ငါက အစောင့််အရှောက်ပဲ
Vol. 11 Ch. 1088
ထိုတုန်ခါလှိုင်းများမှာ ပိုင်ရှောင်ချန်းက ယပ်တောင်နှင့်ချိတ်ဆက်နေသောကြောင့် ထွက်ပေါ်လာခြင်းဖြစ်ပြီး သူမှလွဲ၍ အခြားမည်သူမှ ၎င်းတို့ကို သတိထားမိမည်မဟုတ်ပေ။
အဆင့်ခြောက်ထဲရှိ လီတုံဟောင်မှာ ယခင်ကအတိုင်း ယုံကြည်ချက်အပြည့်နှင့် စိတ်လှုပ်ရှားနေဆဲပင်။ သူသည် နောက်ထပ်လှမ်းရမည့် လှေကားထစ်အပေါ်တွင် အပြည့်အဝ အာရုံစိုက်ထားသည်။ ထို့နောက် သူသည် မျှော်လင့်ချက်များ ပြည့်နှက်နေသည့် နှလုံးသားဖြင့် ခြေထောက်ကို နင်းချလိုက်တော့သည်။
" ဒီအချိန်ကို ရောက်အောင် ငါအကြာကြီးစောင့်ခဲ့ရတာကွ "
သူက ရယ်မောလိုက်သည်။
" ငါကြိုးစားခဲ့သမျှ၊ တိုးတက်ခဲ့သမျှက ဒီအခိုက်အတန့်လေးအတွက်ပဲ။ ကြိုးစားမှ အောင်မြင်မှုရနိုင်မှာဆိုတာ အမှန်ပဲ။ နောက်ဆုံးတော့ အောင်မြင်ပြီကွ "
သူသည် ခေါင်းကိုနောက်ပစ်၍ ရယ်မောလိုက်ပြီးနောက် သူ ပင်ပင်ပန်းပန်း ကြိုးစားအားထုတ်ခဲ့ပြီးမှ ရရှိခဲ့သည့် အောင်မြင်မှုခံစားချက်ကြီးကြောင့် သက်ပြင်းချလိုက်တော့သည်။ သူသည် ဤအဆင့်ခြောက်ထဲတွင် သူ၏ဘဝကြီးတစ်ခုလုံးကို ပြောင်းလဲသွားစေနိုင်ပြီး သူ၏အနာဂတ်ကို စိတ်ကူးနှင့် မှန်းဆ၍မရလောက်အောင် တိုးတက်ပြောင်းလဲသွားစေနိုင်မည့် အရာတစ်ခုကိုကြုံတွေ့ခဲ့ရသည့်အလား ခံစားမိနေတော့သည်။
" ဒါပြီးရင် အဆင့်ခုနစ်လာပြီ။ တစ်ခြားနတ်တစ်ပိုင်းအဆင့် ကျင့်ကြံသူတွေ ငါ့အောင်မြင်မှုကို မြင်လို့ကတော့ တုန်လှုပ်သွားကြမှာ အမှန်ပဲ။ ဒီအဆင့်ခြောက်ကိုကျော်ဖြတ်နိုင်တာက ... ပင်လက်နက်ဆရာပြီးရင် ငါပဲရှိသေးတာလေကွာ "
သူသည် ထိုသို့ ပဲ့တင်သံထပ်အောင် ရယ်မောလိုက်ပြီး တည်နေရာပြောင်းရွှေ့ကာ အပြင်ဘက်သို့ ပြန်ရောက်သွားမည့်အချိန်တွင် သူ့ကိုဝိုင်း၍ အားပေးကြမည့် ချီးကျူးသံများကို စိတ်ထဲတွင်ကြိုတင်မှန်းဆ၍ လက်နှစ်ဖက်အား ရှေ့သို့ ဆန့်ထုတ်လိုက်၏။
သို့သော် သူသည် တစ်ခဏအကြာတွင် တစ်ခုခု ထူးဆန်းနေကြောင်း သတိထားမိလိုက်သဖြင့် သူ၏အပြုံးမှာ ပုံပျက်လာတော့သည်။
သူသည် တအံ့တသြဖြင့် ဘေးဘီဝဲယာကို အကဲခတ်လိုက်သောအခါ အဆင့်ခြောက်မှာသာ ရှိနေသေးကြောင်း သိလိုက်ရသည်။
" ဟင်။ ဘာလို့ငါ အပြင်ဘက်ကို မရောက်သွားသေးတာတုန်း "
သူ သိသလောက်နှင့် ကြုံတွေ့ခဲ့ရသလောက်ဆိုလျှင် သူသည် ချက်ချင်းပင် အပြင်ဘက်သို့ တည်နေရာရွှေ့ပြောင်းခံလိုက်ရမည်သာ ဖြစ်သည်။
" ဘာတွေဖြစ်နေတာတုန်း "
ထိုအချိန်တွင် သူသည် အောက်သို့ငုံ့ကြည့်လိုက်သောအခါ သူ၏မျက်လုံးများ ဝိုင်းစက်ပြူးကျယ်သွားပြီး သူ၏ အသိစိတ်ထဲတွင် ဧရာမလှိုင်းလုံးကြီးများ ရိုက်ခတ်ကာ လျှပ်စီးတန်းပေါင်း မိုးကြိုးအချက်ပေါင်း တစ်သိန်းမက ပစ်ခတ်နေသည့်အလား အံ့သြမှင်တက်သွားတော့သည်။
" ဒါ ... ဒါ ... "
သူ၏ရှေ့တွင် ဆယ်ဆင့်မြောက် လှေကားထစ်တစ်ထစ်ရှိနေသည်ကို အံ့သြမှင်တက်ဖွယ် မြင်လိုက်ရသည်။
၎င်းမှာ ကိုးဆင့်မြောက် လှေကားထစ်နှင့် တစ်ထေရာထဲတူပြီး မည်သည့်နေရာမှကြည့်သည်ဖြစ်စေ ထိုနေရာတွင် ယခင်ကတည်းက ရှိနေခဲ့သည့်အတိုင်းပင်။ သို့သော်လည်း ယခင်က လှေကားထစ်ကိုးခုသာရှိကြောင်း လီတုံဟောင် လုံးဝသေချာသည်။ ဤအဆင့်နှင့်ပတ်သတ်၍ အခြားသောသူများနှင့် သူ စကားပြောခဲ့စဥ်ကပင် လှေကားထစ်ကိုးထစ်သာ ရှိသည်ဟု ထပ်ခါတလဲလဲ ပြောခဲ့ကြသည်သာဖြစ်သည်။ သို့သော် ယခုတွင်မူ ဆယ်ဆင့်မြောက် လှေကားထစ်တစ်ထစ် ပေါ်ထွက်လာပြီဖြစ်သည်။
" ဒီအဆင့်မှာရှိတဲ့ လျှို့ဝှက်ဆန်းကြယ် ကဏ္ဍတစ်ခုကိုများ ငါ ရှာတွေ့မိတာများလား "
သူသည် အသက်ရှူသံများမြန်လာပြီး သူ၏ စိုးရိမ်ပူပန်မှုများနေရာတွင် စိတ်လှုပ်ရှားမှုများ အစားထိုးဝင်ရောက်လာသည်။ ယခု သူကြုံတွေ့နေရသည့် ဖြစ်ရပ်ကြီးမှာ ဆိုးရွားသော အရာတစ်ခု မဟုတ်ပဲ ရေစက်တစ်ခု ဖြစ်နေနိုင်သည်ဟု ထင်မှတ်သွားတော့သည်။
သို့သော် သူ ထိုသို့စိတ်လှုပ်ရှားစပြုနေစဥ်မှာပင် အံ့သြတုန်လှုပ်သွားပြီး ပါးစပ်အဟောင်းသား ဖြစ်သွားတော့သည်။
သူ၏မျက်လုံးရှေ့တွင် ဆယ်ဆင့်မြောက်လှေကားထစ်ပြီးနောက် ပြင်းထန်သောဖိအားများထုတ်လွှတ်နေသည့် အခြားလှေကားထစ်တစ်ထစ် ထပ်မံပေါ်ထွက်လာပြန်သည်။
ဆယ့်တစ်ဆင့်၊ နှစ်ဆယ့်သုံးဆင့်၊ သုံးဆယ့်ငါးဆင့်၊ လေးဆယ့်ကိုးဆင့်၊ ခြောက်ဆယ့်ခုနစ်ဆင့်၊ ရှစ်ဆယ့်တစ်ဆင့် ... အဆင့်တစ်ရာအထိ ဖြစ်သွားတော့သည်။
" ဒါဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ အထစ်တစ်ရာတောင် "
လီတုံဟောင်မှာ ရုတ်တရက် မူးဝေလာပြီး အချိန်မရွေးလဲကျတော့မည့်အလား ဖြစ်သွားတော့သည်။ သူ၏မျက်ဝန်းရှေ့တွင် ဧရာမလှေကားတန်းရှည်ကြီးတစ်တန်း ဆန့်ထွက်သွားသည့် မြင်ကွင်းမှာ အဓိပ္ပါယ်မရှိလှပေ။ ထို့အပြင် နောက်ဆုံးအဆင့်မှ ထုတ်လွှတ်နေသည့် ဖိအားမှာ စိတ်ကူးနှင့်ပင် မတွေးတောနိုင်လောက်အောင်ပင်။
လီတုံဟောင်မှာ တုန်ရီနေပြီး အသိစိတ် မရှိတော့သည့်အလား သူ၏မျက်ဝန်းများမှာ အသက်မဲ့နေတော့သည်။ သူသည် လှေကားထစ်တစ်ရာကို မြင်လိုက်ရသဖြင့် ဆွံ့အနေရပြီဖြစ်သည်။
" ဒါ ... ဒါ ... ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ "
သူသည် ဖြူဆုတ်နေသော မျက်နှာဖြင့် ရေရွတ်နေ၏။ ထိုပြင်းထန်သော ဖိအားကြီးမှာ သူ့အား လွှမ်းမိုးသွားရန်ပြင်နေစဥ် တည်နေရာရွှေ့ပြောင်းခြင်းအလင်းက သူ့အား ဖမ်းဆုပ်လိုက်ပြီး အဆင့်ခြောက်အပြင်ဘက်သို့ ဆွဲခေါ်သွားတော့သည်။
သူ ပြန်ပေါ်လာသောအချိန်တွင် ပင်မရင်ပြင်ထဲသို့ ပြန်ရောက်နေပြီဖြစ်သည်။
သူခံစားလိုက်ရသည့် ကြီးမားသောထိုးနှက်ချက်ကြီးကြောင့် သူပြန်ပေါ်လာသည်နှင့် သွေးတစ်ပွက်အန်ထွက်လာပြီး တုန်လှုပ်ခြောက်ခြားမှုများ၊ မယုံကြည်နိုင်မှုများ ပြည့်နှက်နေသော မျက်နှာဖြင့် နောက်သို့ ဒယိမ်းဒယိုင် ဆုတ်ခွာသွားတော့သည်။ ထိုအချိန်တွင် ယခင်ကရှိခဲ့သည့် သူ၏ပြင်းထန်သောယုံကြည်မှုများ ပျောက်ကွယ်သွားပြီဖြစ်သည်။
" ဒါလုံးဝ မဖြစ်နိုင်ဘူး ... "
သူက ရေရွတ်နေတော့သည်။
" ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ စောစောက လှေကားထစ်ကိုးထစ်ပဲ ရှိတာလေ "
မကြာသေးခင်က သူမြင်ခဲ့ရသည့် အရာများကို မယုံကြည်နိုင်လောက်အောင် ဖြစ်နေပြီး ၎င်းတို့မှာ ပုံရိပ်ယောင်တစ်ခုမျှသာဖြစ်မည်ဟု ယုံကြည်ထားသည်။ သူသည် မိစ္ဆာဧကရာဇ်မင်းဆက်မှ သူ၏မိတ်ဆွေ နတ်တစ်ပိုင်းအဆင့်ကျင့်ကြံသူများဆီသို့ပင် သွားလိုက်ပြီး သူတို့၏ ထင်မြင်ချက်များကို တောင်းဆိုလိုက်သည်။
သူသည် ထိုထဲမှတစ်ယောက်၏ လက်မောင်းကိုကိုင်၍ မေးလိုက်သည်။
" တာအိုရောင်းရင်းရှု … အမ်.... အဆင့်ခြောက်မှာ လှေကားထစ်ဘယ်လောက် ရှိတာလဲ "
ထိုလူကြီးမှာ လီတုံဟောင်၏ နီမြန်းနေသော မျက်ဝန်းများကိုမြင်လိုက်ရသောအခါ အလွန် အံ့အားသင့်သွားသည်။
ထိုနတ်ဘုရားတစ်ပိုင်းအဆင့်ကျင့်ကြံသူမှာ ခေတ္တမျှတွေဝေသွားပြီး ပြန်ဖြေလိုက်သည်။
" အမ်... ကိုးထစ်လေ။ ဘာလို့တုန်း … တစ်ခုခုလွဲနေလို့လား လီတုံဟောင် "
လီတုံဟောင်၏အသိစိတ်တစ်ခုလုံး ချာချာလည်နေပြီဖြစ်ပြီး အသက်ရှူသံများပင်မြန်လာတော့သည်။ သူသည် အဆင့်ခြောက်တွင် ရပ်နေသည့် အခြားနတ်ဘုရားတစ်ပိုင်းအဆင့် ကျင့်ကြံသူဆီသို့ ထပ်သွားလိုက်ပြီး ထိုမေးခွန်းကို ပြန်မေးလိုက်သည်။
" ကိုးထစ်လေ "
" အမ် ... ကိုးထစ်ရှိတာလေ။ လူတိုင်းသိတာပဲကို။ လျှို့ဝှက်ချက်ကြီးတစ်ခုလည်း မဟုတ်ပါဘူး "
" မင်းဘာလုပ်နေတာတုန်း လီတုံဟောင်။ ဒီလိုမျိုးတွေ တကယ်ကြီး လိုက်မေးဖို့ လိုလို့လား။ မင်းဟာမင်းသွားကြည့်ကြည့်လေကွာ "
လီတုံဟောင်မှာ ယခု အပြင်းအထန် တုန်ရီနေပြီဖြစ်ပြီး အရှက်တကွဲအကျိုးနည်း ဖြစ်နေပြီလည်းဖြစ်သည်။ တချိန်ထဲမှာပင် သူသည် ဒေါသများအလိပ်လိပ် ထွက်လာတော့သည်။
" ကိုးထစ်ဟုတ်လား။ မင်းတို့အကုန်လား။ ဘာလို့လဲ... ဘာလို့ငါ့ကျမှ အထစ်တစ်ရာရှိနေရတာလဲ "
ထိုအဆင့်ထဲတွင်ရှိနေခဲ့စဥ်က လီတုံဟောင်သည် မသေချာခဲ့ပါသော်လည်း ယခုတွင်မူ ဤယပ်တောင်ကြီးမှာ သူ့အား မုန်းတီးနေသည်ဖြစ်ကြောင်း သေချာသွားတော့သည်။ ထို့ကြောင့် သူ၏စိတ်နှလုံးထဲတွင် မျှော်လင့်ချက်များ ပျင်သုဥ်းသွားရတော့သည်။
လီတုံဟောင်ထံမှ စကားများကိုကြားလိုက်ရသောအခါ လူအများ တုန်လှုပ်သွားကြပြီး အနည်းငယ် သံသယဝင်လာကြတော့သည်။ သို့သော် စိန်ခေါ်မှုအဆင့်များမှာ အကြောင်းတစ်ခုခုကြောင့် တစ်ခါတရံတွင် ပို၍ခက်ခဲသွားနိုင်ကြောင်း သူတို့ ယူဆလိုက်ကြသည်။
" အာ ... လီတုံဟောင်က ကံဆိုးသွားတာပါ။ ဒီအဆင့်တွေက အဲဒီလောက်ကြီးလည်း အပြောင်းအလဲမမြန်ပါဘူး။ အဲဒီလိုပြောင်းလဲနေတဲ့အချိန်နဲ့ သူ ကြုံလိုက်ရတာ ထင်ပါတယ် "
" ငါတို့လည်း မြန်မြန်လုပ်မှရမယ်။ ပြောမရဘူး အဲဒီလှေကားထစ်တစ်ရာက ငါတို့မျက်စိရှေ့မှာ ပေါ်ရင်ပေါ်လာနိုင်တယ်... "
ခပ်လှမ်းလှမ်းတွင်မူ ပိုင်ရှောင်ချန်းမှာ သူတို့၏စကားများကို နားထောင်နေသည်။ သူသည် အရာရာတိုင်းကို မျက်မြင်ကိုယ်တွေ့ မြင်ခဲ့ရသည်မဟုတ်ပါလော။ အမှန်မှာ ပိုင်ရှောင်ချန်းပင် ထိုသို့သော လှေကားထစ်အထစ်တစ်ရာကို ကျော်လွှားနိုင်မည်ဟု သူ့ကိုယ်သူ ယုံကြည်မှု ရှိမနေပေ။
စစချင်း သူသည် ထိုဖြစ်ရပ်ကြီးကြောင့် အမှန်တကယ် အံ့အားသင့်သွားခဲ့ရသည်။
သို့သော် တခဏအကြာတွင် သူ၏စိတ်နှလုံးထဲတွင် ပျော်ရွှင်မှုများ ပေါက်ဖွားလာတော့သည်။
" ငါ...ငါက အဲဒီအဆင့် ပိုခက်ခဲသွားဖို့ပဲ တွေးလိုက်တာကို တကယ်ကြီး ခက်ခဲသွားတာ။ လှေကားထစ် အထစ်တစ်ရာတောင် ပေါ်လာတာပဲ "
သူ၏ ရှေ့တွင် ဧရာမတံခါးကြီးတစ်ချပ်ပွင့်သွားသည့်အလား သူ၏မျက်ဝန်းများမှာ တောက်ပစွာ လင်းလက်လာတော့သည်။
" အခုငါက ယပ်တောင်ရဲ့ နှစ်ဆယ်ရာခိုင်နှုန်းကို ထိန်းချုပ်နိုင်ပြီဆိုတော့ ပထမဆု အဆင့်နှစ်ဆယ်ကို ငါလိုသလို ခြယ်လှယ်လို့ရတယ်ဆိုတဲ့ အဓိပ္ပါယ်ပဲ "
" မင်းမေဘ … ငါတော်တော် တုံးအပါလား။ ဒီပထမဆုံးအဆင့်နှစ်ဆယ်ကို ဘယ်လိုကျော်ဖြတ်ရမလဲဆိုတာ စဥ်းစားနေစရာတောင် မလိုတော့ဘူးလေ "
" အခက်အခဲအဆင့်အတန်းကို ထိန်းချုပ်နိုင်စွမ်း ငါ့မှာရှိနေမှတော့ကွာ...အမယ်လေး ... ဒီနေရာမှာ ငါက ဘုရားသခင်လိုပဲပေါ့ကွ "
" ငါ့ပထမဆုံး ရည်ရွယ်ချက်က ငါ့အတွက်လွယ်ကူသွားအောင်လုပ်ဖို့မဟုတ်ပဲ တခြားလူတွေကို အဆင့်နှစ်ဆယ်အထက် မကျော်နိုင်အောင်လုပ်ဖို့ပဲ။ ဒီနတ်မီးလျှံစမ်းသပ်ပွဲပြီးဆုံးတာနဲ့ ... ငါပထမနေရာကို သိမ်းပိုက်နိုင်ရမယ် "
ရုတ်တရက် ဤယပ်တောင်စုတ်ကြီးပေါ်ရှိ သူ၏တာဝန်မှာ ယခင်ကထက်ပင် ပို၍စိတ်ဝင်စားစရာ ကောင်းလာတော့သည်။
" ဟားဟားဟား။ ပြောရမယ်ဆို ငါကဒီယပ်တောင်ရဲ့ အစောင့်အရှောက်လိုပဲကွ။ တစ်ခြား ဘယ်သူမှမအောင်မြင်အောင် ငါတားဆီးမှရမယ် "
သူ၏ တာဝန်အသစ်မှာ သိသိသာသာ ထင်ရှားသွားပြီဖြစ်၍ သူသည် မေးငေါ့ကာ သက်ပြင်းချလိုက်တော့သည်။ ထိုအချိန်တွင် ကောင်းကင်ဧကရာဇ်ဝိရူပက္ခတစ်ယောက် အဆင့်ဆယ့်ခုနစ်အား ကျော်ဖြတ်သွားသည်ကို သူ အာရုံခံမိလိုက်သည်။
သူသည် လုံးဝမရပ်ပဲ အဆင့်ဆယ့်ရှစ်ထဲသို့ ဝင်ရောက်သွားသည်။
" မြန်လှပါလား "
ပိုင်ရှောင်ချန်းက တအံ့တသြ ရေရွတ်လိုက်သည်။ သို့သော် သူ၏မျက်နှာပေါ်တွင် မရိုးသားသော အပြုံးတစ်စ ပေါ်ထွက်လာတော့သည်။
" လူလိမ်ကောင် ဝိရူပက္ခ။ ခင်ဗျားလို ကလိန်ကကျစ်ကျတဲ့ကောင်တွေကို ကျုပ်က အရမ်းမုန်းတာ။ ကောင်းပြီလေ ခင်ဗျားသာ ဒီအဆင့်ဆယ့်ရှစ်ကို ကျော်နိုင်ရင် ကျုပ်နာမည်ကို ခင်ဗျားအတိုင်း လိုက်ပြောင်းပေးမယ်ဗျာ "