ပြန်လည်ထွက်ပေါ်လာခြင်း
Vol. 11 Ch. 1096
သဲဘီလူးအကောင် တစ်ရာကျော်ကြောင့် စီမာယွမ်ဟွာနှင့် ဂူထျန်ကျွင်းတို့နှစ်ယောက် ပိုင်ရှောင်ချန်းအား မည်သည့်နည်းနှင့်မှ ပြဿနာ မရှာနိုင်ကြတော့ပေ။ အမှန်တကယ်ဆိုရလျှင် သူ့အကြောင်း စဥ်းစားရန်ပင် သူတို့မှာ ချိန်မရှိပေ။
တစ်ခဏလေးပင် သူတို့ အာရုံစိုက်မှုလျော့နည်းသွားပါက အမှန်တကယ်နက်ရှိုင်းသော အန္တရာယ်တွင်းကြီးထဲ ကျရောက်သွားလိမ့်မည် ဖြစ်သည်။ သူတို့က သွေးအန်လိုက်၊ ဆေးစားလိုက် တစ်လှည့်စီ ဖြစ်နေပြီး နောက်ဆုံး တည်နေရာရွှေ့ပြောင်းခြင်းအလင်းများ ထွက်ပေါ်လာတော့သည်။
တည်နေရာရွှေ့ပြောင်းခြင်း ဖြစ်တည်လာသည့်အတွက် သူတို့က ရုတ်တရက် အန္တရာယ်များသော အတွေ့အကြုံကြီးတစ်ခုမှ ပွတ်ကာ သီကာ လွတ်မြောက်သွားသဖြင့် စိတ်သက်သာရာရသွားတော့သည်။ တချိန်တည်းမှာပင် သူတို့၏ အဆင့်ဆယ့်ရှစ်ကို ကျော်ဖြတ်ရန် မျှော်လင့်ချက်ကား ကြက်ပျောက်ငှက်ပျောက် ပျောက်သွားလေပြီ။
သူတို့ထွက်သွားသည်နှင့် ပိုင်ရှောင်ချန်းက မျက်လုံးများဖွင့်လိုက်ပြီး သူ့ကိုယ်သူအလွန်ကျေနပ်နေစွာ ထရပ်လိုက်သည်။ သဲမှုန်များ၊ ဖုန်များအား သူ့ကိုယ်ပေါ်မှ ခါချပြီးနောက် သူက မေးကိုမော့၍ အင်္ကျီလက်စကို ခါယမ်းပြီး တည်ငြိမ်စွာ ပြော၏။
" အင်္ကျီလေး တစ်ချက်ခါလိုက်တာနဲ့ ငါ ပိုင်ရှောင်ချန်းက ကောင်းကင်ဧကရာဇ်တွေကို ပြာချပစ်လိုက်တယ်။ သူတို့ရဲ့မဟာအမှားကြီးက အစထဲက ငါ့ကို စိတ်ကုန်အောင် လုပ်နေတာပဲ "
ပိုင်ရှောင်ချန်းက သူ၏ ထုံံးစံဖြစ်သော တစ်ကိုယ်တော်စကားကြောရှည်ခြင်းကို နောက်ထပ်စကားတစ်ခွန်း ပေါင်းထည့်လိုက်ခြင်းနှင့်အတူ သူ့ကိုယ်သူ လွန်စွာ ကျေနပ်ပီတိဖြစ်နေပြီး နောင်အခါ ထိုစကားကို အခွင့်သင့်ပါက ထပ်သုံးသင့်ကြောင်း ဆုံးဖြတ်လိုက်သည်။
ထိုအချိန်တွင် သဲဘီလူးများအားလုံးက မလှုပ်မယှက်သာ ရပ်နေကြဘေသည်။ ပိုင်ရှောင်ချန်းက သူတို့ကို လှမ်းကြည့်ပြီး အတော်လေး စိတ်ပျက်လက်ပျက်ဖြစ်သွား၏။ သူက သူတို့ကို သူနှင့်အတူခေါ်သွားရန် မစဥ်းစားခဲ့ဖူးသည်မဟုတ်။ ဝမ်းနည်းဖွယ်ကောင်းစွာ ယပ်တောင်အစုတ်ကြီးမှ သူ ရရှိခဲ့သော စွမ်းအားများအပေါ် အခြေခံ၍ ထိုကဲ့သို့ ရုပ်သေးရုပ်များသည် အဆင့်ဆယ့်ရှစ်တွင်သာ တည်ရှိနိုင်ကြောင်း သူသိ၏။ အပြင်တွင် သူတို့က ပုံရိပ်ယောင်များသာ ဖြစ်ပေမည်။
" ဒီယပ်တောင်ကို လုပ်ခဲ့တဲ့ မိုးမြေဧကရာဇ်ကြီးက ဒါတွေအားလုံးကို ဘယ်လိုတောင် လုပ်နိုင်ခဲ့တာလဲ သိချင်လိုက်တာ "
ဤအချိန်တွင် ပိုင်ရှောင်ချန်းက စီမာယွမ်ဟွာနှင့် ဂူထျန်ကျွင်းတို့ စိတ်ပျက်စေရန် အဆင့်ဆယ့်ရှစ်အား ကျော်ဖြတ်ရန် စဥ်းစားလိုက်သည်။
အတန်ငယ်တွေးတောပြီးနောက် သူက ထိုသို့လုပ်ခြင်းသည် မသင်္ကာစရာကောင်းလိမ့်မည်ဟု ဆုံးဖြတ်လိုက်သည်။ ထို့ကြောင့် သူက သက်ပြင်းချပြီး ထိုအကြံကို လက်လျှော့လိုက်လေသည်။ အချိန်အနည်းငယ်ကြာသော် သူ တည်နေရာရွှေ့ပြောင်းခံလိုက်ရ၏။
အပြင်ဘက်တွင် သူ ပြန်ပေါ်လာသည်နှင့်တစ်ပြိုင်နက် ဓားချီတန်းတစ်တန်းက သူ့ထံ ခုတ်ပိုင်းချလိုက်သည်။
ကံကောင်းထောက်မစွာ သူသည် ထိုကဲ့သို့ အရာတစ်ခုအတွက် ပြင်ဆင်ထားခဲ့သည်။ သူက စိန်းစိန်းဝါးဝါးကြည့်ကာ လက်သီးချက်တစ်လုံးအား ဓားချီထံတည့်တည့် ပစ်သွင်းလိုက်သည်။
ဝုန်းခနဲ မြည်ဟည်းသွားပြီး သူ နောက်သို့မီတာရာပေါင်းများစွာ ရောက်သွား၏။ သို့သော် ဓားချီပျက်စီးသွားကာ ဒဏ်ရာရထားပြီးဖြစ်၍ ဆက်လက်တောင့်ခံနိုင်ရန် ဆေးလုံးများ၏ စွမ်းအားကို အားထားနေရသော ဂူထျန်ကျွင်းမှာ တန်ပြန်အား၏တိုက်ခိုက်ခြင်းခံလိုက်၍ မီတာထောင်ပေါင်းများစွာ ဒလိမ့်ကောက်ကွေး လွင့်ထွက်သွားတော့သည်။ သူက ရပ်သွားသောအခါ ပိုင်ရှောင်ချန်းကို စိန်းစိန်းဝါးဝါး မော့ကြည့်လေသည်။
" မင်း ငါ့တို့ကို တပတ်ရိုက်ခဲ့တယ် ပိုင်ရှောင်ချန်း "
စီမာယွမ်ဟွာသည်လည်း အေးစက်သော အလင်းများတောက်ပနေသော မျက်ဝန်းများဖြင့် ပိုင်ရှောင်ချန်းကို စိုက်ကြည့်ကာ ဂူထျန်ကျွင်းဘေးတွင် ပေါ်လာလေသည်။
ကောင်းကင်ဧကရာဇ်နှစ်ပါး မထိခိုက်ခဲ့လျှင် ပိုင်ရှောင်ချန်းသည် အန္တရာယ်ကင်းကင်း ကစားမည်ဖြစ်သည်။ သို့သော် သူတို့နှစ်ယောက်လုံးမှာ ဆိုးဆိုးရွားရွားထိခိုက်ထားသည့်အတွက် သူတို့ကို သူ တစ်စက်လေးပင် မကြောက်ပေ။
သူက သူတို့ကို မျက်လုံးထောင့်စွန်းမှ မထိတထိ စောင်းငဲ့ကြည့်၍ ပြော၏။
" အရင်ဆုံး ဘယ်သူက ဘယ်သူ့ကို တပတ်ရိုက်ခဲ့လဲဆိုတာ ကျုပ်တို့ ရှင်းဖို့လိုတယ်။ ခင်ဗျားတို့နှစ်ယောက် ပြဿနာဆက်ရှာချင်ရင်လဲ ရတယ်လေ လာစမ်းပါ။ ခင်ဗျားသေဘာအတိုင်း လိုက်လုပ်ပေးနေရတာ ကျုပ် တော်ပြီ"
ထို့နောက် သူက အသံကို ကျယ်လောင်စွာ မြှင့်လိုက်သည်။
" ကောင်းပြီ လူတိုင်း သေချာအာရုံစိုက်ထား။ ကျုပ်က ဒီနှစ်ယောက်နဲ့ တိုက်ခိုက်နေတာမဟုတ်ဘူး သူတို့က ကျုပ်ကို အနိုင်ကျင့်နေတာ။ ကျုပ်တို့ သူတော်စင်ဧကရာဇ်နိုင်ငံတော်ပြန်ရောက်ရင် အရှင်မင်းမြတ်ကို ဒီကိစ္စနဲ့ပတ်သက်ပြီး တရားမျှတတဲ့စီရင်ချက်တစ်ခု ချမှတ်ပေးဖို့ တောင်းဆိုမယ် "
ဂူထျန်ကျွင်းမှာ ပိုင်ရှောင်ချန်း၏ လည်ချောင်းသံများအပြင် ပက်စက်သောစကားလုံးများအား ပြန်လည်မချေပနိုင်ပေ။ သို့သော် သူ၏မျက်လုံးများထဲရှိ သတ်ဖြတ်လိုစိတ်သည် ပေါက်ကွဲမတတ် အားကောင်းလာ၏။ အခြားတစ်ဖက်တွင် စီမာယွမ်ဟွာသည် အနည်းငယ် ဆုံးဖြတ်ဆင်ခြင်နိုင်စွမ်းရှိသည်။ သူက ပိုင်ရှောင်ချန်းကို တခဏတာ စိုက်ကြည့်ပြီးနောက် ပြုံးလိုက်သည်။
" ကြည့်ရတာ ကျုပ် မင်းကို လျှော့တွက်ခဲ့မိပုံပဲ တာအိုရောင်ရင်းပိုင် "
ထို့နောက် သူက လက်ယှက်ဦးညွှတ်ပြီးနောက် လှည့်၍ တရားထိုင်ရန် ထွက်ခွာသွား၏။
ဂူထျန်ကျွင်းမှာ ထိုနေရာတွင် အချိန်အတန်ကြာသည်အထိ ရပ်နေဆဲပင်။ နောက်ဆုံးတွင် သူက အေးစက်စက်နှာမှုတ်၍ သူ၏ သတ်ဖြတ်လိုစိတ်ကို ချုပ်တည်းကာ အဝေးသို့ လမ်းလျှောက်ထွက်သွားတော့သည်။ တစ်ချက်က သူသည် အလွန်ဆိုးဆိုးရွားရွားဒဏ်ရာထားကြောင်း သိ၍ဖြစ်၏။ နောက်တစ်ချက်က ဤနေရာတွင် သူက ပို၍မြင့်မားသော ကျင့်ကြံခြင်းအခြေခံရှိစေကာမူ အရေးမပါသည်ဟု တစ်နည်းနည်းဖြင့် ခံစားချက်ရနေသောကြောင့် ဖြစ်သည်။ ပိုင်ရှောင်ချန်းနှင့် ရင်ဆိုင်သောအခါ သူ အန္တရာယ်များဦးမည် ဖြစ်သည်။
ဂူထျန်ကျွင်းနှင့် စီမာယွမ်ဟွာတို့ နောက်ဆုတ်သွားပြီးနောက် ပွဲကြည့်ရန် စုရုံးခဲ့ကြသော အခြားကျင့်ကြံသူများသည် ဖြစ်ပျက်ခဲ့သည်များအား ခန့်မှန်းနိုင်ပြီး ဖြစ်လေသည်။
အထူးသဖြင့် သူတော်စင်ဧကရာဇ်နိုင်ငံတော်မှ ပင်လယ်နက်ဆရာကြီးနှင့် အခြားသူများဆိုလျှင် ပိုမှန်ပေမည်။ စီမာယွမ်ဟွာနှင့် ဂူထျန်ကျွင်းတို့ အရေးနိမ့်ခဲ့သည့် အချက်နှင့် ပိုင်ရှောင်ချန်း၏လက်သီးချက်မြင်ကွင်းကြီးက သူတို့အားလုံးကို တုန်လှုပ်သွားစေတော့သည်။
" အဲဒီသုံးယောက်ကြားမှာ ကတောင်ကဆနည်းနည်းရှိခဲ့တာ သေချာတယ်...ပြီးတော့ အဆုံးသတ်မှာ ပိုင်ရှောင်ချန်းက အသာစီးရသွားတာပဲ "
" သူက တော်တော်လေး အန္တရာယ်ရှိပုံမရပေမယ့် တကယ်က ယပ်တောင်အစုတ်ကြီးထဲ သူ ဝင်ရောက်လာတဲ့ အခိုက်အတန့်ကစလို့ အဓိကတိုက်ပွဲတစ်ပွဲကိုမှ မရှုံးခဲ့ဖူးဘူး "
" ပြီးတော့ သူက ဘာမှအားထုတ်စရာတောင်မလိုဘဲ အခုလေးတင် အဆင့်ဆယ့်ရှစ်ထိ တောက်လျှောက်တက်သွားတယ် "
လူတိုင်းမှာ ရင်ထဲတွင် အကြောက်တရားများကိန်းအောင်းနေလျက် ပိုင်ရှောင်ချန်းကို လှမ်းကြည့်လိုက်ကြသည်။ ပိုင်ရှောင်ချန်းက ထိုသည်ကို သတိထားမိသောအခါ သူ့နှလုံးသားသည် ဂုဏ်ယူခြင်းမာနများဖြင့် ပြည့်ကြပ်လာတော့သည်။
" အီး ငါ ဘာလုပ်နိုင်မှာတုန်း။ ငါ ဘယ်သွားသွား အမြဲအာရုံစိုက်ခံနေရတော့တာပဲ။ တမင်လုပ်နေတာလဲမဟုတ်ပဲနဲ့ "
သူက ခေါင်းကို ခါယမ်း၍ တင်ပျဥ်ခွေထိုင်ရန် နေရာတစ်နေရာရှာပြီး သူ၏အောင်မြင်မှုကို အရသာခံနေတော့သည်။ တချိန်တည်းမှာပင် သူသည် ကန့်သတ်ချိန်အဆုံးသတ်နှင့်ပတ်သက်၍ ဆန္ဒစောလာလေသည်။
အကြောင်းကိစ္စများသည် ပိုင်ရှောင်ချန်း ဆုတောင်းခဲ့သည့်အတိုင်း သွားနေ၏။ အချိန်များ ကုန်ဆုံးသွားပြီး မကြာခင် ကန့်သတ်ချိန်ကုန်ဆုံးရန် နှစ်ရက်သာ လိုတော့သည်။ ဤအချိန်တွင် လူတိုင်းနီးပါး စိန်ခေါ်ပွဲများအပေါ် လက်လျှော့ခဲ့ကြလေပြီ။ လေးငါးယောက်မျှသာ လက်မလွှတ်ကြသေးပေ။ သူတို့က သူတို့၏ကြိုးပမ်းအားထုတ်များအပေါ် စိတ်လှုပ်ရှားမှုတစ်ခုမှ မရှိတော့ဘဲ မဆုတ်မနစ်သောဇွဲလုံ့လများသာ ရှိကြသည်။
ဂူထျန်ကျွင်းနှင့် စီမာယွမ်ဟွာမှာ နောက်ဆုံးတွင် ပြန်လည်သက်သာလာ၍ အဆင့်ဆယ့်ရှစ်ကို ထပ်မံကိုင်တွယ်ရန် ပြန်သွားကြ၏။ သို့သော် အကြိမ်ရေအနည်းငယ်ရှုံးနိမ့်ပြီးနောက် သူတို့က သက်ပြင်းချ၍ လက်လျှော့လိုက်ကြတော့သည်။
လူတိုင်းသည် ကောင်းကင်ဧကရာဇ်ဝိရူပက္ခ၊ ဝိညာဥ်ဝါးမျိုသခင်နှင့် မူလနတ်ဆိုးမင်းသားတို့အကြောင်း ပြောနေကြ၏။ သူတို့မှာ ပျောက်ဆုံးနေဆဲဖြစ်ပြီး ဘယ်သူမှ သူတို့ ဘယ်နေရာတွင် ပိတ်မိနေကြောင်း မသိကြပေ။ လူအတော်များများက သူတို့ကံကြမ္မာကောင်းအချို့နှင့် ကြုံတွေ့ခဲ့မည်ဖြစ်ကြောင်း ကောက်ချက်ချခဲ့ကြလေသည်။ ဂူထျန်ကျွင်းနှင့် စီမာယွမ်ဟွာပင် ထိုသည်ကို ယုံကြည်ပုံရ၏။
ပိုင်ရှောင်ချန်းက ထိုစကားများကြားသောအခါ ချောင်းသာ ဟန့်လိုက်လေသည်။
နှစ်ရက်ကုန်လွန်သွားပြီဖြစ်သည်။ ထိုအချိန်တွင် လူတိုင်းသည် နတ်မီးလျှံစမ်းသပ်ပွဲစတင်ကတည်းက ပထမဆုံးအကြိမ်အဖြစ် နတ်ဘုရားအာရုံများအား ပြန်သုံးနိုင်သွားတော့သည်။
၄င်းမှာ လူတိုင်းအတွက် ထူးဆန်းပြီး အံ့သြဖွယ်ကောင်းသော အာရုံတစ်ခုဖြစ်လေသည်။
ဂူထျန်ကျွင်းနှင့် စီမာယွမ်ဟွာတို့မှာ အတော်လေးဝမ်းမြောက်ပျော်ရွှင်သွား၏။ သူတို့သည် သူတို့ဘဝတွင် နတ်မီးလျှံစမ်းသပ်ပွဲပေါင်းများစွာ ပါဝင်ယှဥ်ပြိုင်ခဲ့ဖူးသော်လည်း ဤယပ်တောင်အစုတ်ကြီးလောက် မချင့်မရဲ တစ်ခုမှ မဖြစ်ခဲ့ရပေ။
သူတို့သည် အရှုံးကို လက်ခံနိုင်သော်လည်း ဤယပ်တောင်အစုတ်ကြီးမှာ သူတို့ကို မုန်းတီးနေသည့်ပုံပေါက်လုနီးပါးပင်။ သူတို့မည်မျှကြိုးစားစေကာမူ ယပ်တောင်ကြီးက သူတို့ကို အောင်မြင်ခွင့်မပေးပေ။
စမ်းသပ်ပွဲ၏ အဆုံးသတ် ရောက်လာခဲ့သည်ကို တစ်ယောက်တလေမှ နောင်တရပုံမပေါ်ပေ။ အမှန်တကယ်ဆိုရလျှင် အများစုသည် စိတ်သက်သာရာရကာ သက်ပြင်းချနေကြတော့သည်။ လွန်ခဲ့သောနှစ်လသည် သူတို့အများစုအတွက် ညှင်းပန်းနှိပ်စက်မှုကြီးအလား ဖြစ်ခဲ့သည်။
" ထိပ်ဆုံးကံကြမ္မာကောင်းကို ရမယ့်သူက ကောင်းကင်ဧကရာဇ်ဝိရူပက္ခ၊ ဝိညာဥ်ဝါးမျိုသခင် ဒါမှမဟုတ် မူလနတ်ဆိုးမင်းသားဖြစ်လောက်တယ် " ထိုသည်က လူအတော်များများ တွေးတောနေသည့်အရာပင်။
နောက်ဆုံးအခိုက်အတန့်ကျရောက်လာသောအခါ ယပ်တောင်စောင့်ဝိညာဥ် ပြန်လည်နိုးထလာ၏။ ၄င်းသည် အချိန်အတော်ကြာ အိပ်ပျော်နေခဲ့သောကြောင့် အတန်ငယ်ချောက်ချားစရာဖြစ်သည်။ သို့သော် ထိုအခိုက်အတန့်၌ ပင်မရင်ပြင်တွင် တည်နေရာရွှေ့ပြောင်းခြင်းအလင်း တောက်ပလာပြီး လူသုံးယောက် လေးဖက်ထောက်ထွက်လာသဖြင့် လူတိုင်းမှာ အံ့အားသင့်သွားတော့သည်။
ဟုတ်သည်၊ သူတို့ကား လေးဖက်ထောက်ထွက်လာကြခြင်းပင်။
သူတို့၏ အဝတ်များမှာ စုတ်ပြတ်နေပြီး မျက်နှာများအပေါ်တွင် ငေးကြောင်ကြောင်အရိပ်အယောင်များ ရှိလေသည်။ သူတို့မှာ သတိမထားမိသော်လည်း တဆတ်ဆတ်တုန်ယင်နေပြီး သွေးများဖြင့် စိုရွှဲနေတော့သည်။ ဤသည်မှာ နတ်မီးလျှံစမ်းသပ်ပွဲ၏ ကံကြမ္မာကောင်းရရှိလိမ့်မည်ဟု လူတိုင်းထင်ကြေးပေးခဲ့သော လူသုံးယောက်ဖြစ်သည့် ကောင်းကင်ဧကရာဇ်ဝိရူပက္ခ၊ မူလနတ်ဆိုးမင်းသား၊ ဝိညာဥ်ဝါးမျိုသခင်တို့ပင်။
လူနှင့် မြင်းတစ်သောင်းရှိသော စစ်တပ်တစ်တပ်၏ အစော်ကားခံခဲ့ရသည့်ပုံပေါ်နေသည့် ကောင်းကင်ဧကရာဇ်သုံးပါးကို လူတိုင်း အံ့သြဆွံ့အလျက် စိုက်ကြည့်နေကြ၏။ အချိန်အနည်းငယ်ကြာသော် လူအများက အထိတ်တလန့်ဖြင့် တအံ့တသြအော်ဟစ်လိုက်ကြတော့သည်။
" ဒါ ... ဒါ ... "
" နေပါဦး သူတို့ တကယ်ပဲ ဘာကံကြမ္မာကောင်းကိုမှ မရဘူးလား။ သူတို့ ဘာဖြစ်သွားတာလဲ။ သူတို့ ဒီအခြေအနေအထိ အနှိပ်စက်ခံရတာ ယုံတောင်မယုံနိုင်ဘူး "
" သူတို့ အမူအရာကိုလဲ ကြည့်ကြပါဦး။ စိတ်ပျက်အားငယ်နေတဲ့အတိုင်းပဲ။ သွေးတွေကိုလဲ ကြည့် ... "
ပိုင်ရှောင်ချန်း၏ အသံကို အခြားသူများကြားမှ ကြားလိုက်ရလေသည်။ သူက အတိုင်းထက်အလွန် အံ့သြနေသောလေသံဖြင့် လက်ညှိုးထိုး၍ ပြောလိုက်သည်။
" ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ ။ ကျုပ်ကိုယ်ကျုပ် ဆိုးလှပြီထင်တာ ခင်ဗျားတို့ သုံးယောက်က ပိုဆိုးနေပါရော့လား "
သို့သော် ဘယ်သူမှ သူ့ကို အမှန်တကယ် အာရုံစိုက်မနေပေ။ လီတုံဟောင်အပါအဝင် မိစ္ဆာဧကရာဇ်နိုင်ငံတော်မှ နတ်ဘုရားတစ်ပိုင်းကျင့်ကြံသူများမှာ အပြေးအလွှားသွား၍ ကောင်းကင်ဧကရာဇ်များကို ထူပေးလိုက်ကြသည်။
မူလနတ်ဆိုးမင်းသားနှင့် ဝိညာဥ်ဝါးမျိုသခင်မှာ မဆိုစလောက် အခြေအနေပိုကောင်းပုံရ၏။ သူတို့မှာ အသက်မနည်းရှူနေရသော်လည်း အသိစိတ်ပြန်လည်လာပြီဖြစ်သည်။ သို့သော် ကောင်းကင်ဧကရာဇ်ဝိရူပက္ခမှာ အထူးအာရုံစိုက်ရာဖြစ်ခဲ့ပုံရ၏ ... လီတုံဟောင်က ကောင်းကင်ဧကရာဇ်ဝိရူပက္ခထံ လက်လှမ်းလိုက်ပါသော်လည်း ကောင်းကင်ဧကရာဇ်ဝိရူပက္ခက သူ၏တောင့်တောင့်တင်းတင်းကိုယ်လုံးကြီးကို သတိထားမိပြီး စူးစူးဝါးဝါးအော်ဟစ်လိုက်တော့သည်။
" ငါ့ကိုမထိနဲ့။ ငါ့ကို မထိနဲ့လို့ ပြောတယ်နော် ... "