည် မဟုတ်ပေ။ တစ်ယောက်မှာ အချိန်မရွေး လက်လွှတ်လိုက်ရမည်ဖြစ်သည့် မည်သည့်အရာမှမပါသော ဆုလာဒ်များကို ရထားခြင်းဖြစ်ပြီး အခြားတစ်ယောက်မှာ ယပ်တောင်၏ အစောင့်အရှောက်ဝိညာဥ်နှင့်ပင် ယှဥ်ပြိုင်နိုင်သည့် ဆုလာဘ်အမြောက်မြားကို ရရှိထားခြင်းဖြစ်သည်။
" အဆင့်နှစ်ဆယ်ထိ ရောက်သွားတာနဲ့ တူတူပဲပေါ့။ မဆိုးပါဘူး "
ပိုင်ရှောင်ချန်းမှာ လွန်စွာ စိတ်လှုပ်ရှားနေ၏။ ဤအချင်းအရာကြောင့် သူသည် ပြိုင်ပွဲတွင် ထိပ်ဆုံးမှဦးဆောင်နေသူ ဖြစ်သွားပြီဖြစ်သည်။ ယခုကဲ့သို့ အသာစီးရသောကြောင့် သူသည် ယပ်တောင်စုတ်ကြီး၏ ပိုင်ရှင်အသစ် ဖြစ်လာနိုင်ရန်အတွက် ယုံကြည်ချက်များပိုမို ပြင်းထန်လာတော့သည်။
အဓိကမှာ သူ၏လုပ်ရပ်ကို တစ်ယောက်မှ မရိပ်မိစေရန်ပင်။
" ကောင်းပြီလေ ကောင်းကင်ဧကရာဇ်ဝိရူပက္ခ … ပိုင်ရှောင်ချန်းက လူလိမ်တွေကို အမုန်းဆုံးပဲကွ။ မင်းအခု ကလိမ်ကကျစ် ထပ်လုပ်ရဲဦးမလား ကြည့်ကြတာပေါ့ "
သူသည် သူနှင့်ယပ်တောင်အကြားရှိ လျှို့ဝှက်ဆန်းကြယ်သော ချိတ်ဆက်မှုကို အသုံးပြုလိုက်သောအခါ စိန်ခေါ်ပွဲအသီးသီးတွင် ယှဥ်ပြိုင်နေကြသည့် ကျင့်ကြံသူအားလုံး၏ ပုံရိပ်များကို မြင်လိုက်ရတော့သည်။
ထို့အပြင် မည်သည့်အဆင့်တွင် မည်သည့်ဆုလာဘ်များ ရှိနေကြောင်းကိုလည်း သူ အာရုံခံနိုင်ပေသည်။ စွဲမက်ဖွယ်အကောင်းဆုံး ဆုလာဘ်များမှာ အဆင့်တစ်ဆယ့်ဆုံးနှင့် ၎င်း၏နောက်ပိုင်းအဆင့်များအတွက် ဖြစ်သည်။ ထိုရတနာများမှာ မြောက်ပိုင်း၏ဓားကြီးကဲ့သို့ ကမ္ဘာ့ရတနာများနှင့်ပင် အဆင့်တူပေသည်။ ပို၍အာရုံဖမ်းစားနိုင်သည့် အရာမှာ အဆင့်တစ်ဆယ့်ခြောက်အတွက် ဆုလာဘ်ဖြစ်သည့် လောကနတ်ဘုရားအဆင့်ရှိသော ရတနာတစ်ခုပင် ဖြစ်သည်။
ရယူပိုင်ဆိုင်နိုင်မည့် ဆေးလုံးပေါင်းများစွာလည်း ရှိသေးသည်။ အဆင့်တစ်ရာအတွက် ဆုလာဒ်မှာ မိုးမြေဧကရာဇ် အငွေ့အသက် တရိပ်ရိပ်ထွက်ပေါ်နေသည့် တောက်ပသော အလင်းရောင်လုံးတစ်လုံး ဖြစ်သည်။ ၎င်းမှာ... အမွေအနှစ်ပင်ဖြစ်သည်။
ပိုင်ရှောင်ချန်းမှာ ဤယပ်တောင်ကြီး၏ ပိုင်ရှင်ဖြစ်လာမည်ဟု ယုံကြည်ထားသဖြင့် ဤဆုလာဘ်များအားလုံး သူ၏အပိုင်ဖြစ်ကြောင်း သိလိုက်သည်။
" နောက်ပိုင်းဆုလာဘ်တွေကပဲ ငါ့အပိုင်မဟုတ်ဘူးကွ။ ရှေ့ပိုင်းအဆင့်က ဆုလာဒ်တွေအကုန်လုံးကလည်း ငါ့အပိုင်ပဲ "
သူသည် ကောင်းကင်ဧကရာဇ်ဝိရူပက္ခ၏ အခြေအနေကို အကဲခတ်ရန်ပြင်လိုက်စဥ် အဆင့်ခြောက်ထဲသို့ရောက်နေသော မိစ္ဆာဧကရာဇ်မင်းဆက်မှ နတ်ဘုရားတစ်ပိုင်းအဆင့်ကျင့်ကြံသူတစ်ယောက်မှာ ရှစ်ဆင့်မြောက်လှေကားထစ်ကို တက်လှမ်းရန် အခက်တွေ့နေသည်ကို သတိထားမိလိုက်သည်။
ပိုင်ရှောင်ချန်းမှာ ထိုလူကို ချက်ချင်းပင် မှတ်မိလိုက်သည်။ သူ ဝိရူပက္ခနတ်မင်းနှင့် အခြေအတင်ဖြစ်နေခဲ့စဥ်က အနှီထွားကြိုင်းသန်မာသော နတ်ဘုရားတစ်ပိုင်းအဆင့် ကျင့်ကြံသူကား သူ့အား လှောင်ပြောင်ခဲ့သည့် လီတုံဟောင်ဆိုသူပင် ဖြစ်သည်။
ယခုတွင် သူက သူ၏ရှေ့ရှိ နောက်ဆုံးအဆင့်ကို စိတ်လှုပ်တရှားကြည့်နေသည်။ သူသည် ထိုအဆင့်ကို အကြိမ်သုံးဆယ်ကျော် ကြိုးစားခဲ့ပါသော်လည်း အကြိမ်တိုင်းတွင် ကျရှုံးခဲ့ရသည်။ သို့သော် သူသည် ကျရှုံးခဲ့သည့်အကြိမ်တိုင်းမှ သင်ခန်းစာယူခဲ့သဖြင့် တဖြည်းဖြည်း တိုးတက်လာခဲ့သည်။
ယခု သူ သေချာပေါက်အောင်မြင်နိုင်မည်ဟု လုံးဝဥဿုံ ယုံကြည်နေ၏။
ဤအဆင့်အတွက် ဆုလာဘ်ဖြစ်သော ငှက်မွှေးတစ်ချောင်းအကြောင်းကို သူ၏မိတ်ဆွေများမှတစ်ဆင့် သူ ကြားသိပြီးဖြစ်သည်။ ထိုငှက်မွှေးမှာ ယခုတွင် မျိုးသုဥ်းသွားပြီဖြစ်သော ဂဠုန်ငှက်တစ်မျိုး၏ အမွှေးဖြစ်သည်။ ၎င်းကို မှော်ပစ္စည်းတစ်ခုထဲသို့ ပေါင်းစပ်လိုက်မည်ဆိုပါက အံ့သြမှင်တက်ဖွယ် အကျိုးကျေးဇူးများကို ပေးစွမ်းနိုင်သည်။
" နောက်ထပ်တစ်ဆင့်ပဲ လိုတော့တယ်။ ငါသေချာပေါက် လုပ်နိုင်မှာပါ "
လီတုံဟောင်မှာ စိတ်လှုပ်ရှားစွာဖြင့် သူ၏ခြေထောက်ကိုမြှောက်လိုက်ပြီး နဝမမြောက်လှေကားထစ်ပေါ်သို့ လှမ်းရန်ပြင်လိုက်သည်။
ထိုအချိန်တွင် ပိုင်ရှောင်ချန်း၏ အကြည့်မှာ သူ့ပေါ်သို့ ရောက်သွားတော့သည်။ သူသည် ထိုအခြေအနေကိုမြင်လိုက်သောအခါ အကယ်၍ လီတုံဟောင်သာ အောင်မြင်သွားမည်ဆိုပါက ထိုအဆင့်အတွက် ဆုလာဘ်ဖြစ်သော ငှက်မွှေးမှာ သူ၏လက်ထဲမှ ပျောက်ဆုံးသွားမည်ဖြစ်ကြောင်း သူက တွေးမိလိုက်သည်။
ယခင်ကဆိုလျှင် ထိုအချင်းအရာမှ သူ့အတွက် သိပ်အရေးကြီးမည်မဟုတ်ပေ။ သို့သော် ယခုတွင်မူ သူသည် ယပ်တောင်ကြီး၏ ပိုင်ရှင်ဖြစ်သွားတော့မည့်ဖြစ်သဖြင့် ဤထဲရှိ ရတနာအားလုံးမှာ သူ၏အပိုင်ဟု ကောက်ချချက်နိုင်သည်။ ထို့ကြောင့် လီတုံဟောင်မှာ သူ့ထံမှ ခိုးယူနေသည်ဟု ဆိုနိုင်သည်။ ပိုင်ရှောင်ချန်းမှာ ကပ်စေးနှဲတတ်သော လူမျိုးမဟုတ်ပါသော်လည်း လီတုံဟောင်ကို ကြည့်မရသဖြင့် သူ့ထံမှ ခိုးယူတော့မည်ဆိုသော အတွေးကို လုံးဝ သဘောမတွေ့ပေ။
" ဒီကောင်က ကံကောင်းနေတာပါကွာ။ အိမ်း သူ ကျရှုံးသွားအောင် အဲဒီအဆင့်က နည်းနည်းလောက် ပိုခက်သွားမယ်ဆိုရင်သိပ်ကောင်းမှာပဲ... "
ထိုအခါ အဆင့်ခြောက်ရှိ လီတုံဟောင်၏ပတ်ပတ်လည်ရှိ လေထုကြီးတုန်ရီကာ လှိုင်းဂယက်များထသွားတော့သည်။