← Chapters

ကျုပ်ကို လှည့်စားတယ်

Vol. 11 Ch. 1094

ကျုပ်ကို လှည့်စားတယ်

Vol. 11 Ch. 1094

ပိုင်ရှောင်ချန်းက စီမာယွမ်ဟာကို သံသယရှိစွာ ကြည့်လိုက်သည်။ ဂူထျန်ကျွင်းမှာမူ ရည်ရွယ်ချက်ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ သူ၏တာအိုလက်တွဲဖော် ယခုလေးတင် အသတ်ခံလိုက်ရသည့်အလား ဘေးဘီဝဲယာကို အမြဲလျှောက်ပတ်ကြည့်တတ်သော လူစားမျိုးဖြစ်သောကြောင့် သူ ဘာတွေးနေသည်ကို ပြောရန်မှာ မဖြစ်နိုင်ပေ။

" ဂူထျန်ကျွင်းရဲ့ တာအိုလက်တွဲဖော် မကြာသေးခင်က တကယ်အသတ်ခံခဲ့ရတာ ဖြစ်လောက်တယ် " ပိုင်ရှောင်ချန်းက တွေးလေသည်။

" ဒါပေမဲ့ အဲဒီလိုမဟုတ်ရင် အဲဒီမျက်နှာထားကြီးက ဘာတုန်း။ သူ့မျက်နှာ မပင်ပန်းဘူးလား "

သူက ချောင်းဟန့်လိုက်သည်။ အခြားအခြေအနေတစ်ရပ်တွင် သူသည် စီမာယွမ်ဟာနှင့် လမ်းခွဲရန် တစ်နည်းနည်း ဖြစ်ညှစ်စဥ်းစားမည်ဖြစ်သည်။

သို့သော် ယခုတွင် သူသည် အတော်လေးယုံကြည်ချက်ရှိနေ၏။ အဆင့်နှစ်ဆယ် နောက်ပိုင်း အခြေအနေများ ကွဲပြားကောင်း ကွဲပြားနိုင်သော်လည်း ထိုအဆင့်အထိ သူသည် မထင်မှတ်ထားသောအဖြစ်အပျက်တစ်စုံတရာနှင့် ပတ်သက်၍ မစိုးရိမ်ပေ။

အခြားကောင်းကင်ဧကရာဇ်တစ်ပါးမှ သူ့ကို မည်သည့်နည်းနှင့်မဆို သံသယမဝင်အောင် သေချာစေရန် သူက ထိုကိစ္စနှင့်ပတ်သက်၍ အတန်ငယ်ထပ်တွေးယောင်ဆောင်လိုက်ပြီး နောက်ဆုံးတွင် ခေါင်းညိတ်လိုက်လေသည်။

ထိုအခါမှ စီမာယွမ်ဟာမှာ စိတ်သက်သာရာရကာ သက်ပြင်းချလိုက်တော့သည်။ သူက နွေးထွေးစွာပြုံး၍ ပိုင်ရှောင်ခန်းကို လက်ယှက်လိုက်သည်။ ထို့နောက် သူတို့သုံးဦးသား အစကတည်းက စီမာယွမ်ဟွာ ရွေးချယ်ခဲ့သော ယပ်တောင်အရိုးထံ ဦးတည်လိုက်ကြ၏။ အဆင့်ဆယ့်ရှစ် ၏ ဝင်ပေါက်ကို ရောက်ပြီးနောက် ပိုင်ရှောင်ချန်းက ဂူထျန်ကျွင်းကို လှမ်းကြည်လိုက်ရာ ထုံးစံအတိုင်း ခန့်မှန်းရခက်သောအမူအရာကို မြင်လိုက်လေသည်။ ဤအချိန်အထိ စီမာယွမ်ဟွာနှင့် ဂူထျန်ကျွင်းသည် သူ အရင် သွားခဲ့ပြီးနောက်မှသာ သူ့ကို ကူညီရန် အဆင့်များထဲ ဝင်ရောက်ခဲ့ကြ၏။

ထို့ကြောင့် သူက သူတို့မည်သို့လုပ်သည်ကို မတွေးတတ်ပေ။

သို့သော် စီမာယွမ်ဟာက မန္တန်လက်ကွက်ကို ဖော်သည်ကို မြင်ပြီးနောက် ဖြစ်လာတော့မည်အရာနှင့်ပတ်သက်၍ ရိပ်စားမိသွားသည်။ ထိုလူ၏ အိတ်ထဲမှ အလင်းရောင်ခြည်စက်လုံးတစ်လုံးထွက်လာ၏။ ပိုင်ရှောင်ချန်းက ၄င်းအား တစ်ချက်ပင် မကြည့်နိုင်ခင် ၄င်းက သူတို့သုံးယောက်ကို ဖုံးလွှမ်းကာ ပျံ့နှံ့သွားရာ ပိုင်ရှောင်ချန်း၏ နားထဲတွင် ထစ်ခြုန်းမြည်သံများ ပြည့်နှက်သွားစေတော့သည်။ သူ၏အမြင်အာရုံဝေဝါးသွားပြီး ပြန်လည်ကြည်လင်လာသောအခါ ... သူတို့သည် အဆင့် ဆယ့်ရှစ်တွင် ရောက်နေသည်။

အဝါရောင်သမ်းနေသော ကန္တာရသဲများသည် အရပ်မျက်နှာတခွင် ပျံ့နှံ့နေလေ၏။ အထီးကျန်သောလေပြင်းတစ်ချက်က သူတို့မျက်နှာများကို တိုက်ခတ်သွားပြီး မလှမ်းမကမ်းတွင် သဲမုန်တိုင်းကြီး ထကြွလာလေသည်။ ယခုလောလောဆယ်တွင် သူတို့ မြင်နေရသည့် တစ်ခုတည်းသောအရာမှာ သတ်ဖြတ်လိုစိတ်များဖြင့် ပြည့်နှက်နေပုံရသော လွင့်မျောနေသော သဲမှုန်များသာ ဖြစ်တော့သည်။

" ကျုပ် အခုလေးတင် ဘယ်လိုလုပ်ခဲ့လဲ မြင်လိုက်လား တာအိုရောင်ရင်းပိုင် "

စီမာယွမ်ဟွာက ပိုင်ရှောင်ချန်းဘက်သို့ နားလည်ရခက်သော အပြုံးဖြင့် မေးသည်။ စိတ်ထဲတွင် သူက အေးတိအေးစက် ရယ်နေ၏။ ပိုင်ရှောင်ချန်းက သူ့အား အာရုံစိုက်နေသည်ကို သူ သတိထားမိခဲ့ပြီး ပိုင်ရှောင်ချန်းသည် အဆင့်များထံဝင်ရောက်ရန် လှည့်ကွက်ကို စိတ်ဝင်စားကြောင်း သိလိုက်သည်။ သို့သော် သူသည် ပိုင်ရှောင်ချန်းသော်လည်းကောင်း၊ ဂုထျန်ကျွင်းသော်လည်းကောင်း ဘယ်သူမှ လျှို့ဝှက်ချက်ဖော်ထုတ်နိုင်မည်မဟုတ်ကြောင်း သေချာစေရန် ကြိုတင်ပြင်ဆင်မှုများအား အချိန်အတော်ကြာကတည်းက လုပ်ဆောင်ခဲ့ပြီးဖြစ်သည်။

ပိုင်ရှောင်ချန်းသည်လည်း စိတ်ထဲတွင် နှာမှုတ်လိုက်ပြီး တစ်ခုခု ပြန်ပြောရန် ပြင်လိုက်ချိန်မှာပင် ရုတ်တရက် သဲမုန်တိုင်းအတွင်းမှ ဟိန်းဟောက်သံတစ်သံ ပဲ့တင်ထပ်လာ၏။

အဝေးရှိ သဲမုန်တိုင်းကြီးက ဧရာမဦးခေါင်းကြီးအသွင် တဖြေးဖြေးဖြစ်တည်လာကာ တလိပ်လိပ်ထလာသည့်အတွက် မြေငလျင်တို့ ပြင်းထန်စွာ လှုပ်ခတ်လာသည်။

ခေါင်းကြီးမှ ထုတ်လွှတ်နေသော ဖိအားအရ ၄င်းတွင် သိသိသာသာပင် ကောင်းကင်ဧကရာဇ်တစ်ပါး၏စွမ်းအား ရှိနေပေသည်။

ဂူထျန်ကျွင်းနှင့် စီမာယွမ်ဟွာတို့ ဦးခေါင်းကြီးအား ကြည့်လိုက်ကြစဥ် တင်းမာခက်ထန်သောအသွင်များက သူတို့၏ မျက်နှာကို စိုးမိုးသွား၏။ ပိုင်ရှောင်ချန်းမှာမူ မျက်တောင်တဖျပ်ဖျပ်ခတ်လိုက်သော်လည်း အလျင်အမြန်ပင် တင်းမာခက်ထန်သော အမူအရာဖမ်းလိုက်သည်။

" အဲဒီ မလောက်လေးစားခေါင်းလေးက ခင်ဗျားတို့ကို ဒီတစ်ချိန်လုံး ပိတ်မိနေစေတာလား "

သူက မျက်လုံးထောင့်စွန်းမှနေ၍ ဂူထျန်ကျွင်းနှင့် စီမာယွမ်ဟွာကို မသိသာလှောင်၍ ကြည့်ကာ မေးလိုက်သည်။

" ဒီအဆင့် ဆယ့်ရှစ် ကို အထင်မသေးနဲ့ တာအိုရောင်ရင်းပိုင်"

စီမာယွမ်ဟွာက ပြောသည်။

" ဒီမှာ သဲခေါင်းတစ်လုံးထဲသာ ဆိုရင်တော့ တာအိုရောင်ရင်းဂူဖြစ်ဖြစ် ကျုပ်ဖြစ်ဖြစ် ကျုပ်တို့ဘာသာ ကျုပ်တို့ အဆင့်ကို ကျော်ဖြတ်နိုင်တာပေါ့။ ပထမဆုံးခေါင်းကို အနိုင်ရရင် ဆယ်ခေါင်းထပ်ပေါ်လာပြန်ကော။ ပြီးရင် ဘီလူးဆယ်ကောင်ရှိသေးတယ်။ အဲဒီစွမ်းအားအဆင့်က ကျုပ်တို့ကို ပိတ်မိနေစေတာပဲ “

" အဆင့်ရဲ့ တကယ့်အချက်က သဲဘီလူးဆယ်ကောင်ကို အနိုင်ယူဖို့ပဲ "

သူက သတင်းအချက်အလက်အနည်းငယ်ထပ်ပြောရန် ပြင်လိုက်သော်လည်း ဟိန်းဟောက်နေသော သဲခေါင်းကြီးက သူတို့ထံ ပြေးဝင်လာလေသည်။

ဂူထျန်ကျွင်း၏ မျက်လုံးများ လက်ခနဲ ဖြစ်သွားပြီး ပိုင်ရှောင်ချန်းသော်လည်းကောင်း၊ စီမာယွမ်ဟွာသော်လည်းကောင်း ဘာမှ မလုပ်နိုင်ခင် သူက ရှေ့တစ်လှမ်းတိုးပြီး တစ်ဆက်တည်း သူ၏ညာလက်ကို လှမ်းလိုက်သည်။ သူ ထိုသို့လုပ်လိုက်သဖြင့် ပုံရိပ်ယောင်ဓားအရိပ်ကြီးတစ်ခု ဖြစ်ပေါ်လာကာ ရှေးဟောင်းမဟာဓားတစ်ချောင်းအသွင် လျင်မြန်စွာ ဖြစ်တည်သွားသည်။

လက်ထဲက ဓားကြီးဖြင့် သူ၏စွမ်းအားက ကြောက်ခမန်းလိလိအဆင့်အထိ ထိုးတက်သွား၏။ ပိုင်ရှောင်ချန်းပင် အံသြမှင်သက်သွားသည်။ ဤအခိုက်အတန့်၏ ဂူထျန်ကျွင်းသည် အလွန်စွမ်းအားကြီးမားပုံရပြီး သူ၏ ဓားက အလွန်ထက်မြက်သည့်အတွက် သူ့ကို ရပ်တန့်၍မရနိုင်လောက်အောင်ပင်။

ဂူထျန်ကျွင်း၏မျက်လံုးများ ကျည်းမြောင်းသွားကာ လာနေသော သဲခေါင်းကြီးကို စူးစိုက်ကြည့်လိုက်ပြီး သူက လက်တွန့်ခြင်းမရှိဘဲ ဓားကို လေဟုန်ခွင်း၍ ၄င်းထံ ခုတ်ပိုင်းချလိုက်သည်။

ဓား၏ လေကိုဖြတ်သွားသော ရွှီခနဲအသံက သဲခေါင်းကြီးကို တုံ့ခနဲရပ်သွားစေပြီး မိုးကောင်းကင်ကြီးအား ပြိုကျတော့မတတ် တုန်ခါသွားစေတော့သည်။ ထို့နောက် ဓားချီ၏ အကန့်အသတ်မဲ့စီးကြောင်းတစ်ကြောင်းက ၄င်းနှင့်ထိသမျှ သဲအားလုံးနှင့် ကျောက်တုံးများကို ဖျက်စီး၍ ရှေ့သို့ ခုတ်ပိုင်းချလိုက်သည်။

ဓားချီက မျက်စိကျိန်းမတတ် အမြန်နှုန်းဖြင့် ရွှေ့လျားသွားနေလျက် တခဏကြာသော် သဲခေါင်းကြီး၏ရှေ့တည့်တည့်တွင် ပေါ်ပေါက်လာကာ အက်ကြောင်းများ မြေကြီးတွင် ပွင့်ထွက်သွားတော့သည်။

ခေါင်းကြီးမှာ တဆတ်ဆတ်တုန်သွားပြီးနောက် နဖူးမှ ဟက်တက်ကွဲထွက်သွားတော့သည်။ အသက်ရှူချိန်အနည်းငယ်လေးအတွင်း ခေါင်းတစ်ခုလုံးသည် ဂူထျန်ကျွင်း၏ဓားချက်ကြောင့် ဖျက်စီးခံလိုက်ရလေပြီ။

ထို့နောက် ဂူထျန်ကျွင်းက အတန်ငယ်မောဟိုက်နေလျက် ရပ်လိုက်သည်။ သိသာစွာပင် သူ၏ ဓားကွက်သည် သာမန်ထက်ထူးကဲပြီး သူ့အတွက် ထုတ်ဖော်ရန် မလွယ်ကူပေ။ ပိုင်ရှောင်ချန်းမှာမူ မြင်ခဲ့သည့်အရာကြောင့် မှင်သင်ကာ ဘေးတွင် ရပ်နေ၏။

ယခင်က ကောင်းကင်ဧကရာဇ်ဝိရူပက္ခနှင့် အခြားသူများမှ သူမြင်ခဲ့ရသည့် စွမ်းဆောင်မှုများအပေါ် အခြေခံ၍ ဂူထျန်ကျွင်း၏ ဓားသည် လက်ခံနိုင်ဖွယ်ရာ မရှိပေ။ ၄င်းကို မြင်ပြီးနောက် ပိုင်ရှောင်ချန်း၏ ဦးခေါင်းခွံမှာ အကြောက်တရားအနည်းငယ်ဖြင့် ကြိမ်းစပ်သွားတော့သည်။

" ဒီလူ ဒီလောက်စွမ်းအားကြီးတာ ယုံတောင်မယုံနိုင်ဘူး ... ဒါပေမဲ့ တချို့က ဟိုလူယုတ်မာ ဝိရူပက္ခလို လျှို့ဝှက်ချက်တွေကို ကောင်းကောင်းထိန်းသိမ်းထားကြတယ်။ ပြီးတော့ ဂူထျန်ကျွင်းက ဓားသမားတစ်ယောက်ဆိုတော့ ပေါက်ကွဲတတ်တဲ့ တိုက်ကွက်တစ်ကွက် ထုတ်တဲ့အခါ တော်တော်လေး အစွမ်းထက်တယ် "

ပိုင်ရှောင်ချန်းမှာ သူကိုယ်သူ အတန်ငယ်စိတ်အေးအောင် ဖိအားပေးလိုက်သည်။ သဲခေါင်းကြီးပျက်စီးပြီးနောက် နောက်ထပ် သဲမုန်တိုင်းတစ်ခု တိုက်ခတ်လာပြီး မရေမတွက်နိုင်သောခေါင်းများ ဖြစ်ပေါ်လာသည်ကို မြင်နိုင်သည်။

ထို့နောက် လက်များ၊ လက်မောင်းများ ထိုးထွက်လာသည့်အတွက် မြေပြင်ကြီး တုန်ခါလာတော့သည်။

ပိုင်ရှောင်ချန်းမှာ မြင်နေရသောအရာများကြောင့် တုန်လှုပ်နေယောင်ဆောင်နေချိန်မှာပင် ဟောဟဲလှိုက်နေသော ဂူထျန်ကျွင်းက သူ့ဓားကို မ၍ ပိုင်ရှောင်ချန်းကို ခုတ်ချလိုက်သည်။

" ဒါက ဘာအဓိပ္ပါယ်လဲ ဂူထျန်ကျွင်း "

ပိုင်ရှောင်ချန်းက လွှတ်ခနဲပြောလိုက်၏။ ပင်ကိုယ်အားဖြင့် ပိုင်ရှောင်ချန်းသည် သဲခေါင်းကြီးထက် များစွာပို၍ လျင်မြန်ပြီး ဓားချီ၏လမ်းကြောင်းမှ ရှောင်ထွက်နိုင်လိုက်သည်။

ကံဆိုးစွာပင် သူ ထိုသို့ရှောင်လိုက်ချိန် စီမာယွမ်ဟွာက ပြုံးပြီး လက်နှစ်ဖက်ဖြင့်မန္တန်လက်ကွက်တစ်ကွက်ဖော်ကာ စူးရှသောအလင်းလုံးတစ်လုံးကို ဆင့်ခေါ်လိုက်၏။

" ညှို့ယူသောအလင်း "

စီမာယွမ်ဟွာက သူ၏လက်ကို ပိုင်ရှောင်ချန်းဘက် တွန်းထုတ်ကာ အော်ဟစ်လိုက်ရာ အလင်းစက်လုံးသည် ပိုင်ရှောင်ချန်းထံ တဟုန်ထိုး ပြေးဝင်လာတော့သည်။ သူက သူ့တိုက်ကွက်နှင့် ဂူထျန်ကျွင်း၏ဓား အံကိုက်ဖြစ်အောင် ပိုင်ရှောင်ချန်းနောက်ဆုတ်မည့် အကွာအဝေးနှင့် လမ်းကြောင်းကို တွက်ချက်ခဲ့မှန်း သိသာလှသည်။

သူတို့က ပိုင်ရှောင်ချန်းအား လွတ်မြောက်ရန် မည်သည့်အခွင့်အရေးမှ ပေးမနေချေ။ ဤရွေ့ဤမျှသာဆိုပါက ရေးကြီးခွင်ကျယ် ဖြစ်လောက်မည် မဟုတ်။ သို့သော် ထိုအခိုက်တွင် ဘီလူးကြီးဆယ်ကောင်က ထရပ်လိုက်ကြရာ သဲမုန်တိုင်းအတွင်းမှ ဟိန်းဟောက်သံများ ထွက်ပေါ်လာ၏။ ၎င်းတို့က ဂူထျန်ကျွင်းနှင့် စီမာယွမ်ဟွာတို့ကို လျစ်လျူရှုပြီး မျက်စိကျိန်းမတတ်တောက်ပနေသောအလင်း၏ ညှို့ငင်ဖမ်းစားခံရဟန်တူကာ ပိုင်ရှောင်ချန်းဘက် ပြေးဝင်လာကြသည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် မယုံကြည်နိုင်ဖွယ် ဘီလူးကြီးဆယ်ကောင်သည် ယခင်က သူ မြင်တွေ့ခဲ့ရသော ကောင်းကင်ဧကရာဇ်ဝိရူပက္ခ အဝိုင်းခံခဲရသည့်အတိုင်း သူ့အား ဝိုင်းလိုက်ကြ၏။

ပိုင်ရှောင်ချန်းသာ ယပ်တောင်အစုတ်ကြီးကို စိတ်စွမ်းအင်မြှင့်တင်မှု မလုပ်ဆောင်ရသေးလျှင် သူ ဒုက္ခအကြီးအကျယ်ရောက်နေမည် ဖြစ်သည်။ သို့သော် ယခုတွင် အခြေအနေကား မတူတော့ပေ။ ထို့ပြင် သူသည် ဖြစ်ပျက်နေသည်များအား ကြိုတင်ခန့်မှန်းထားခဲ့ပြီး ဖြစ်သည်။

" ဒါက ခင်ဗျားပြောထားသလို မဟုတ်ဘူးလေ စီမာယွမ်ဟွာ "

သူက ဒေါသတကြီး အော်လိုက်၏။

" စိတ်အေးအေးထားပါ တာအိုရောင်ရင်းပိုင်။ အမှန်က အဆင့် ဆယ့်ရှစ်မှာ တည်နေရာရွှေ့ပြောင်းခြင်းလုပ်ဆောင်ချက်နဲ့ပတ်သက်ပြီး ပြဿနာတစ်ခုဖြစ်နေတာ။ ခဏလောက်သာ စောင့်လိုက်။ ဂူထျန်ကျွင်းနဲ့ ကျုပ်အတွက် အချိန်ဆွဲပေးထား။ ပြီးရင် ကျုပ်တို့ ဆက်ပူးပေါင်းလို့ရတယ် "

သူနှင့် ဂူထျန်ကျွင်းက နတ်ဘုရားစွမ်းရည်များပြင်ဆင်၍ လက်နှစ်ဖက်ဖြင့်မန္တန်လက်ကွက်များ ဖော်ကာ အမြန်ဆုံးအရှိန်ဖြင့် နောက်ဆုတ်လိုက်ကြသည်။

ပိုင်ရှောင်ချန်း၏ မျက်လုံးများက စိန်းစိန်းဝါးဝါးအကြည့်အဖြစ် ပြူးကျယ်သွားတော့သည်။

" ခင်ဗျားတို့ ကျုပ်ကို လှည်စားတယ် "

All Chapters