သနားကြင်နာလွန်းတဲ့စိတ်
Vol. 11 Ch. 1092
" မဖြစ်နိုင်တာ "
မူလနတ်ဆိုးမင်းသားမှာ သူတို့ပတ်ပတ်လည်ရှိ လူတစ်ပိုင်းနွားတစ်ပိုင်းများကို စိုက်ကြည့်နေရုံမှတစ်ပါး မတတ်နိုင်သဖြင့် ရူးခါတော့မတတ်ဖြစ်ကာ စူးစူးဝါးဝါး အော်ဟစ်လိုက်သည်။
မရေမတွက်နိုင်သော လူပေါင်းများစွာ ကြောက်ရွံ့ရိုသေစွာ မော်ကြည့်ရသည့်လူစားမျိုး၊ မိစ္ဆာဧကရာဇ်နိုင်ငံတော်က ရာထူးမြင့်မားသော ကောင်းကင်ဧကရာဇ်တစ်ပါးဖြစ်သည့်တိုင် လူတစ်ပိုင်းနွားတစ်ပိုင်းမွန်းစတား အကောင်တစ်ထောင်ကျော်ဖြင့် အဝိုင်းခံထားရသည်မှာ သူ မကိုင်တွယ်နိုင်လောက်သည့်အရာတစ်ခု ဖြစ်ပေသည်။
အမှန်တကယ်တွင် ထိုမျှများပြားသော လူတစ်ပိုင်းနွားတစ်ပိုင်းမွန်းစတားများကား ဤနေရာတွင် မိစ္ဆာဧကရာဇ် ရှိနေလျှင်တောင်မှ ပင့်သက်ရှိုက်သွားစေမည့် အရာ ဖြစ်လေသည်။ ၄င်းမှာ ထာဝရအင်မော်တယ်နယ်မြေတစ်ခုလုံးကို ကောင်းကောင်းဖျက်စီးပစ်နိုင်သည့် အစုအဖွဲ့တစ်ခု ဖြစ်သည်။
ထို့ပြင် သူတို့သည် ပုံရိပ်ယောင်များဖြစ်သော်လည်း မူလနတ်ဆိုးမင်းသားနှင့် ဝိညာဥ်ဝါးမျိုသခင်အတွက် အလွန်စစ်မှန်သည့်ပုံပေါက်နေသည်။
" ဒါက တကယ်ကော အဆင့်နှစ်ဆယ် ဟုတ်ရဲ့လား "
"ဒါက အဆင့်ငါးဆယ် ဒါမှမဟုတ် ဆယ့်ရှစ်ဆယ် ဖြစ်ရမှာ ။ အဆင့်တစ်ရာ တောင် ဖြစ်လောက်မယ် "
" ဘာလို့ ဒါတွေ ဖြစ်နေတာလဲ။ ခက်ခဲမှုအဆင့်က တကယ် ရယ်စရာပဲ "
ဖြစ်ချင်တော့ ကောင်းကင်ဧကရာဇ်ဝိရူပက္ခမှာ မူလနတ်ဆိုးမင်းသားနှင့် ဝိညာဥ်ဝါးမျိုသခင်ထက် အခြေအနေပိုဆိုးနေတော့သည်။
ထိုလူနှစ်ယောက်သည် အထူးသဖြင့် ပိုင်ရှောင်ချန်း၏ ပစ်မှတ်မထားခံခဲ့ရသည့်တိုင် ကောင်းကင်ဧကရာဇ်ဝိရူပက္ခမှာ အာရုံစိုက်ထားခံခဲ့ရသည်။ အစောပိုင်းက သူ၏ယုံကြည်ချက်များမှာ နင်းခြေခံလိုက်ရ၍ ယခုတစ်ခါ အလွယ်တကူ ပြန်လည်သက်သာမလာနိုင်တော့မည် မဟုတ်ပေ။ ထို့ကြောင့် ဤအခြေအနေမှာ သူ့အတွက် ပို၍ပင် ကြောက်စရာကောင်းနေတော့သည်။
ဤတစ်ကြိမ် သူ့ကိုနှစ်သိမ့်ပေးသည့်တစ်ခုတည်းသောအရာမှာ …. ဤသနားစရာအခြေအနေတွင် အဖော်ရှိနေသေးသောကြောင့်ပင်။
သူတို့မှာ တုန်လှုပ်ချောက်ချားကာ ပျံပြေးလိုက်ကြသည်။ သူတို့၏ပန်းတိုင်က ကွင်းလုံးကျွတ်လွတ်မြောက်ရန်မဟုတ်ဘဲ တည်နေရာရွှေ့ပြောင်းခြင်းလုပ်ဆောင်ချက် အသက်ဝင်မည်ကို စောင့်ရန်ဖြစ်သည်။ အဆင့်ရှိ ခက်ခဲမှုတိုးလာခြင်းကြောင့် စိတ်ပျက်သွားကြသည့်တိုင် သူတို့က သေရမည်ကို မကြောက်ကြသည် မဟုတ်ပါလော။ ဤနတ်မီးလျှံစမ်းသပ်ပွဲတွင် သေဆုံးခြင်းက မဖြစ်နိုင်ကြောင်း လူတိုင်းသိကြသည်။
အဆိုးဆုံးရလဒ်က ရှုံးနိမ့်မှုနှင့် ဒဏ်ရာသာ။
ထို့ပြင် ဤကောင်းကင်ဧကရာဇ်များသည် စရိုက်အားဖြင့် တိကျပြတ်သားသည်။ ထို့ကြောင့် သူတို့က နိုင်နိုင်သော မည်သည့်မျှော်လင့်ချက်ကိုမဆို လက်လျှော့၍ ချက်ချင်း ထွက်ပြေးလိုက်ကြသည်။ ထို့အပြင် ထွက်ပြေးခြင်းက သူတို့ကို ဒဏ်ရာအတိုင်းအတာအချို့ကို ရှောင်ရှားရန် ကူညီပေးလောက်ပေမည်။ သူတို့ထွက်ပြေးသွားစဥ် လူတစ်ပိုင်းနွားတစ်ပိုင်းမွန်းစတားများက သူတို့ထံ စုပြုံလာကြလေသည်။
သို့သော် ကောင်းကင်ဧကရာဇ်ဝိရူပက္ခပင် လက်ရှိအခြေအနေမှာ လာတော့မည့် အိပ်မက်ဆိုးကြီးနှင့် ယှဥ်လျှင် ဘာမှမဟုတ်သေးသည်ကို ဘယ်တော့မှ မခန့်မှန်းနိုင်ခဲ့ပေ ....
ပိုင်ရှောင်ချန်းမှာ ဖြစ်ပျက်နေသည်များနှင့်ပတ်သက်၍ စိတ်တိုနေပြီး ကောင်းကင်ဧကရာဇ်ဝိရူပက္ခက သူ့ထက်အရင် ကလိမ်ကျသောနည်းလမ်းကို တွေ့သွားခြင်းအတွက် ဒေါသလည်းထွက်နေ၏။ ယပ်တောင်အစုတ်ကြီး၏စနစ်အတွင်း လွယ်ပေါက်များ ရှာဖွေနိုင်သည့် ကောင်းကင်ဧကရာဇ်တစ်ပါးကို ရင်ဆိုင်ရခြင်း၏နောက်ဆက်တွဲဂယက်များကိုလည်း သူ စိုးရိမ်သွားလေသည်။ ထို့ကြောင့် သူက ဤအဆင့်ကို ဖြတ်ကျော်ခွင့် လုံးဝမပေးရန် ယတိပြတ် ဆုံးဖြတ်လိုက်သည်။
" လူတွေ သတ်လို့မရတာ တော်တော်ဆိုးတာပဲ။ အကောင်းဆုံးက သူ့ကို အဲဒီမှာ ပိတ်ထားတာ ကောင်းမယ် "
ကုန်လွန်သွားသည့်အခိုက်အတန့်အတိုင်း သူသည် ဤသည်က အကောင်းဆုံးလုပ်ဆောင်မှုဖြစ်ကြောင်း ပို၍ယုံကြည်လာတော့သည်။ ထိုအချိန် အဆင့်အတွင်း၌ တည်နေရာရွှေ့ပြောင်းခြင်းအလင်း စတင်ဖြစ်ပေါ်လာရာ ကောင်းကင်ဧကရာဇ်သုံးပါး၏ မျက်လုံးများ ဝင်းလက်သွားလေသည်။
ဆန့်ကျင်ဘက်အနေဖြင့် ပိုင်ရှောင်ချန်းမှာ လုံးလုံး မပျော်တော့ပေ။ သူက မျက်လုံးများတဖျပ်ဖျပ်လက်ကာ တည်နေရာရွှေ့ပြောင်းခြင်းလုပ်ဆောင်ချက်ကို ကန့်သတ်ရန် သူ၏ယပ်တောင်အစုတ်ကြီးနှင့် ဆက်သွယ်မှုကို ဆင့်ခေါ်လိုက်သည်။ ကောင်းကင်ဧကရာဇ်ဝိရူပက္ခ၊ ဝိညာဥ်ဝါးမျိုသခင်နှင့် မူလနတ်ဆိုးမင်းသားတို့ တစတစပျောက်ကွယ်လာချိန်မှာပင် ...
ထစ်ခြုန်းမြည်သံများ ပဲ့တင်ထပ်သွားပြီး သူတို့မှာ နောက်တစ်ဖန် မြင်သာလာတော့သည်။ ထို့နောက် တည်နေရာရွှေ့ပြောင်းခြင်းအလင်း ပျောက်ကွယ်သွား၏။
" မဖြစ်နိုင်တာ "
"ဘာတွေဖြစ်နေတာတုန်းကွာ "
သူတို့က ပင့်သက်ရှိုက်၍ နှလုံးသားများထဲတွင် ပြင်းထန်သော စိုးရိမ်သောကများဖြင့် ပြည့်နှက်လျက် တိုက်ခိုက်နေသော လူတစ်ပိုင်းနွားတစ်ပိုင်းများကို ရှောင်တိမ်းလိုက်ကြသည်။ သူတို့သည် ယခုတွင် လူတစ်ပိုင်းနွားတစ်ပိုင်း အကောင် တစ်ထောင်ကို ပထမဆုံးမြင်ခဲ့စဥ်ကထက် ပို၍စိတ်လှုပ်ရှားနေကြသည်။
ပိုင်ရှောင်ချန်းသည် သူရရှိထားသည့် ထိန်းချုပ်မှုအဆင့်အပေါ် အလွန်အားရကျေနပ်နေ၏။ သူ ဘာလုပ်နိုင်သည်လဲ အပြည့်အဝမသေချာဘဲ သူက ဖြစ်နိုင်သမျှကိုမြင်တွေ့ရန် ပို၍ပြင်းပြင်းထန်ထန် တွန်းအားပေးလာတော့သည်။
" တည်နေရာရွှေ့ပြောင်းခြင်းစွမ်းအားကိုပိတ်ချလိုက်။ တည်နေရာရွှေ့ပြောင်းခြင်းစွမ်းအားကို ပိတ်ချလိုက် "
သူ၏အတွေးများသည် ယပ်တောင်အတွက် အမိန့်များအလားပင်။ လှိုင်းဂယက်များသည် အဆင့်နှစ်ဆယ်တွင် ကောင်းကင်ဧကရာဇ်ဝိရူပက္ခ၊ ဝိညာဥ်ဝါးမျိုသခင်တို့အားလုံး သတိထားမိသည်အထိ ချက်ချင်းပြည့်နှက်သွားလေသည်။
ထစ်ခြုန်းမြည်သံများ ကြားလိုက်ရပြီး ကောင်းကင်ဧကရာဇ်သုံးပါးအတွက် မည်သည်တို့ဖြစ်ပျက်နေသည်ကို နားလည်ရန် မဖြစ်နိုင်ပါသော်လည်း အဆင့်နှစ်ဆယ်ရှိ တည်နေရာရွှေ့ပြောင်းခြင်းစွမ်းအားအားလုံး ပိတ်ခံလိုက်သဖြင့် သူတို့မှာ အံ့သြမှင်သက်သွားတော့သည်။
" မင်းတို့ ဒီအဆင့်ကို စိန်ခေါ်ချင်တယ်လား ။ ကောင်းပြီလေ ရတယ်။ မင်းတို့ နေ့နေ့ညည စိန်ခေါ်နေလို့ရတယ်"
ပိုင်ရှောင်ချန်းက အံတင်းတင်းကြိတ်ကာ သူ၏နတ်ဘုရားအာရုံကို ပြန်နုတ်ယူရန်ပြင်လိုက်သော်လည်း ရုတ်တရက် ရပ်သွား၏။
" အင်း ဒါက မလုံလောက်သေးဘူးး။ အစောင့်အရှောက်ဝိညာဥ်နိုးလာပြီး သူတို့ကို လွှတ်ပေးတဲ့အချိန် အဲဒီလူရမ်းကားသုံးကောင် ဘာစိန်ခေါ်ပွဲမှမလုပ်နိုင်တဲ့အထိ ခြေကုန်လက်ပန်းကျသွားအောင် လုပ်ချင်တာ "
သူက အတန်ငယ်တွေးတောပြီးနောက် ... ကာမအားတိုးဆေး လက်တစ်ဆုပ်စာ ထုတ်လိုက်လေသည်။
" ငါ့မှာ ကာမအားတိုးဆေးတွေ သိပ်များများစားစား မရှိတော့တာ တော်တော်ဆိုးတာပဲ။ မဟုတ်ရင် နည်းနည်းလောက် ထပ်သုံးရမယ်။ အာ ဘာပဲဖြစ်ဖြစ်။ ဒါဆို လုံလောက်သင့်ပါတယ်။ ကိစ္စဝိစ္စတွေ ငြိမ်သက်သွားရင် သူတို့မှာ တခြားဟာတွေလုပ်ဖို့အားရှိမယ်ဆိုတာ ငါမယုံဘူး "
သူက အေးစက်စက် နှာမှုတ်၍ ဆေးလုံးများကို ဖိခြေကာ ဆေးမှုန့်များအား လူတစ်ပိုင်းနွားတစ်ပိုင်းမွန်းစတားများထံ ပျံ့လွင့်သွားစေလိုက်သည်။
ဆေးမှုန်များ ပျံ့နှံ့သွားစဥ် ပိုင်ရှောင်ချန်း သူ၏နတ်ဘုရားအာရုံကို ပြန်နုတ်ယူလိုက်သည်။ သူက ရလဒ်များကို စောင့်ကြည့်ရာတွင် စိတ်မဝင်စားသော်လည်း မကြာမီအချိန်အတွင်း အဆင့်နှစ်ဆယ်၌ ခါးသီးနာကျည်းဖွယ်နေရာတစ်ခု ဖြစ်လာတော့မည့်အသိကို မကြည်နူးဘဲ မနေနိုင်တော့ပေ။
ပိုင်ရှောင်ချန်းက စောင့်ကြည့်မနေသော်လည်း ကောင်းကင်ဧကရာဇ်ဝိရူပက္ခ၊ ဝိညာဥ်ဝါးမျိုသခင်နှင့် မူလနတ်ဆိုးမင်းသားတို့ကား ထိုနေရာတွင် ရှိနေဆဲ။ တဒင်္ဂကြာသော် လူတစ်ပိုင်းနွားတစ်ပိုင်းမွန်းစတားကြီးများက ရုတ်တရက် သူတို့ထံ စိတ်အားထက်သန်စွာ ပြေးဝင်လာကြသည်။
သူတို့၏ မျက်လုံးများမှာ နီရဲနေပြီး သူတို့၏ တရှူးရှူး ဟိန်းဟောက်နေခြင်းက ကောင်းကင်ဧကရာဇ်များ၏ ဦးရေခွံအား စပ်ဖျဥ်းသွားစေတော့သည်။
" ဘာ ... ဘာလို့ ... ငါ အဲဒါနဲ့ပတ်သက်ပြီး စိတ်လေးနေရတာလဲ "
" သေစမ်းကွာ သူတို့ ရူးသွားတာလား ဘာတုန်း "
လူတစ်ပိုင်းနွားတစ်ပိုင်းမွန်းစတားတွင် ပို၍ပင်ထူးခြားဆန်းပြားသောအရာများ ဖြစ်ပေါ်လာသဖြင့် ကောင်းကင်ဧကရာဇ်များ အံ့သြတုန်လှုပ်သွားတော့သည်။ သူတို့၏ခန္ဓာကိုယ်တစ်ပြင်လုံး အပြာရောင်သွေးကြောကြီးများ ထောင်ထလာကာ ပို၍ကြီးထွားလာကြသည်။ သူတို့၏ ဟိန်းဟောက်သံကြီးများမှာ ကောင်းကင်ဧကရာဇ်များအား ပြင်းပြင်းထန်ထန် ကြောက်လန့်တုန်ရီသွားစေသည့် အခြေအနေသို့ ရောက်ရှိသွားတော့သည်။
" မကောင်းတော့ဘူး "
လူတစ်ပိုင်းနွားတစ်ပိုင်းမွန်းစတားများက သူတို့ကို ကြည့်နေပုံအရ သူတို့သည် တစ်လောကလုံးတွင် အလှပဆုံး၊ စွဲမက်ဖွယ်အကောင်းဆုံးဖြစ်နေပုံရ၏။ မကြာမီ လူတစ်ပိုင်းနွားတစ်ပိုင်းမွန်းစတားများသည် သူတို့အဖွဲ့အရှေ့ရောက်ရန် တစ်ကောင်နှင့်တစ်ကောင် အသည်းအသန် တိုက်ခိုက်လာကြတော့သည်။
ထို့နောက် ဖြစ်ပွားခဲ့သည့်ကိစ္စရပ်များအတွက်မူ ဘယ်သောအခါမှ လူသိရှင်ကြား ဖော်ထုတ်ခံရမည် မဟုတ်ပေ ...
ပိုင်ရှောင်ချန်းက အဆင့်နှစ်ဆယ်ကို သိပ်များများစားစား အာရုံမထားတော့ပေ။ သူက ရံဖန်ရံခါ နတ်ဘုရားအာရုံတချို့စေလွှတ်၍ အလျင်အမြန်စစ်ဆေးကြည့်ပြီး များသောအားဖြင့် တဆတ်ဆတ် တုန်ယင်သွားပြီး အကြည့်လွှဲတတ်သည်။
" မင်းတို့ ငါ့ကို အပြစ်တင်လို့မရဘူး။ အဲဒီကလိမ်ကကျစ်သုံးကောင်က သူတို့ဘာသာသူတို့ ငါ့လာရှုပ်တာ။ ကလိမ်ကျပြီး နိုင်ဖို့တောင်ကြိုးစားသေးတယ် "
သူက ချောင်းဟန့်၍ အခြားသူကျင့်ကြံသူများအပေါ်တွင် အားစိုက်ထုတ်ရန် ရွေးချယ်လိုက်၏။ ကျန်ရက်များတစ်လျှောက် သူသည် သူတို့အဆင့်ထပ်မတက်အောင် ဟန့်တားကာ ကြည်နူးအားရနေတော့သည်။ မကြာမီ လူတိုင်း သက်ပြင်းချနေကြလေသည်။
လဝက်သည် လျှပ်တစ်ပြက်အတွင်းကုန်ဆုံးသွား၏။ ယခုတွင် သတ်မှတ်ချိန်စုစုပေါင်း၏ထက်ဝက်ကျော် ကုန်ဆုံးသွားခဲ့ပြီ ဖြစ်သည်။ နောက်ဆုံးတွင် လူအများသည် ကောင်းကင်ဧကရာဇ်ဝိရူပက္ခ၊ ဝိညာဥ်ဝါးမျိုသခင်နှင့် မူလနတ်ဆိုးမင်းသားတို့ ပျောက်ဆုံးသွားကြောင်း သတိထားမိလိုက်သဖြင့် အံ့သြတုန်လှုပ်သွားကြပြီး မိစ္ဆာဧကရာဇ်နိုင်ငံတော်ကျင့်ကြံသူများမှာ စိတ်လေးလာကြတော့သည်။
ဂူထျန်ကျွင်းနှင့် စီမာယွမ်ဟွာပင် ဖြစ်ပျက်နေသည်များမတွေးတတ်တော့၍ ခါတိုင်းထက်ပို၍ သတိရှိလာကြသည်။
လူတိုင်း ကောင်းကင်ဧကရာဇ်များ ပျောက်ဆုံးနေသည့်အကြောင်း တီးတိုးပြောနေကြသည်ကို ပိုင်ရှောင်ချန်းကြားသောအခါ သူ အတန်ငယ်အပြစ်ရှိသလို ခံစားလိုက်ရ၏။ တခဏကြာသော် သူက အဆင့်နှစ်ဆယ်ကို စစ်ဆေးရန် စဥ်းစားလိုက်သော်လည်း အဆုံးသတ်တွင် အကြံကောင်းမဟုတ်ကြောင်း ဆုံးဖြတ်လိုက်သည်။
" ငါက တကယ်ပဲ ကြင်နာတတ်လွန်းတယ်။ ငါစိတ်မကောင်းဖြစ်ပြီး သူတို့ကို အပြင်ထုတ်ပေးမိရင် ဘယ်လိုလုပ်မတုန်း ... ကောင်းမှာမဟုတ်ဘူးလေ "
သူက သက်ပြင်းချကာ မည်သည့်အတွက်ကြောင့် သူ့မှာ ထိုအားနည်းချက်ကြီးရှိနေရသည်ကို နောက်တစ်ကြိမ် စဥ်းစားနေမိတော့သည်။