စိတ်ဓာတ်ကျသွားသော ကောင်းကင်ဧကရာဇ်ဝိရူပက္ခ
Vol. 11 Ch. 1089
ထိုစဥ် ယပ်တောင်အစုတ်ကြီး၏ အဆင့်တစ်ဆယ့်ရှစ် ...
ခြစ်ခြစ်တောက်ပူနေသော ကန္တာကြီးတစ်ခု မျက်စိတဆုံး ရှိနေသည်။ ကန္တာရထဲ တိုက်ခတ်နေသည့် တဝီဝီမြည်နေသော လေပြင်းများကြောင့် ငေါထွက်နေသော ကျောက်တုံးအစွန်းများကို ဖုန်စ သဲစများက တိုက်စားနေ၏။
ထိုကန္တာရထဲတွင် ရပ်နေသူတိုင်း ထိုနေရာကြီးသည် အလွန်ခြောက်ကပ်ပြီး လူသူကင်းမဲ့နေကြောင်း သိနိုင်သည်။ အဆုံးမရှိသော သဲမုန်တိုင်းများထဲတွင် အရိုးစုများစွာ ပြည့်နှက်နေသည်ကိုလည်း ခပ်ရေးရေး မြင်ရသည်။ ထိုအရိုးစုများမှာ ဤနေရာတွင် လွန်ခဲ့သောနှစ်ပေါင်းများစွာမှနေ၍ ယခုအထိ သေဆုံးခဲ့ဖူးသည့်လူများ၏ အကြွင်းအကျန်ရုပ်အလောင်းများပင် ဖြစ်သည်။
အမှန်တွင် ထိုအရိုးစုများမှာ ဤနေရာတွင် အမှန်တကယ် သေဆုံးခဲ့ခြင်းလား သို့တည်းမဟုတ် ဤနေရာတွင် လာထားထားခြင်းလား ဝေခွဲရန် မဖြစ်နိုင်ပေ။ မည်သို့ပင်ဆိုစေကာမူ ကောင်းကင်ဧကရာဇ် ဝိရူပက္ခမှာ ဤအဆင့်ထဲသို့ ဝင်လိုက်သည်နှင့် အလွန်ကြီးမားသော အန္တရာယ်ကြီးတစ်ခုကို ခံစားလိုက်ရသည်။
သို့သော် ထိုအချင်းအရာမှာ သူ့ကို နှေးကွေးမသွားစေပေ။ သူသည် ပို၍ ခမ်းနားကြီးကျယ်ကာ သူရဲကောင်းဆန်လာသည်ဟူ၍ပင် ခံစားနေရတော့သည်။
" ထိပ်တန်းပြိုင်ပွဲဝင်ဆိုတဲ့ ရာထူးကိုရပြီးနောက်ပိုင်း ငါက အဆင့်တိုင်းကို အခြားလူတိုင်းထက် ကျော်ဖြတ်နိုင်စွမ်း ရှိသွားပြီကွ "
" သေချာတယ် ဒါရေစက်ပဲ။ ကံကြမ္မာကောင်းတွေကို ကောင်းကင်ဧကရာဇ် ဝိရူပက္ခဆိုတဲ့ ငါက ပိုင်ဆိုင်ထားတာပဲ။ ငါက ဒီမိုးမြေဧကရာဇ်အဆင့် ရတနာကြီးရဲ့ ပိုင်ရှင်ဖြစ်လာဖို့ သေချာပေါက် ကံပါလာတာပဲ "
သူသည် လက်နှစ်ဖက်ကို နောက်ပစ်၍ မားမားမတ်မတ် ရပ်နေသည့် မြင်ကွင်းမှာ ယုံကြည်မှု၏ ပြယုဂ်ကြီးတစ်ခုကဲ့သို့ပင်။
သူသည်လည်း ဤအဆင့်တစ်ဆယ့်ရှစ်ကို အခြားလူတိုင်းထက် အရင်ကျော်ဖြတ်နိုင်လိမ့်မည်ဟု အပြည့်အဝယုံကြည်ထားသည်။ ထိုယုံကြည်ချက်အများစုမှာ ကောင်းကင်ဧကရာဇ် မဟာစက်ဝန်းအဆင့်သို့ သူ ရောက်နေသည့်အတွက် ထွက်ပေါ်လာရခြင်းဖြစ်သည်။ ဤပျက်စီးနေသော ယပ်တောင်ကြီးတစ်ခုလုံးတွင် သူ့အား အနှောင့်အယှက်ပေးနိုင်မည့် တစ်ယောက်တည်းသောလူမှာ ဂူထျန်ကျွင်းသာ ရှိသည်။
ကောင်းကင်ဧကရာဇ် ဝိရူပက္ခမှာ ပိုင်ရှောင်ချန်းကို တွေးပူမနေပေ။ သူသည် မကြာသေးမီကမှ ကောင်းကင်ဧကရာဇ်အဆင့်သို့ ရောက်ရှိခဲ့သည်ဖြစ်ပြီး လူပြက်တစ်ယောက်ထက် မပိုပေ။ အစောပိုင်းက သူနှင့်ပြောဆိုဆက်ဆံရသည်မှာ စိတ်ကသိကအောက်ဖြစ်စရာကောင်းပါသော်လည်း လိုအပ်ပါက သူ့ကိုအလွယ်တကူသတ်နိုင်ကြောင်း သူက သိသည်။
" ဒီ အဆင့်ဆယ့်ရှစ်က အရင်ကအဆင့်တွေထက် ပိုခက်မယ်ဆိုတာ သေချာပေမဲ့ ငါ့ကိုတော့ ရပ်တန့်နိုင်မှာမဟုတ်ဘူးကွ။ အဆင့်နှစ်ဆယ်ကို ကျော်ပြီးရင် ဘယ်လိုမျိုး ရတနာတွေများ ရမလဲမသိဘူး "
သူသည် ပြုံးလျက် လှစ်ခနဲလှုပ်ရှားလိုက်ပြီး သဲမုန်တိုင်းအတွင်းသို့ ဦးတည်သွားလိုက်တော့သည်။
ထိုအချိန် သဲမုန်တိုင်းထဲရှိ မရေမတွက်နိုင်ေသာ သဲမှုန်များမှာ ဧရာမဦးခေါင်းကြီးတစ်လုံးအသွင် ပြောင်းလဲသွားကြသည်။ ကောင်းကင်ဧကရာဇ်အဆင့် ကျင့်ကြံခြင်းအခြေခံစွမ်းအားများနှင့်အတူ အားပါသော ဟိန်းဟောက်သံတစ်သံ ထွက်ပေါ်လာပြီး ထိုဦးခေါင်းကြီးမှာ ကောင်းကင်ဧကရာဇ် ဝိရူပက္ခကို ဝါးမျိုတော့မည့်အလား သူ့ဆီသို့ ခုန်အုပ်လိုက်တော့သည်။
ကောင်းကင်ဧကရာဇ် ဝိရူပက္ခ၏မျက်လုံးများ မှေးသွားပြီး တစ်ခဏလေးပင် ရပ်တန့်မနေပဲ ထိုကြောက်မက်ဖွယ် သဲဦးခေါင်းကြီးဆီသို့ မြားတစ်ချောင်းကဲ့သို့ ဦးတည်သွားတော့သည်။
ထို့နောက် ပေါ်ထွက်လာသည့် အုန်းခနဲမြည်ဟည်းသံကြီးမှာ အဆင့်တစ်ဆယ့်ရှစ်တစ်ခုလုံးကို အပြင်းအထန်တုန်ရီသွားစေတော့သည်။
ထိုသို့ဖြစ်ပျက်နေစဥ် ကောင်းကင်ဧကရာဇ် ဝိရူပက္ခ သတိမထားမိလိုက်သည့် အချင်းအရာတစ်ခု ဖြစ်သွားခဲ့သည်။ အဆင့်တစ်ဆယ့်ရှစ်၏ အထက်ကောင်းကင်ယံတွင် မျက်လုံးနှစ်လုံးက အရာရာတိုင်းကို စောင့်ကြည့်နေသည်။ ထိုမျက်လုံးများကား ပိုင်ရှောင်ချန်း၏ မျက်လုံးများပင် ဖြစ်ပေသည်။
မည်သည့်အချင်းအရာများဖြစ်ပျက်နေသည်ကိုမူ တစ်ယောက်တစ်လေပင် မသိကြပေ။ ပိုင်ရှောင်ချန်းမှာမူ အဆင့်တစ်ဆယ့်ရှစ်ထဲတွင် မည်သည်ကိုမှ အလောတကြီးမလုပ်ပေ။ ပထမဦးစွာ သူက အခြေအနေကို စောင့်ကြည့်အကဲခတ်နေတော့သည်။
ကောင်းကင်ဧကရာဇ် ဝိရူပက္ခမှာ စွမ်းအားကြီးမားသော တိုက်ခိုက်သူတစ်ယောက်ဖြစ်သည်ဆိုသည့်အချက်မှာ အသေအချာပင်။ သူသည် ထိုဧရာမဦးခေါင်းကြီးနှင့် လုံးထွေးသတ်ပုတ်နေစဥ် တအုန်းအုန်းမြည်သံများ ထွက်ပေါ်နေပြီး တုန်ခါလှိုင်းများမှာလည်း အံ့သြမှင်တက်ဖွယ်ကောင်းလောက်အောင် ပျံ့လွင့်နေကြသည်။ တခဏအကြာတွင် ကောင်းကင်ဧကရာဇ်အဆင့် တိုက်ပွဲစွမ်းရည်များပိုင်ဆိုင်ထားသည့် ထိုသဲဦးခေါင်းကြီးမှာ ကောင်းကင်ဧကရာဇ် ဝိရူပက္ခကို လုံးဝမယှဥ်နိုင်တော့ပေ။
" မင်းကို ဘယ်လို ဘဝဖျက်ပြမလဲဆိုတာ ရှုစားလိုက်စမ်း "
ပိုင်ရှောင်ချန်းက အေးစက်စက်နှာမှုတ်လိုက်ပြီး ရေရွတ်လိုက်သည်။ ဤကဲ့သို့ သြဇာအာဏာရထားသည့် ခံစားချက်ကြီးက အံ့သြဖွယ်ရာကောင်းပါသော်လည်း သူသည် ကောင်းကင်ဧကရာဇ် ဝိရူပက္ခ၏ တိုက်ပွဲစွမ်းရည်ကြောင့် အံ့အားသင့်သွားခဲ့ရသည်မှာတော့ အမှန်ပင်။
" ဒီကောင့်ရဲ့ အပြင်ခန္ဓာကိုယ်က ငါ့ထက်ကို သာလွန်တာပဲ။ ဒါပေမဲ့ သူ့ အားအင်ပြန်ပြည့်နိုင်စွမ်းက ငါ့ကိုမမှီဘူး။ သူ့နတ်ဘုရားအစွမ်းတွေကလည်း ငါ့ထက် အများကြီးပိုပြီး အားနည်းတယ်။ ပြီးတော့ သူ ဒီလိုပုံစံမျိုးနဲ့ အကြာကြီးတိုက်ခိုက်နိုင်မှာ မဟုတ်ပါဘူး "
သူသည် အရောင်တဖျတ်ဖျတ်လက်နေသော မျက်ဝန်းများဖြင့် စောင့်ကြည့်နေစဥ် ကောင်းကင်ဧကရာဇ် ဝိရူပက္ခက လက်နှစ်ဖက်ဖြင့် မန္တန်လက်ကွက်တစ်ခုဖော်လိုက်ပြီး ဧရာမသစ်ပင်ကြီးတစ်ပင်ကို ဆင့်ခေါ်ကာ ထိုသဲဦးခေါင်းကြီးကို ရိုက်နှက်လိုက်တော့သည်။
တစ်ချက်... နှစ်ချက်...သုံးချက်....
အချက်တိုင်း အချက်တိုင်း ထိုဦးခေါင်းကြီးကို နာကျည်းစွာ အော်ဟစ်မြည်တမ်းအောင် ပြုလုပ်နေတော့သည်။ ကောင်းကင်ဧကရာဇ် ဝိရူပက္ခမှာမူ ရိုက်ချက်တိုင်းနှင့်အတူ ရှေ့သို့ တိုးသွားသဖြင့် ဦးခေါင်းကြီးထဲသို့ပင် ရောက်သွားတော့သည်။ သူသည် မည်သည့်မှော်အတတ်ကိုမှမသုံးပဲ ထိုဦးခေါင်းကြီးကို နှစ်ခြမ်းခွဲနေသည်သာ ဖြစ်သည်။
ထိုမြင်ကွင်းကြောင့် ပိုင်ရှောင်ချန်းမှာ အနည်းငယ် စိုးရိမ်ထိတ်လန့်စပြုလာတော့သည်။ ထိုဧရာမသစ်ပင်ကြီး၏ ဖျက်ဆီးနိုင်သောအငွေ့အသက်မှာ တုန်လှုပ်ဖွယ်ကောင်းလှသဖြင့် ကောင်းကင်ကြီးပင် မှေးမှိန်သွားရပြီး သဲမှုန်များစွာ အရပ်မျက်နှာအနှံ့သို့ လွင့်စင်သွားကြတော့သည်။
နောက်ဆုံးတွင် ကောင်းကင်ဧကရာဇ် ဝိရူပက္ခက နတ်ဘုရားအစွမ်းတစ်ခုကိုသုံး၍ သူ၏အပြင်ခန္ဓာကိုယ်နှင့် ကျင့်ကြံခြင်းအခြေခံကို ပေါင်းစည်းလိုက်ပြီး ဖျက်ဆီးနိုင်စွမ်း အလွန်ကြီးမားသော တိုက်ကွက်ကြီးတစ်ခုကို ထုတ်ဖော်လိုက်တော့သည်။
ထိုသဲဦးခေါင်းကြီးမှာ ပျက်စီးသွားပြီး တည်နေရာရွှေ့ပြောင်းခြင်း အလင်းရောင်များ ခပ်ရေးရေးပေါ်လာပြီဖြစ်သည်။ ပိုင်ရှောင်ချန်းမှာ တုန်လှုပ်နေပါသော်လည်း အစောပိုင်းက သူပြောခဲ့သည့် သူ၏နာမည်ကို ကောင်းကင်ဧကရာဇ် ဝိရူပက္ခအတိုင်း လိုက်ပြောင်းမည်ဟူသော စကားကို မမေ့သေးပေ။ ထို့ကြောင့် သူသည်လုံးဝတွေဝေမနေပဲ သူနှင့် ယပ်တောင်ကြီးအကြားရှိ ချိတ်ဆက်မှုကိုအသုံးချ၍ အဆင့်တစ်ဆယ့်ရှစ်၏ ခက်ခဲမှုအဆင့်ကို တိုးမြှင့်လိုက်သည်။
ထိုအချိန်တွင် ကောင်းကင်ဧကရာဇ် ဝိရူပက္ခ၏ ကျယ်လောင်လှသော ရယ်မောသံကြီးမှာ ကန္တာရကြီးတစ်ခုလုံးတွင် ပဲ့တင်ထပ်နေပြီး သူသည် သူ တိုက်ခိုက်အနိုင်ယူခဲ့သည့် သဲဦးခေါင်းကြီး၏ ကွဲနေပြီဖြစ်သော အခြမ်းနှစ်ခြမ်းကို ကြည့်နေသည်။ ထိုတိုက်ပွဲကြောင့် သူ၏ ကျင်ကြံခြင်းအခြေခံနှင့် အပြင်ခန္ဓာကိုယ် စွမ်းအားနှစ်မျိုးစလုံး အလွန်အမင်း ကုန်ခမ်းသွားခဲ့ပါသော်လည်း သူ၏ နှလုံးသားထဲတွင် ဂုဏ်ယူမှုများဖြင့် ပြည့်နှက်နေပြီဖြစ်သည်။
" ဂူထျန်ကျွင်းနဲ့ ဝိညာဥ်ဝါးမျိုသခင်တို့က ဒီအဆင့်တစ်ဆယ့်ရှစ်ကို ကျော်ရင်ကျော်နိုင်လိမ့်မယ်။ ဒါပေမဲ့ တစ်ခြားဘယ်ကောင်းကင်ဧကရာဇ်အဆင့် ကျင့်ကြံသူကမှ ကျော်နိုင်မှာမဟုတ်ဘူး။ အခုအဆင့်ကို ကြည့်တာနဲ့ အဆင့်ဆယ့်ကိုးနဲ့ အဆင့်နှစ်ဆယ်က ဘယ်လောက်ခက်မလဲဆိုတာ ကောင်းကောင်းကြီး ခန့်မှန်းလို့ရတယ် "
" ကောင်းပြီလေ။ ပိုခက်လေ ဆုလာဒ်တွေက ပိုကောင်းလေပဲကို။ ဒီအမွေအနှစ်က ငါနဲ့ တကယ်ထိုက်တန်တယ်ဆိုတာ သက်သေပြပြီးသား ဖြစ်သွားတာပေါ့ "
သူသည် ရယ်မောကာ သူ၏ဘေးပတ်ပတ်လည်တွင် စုဝေးလာနေသည့် တည်နေရာရွှေ့ပြောင်းခြင်းအလင်းရောင်များကို ကြည့်လိုက်ပြီး ရင်ပြင်ဆီသို့ပြန်သွားကာ အသက်ရှူလေ့ကျင့်ခန်းအနည်းငယ်လုပ်ရန် ပြင်လိုက်သည်။
" ငါ ဒီယပ်တောင်ကြီးရဲ့ ပိုင်ရှင်ဖြစ်လာတာနဲ့ အရင်ဆုံး ပိုင်ရှောင်ချန်းကို သတ်ရမယ်။ သူ့ အားအင်ပြန်ပြည့်နိုင်စွမ်းတွေက တော်တော်ကို သန်မာလွန်းတယ်။ သူသာအသက်ရှင်နေမယ်ဆိုရင် အနာဂတ်မှာ သေချာပေါက်ပြဿနာတစ်ခု ဖြစ်လာနိုင်တယ် "
သူသည် ပိုင်ရှောင်ချန်း၏ အခြေအနေကို အကဲခတ်လိုက်ပြီး သူသည် အဆင့်ခုနစ်ကို ယခုအထိ မကျော်ဖြတ်ရသေးကြောင်း သိလိုက်ရသောအခါ လှောင်ပြောင်သည့်အမူအရာဖြင့် နှာမှုတ်လိုက်တော့သည်။ သူသည် ဤ ယပ်တောင်အစုတ်ကြီးမှာ သူ့အတွက် ကံကြမ္မာကောင်းများ ယူဆောင်လာပေးသော အရာကြီးတစ်ခုဖြစ်ပြီး သူ့အား လောကနတ်ဘုရားအဆင့်သို့ တွန်းပို့ပေးနိုင်လိမ့်မည်ဟု ယုံကြည်ထားသည်။
ကောင်းကင်ဧကရာဇ်ဝိရူပက္ခ၏ နှလုံးသားထဲတွင် ဂုဏ်ယူမှုများ၊ ရဲစွမ်းသတ္တိများဖြင့် ပြည့်နှက်နေ၏။ ထိုအချိန်တွင် စုဝေးလာနေသည့် တည်နေရာရွှေ့ပြောင်းခြင်း အလင်းရောင်များမှာ ရုတ်တရက်ကြီး ပျောက်ကွယ်သွားတော့သည်။
" ဟင်... "
သူသည် သူ့ကိုယ်သူနှင့် ပတ်ပတ်လည်ရှိ ကန္တာရကြီးကို ငုံ့ကြည့်လိုက်၏။
" ဘာတွေဖြစ်နေတာတုန်း "
သူ မည်သည့်အရာမှ မလုပ်နိုင်ခင် ဧရာမ သဲမုန်တိုင်းကြီးမှာ ယခင်ကထက် ပို၍ပြင်းထန်သော အမျက်ဒေါသကြီးတစ်ခုနှင့်အတူ ထပ်မံ ပေါ်ထွက်လာသည်။ ထို့အပြင် အစောပိုင်းက တစ်လုံးထဲသော ဦးခေါင်းထက် တိုက်ပွဲစွမ်းရည်များစွာသာလွန်နေသည့် ဧရာမဦးခေါင်းကြီး နှစ်လုံးလည်း ပေါ်ထွက်လာပြန်သည်။
၎င်းတို့မှာ အော်ဟစ်မြည်တမ်း၍ ကောင်းကင်ဧကရာဇ် ဝိရူပက္ခဆီသို့ ဦးတည်လာကြတော့သည်။
ကောင်းကင်ဧကရာဇ် ဝိရူပက္ခသည် တစ်စုံတစ်ခု ထူးဆန်းနေပြီဖြစ်ကြောင်း ခံစားလိုက်ရသော်လည်း တွေးတောကြံစည်နေရန် အချိန်မရှိတော့ပေ။ ထိုခေါင်းနှစ်လုံး အနီးသို့ရောက်လာသောအခါ သူသည် အသက်ပြင်းပြင်းရှူလိုက်ပြီး သူ၏ နတ်ဘုရားအစွမ်းများနှင့် မှော်အတတ်များကို ထုတ်၍ တိုက်ခိုက်ရန်ပြင်လိုက်တော့သည်။
ထိုတိုက်ပွဲကြီးမှာ ပြင်းထန်လွန်းလှသဖြင့် ကမ္ဘာကြီးမှာ ပျက်စီးသွားတော့မည့်အလားပင်။ ကောင်းကင်ဧကရာဇ် ဝိရူပက္ခမှာ လုံးဝအလျှော့မပေးချေ။ စိတ်ဆန္ဒစွမ်းအားနှင့်ပတ်သတ်သော တာအိုမှော်အတတ်များမှလွဲ၍ သူသည် သူ၏ဝှက်ဖဲများအပါအဝင် တတ်နိုင်သမျှ အရာအားလုံးကို ထုတ်သုံးနေတော့သည်။ အမွှေးတိုင်နှစ်တိုင် လောင်ကျွမ်းစာအချိန် ကြာမြင့်သွားသောအခါ ဦးခေါင်းနှစ်လုံးစလုံးကို သူ ဖျက်ဆီးသွားနိုင်တော့သည်။ သူသည် သွေးများဖြင့်စိုရွှဲကာ တုန်ရီနေပါသော်လည်း အနိုင်ရရှိသွားသည်။
" ကြည့်ရတာ အဆင့်ဆယ့်ရှစ်ကို ငါအထင်သေးခဲ့မိတယ်နဲ့တူတယ်။ အေး သေးတော့ရော ဘာဖြစ်လဲကွာ ... "
သူသည် ခေါင်းကိုနောက်ပစ်၍ အားပါးတရ ရယ်မောလိုက်တော့သည်။
ထိုအခါ အဆင့်တစ်ဆယ့်ရှစ်မှာ တွ့န်လိမ်ကွေးကောက်သွားပြီး ကောင်းကင်ဧကရာဇ် ဝိရူပက္ခမှာ လက်ရှိအခြေအနေကို နားလည်သဘောပေါက်သွားတော့သည်။ သူ၏မျက်နှာ အမူအရာ လှစ်ခနဲ ပြောင်းလဲသွားပြီး သူက ဘေးဘီဝဲယာကို စိုးရိမ်တကြီးဖြင့် လှည့်ပတ်ကြည့်ရှုလိုက်တော့သည်။
" မဟုတ်မှလွဲရော မပြီးသေးဘူးလား "
သူက ထိုသို့ပင့်သက်ရှိုက်နေစဥ် သူ၏ပတ်ပတ်လည်ရှိ ကမ္ဘာကြီးတစ်ခုလုံး တုန်လှုပ်ခြောက်ခြားဖွယ် ထစ်ချုန်းသံများဖြင့် ပြည့်နှက်သွားတော့သည်။
သဲမုန်တိုင်းကြီးမှာ နောက်ထပ်တစ်ကြိမ် တဝီဝီ ပေါ်ထွက်လာပြီး ကမ္ဘာကြီးထဲတွင် ပြည့်နှက်သွားကာ ဧရာမဦးခေါင်းကြီး ဆယ်လုံးအသွင် ပြောင်းလဲသွား၏။
ထိုမျှလောက်သာဆိုပါက ရေးကြီးခွင်ကျယ် မဟုတ်သေးပေ။ သို့သော် မြေပြင်ထဲမှ မီတာသုံးသောင်းခန့်ရှည်လျားသော လက်ကြီးတစ်ဖက် ဆန့်ထွက်လာသဖြင့် ကောင်းကင်ဧကရာဇ် ဝိရူပက္ခမှာ အံ့သြမှင်တက်သွားရတော့သည်။ ထို့နောက် နောက်ထပ် တစ်ဖက်ပြီးတစ်ဖက် ဆက်တိုက်ထွက်ပေါ်လာပြန်သည်။ အမှန်မှာ လူ့ဘီလူးပေါင်းများစွာ မြေပြင်ထဲမှ ထိုးထွက်လာနေကြခြင်း ဖြစ်ပေသည်။
လူ့ဘီလူးဆယ်ကောင်တိတိ ရှိသည်။ သူတို့၏ ဦးခေါင်းများမှာ ကောင်းကင်ကြီးနှင့်ပင် ထိနေပြီး သူတို့သည် ကောင်းကင်ဧကရာဇ် ဝိရူပက္ခကို ဝန်းရံလိုက်ကြသဖြင့် သူသည် အကြင်နာတရားကင်းမဲ့သည့် လူရမ်းကားတစ်စု၏ ဝန်းရံခြင်းကို ခံထားရသော ကူရာကယ်ရာမဲ့နေသည့် ကလေးမလေးတစ်ယောက်အသွင် ဖြစ်နေတော့သည်။
သူတို့၏ စွမ်းအင်များကြောင့် တစ်ကမ္ဘာလုံး တုန်ခါနေပြီး ကြောက်မက်ဖွယ်ကောင်းလောက်အောင် မည်းမှောင်သွားတော့သည်။
ကောင်းကင်ဧကရာဇ် ဝိရူပက္ခမှာမူ ဘေးဘီဝဲယာသို့ လှည့်ပတ်ကြည့်ကာ ဆိုလိုက်တော့သည်။
" ... "