သေရပါတော့မယ်
Vol. 11 Ch. 1095
သူတော်စင်ဧကရာဇ်နိုင်ငံတော်မှ ကောင်းကင်ဧကရာဇ်နှစ်ပါးဖြစ်သည့်တိုင် သူတို့ကား အရှက်သိက္ခာမရှိစွာ ပိုင်ရှောင်ချန်းအား ထောက်ချောက်ထဲ တန်းတန်းမတ်မတ် ဦးဆောင်ခေါ်သွားခဲ့ပေသည်။
စီမာယွမ်ဟွာက ကြင်နာသော အပြုံးတစ်စကို ဆင်မြန်းထားပြီး အနီးကပ်ကြည့်ပါက သူ့အသွင်က မဆိုစလောက်တောင်းပန်နေပုံရ၏။ အမှန်တွင် ထိုအရာအားလုံးကား ဟန်ပြသာ ဖြစ်သည်။ စိတ်ထဲတွင် သူက အေးစက်စွာ ရယ်မောနေေပသည်။
သူ အမှန်တကယ် တွေးတောထားခဲ့သည်က သူနှင့်ဂူထျန်ကျွင်းအတွက် အဆင့်ဆယ့်ရှစ်ကို အောင်မြင်ရန် အကောင်းဆုံးနည်းလမ်းမှာ သူတို့နှစ်ယောက်အနက် တစ်ယောက်က လိုလိုချင်ချင် စတေးခံလျှင်ခံ၊ သို့တည်းမဟုတ် သဲဘီလူးများအား တစ်နည်းနည်းဖြင့် အာရုံလွှဲပြောင်းရန် ဖြစ်သည်။ ရလာမည့်အချိန်ပိုဖြင့် စီမာယွမ်ဟွာ၏မှော်အတတ်များနှင့် ပေါင်းစပ်ထားသော ဂူထျန်ကျွင်း၏ ကြောက်မခန်းလိလိဓားချီက အောင်မြင်ရန် လုံလောက်လိမ့်မည် ဖြစ်သည်။
ဤအချိန်အထိ သူတို့က သူတို့တွေးနိုင်သမျှ ရွေးချယ်မှုတိုင်းကို ကြိုးစားခဲ့ကြသည်။ ကံဆိုးစွာပင် သဲဘီလူးကြီးများသည် သိပ်အသိဉာဏ်မရှိ၍ အလွန်လွယ်ကူသောပြိုင်ဘက်များပုံပေါက်စေသော်လည်း အဆင့်ဆယ့်ရှစ်တွင် မန္တန်ဝင်္ကပါများနှင့် အချုပ်အနှောင်မန္တန်များ အလုပ်မလုပ်ပေ။
နတ်ဘုရားတစ်ပိုင်းအဆင့်ကျင့်ကြံသူတစ်ယောက်ကို ဝင်လာပြီး အချိန်ဆွဲရန် ကူညီခိုင်းရမည်မှာ ရွေးချယ်စရာ ဖြစ်ပုံမရပေ။ ထို့ကြောင့် ပိုင်ရှောင်ချန်းမှာ သူတို့၏အကောင်းဆုံးပစ်မှတ် ဖြစ်လာခဲ့ခြင်း ဖြစ်သည်။
" ငါ့ကို အပြစ်မတင်နဲ့ " စီမာယွမ်ဟွာက တွေးသည်။
" အဆင့်ဆယ့်ရှစ် နဲ့ နောက်ပိုင်းက ဆုလာဘ်တွေအတွက် မင်းကို လောဘတက်ဖို့ ငါ မတိုက်တွန်းခဲ့ဘူး "
သူက သက်ပြင်းချပြီး သူ၏မှော်အတတ်များဖြင့်အလုပ်လုပ်ကာ တစ်ဆက်တည်း ပိုင်ရှောင်ချန်းကို မျက်စိထောက်ဒေါက်ကြည့်နေလေသည်။ ယခုတွင် သူသည် အစတုန်းက ကမ်းလှမ်းချက်ကို ပိုင်ရှောင်ချန်း သဘောတူလိမ့်မည်ဟု ယုံကြည့်ခဲ့စဥ်ကအတိုင်း သဲဘီလူးကြီးများကို ကိုင်တွယ်နိုင်လိမ့်မည်ဟု ယုံကြည်နေသည်။
သူတို့မှာ သာမန်ကျင့်ကြံသူများ မဟုတ်ဘဲ သူ၏ အကြံအစည်လေးက ရန်ငြှိုးတစ်ခု ပေါက်ဖွားစေမည်ဖြစ်ပါသော်လည်း ထိုရန်ငြိုးကို နောက်ပိုင်းဖြေရှင်းနိူင်မည်ဟု သူ ယုံကြည်နေသည်။ ထို့ပြင် သူသည် ထိုအကြောင်းကြောင့်လေးနှင့် အလားအလာရှိသောအကျိုးအမြတ်များကို လက်လျှော့လိမ့်မည် မဟုတ်ပေ။
ထိုမျှသာမက စီမာယွမ်ဟွာသည် အကယ်၍ အစီအစဥ် အလုပ်ဖြစ်ပြီး သူတို့အဆင့်ကို ကျော်ဖြတ်နိုင်လျှင် ပိုင်ရှောင်ချန်းကို သူ ကတိပေးခဲ့သည့် ဝေစု ပေးဦးမည်ဖြစ်သည်။
သူ ကိစ္စတစ်ခုလုံးအား စဥ်းစားနေချိန် သူ၏အပြုံးက ပို၍ပီပြင်လာတော့သည်။
ပိုင်ရှောင်ချန်းက ထိုအပြုံးကို မြင်လိုက်၍ အေးစက်စက်နှာမှုတ်လိုက်သည်။ အမှန်မှာ ဤအဆင့်ကို သူ ကျော်ဖြတ်ချင်ပါက အလွယ်ကူဆုံးသော ကိစ္စသာ ဖြစ်သည်။ သို့သော် ထိုအပြုံးနှင့် ဂူထျန်ကျွင်း၏အထင်သေးသောအကြည့်က သူ့ကို မတူညီသောလမ်းကြောင်းတစ်ခုအား ရွေးချယ်စေတော့သည်။
" ငါ ကိုယ်တော်ပိုင်က ဒီလူယုတ်မာနှစ်ကောင်ကို စေတနာကောင်းကောင်းထား ဆက်ဆံခဲ့မိတာပဲ။ ဝိရူပက္ခနဲ့ သူ့အပေါင်းအဖော်တွေကို ငါ လုပ်ခဲ့တာတွေကို စဥ်းစားကြည့်ရင် ဒီနှစ်ယောက်ကို အဆင့်တက်ရ ပိုခက်တာထက် ပိုပြီး ဘာမှမလုပ်ခဲ့တဲအချက်က သူတို့ကို ငါ ဘယ်လောက်သက်ညှာခဲ့လဲ့ သက်သေပြနေတာပဲ။ ငါ သူတို့တွေကို စိတ်ပျက်လက်မှိုင်ကျတဲ့အထိ မတွန်းပို့ခဲ့မိဘူး။ “
" ငါက ဒီလို သူတို့ကို အနားယူခွင့် ပေးခဲ့တာေတာင် သူတို့က ငါ့ကို ဒီလို လုပ်သွားတယ်ပေါ့လေ "
ပိုင်ရှောင်ချန်းသည် သူသာ ယပ်တောင်အစုတ်ကြီး၏ နှစ်ဆယ်ရာခိုင်နှုန်းအပေါ် လုပ်ပိုင်ခွင့်အာဏာမရှိဘဲ ယခုလိုအခြေအနေအတွင်း ကျရောက်ခဲ့ပါက အလွန့်အလွန် ဆိုးရွားမည်ဖြစ်ကြောင်း သိသည်။ သူ လွတ်မြောက်နိုင်မည်မဟုတ်ဘဲ အကယ်၍ လူ့ဘီလူးများအား ကိုင်တွယ်နိုင်ခဲ့လျှင်တောင်မှ အဆုံးသတ်တွင် ဒဏ်ရာအကြီးအကျယ်ရမည် ဖြစ်သည်။
အဆင့်ဆယ့်ရှစ်အတွက် သူ့ကို ဆုလာဘ်၏ သုံးဆယ်ရာခိုင်နှုန်းခန့်ပေးလျှင်တောင်မှ တန်မည် မဟုတ်ပေ။ သူ၏ဒဏ်ရာများက သူ့ကို အဆင့်ဆယ့်ကိုး နှင့် နှစ်ဆယ်တို့တွင် အချည်းနှီး ဖြစ်စေမည်ဖြစ်ပြီး သေချာပေါက် ဆက်သွားနိုင်တော့မည် မဟုတ်ပေ။
" အင်း ဘာပဲဖြစ်ဖြစ် အစထဲက သူတို့သာ ရိုးသားခဲ့ရင် ငါ လက်ခံနိူင်လောက်ဦးမယ်။ အဲဒီလိုမဟုတ်ပဲ သူတို့က ငါ့ကို အခွင့်အရေးယူဖို့ ကြိုးစားတယ်ပေါ့လေ "
သူ၏ မျက်လုံးများ ကျဥ်းမြောင်းလာကာ လာနေသော သဲဘီလူးကြီးများထံမှ သူ နောက်ဆုတ်လိုက်သည်။ သူတို့၏တိုက်ကွက်များအရ နတ်ဘုရားအစွမ်းအချို့မသုံးသရွေ့ သူ သိပ်ကြာကြာတောင်ခံနိုင်လိမ့်မည် မဟုတ်ကြောင်း သိလိုက်သည်။
" ဒါက ငါ့ပိုင်နက်လေ။ သူတို့ ဘယ်လိုတောင် ငါ့ကို ဒီမှာ ပစ်ထားဝံ့တာတုန်း "
ပိုင်ရှောင်ချန်းက အသက်ပြင်းပြင်းတစ်ချက်ရှူသွင်းပြီး မထွက်ခွာရန် ဆုံးဖြတ်လိုက်သည်။ ထိုသည်က ဤလူယုတ်မာနှစ်ယောက်အတွက် အလွန်လွယ်ကူနေပေမည်။ သူက အော်ဟစ်၍ အရှိန်တင်ပြီး သဲဘီလူးကြီးများထံ တဟုန်ထိုးပြေးဝင်လိုက်သည်။
တချိန်တည်းမှာပင် သူက ယပ်တောင်အစုတ်ကြီးနှင့် သူ၏ထူးဆန်းသော ဆက်နွယ်မှုကို ဆင့်ခေါ်လိုက်သည်။ သူ့ပတ်ပတ်လည် လေထဲတွင် လှိူင်းဂယက်များပေါ်လာစဥ် သူက လူ့ဘီလူးကြီးများကို ဝင်တိုက်လိုက်ရာ သူတို့၏မျက်နှာများပေါ်တွင် ငေးငေးကြောင် အမူအရာများ ပေါ်လာတော့သည်။
တခဏကြာသော် ကောင်းကင်တုန်ခါ၍ မြေပြင်တို့ အစိတ်စိတ်အမြွှာမြွှာ ကြေမွသွားစေသော ပေါက်ကွဲသံကြီးတစ်သံ ပြည့်နှက်သွားကာ ပိုင်ရှောင်ချန်းက စူးစူးဝါးဝါးအော်ဟစ်ပြီး နောက်သို့ယိမ်းယိုင်သွားကာ သွေးအန်လိုက်လေသည်။
" ကျုပ် မကိုင်တွယ်နိုင်ဘူး "
သူက အော်ဟစ်လိုက်သည်။
" ခင်ဗျားတို့နှစ်ယောက် တစ်ခုခုစဥ်းစားဖို့လိုတယ်။ ဒီလူ့ဘီလူးတွေက သိပ်သန်မာတာပဲ။ အမယ်လေး .. နာလိုက်တာ။ ကျုပ် သေရပါတော့မယ် "
ထို့နောက် သူ ဘုန်းခနဲ လဲသွားပြီး မလှုပ်မယှက် လှဲနေတော့သည်။
ကြည့်သရွေ့ သဲဘီလူးများသည် ပိုင်ရှောင်ချန်း သေသွားပြီဟု ယုံကြည်သွားဟန်တူ၏။ သူတို့က သူ့ကို လျစ်လျူရှုကာ စီမာယွမ်ဟွာနှင့် ဂူထျန်ကျွင်းကို ကြည့်ပြီး ရက်စက်ကြမ်းကြုတ်သောမျက်နှာကြီးများဖြင့် သူတို့နှစ်ဦးထံ လျှောက်လာကြတော့သည်။
" သေစမ်း အဲ့ခွေးကောင် တကယ် သေချင်ယောင်ဆောင်နေတာပဲ "
စီမာယွမ်ဟွာ၏ ဦးခေါင်းခွံမှာ သူနှင့် ဂူထျန်ကျွင်းထံ တဟုန်ထိုးလာနေကြသည့် ဘီလူးဆယ်ကောင်မြင်ကွင်းကြောင့် စပ်ဖျဥ်းဖျဥ်းဖြစ်လာသည်။ မည်သည့်အတွက်ကြောင့် သဲဘီလူးများက ပိုင်ရှောင်ချန်း သေသွားပြီဟု ယုံကြည်သွားသည်ကို စဥ်းစားရန် အချိန်မရှိပေ။ သူက ကပျာကယာ မန္တန်လက်ကွက်တစ်ကွက်ဖော်ပြီး သူ ပြင်ဆင်ထားခဲ့သည့် မှော်အတတ်ကို ထုတ်ဖော်ကာ မီးနံရံတစ်ခုအား ပို့လွှတ်လိုက်၏။ တချိန်တည်းမှာပင် သူသည် အမြင့်ဆုံးအရှိန်ဖြင့် နောက်ဆုတ်လိုက်သည်။
ဂူထျန်ကျွင်းသည်လည်း ထိုနည်းတူ ပြုမူလိုက်သည်။ သူတို့နောက်ဆုတ်သွားစဥ် ပိုင်ရှောင်ချန်းက တင်းမာခက်ထန်သောအမူအရာဖြင့် လှဲနေလေသည်။
" ငါတို့အားလုံးက ကောင်းကင်ဧကရာဇ်တွေကွ "
ဂူထျန်ကျွင်းက မျက်လုံးများ စက်ဆုပ်မှုများဖြင့် ဝင်းလက်နေရင်း အော်လိုက်သည်။
" မင်း ငါတို့နဲ့အတူ အလုပ်မလုပ်ချင်ရင် မလုပ်ချင်ဘူးလို့ ပြောနိုင်တယ်။ မင်း သေချင်ယောင်ဆောင်နေတာ တကယ်မယုံနိုင်ဘူး။ ဘယ်လောက် အရှက်မရှိလိုက်လဲ။ မင်းမှာ ကောင်းကင်ဧကရာဇ်အဆင့်ကျင့်ကြံခြင်းအခြေခံရှိလောက်ပေမယ့် ပိုင်ရှောင်ချန်း မင်းမှာ စစ်မှန်တဲ့ စွမ်းအားကြီးပညာရှင်တစ်ယောက်ရဲ့ နှလုံးသားမရှိဘူး "
ဂူထျန်ကျွင်း ယူဆထားသည်မှာ ကောင်းကင်ဧကရာဇ်တစ်ပါးဟူသည် ဤသေရေးရှင်ရေးအခြေအနေများမှာပင် သေချင်ယောင်ဆောင်မနေသင့်ပေ။ သူက အလွန်စိတ်တိုနေသဖြင့် ဦးတည်ချက်ပြောင်း၍ လူ့ဘီလူးကြီးများထံမှ ပိုင်ရှောင်ချန်းထံ ဦးတည်မည့်ဆဲဆဲ ဖြစ်သွား၏။
ပိုင်ရှောင်ချန်းသည် အသက်ရှူချိန်နှင့်အမျှ ဒေါသထွက်သထက် ထွက်လာကာ မလှုပ်မယှက် လှဲနေ၏။ သူက အတွေးတစ်ခု ပေးပို့လိုက်ကာ လူ့ဘီလူးတစ်ထောင်အား ရုတ်တရက် သဲထဲမှ ထိုးထွက်လာစေလိုက်သည်။
ဂူထျန်ကျွင်းမှာ အစီအစဥ်အတိုင်း မသွားနိုင်မီ လူ့ဘီလူးကြီးများက သူ့အပေါ် စုဆုံလာကြတော့သည်။ ဖြစ်ပျက်နေသည်များကို မြင်သောအခါ သူ ပင့်သက်ရှိုက်သွားပြီး အမြင့်ဆုံးအရှိန်ဖြင့် နောက်ဆုတ်လိုက်သည်။
စီမာယွမ်ဟွာမှာလည်း ထိုနည်းတူ မှင်သက်သွား၏။
" ဒါ တတိယအဆင့်ပဲ "
ပိုင်ရှောင်ချန်းက ထိုစကားကို ကြားသောအခါ သူ့အိတ်ထဲတွင် ကာမအားတိုးဆေးအလွန်နည်းနေသည့် အချက်ကြောင့် သက်ပြင်းချလိုက်သည်။ ထိုသို့မဟုတ်လျှင် သူက စတုတ္ထအဆင့်လည်းရှိအောင် ပြုလုပ်ပေးမည်ဖြစ်သည်။
ထိုစဥ် သဲဘီလူးတစ်ထောင်ကျော်သည် စစ်မြေပြင်ကိုဖြတ်၍ ဂူထျန်ကျွင်းနှင့် စီမာယွမ်ဟွာထံ တဟုန်ထိုးဝင်ကျုံးလိုက်ကြသည်။ စိုးရိမ်သောကရောက်နေကြသည့်တိုင် တည်နေရာရွှေ့ပြောင်းနိုင်မည့် အမွှေးတိုင်တစ်တိုင်လောင်ကျွမ်းချိန်အထိ တောင့်ခံရန်သာ ကြိုးစားနေကြသော ကောင်းကင်ဧကရာဇ်များ၏ ပါးစပ်မှ သွေးများပန်းထွက်သွားတော့သည်။
သဲဘီလူးကြီးဆယ်ကောင်သာ ဖြစ်ခဲ့လျှင် တောင့်ခံရန် ပြဿနာတစ်စုံတရာရှိမည် မဟုတ်ပေ။ သို့သော် အကောင်တစ်ရာကျော် မြင်ကွင်းက သူတို့၏ဦးရေခွံများကို အထိတ်တလန့် စပ်ဖျဥ်းသွားစေတော့သည်။ ကံဆိုးစွာပင် သူတို့က ဘာလုပ်မည်ကို မတွေးတတ်တော့ပေ။
" သေစမ်း "
စီမာယွမ်ဟာက အသက်မနည်းရှူ၍ ဟိန်းဟောက်လိုက်သည်။
" ဘာလို့ ဒီလောက်မြန်မြန်ပြောင်းလဲသွားတာတုန်း "
နောက်ဆုံးတွင် သူက အံတင်းတင်းကြိတ်၍ ပစ်လှဲပြီး တစ်ဆက်တည်း သူ၏အရှိန်အဝါကို ပျောက်ကွယ်စေလိုက်သည်။ ကြည့်ရသရွေ့ သူသည် သေချင်ယောင်ဆောင်နေသော ပိုင်ရှောင်ချန်းကို တုပရန် ရွေးချယ်လိုက်ပုံရသည်။
ပိုင်ရှောင်ချန်းမှာ အလွန်ကျေနပ်နေတော့သည်။ သူက ချက်ချင်းပင် စီမာယွမ်ဟွာကို တိုက်ခိုက်နေခဲ့ကြသော ဘီလူးများအား အဆင့်ထဲရှိ တစ်ဦးတည်းသော အခြား ' သက်ရှိ ' ပတ်မှတ်ဖြစ်သည့် ... ဂူထျန်ကျွင်းထံ လှည့်စေလိုက်သည်။
ဂူထျန်ကျွင်းကား ပါးစပ်အဟောင်းသား ဖြစ်နေလျက် ....
ပိုင်ရှောင်ချန်းနှင့် စီမာယွမ်ဟွာက သေချင်ယောင်ဆောင်သဖြင့် ဂူထျန်ကျွင်း၏ ကံကြမ္မာမှာ အဆုံးဖြတ်ခံလိုက်ရလေပြီ။ သဲဘီလူးတစ်ထောင်ကျော်သည် တဟုန်းဟုန်းတောက်နေသော ဒေါသများ၊ ကြောက်ခမန်းလိလိစွမ်းအင်များဖြင့် သူ့ထံ ချဥ်းကပ်လာကြတော့သည်။ သူတို့မရောက်ခင်လေးမှာပင် ဂူထျန်ကျွင်းက အံတင်းတင်းကြိတ်၍ ပစ်လှဲပြီး သူ့အရှိန်အဝါကို နုတ်ယူလိုက်သည်။ သူသည်လည်း သေချင်ယောင်ဆောင်ရန် ရွေးချယ်သွားခဲ့လေပြီ။
စိတ်မကောင်းစွာပင် သူ၏သေချင်ယောင်ဆောင်သော အားထုတ်မှုက အလုပ်မဖြစ်ပေ။ သဲဘီလူးကြီးများက ကြည့်သရွေ့ အရူးလုပ်ခံရပုံမရဘဲ မကြာခင် ဂူထျန်ကျွင်းမှာ မချိတင်ကဲ စူးစူးဝါးဝါးအော်နေရတော့သည်။ သူသည် ရင်ထဲတွင် ခါးသီးမှုများ ပြည့်နှက်လျက် စစ်မြေပြင်ကိုဖြတ်၍ တုံ့ပြန်လူးလာ ထုထောင်းရိုက်နှက်ခံလိုက်ရသည့်အတွက် သူ့ပါးစပ်မှ သွေးများပန်းထွက်သွားတော့သည်။
" ချီးလိုပဲ … မမျှတဘူး။ ကြည့် စီမာယွမ်ဟွာကျ မသေသေးဘူး။ မင်းတို့ ဘာလို့ သူ့ဆီမသွားတာတုန်း "
ဂူထျန်ကျွင်းမှာ ရူးသွပ်တော့မတတ် ဖြစ်နေလေပြီ။
ပိုင်ရှောင်ချန်းသည် ဂူထျန်ကျွင်း၏ စကားလုံးများအား ကြားသောအခါ ယုတ္တိရှိကြောင်း သဘောပေါက်လိုက်သည်။ ထို့ကြောင့် သူက သဲဘီလူးတချို့ကို စီမာယွမ်ဟွာထံ ပြန်သွားစေလိုက်သည်။
စီမာယွမ်ဟွာ၏ မျက်လုံးများမှာ ဦးခေါင်းခွံထဲက ကျွတ်ထွက်တော့မတတ် ဖြစ်သွားပြီး သူက အရူးသဖွယ် ဆဲရေးလာတော့သည်။ ယခုဖြစ်ပျက်နေသည်မှာ အကြောင်းပြချက်ပေးနိုင်သည့်အတိုင်းအတာကို ကျော်လွန်နေပုံရလေသည်။ လူ့ဘီလူးကြီးများက တစ်ခါမှ အသိဉာဏ်ရှိသည့်ပုံမပေါ်သော်လည်း ယခုတွင် သူတို့ကို ကစားနေသည့်အလားပင်။
သူသည် ပိုင်ရှောင်ချန်းနှင့် တစ်ခုခုပတ်သက်နေသည်လား သံသယဝင်မိပါသော်လည်း … သူ့အတွက် ပိုင်ရှောင်ချန်းက ယပ်တောင်အစုတ်ကြီး၏ ပိုင်ရှင် ဘယ်တော့မှ မဖြစ်နိုင်သောကြောင့် ဖြစ်ပေသည်။