အခွင့်အရေးယူခြင်း
Vol. 11 Ch. 1090
" မဖြစ်နိုင်ဘူး ... ဒါ လုံးဝ မဖြစ်နိုင်ဘူး ... "
ကောင်းကင်ဧကရာဇ်ဝိရူပက္ခမှာ လူ့ဘီလူးဆယ်ကောင်စွမ်းအား၏ ကြောက်စရာကောင်းလှသည့် သဘောသဘာဝကြောင့် တဆတ်ဆတ်တုန်ယင်ကာ ငေးကြောင်ကြောင်မျက်ဝန်းများဖြင့် ဘေးဘီဝဲယာကို လှည့်ပတ်ကြည့်လိုက်သည်။
၄င်းက လောကနတ်ဘုရားအဆင့် မဟုတ်သော်လည်း နီးကပ်သည်။ ဤသည်မှာ နတ်မီးလျှံစမ်းသပ်ပွဲတစ်ပွဲသာ ဖြစ်သော်လည်း ယခုလောလောဆယ်တွင် ကောင်းကင်ဧကရာဇ် ဝိရူပက္ခသည် ထိုအချက်ကို လုံးလုံးလျားလျား မေ့သွားလေပြီ။ ယခု သူ ရင်ဆိုင်နေရသည့် ရန်သူများမှာ မတန်တဆ အစွမ်းထက်လွန်းသဖြင့် ယပ်တောင်အစုတ်ကြီးက သူ့ကို ကျီစားနေသည်လားပင် သိချင်လာတော့သည်။
သူ့အတွက် ဤကဲ့သို့ရန်သူများကို တိုက်ခိုက်ရန်မှာ ဘယ်နည်းနှင့်မှ မဖြစ်နိုင်ပေ။ လူ့ဘီလူးဆယ်ကောင်က ကောင်းကင်ဧကရာဇ်ဝိရူပက္ခထံ ကောင်းကင်ကိုဖျက်စီးကာ မြေပြင်ကို ဖြိုခွင်းနိုင်သည့် အားကြီး ထုတ်လွှတ်လိုက်သည်ဖြစ်၍ တဂျိန်းဂျိန်းထစ်ခြုန်းသံများ ပဲ့တင်ထပ်သွားတော့သည်။
သူတို့သည် ရက်စက်ကြမ်းကြုတ်သော သားရဲကြီးဆယ်ကောင်အလား ထောက်ထားညှာတာမှုမရှိဘဲ ခြေဆောင့်နင်းချလိုက်၏။
၄င်းမှာ ကြောက်မက်ဖွယ်မြင်ကွင်းကြီးတစ်ရပ်ဖြစ်လေရာ ပိုင်ရှောင်ချန်းပင် ပင့်သက်ရှိုက်သွားရသည်။
သွေးပျက်မတတ် စူးစူးဝါးဝါး အော်သံများ အဆင့်ဆယ်ရှစ်ကမ္ဘာတွင် ပြည့်နှက်သွားသော်လည်း ကံကောင်းထောက်မစွာ သိပ်မကြာလိုက်ပေ။ ဤနတ်မီးလျှံစမ်းသပ်ပွဲမှာ သေစေနိုင်သောအမျိုးအစားမဟုတ်သည့်အပြင် သေဆုံးခြင်းများအား ခွင့်မပြုသည်မဟုတ်ပါလော။ အဆိုးဆုံးအနေနှင့် မအောင်မြင်သော မည်သူမဆို အဆင့်၏အပြင်ဘက်သို့ တည်နေရာရွှေ့ပြောင်းခံရမည်သာ ဖြစ်သည်။
ကောင်းကင်ဧကရာဇ်ဝိရူပက္ခမှာ မသေသော်လည်း သေလုေမျာပါး ခံစားလိုက်ရသည်။ သူ၏မာနများအားလုံး၊ အဆင့်များကိုကျော်ဖြတ်၍ တည်ဆောက်ခဲ့သော အရှိန်အဟုန်များအားလုံး ကြက်ပျောက်ငှက်ပျောက် ပျောက်ကုန်လေပြီ။
ယပ်တောင်အစုတ်ကြီးအတွင်းရှိ သဘာဝနိယာမများက သူ့ကိုကန်ထုတ်ပြီး အပြင်ဆွဲထုတ်ပေးသည့်အတွက် ကျေးဇူးသာ တင်နေနိုင်တော့သည်။ ထိုသို့မဖြစ်ခဲ့လျှင် သူ့အဖြစ်က အမှန်စင်စစ် သနားစရာကောင်းလှပြီး မျှော်လင့်ချက်မရှိသော အခြေအနေသို့ ကျရောက်နေမည်ဖြစ်၏။
အပြင်ဘက် ပင်မရင်ပြင်တွင် တည်နေရာရွှေ့ပြောင်းခြင်းအလင်းများ တလက်လက်တောက်ပလာပြီး ကောင်းကင်ဧကရာဇ်ဝိရူပက္ခ ပေါ်လာသည်။ ပထမဆုံး သူက သွေးတစ်လုပ်ပွက်ခနဲ အန်လိုက်ပြီး မယုံကြည်နိုင်မှုများဖြင့် မျက်လုံးများတောက်ပလျက် ယခုလေးတင် သူ လာခဲ့သော ယပ်တောင်အရိုးကို ကြည့်ရန် နောက်သို့ ဒယိမ်းဒယိုင်ဆုတ်လိုက်၏။
" ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ … မဖြစ်နိူင်ဘူး။ ဒီခက်ခဲမှုအဆင့် ... အဆင့်ဆယ့်ရှစ်က တကယ်ကြီး ဒီလောက်ခက်နေရင် အဲဒီနောက်ပိုင်း အဆင့်တွေက မတန်မဆခက်မှာပဲ။ ဒီမှာ ထူးဆန်းတာ တစ်ခုခုတော့ ဖြစ်နေပြီ "
ကောင်းကင်ဧကရာဇ်ဝိရူပက္ခမှာ ဝမ်းနည်းပက်လက်ဖြစ်နေရုံသာမက အတန်ငယ်ဒေါသလည်းထွက်လာလေသည်။
ပင်မရင်ပြင်တွင် စုဝေးနေကြသော အခြားလူများသည် ကောင်းကင်ဧကရာဇ်ဝိရူပက္ခမှာ မည်မျှတွေဝေနေပြီး မည်မျှဆိုးဆိုးရွားရွားတုန်ရီနေကြောင်း မြင်နေရသည်။ သူ အဆင့်အား မကျော်ဖြတ်နိုင်ခဲ့သည်ကို ကောက်ချက်ချရန် များများစားစားတွေးတောစရာပင် မလိုပေ။
" ကောင်းကင်ဧကရာဇ်ဝိရူပက္ခက အဆင့်ဆယ့်ရှစ် မှာပဲရှိသေးတာလား။ ပြီးတော့ တကယ် ကျရှုံးခဲ့တယ်ပေါ့ "
" အဲဒီအဆင့်နဲ့ပတ်သက်ပြီး မူမမှန်တာတစ်ခုခုရှိရမယ်။ မဟုတ်ရင် လက်ဖျားခါလောက်တဲ့ ကောင်းကင်ဧကရာဇ်ဝိရူပက္ခက ဘယ်လိုလုပ် ကျရှုံးပြီး မှုန်ကုပ်နေတဲ့ပုံပေါ်မှာတုန်း "
စကားများပျံ့နှံ့နေစဥ် ပိုင်ရှောင်ချန်းက ချောင်းဟန့်ပြီး မျက်တောင်ပုတ်ခတ်ပုတ်ခတ်ဖြင့် ထိုင်နေ၏။ သူက မျက်လုံးထောင့်စွန်းမှ ကောင်းကင်ဧကရာဇ်ဝိရူပက္ခကို မသိမသာ စွေစောင့်ကြည့်ကာ သူ့ရင်ထဲတွင် စိတ်လှုပ်ရှားဂုဏ်ယူခြင်းများဖြင့် ပြည့်နှက်နေတော့သည်။
" ခင်ဗျားက မသမာတဲ့နည်း သုံးတာကိုး။ ဟမ် … ကိုယ်တော်ပိုင်နဲ့ ယှဥ်ဖို့ ဘယ်လိုတောင် ကြိုးစားရဲတာတုန်း "
သူ၏ နှုတ်ခမ်းထောင့်စွန်းသည် မထိတထိ အပြုံးတစ်စအဖြစ် ကွေးတက်သွား၏။
ကောင်းကင်ဧကရာဇ်ဝိရူပက္ခ၏ ကို့ရို့ကားရားအခြေအနေက ပိုင်ရှောင်ချန်း၏ ဒေါသအနည်းငယ်ကို ပြေပျောက်သွားစေလေသည်။ ထိုလူကား သူ့ကို ပေါ်တင်ရန်စခဲ့ပြီးနောက် ခြိမ်းပင် ခြိမ်းခြောက်ခဲ့သေးသည် မဟုတ်ပါလော။ ထိုသည်ကို ထည့်တွက်ပါက အဆင့်ကို နည်းနည်းပါးပါးပိုခက်သွားအောင် လုပ်ခြင်းက အမှန်တကယ်ဆိုရလျှင် ညှာတာပေးထားခြင်း ဖြစ်ပေသည်။
" အီး အဲဒါ ငါ့အကြီးမားဆုံး အားနည်းချက်ပဲ။ ငါက ကြင်နာတတ်လွန်းတယ်။ ကျင့်ကြံခြင်းကမ္ဘာမှာ ကြီးနိုင်ငယ်ညှင်းဝါဒက လွှမ်းမိုးထားတာပဲ။ ငါတကယ် အဲဒီလောက် သဘောထားမကောင်းသင့်ပါဘူးကွာ "
သူက သက်ပြင်းချ၍ ကြောင်တောင်တောင်ဖြစ်နေသော ကောင်းကင်ဧကရာဇ်ဝိရူပက္ခကို တခဏကြာ ထပ်မံလှမ်းကြည့်ပြီးနောက် အခြားပြိုင်ပွဲဝင်များအခြေအနေကို အကဲခတ်လိုက်သည်။ တစ်ချက်တည်းနှင့် သူသည် သူတို့အားလုံးအတွက် ခက်ခဲမှုအဆင့်ကို မြှင့်တင်လိုက်သည်။
မကြာမီ နှစ်နိုင်ငံလုံးမှ နတ်ဘုရားတစ်ပိုင်းအဆင့်နှင့်နတ်အဆင့် ကျင့်ကြံသူများ ပင်မရင်ပြင်သို့ ပြန်ပို့ခံရသဖြင့် တည်နေရာရွှေ့ပြောင်းခြင်းအလင်းများ တလက်လက် ထလာတော့သည်။ သူတို့အားလုံး သွေးများအန်နေကြပြီး အလွန်ဇဝေဇဝါဖြစ်နေပုံရ၏။
" မဖြစ်နိုင်တာ။ မနေ့က အဆင့်သုံးမှာ သားရဲသုံးကောင်နဲ့ ငါ တိုက်ခိုက်ခဲ့ရတယ်။ ဒါပေမဲ့ ဒီနေ့ကျ အကောင်သုံးရာတောင်ပဲ "
" သောက်ကျိုးနည်းကွာ … မင်းတို့ကောင်တွေ အခုလေးတင်ဖြစ်ခဲ့တာကို ယုံနိုင်မှာတောင် မဟုတ်ဘူး ။ အဆင့်ငါးမှာ ငါ တကယ်ကြီး ကောင်းကင်ဧကရာဇ်အဆင့်ရုပ်သေးရုပ်တစ်ရုပ်နဲ့ တိုက်ခဲ့ရတာ "
" အဲဒါ ဘာမှမဟုတ်ဘူး။ ငါ့ချီးတဲ့မှပဲ … ငါ တကယ်ဆို အဆင့်ခုနစ် ပြီးတော့မလို့ ဒါပေမဲ့ အဆုံးမရောက်ခင်လေးမှာတင် ဝင်္ကဝါအသက်ဝင်လာပြီး ငါ့ပတ်ပတ်လည်ကို ပြောင်းလာတော့တာပဲ "
လူတိုင်း တစ်ခါတည်း အရူးအမူးပြောနေကြသဖြင့် နောက်ဆုံးတွင် ကောင်းကင်ဧကရာဇ်ဝိရူပက္ခ၏ မျက်လုံးများ ရုတ်တရက် ခက်ထန်တင်းမာသွားသည်။
" ခက်ခဲမှုအဆင့် မြင့်သွားပြီ "
ဤသုံးသပ်ချက်ကို လူတိုင်း တွေးမိချိန်မှာပင် ဂူထျန်ကျွင်း၊ စီမာယွမ်ဟွာ၊ မူလနတ်ဆိုးမင်းသားနှင့် ဝိညာဥ်ဝါးမျိုသခင်တို့အားလုံး တည်နေရာရွှေ့ပြောင်းလာကြသည်။ ကောင်းကင်ဧကရာဇ်တစ်ဖွဲ့လုံး ခက်ခဲမှုအဆင့်မမြင့်ခင်အထိ ခံနိုင်ခဲ့သော အဆင့် ဆယ့်ခြောက်တွင် ပိတ်မိနေခဲ့ကြသည်။ ယခုလောလောဆယ်တွင် သူတို့အားလုံး၌ အလွန်အရုပ်ဆိုးသောမျက်နှာထားများ ရှိနေကြတော့သည်။
ပိုင်ရှောင်ချန်းမှာ သိသိသာသာ ဝမ်းမြောက်နေသော်လည်း သူ့မျက်နှာပေါ်တွင် မပြသပေ။ ထိုအစား သူက မှုန်ကုပ်နေ၏။ သူက သရုပ်ဆောင်မှုပီပြင်စေရန် လှည့်ပတ်ကြည့်သည့်အလား အဆင့်ခုနစ်ကို သုတ်သီးသုတ်ပျာ သွားလိုက်သည်။
ပြန်ထွက်လာသည်နှင့် သူက ကောက်ချက်ချလိုက်သည်။
" အဆင့်ခုနစ်က တကယ် ပြောင်းသွားတာပဲ။ မင်းမေဘ … မင်းတို့ကောင်တွေ အဲဒီမှာ ငါ ဘာမြင်ခဲ့လဲ ယုံမှာမဟုတ်ဘူး။ လုံးဝကြောက်စရာကောင်းချက်ပဲဗျို့ "
အခြားအခြေအနေတွင် ပိုင်ရှောင်ချန်း၏ လွန်ကျူးသောအော်ဟစ်သံများက အေးစက်စက်ရယ်သံများကို လှုံ့ဆော်မည်ဖြစ်သည်။ သို့သော် ယခုတွင် လူတိုင်းမှာ လွန်စွာတင်းမာနေကြ၍ သတိပင်မထားမိကြပေ။
သူတို့အားလုံး မည်သည့်အတွက်ကြောင့် ရုတ်တရက် ကျရှုံးမှုများအား ရင်ဆိုင်ခဲ့ရသည်ကိုရှာဖွေရန် ကြိုးစားနေကြသည်။
ယပ်တောင်အစုတ်ကြီး၏ စမ်းသပ်ပွဲများ စတင်သည်မှာ လဝက်ခန့် ရှိလာခဲ့ပြီဖြစ်ပြီး ယခုတွင် သူတို့အားလုံး အလွန်တွေဝေ၍ မျှော်လင့်ချက်များကင်းမဲ့နေကြတော့သည်။
ပိုင်ရှောင်ချန်း၏ အစီအစဥ်မှာ နှစ်လကုန်မည့်အချိန် အကန့်အသတ်အထိ စောင့်ရန်သာ ဖြစ်သည်။ သို့သော် မည်သူက လဝက်ခန့်သာ ကြာလိမ့်မည်ဟု ခန့်မှန်းမိမည်နည်း။ ရုတ်တရက် စိတ်စွမ်းအင်အဆင့်မြှင့်တင်မှု၏ စွမ်းအားကြောင့် အထိုးနှက်ခံရပြီးနောက်ပိုင်း တဖြေးဖြေးအိပ်မောကျသွားခဲ့သော ယပ်တောင်အစုတ်၏ အစောင့်အရှောက်ဝိညာဥ် နိုးထလာ၏။
ထစ်ခြုန်းမြည်ဟည်းသံများ ယပ်တောင်အစုတ်ကြီးတွင် ပြည့်နှက်သွားပြီး အဆင့်များအားလုံး ပုံမှန်ပြန်ဖြစ်သွားသည်။ မည်သည့်အဆင့်မှ ခက်ခဲမှုအဆင့်များအဖြစ်သို့ ထပ်တိုးမြှင့်ခြင်း မခံရတော့ပေ။
ထိုမျှသာမက နိုးထလာပြီးနောက် အစောင့်အရှောက်ဝိညာဥ်သည် ယပ်တောင်၏အပြည့်အဝထိန်းချုပ်မှုကို ပြန်လုယူလိုသည့်အလား ပိုင်ရှောင်ချန်းအား မမှိန်မသုန် အာရုံစိုက်လိုက်သည်။ ထို့ကြောင့် ကျင့်ကြံခြင်းအခြေခံကိုလှည့်ပတ်ကာ ယပ်တောင်နှင့်သူ၏ထူးဆန်းသော ဆက်သွယ်မှုကို ထိန်းသိမ်းရန် အကောင်းဆုံးကြိုးစားလျက် ထိုင်နေသော ပိုင်ရှောင်ချန်းအတွက် အတော်လေးချောက်ချားစရာ ကောင်းသည်။
သူသည် မုန်တိုင်းထန်နေသော ပင်လယ်ပြင်ထဲက လှေငယ်လေးပမာ သူ၏ဆက်သွယ်မှု ရက်ရက်စက်စက် အတိုက်အခိုက်ခံနေရ၍ ခေါင်းတစ်ခုလုံး ချာချာလည်နေတော့သည်။ သူသာ နတ်ဘုရားတစ်ပိုင်းအဆင့်ဆိုပါက သူ၏စိတ်အစဥ် ဖောက်ပြန်သွားပြီး ဆက်သွယ်မှု ပြတ်တောက်သွားမည်ဖြစ်သည်။
သို့သော် ယခုတွင် ပိုင်ရှောင်ချန်းသည် ကောင်းကင်ဧကရာဇ်တစ်ပါးဖြစ်ပြီး တန်ပြန်မတိုက်ခိုက်နိုင်ပါသော်လည်း သူ့ကိုယ်သူတော့ ကာကွယ်နိုင်သည်။ ကံဆိုးစွာပင် သူ မည်မျှတောင့်ခံထားနိုင်မည်ကို သူမသိပေ။
ကောင်းကင်ဧကရာဇ်များ အပါအဝင် ပတ်ဝန်းကျင်ရှိတစ်ဦးတစ်ယောက်မှ ဖြစ်ပျက်နေသည်များအား မသိပေ။ဤသည်မှာ သူတို့ထက် များစွာ သာလွန်သော တိုက်ပွဲအဆင့်ဖြစ်၍ သတိပင် မထားမိကြချေ။
ပိုင်ရှောင်ချန်း၏မျက်နှာ တဖြေးဖြေး ဖြူဖပ်ဖြူလျော် ဖြစ်လာကာ တဆတ်ဆတ်တုန်ယင်နေသည့် အတောအတွင်း လေးနာရီ ကုန်ဆုံးသွားလေပြီ။ သူက သူ၏ကျင့်ကြံခြင်းအခြေခံကို အဆုံးစွန်ထိ ထုတ်ဖော်လိုက်ပြီး သူ၏စိတ်မှာ ဖိအားကို မကိုင်တွယ်နိုင်သည့်အဆင့်သို့ ရောက်နေလေပြီ။ ထိုအချိန် သူ၏ ယပ်တောင်နှင့် ထူးဆန်းသောဆက်သွယ်မှု ပြတ်တောင်ခါနီးဆဲဆဲ စိတ်ပျက်လက်ပျက်ဟိန်းဟောက်သံတစ်သံကို ကြားလိုက်ရကာ အစောင့်အရှောက်ဝိညာဥ်မှာ တဖြေးဖြေး ထပ်မံအိပ်ပျော်သွားတော့သည်။
ပိုင်ရှောင်ချန်းက သူ၏မျက်လုံးများကို ဖွင့်လိုက်၏။ သူ၏တကိုယ်လုံး ချွေးများဖြင့် ရွှဲရွှဲစိုနေပြီး စိတ်ပင်ပန်းနေပြီဖြစ်သည်။ ၄င်းမှာ ပြင်းထန်သောလွန်ဆွဲမှုတစ်ခုဖြစ်သောကြောင့် ယပ်တောင်အစုတ်ကြီး သူ့ကို မည်မျှမုန်းတီးနေသည်ကို သိသိသာသာ အာရုံရလိုက်လေသည်။
" ကံကောင်းထောက်မလို့ အစောင့်အရှောက်ဝိညာဥ်လဲ ထိခိုက်ထားတာနဲ့ သိပ်ကြာကြာနိုးမနေနိုင်ဘူး "
သူက တုန်တုန်ယင်ယင် အသက်ရှူလိုက်သည်။ သို့သော် ယခုတွင် သူသည် ယပ်တောင်ကို အပြည့်အဝပြန်ထိန်းချုပ်နိုင်သွားပြီဖြစ်၍ ရုတ်တရက် မျက်နှာကွက်ခနဲ ပျက်သွား၏။
" မင်းမေဘ … အဲ့ကောင်တွေ ငါ့ကို နောက်ထပ် အခွင့်ကောင်းယူပြန်ပြီ "
ဤအခိုက်အတန့်တွင် သူသည် အစောင့်အရှောက်ဝိညာဥ်ဖြင့် သူလွန်ဆွဲနေခဲ့သည့် လေးနာရီအတောအတွင်း လူအတော်များများ စိန်ခေါ်ပွဲများထဲ ပြန်ဝင်သွားပြီဖြစ်ကြောင်း သဘောပေါက်လိုက်သည်။
လီတုံဟောင်သည် အဆင်ဆယ့်ခြောက်ကို ကျော်ဖြတ်သွားခဲ့၏။ ပင်လယ်နက်ဆရာကြီးက အဆင့်ကိုးတွင် ဖြစ်သည်။ ဂူထျန်ကျွင်းနှင့် အခြားကောင်းကင်ဧကရာဇ်များမှာ အဆင့်ဆယ့်ခြောက် နှင့် အဆင့်ဆယ့်ခုနစ်တွင် အသီးသီးဖြစ်ကြလေသည်။